ဆုရရန် ချုပ်တည်းမှုရှိလော့
ဆုရရန် ချုပ်တည်းမှုရှိလော့
“ပွဲ၌ပြိုင် . . . သောသူမည်သည်ကား၊ အရာရာ၌ . . . ချုပ်တည်းတတ်၏။” —၁ ကောရိန္သု ၉:၂၅။
၁။ ဧဖက် ၄:၂၂-၂၄ နှင့်အညီ သန်းနှင့်ချီသောလူတို့သည် ယေဟောဝါအား လက်ခံသဘောတူသည်ဟု မည်သို့ဆိုခဲ့ကြသနည်း။
သင်သည် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံထားလျှင် ထာဝရအသက်ဆုရရှိမည့် ပြိုင်ပွဲတွင် ပါဝင်လိုကြောင်း လူသိရှင်ကြားဖော်ပြခဲ့ပြီဖြစ်၏။ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ရန် သဘောတူကြောင်း သင်ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့အများစုသည် ယေဟောဝါထံ ဆက်ကပ်အပ်နှံမှုမပြုမီ မိမိတို့၏အပ်နှံမှုသည် စစ်မှန်ပြီး ဘုရားသခင် လက်ခံနိုင်ဖွယ်ဖြစ်စေရန် သိသာထင်ရှားသော ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရသည်။ ခရစ်ယာန်များအတွက် တမန်တော်ပေါလု၏ ဤအကြံပြုချက်ကို ကျွန်ုပ်တို့လိုက်လျှောက်ခဲ့ကြသည်– “အထက်က ကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သော လူဟောင်း [“ဥပဓိရုပ်ဟောင်း၊” ကဘ] ကိုချွတ်ပယ်၍ . . . မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ် [“ဥပဓိရုပ်သစ်၊” ကဘ] ကိုယူတင်ဝတ်ဆောင်” ကြလော့။ (ဧဖက် ၄:၂၂-၂၄) တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်ထံ မအပ်နှံမီ လက်သင့်မခံနိုင်သော ဘဝလမ်းစဉ်ဟောင်းကို ငြင်းပယ်ခဲ့ရသည်။
၂၊ ၃။ ဘုရားသခင်၏မျက်နှာသာတော်ရရှိရန် ပြုလုပ်ရမည့် ပြောင်းလဲမှုနှစ်မျိုးကို ၁ ကောရိန္သု ၆:၉-၁၂ ကမည်သို့ဖော်ပြသနည်း။
၂ ယေဟောဝါသက်သေဖြစ်လာမည့်သူများ စွန့်လွှတ်ရမည့် ဥပဓိရုပ်ဟောင်း၏ ကြန်အင်တချို့ကို သမ္မာကျမ်းစာက တိုက်ရိုက်ပြစ်တင်ရှုတ်ချထား၏။ ကောရိန္သုမြို့သားများထံ ရေးသားခဲ့သော ပေါလု၏စာတွင် တချို့ကို ဤသို့ဖော်ပြခဲ့သည်– “မတရားသောမေထုန်၌မှီဝဲသောသူ၊ . . . ကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” ထို့နောက် ပထမရာစုရှိခရစ်ယာန်များသည် ဥပဓိရုပ်ဟောင်းကို မဖြစ်မနေပြောင်းလဲခဲ့ကြကြောင်း သူဖော်ပြပြီး ဤသို့ထပ်ဆင့်ဆို၏– “အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြ” သည်။ အထက်က ထိုဘဝလမ်းစဉ်ကို သူတို့လိုက်ခဲ့ကြသော်လည်း ယခု ပြောင်းလဲခဲ့ကြပြီဖြစ်ကြောင်း သတိပြုပါ။—၁ ကောရိန္သု ၆:၉-၁၁။
၃ နောက်ထပ်ပြောင်းလဲမှုများကို သူတို့ မဖြစ်မနေပြုရဦးမည်ဟု ပေါလုအကြံပြုခဲ့သည်၊ အကြောင်းမှာ သူက ဤသို့ဆက်ဆိုသည်– “ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်။” (၁ ကောရိန္သု ၆:၁၂) သို့ဖြစ်၍ ယနေ့ ယေဟောဝါသက်သေဖြစ်လိုသူများစွာသည် အပြစ်မသင့်သော်လည်း အကျိုးမရှိသည့်၊ သို့မဟုတ် ရေရှည်အတွက် တန်ဖိုးမရှိသည့် အရာများကိုပင် ငြင်းပယ်ရန်လိုသည်ဟု သိရှိကြသည်။ ယင်းတို့သည် အချိန်ကို ဖြုန်းတီးရာရောက်ပေမည်၊ သာ၍အရေးကြီးရာများမှ သွေဖည်သွားစေနိုင်သည်။
