သင်မှတ်မိသလော
သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များ ဖတ်ရှုရသည်ကို သင် သဘောကျခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• ယေရှုတွင် ညီများနှင့် နှမများရှိကြောင်း အဘယ်အရာက ညွှန်ပြသနည်း။
ဤသို့ရှိကြောင်း သမ္မာကျမ်းစာ၌ မဿဲ ၁၃:၅၅၊ ၅၆ နှင့် မာကု ၆:၃ တို့တွင် ဖော်ပြထားသည်။ ထိုကျမ်းချက်များ၌ တွေ့ရသည့် ဂရိစကားလုံး (အဒယ်လ်ဖော်စ်) ကို “ပကတိ သို့မဟုတ် တရားဝင်ဆွေမျိုးတော်စပ်မှုကို သတ်မှတ်ရန် ညီအစ်ကိုရင်းချာ သို့မဟုတ် မိတူဖကွဲညီအစ်ကိုကိုသာ” ဆိုလိုရန် အသုံးပြုသည်။ (သုံးလတစ်ကြိမ်ထုတ် ကက်သလစ်ကျမ်းစာ၊ ဇန်. ၁၉၉၂)—၁၂/၁၅၊ စာမျက်နှာ ၃။
• အဘယ်အရာက စစ်၏အသွင်သဏ္ဌာန်ကို ပြောင်းလဲပစ်ကြောင်း အထင်အရှား တွေ့ခဲ့ရပြီး အဘယ်အရာတို့သည် စစ်ဖြစ်ရသည့် အခြေခံအကြောင်းများ ဖြစ်လေ့ရှိသနည်း။
မကြာသေးမီနှစ်များက လူသားတို့အား ကပ်သင့်စေခဲ့သည့် စစ်ပွဲများသည် အဓိကအားဖြင့် တစ်နိုင်ငံတည်းသားများဖြစ်သော အတိုက်အခံအုပ်စုများစပ်ကြား ဖြစ်ပွားသည့် ပြည်တွင်းစစ်များ ဖြစ်သည်။ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးကွဲပြားမှုများ၊ မမျှတမှုနှင့် နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်မှုတို့က အခြေခံအကြောင်းရင်းများ ဖြစ်ကြသည်။ နောက်အကြောင်းရင်းတစ်ခုမှာ အာဏာတပ်မက်မှုနှင့် ငွေတပ်မက်မှုတို့ကြောင့်ဖြစ်လေသည်။—၁/၁၊ စာမျက်နှာ ၃၊ ၄။
• ခရစ်ယာန်များ စံပြဆုတောင်းချက်ပါစကားများကို ထပ်ခါတလဲလဲ ရွတ်ဆိုဖို့ ယေရှုမရည်ရွယ်ခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
ယေရှုသည် ဤစံပြဆုတောင်းချက်ကို တောင်ပေါ်တရားတော်တွင် ပေးခဲ့ခြင်းဖြစ်သည်။ ၁၈ လခန့်ကြာပြီးနောက် ဆုတောင်းခြင်းနှင့်ပတ်သက်၍ အစောပိုင်းသွန်သင်ချက်၏အနှစ်သာရကို ကိုယ်တော် ထပ်မံပြောဆိုခဲ့သည်။ (မဿဲ ၆:၉-၁၃; လုကာ ၁၁:၁-၄) ကိုယ်တော်သည် အဆိုပါဆုတောင်းချက်ကို လုံးကောက်ပြန်မပြောခဲ့သည်မှာ မှတ်သားဖွယ်ကောင်းသည်၊ ယင်းက အထပ်ထပ်ရွတ်ဆိုရသည့် ဝတ်တက်ဆုတောင်းစာ ချပေးနေခြင်းမဟုတ်ကြောင်း ဖော်ပြ၏။—၂/၁၊ စာမျက်နှာ ၈။
• ရေလွှမ်းမိုးဘေးပြီးနောက် သင်္ဘောသို့ ချီယူလာသည့် သံလွင်ရွက်ကို ချိုးငှက် အဘယ်မှရရှိခဲ့သနည်း။
လွှမ်းမိုးသောရေ၏ အပူချိန်မည်မျှရှိသည် သို့မဟုတ် အငန်ဓာတ်မည်မျှပါသည်တို့ကို ကျွန်ုပ်တို့ မသိကြပါ။ သို့သော် သံလွင်ပင်များသည် ခုတ်လှဲခံရပြီးနောက်၌ပင် အတက် ထပ်ပေါက်ကြောင်း သိရှိရသည်။ ထို့ကြောင့် ရေလွှမ်းမိုးသော်လည်း သံလွင်ပင်တချို့ အသက်ဆက်ရှင်ကာ ၎င်းနောက် အရွက်များ ပေါက်လာခဲ့ခြင်းဖြစ်ပေမည်။—၂/၁၅၊ စာမျက်နှာ ၃၁။
• ဘီယာဖရာပိတ်ဆို့မှုဖြစ်ခဲ့သော နိုင်ဂျီးရီးယား ပြည်တွင်းစစ်အတွင်း ဝိညာဉ်အစာကို ထိုဒေသရှိ ယေဟောဝါသက်သေများ မည်သို့ ရရှိခဲ့ကြသနည်း။
အစိုးရဝန်ထမ်းတစ်ဦးသည် ဥရောပတွင် တာဝန်ခန့်အပ်ခံခဲ့ရပြီး နောက်တစ်ဦးမှာ ဘီယာဖရာလေယာဉ်ကွင်းတွင် အလုပ်လုပ်၏။ ၎င်းတို့နှစ်ဦးစလုံး သက်သေခံများဖြစ်ကြသည်။ သူတို့သည် ဘီယာဖရာသို့ ဝိညာဉ်အစာတင်သွင်းခြင်းတည်းဟူသော အရဲစွန့်ရသည့်အလုပ်ကို လက်ခံခဲ့ကြသည်၊ ဤသို့ဖြင့် ၁၉၇၀ ပြည့်နှစ်တွင် စစ်ပြီးဆုံးချိန်အထိ ညီအစ်ကိုများစွာ အကျိုးခံစားခဲ့ရလေသည်။—၃/၁၊ စာမျက်နှာ ၂၈။
• ဝက်စ်ဖာလီယာ ငြိမ်းချမ်းရေးစာချုပ်ကြောင့် အဘယ်အရာ အထမြောက်ခဲ့ပြီး ဘာသာရေးက မည်သို့ပါဝင်ပတ်သက်ခဲ့သနည်း။
ပြုပြင်ပြောင်းလဲရေးကြောင့် သာသနာစောင့် ရောမအင်ပါယာသည် ကက်သလစ်၊ လူသာရင်နှင့် ကယ်လ်ဗင်နစ်ဟူ၍ အယူဝါဒသုံးမျိုး ကွဲသွားခဲ့၏။ ပရိုတက်စတင့်သမဂ္ဂနှင့် ကက်သလစ်အသင်းချုပ်တို့ကို ၁၇ ရာစု အစောပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဘိုဟီးမီးယားနိုင်ငံတွင် ဘာသာရေးပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ရာ နိုင်ငံတကာတန်ခိုးအာဏာ အားပြိုင်မှုအဖြစ်သို့ တစ်ဟုန်ထိုး ဆိုက်ရောက်သွားခဲ့ရသည်။ ကက်သလစ်နှင့် ပရိုတက်စတင့် အုပ်စိုးရှင်များသည် နိုင်ငံရေးအာဏာနှင့် ကုန်သွယ်ရေးအမြတ်အစွန်းတို့ကို ဝင်လုကြတော့၏။ အဆုံး၌ ဂျာမနီနိုင်ငံ ဝက်စ်ဖာလီယာခရိုင်တွင် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများ ကျင်းပခဲ့ကြသည်။ ငါးနှစ်နီးပါးကြာပြီးနောက် ၁၆၄၈ တွင် ဝက်စ်ဖာလီယာစာချုပ်ကို ချုပ်ဆိုလိုက်ကြရာ အနှစ်သုံးဆယ်စစ်ပွဲ အဆုံးသတ်သွားပြီး တစ်ထီးတစ်နန်းရှိသည့် အစိုးရနိုင်ငံများပါဝင်သော ခေတ်သစ်ဥရောပ မွေးဖွားလာခဲ့လေသည်။—၃/၁၅၊ စာမျက်နှာ ၂၀-၃။
• “သားရဲ” ၏အမှတ်တံဆိပ်၊ သို့မဟုတ် ၆၆၆ ဂဏန်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။
အဆိုပါအမှတ်တံဆိပ်ကို ဗျာ. ၁၃:၁၆-၁၈ တွင် ဖော်ပြထား၏။ သားရဲသည် လူ့အုပ်ချုပ်မှုကို ရည်ညွှန်းပြီး ၎င်းခံယူထားသော “လူ့ကိန်းဂဏန်း” သည် လူသားတို့၏ မစုံလင်သောအခြေအနေကို ထင်ဟပ်သည့် အစိုးရများကို ညွှန်ပြသည်။ ၆ အပေါင်း ၆၀ အပေါင်း ၆၀၀ သည် ဘုရားသခင့်အမြင်တွင် လုံးလုံးလျားလျား စံမမီကြောင်း ဖော်ပြ၏။ ဤအမှတ်တံဆိပ်ကို ခံယူသူတို့သည် နိုင်ငံရေးအုပ်ချုပ်မှုကို ကြည်ညိုသမှု ဂုဏ်တင်ပြုကြသည်၊ သို့မဟုတ် ကယ်မခြင်းအတွက် ယင်းကို မျှော်လင့်ကြသည်။—၄/၁၊ စာမျက်နှာ ၄-၇။