၄။ ဆက်ကပ်အပ်နှံခရစ်ယာန်များသည် အဘယ်အရာနှင့်ပတ်သက်၍ ပေါလုနှင့်သဘောတူကြသနည်း။
၄ ဘုရားသခင်အား ဆက်ကပ်အပ်နှံခြင်းကို စိတ်လိုကိုယ်လျောက် ပြုလုပ်ကြရ၏၊ အကြီးအကျယ်အနစ်နာခံရသည့်အလား စိတ်မပါ့တပါဖြင့် မအပ်နှံရချေ။ ဆက်ကပ်အပ်နှံခရစ်ယာန်များသည် ခရစ်တော်၏နောက်လိုက် ဖြစ်လာပြီးနောက် ဤသို့ဆိုခဲ့သော ပေါလုနှင့် သဘောတူကြသည်– “ထိုသခင် [ယေရှု] ကြောင့်ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ . . . ခရစ်တော်ကိုအမြတ်ရ၍ ထိုသခင်၌တည်ပါမည်အကြောင်း ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။” (ဖိလိပ္ပိ ၃:၁၁) ပေါလုသည် ဘုရားသခင် လက်ခံရန် တန်ဖိုးမရှိလှသောအရာများကို အားရဝမ်းသာ ငြင်းပယ်ခဲ့သည်။
၅။ ပေါလုသည် အဘယ်ပြေးပွဲမျိုးတွင် အောင်မြင်စွာပါဝင်ခဲ့သနည်း၊ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ မည်သို့ပြုနိုင်သနည်း။
၅ ပေါလုသည် သူ၏ဝိညာဉ်ရေးပြေးပွဲကိုပြေးရာတွင် ချုပ်တည်းမှုကျင့်သုံးခဲ့ရာ နောက်ဆုံး၌ သူဤသို့ပြောနိုင်ခဲ့သည်– “ကောင်းစွာတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။” (၂ တိမောသေ ၄:၇၊ ၈) ကျွန်ုပ်တို့သည်လည်း တစ်ချိန်ချိန်တွင် ထိုနည်းတူပြောနိုင်ကြမည်လော။ ကျွန်ုပ်တို့သည် ခရစ်ယာန်ပြေးပွဲတွင် အရှိန်မလျှော့ဘဲ ယုံကြည်ခြင်းဖြင့် အဆုံးတိုင်အောင်ပြေးနေစဉ် ချုပ်တည်းမှုရှိမည်ဆိုပါက ထိုသို့ပြောနိုင်ကြပါလိမ့်မည်။
ကောင်းမှုပြုရန် ချုပ်တည်းခြင်းလိုအပ်
၆။ ချုပ်တည်းခြင်းကား အဘယ်နည်း၊ အဘယ်နည်းလမ်းနှစ်ခုတွင် ကျွန်ုပ်တို့ ကြိုးစားရမည်နည်း။
၆ သမ္မာကျမ်းစာတွင် “ချုပ်တည်းခြင်း” ဟုပြန်ဆိုထားသော ဟေဗြဲနှင့် ဂရိစကားလုံးတို့က လူတစ်ဦးသည် သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိ၏ဟု စာသားအတိုင်း အဓိပ္ပာယ်ရ၏။ ယင်းစကားလုံးများသည် များသောအားဖြင့် မကောင်းမှုမပြုရန် မိမိကိုယ်ကို ထိန်းချုပ်ထားခြင်းသဘောဆောင်လေ့ရှိသည်။ သို့သော် ကောင်းမှုပြုရာတွင် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ခန္ဓာကို အသုံးပြုဖို့ဆိုလျှင် အတိုင်းအတာတစ်ခုအထိ ချုပ်တည်းမှုရှိဖို့လိုကြောင်း ထင်ရှားပါသည်။ မစုံလင်သောလူသားများ၏ မွေးရာပါဉာဉ်က အမှားပြုလိုရာ ကျွန်ုပ်တို့တွင် ရုန်းကန်ခြင်းနှစ်မျိုးနှစ်စားရှိ၏။ (ဒေ. ၇:၂၉; ၈:၁၁) မကောင်းမှုပြုခြင်းမှ ရှောင်ကြဉ်စဉ် တစ်ချိန်တည်းတွင် ကောင်းမှုပြုရန် မိမိကိုယ်ကိုအတင်းအကျပ်စေခိုင်းရမည်။ အမှန်မှာ၊ ကောင်းမှုပြုရန် မိမိကိုယ်ကို ချုပ်ထိန်းထားခြင်းသည် မကောင်းမှုမပြုမိရန် အကောင်းဆုံးကာကွယ်နည်းဖြစ်၏။
၇။ (က) ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့အဘယ်အရာအတွက် ဆုတောင်းသင့်သနည်း။ (ခ) အဘယ်အရာကို တွေးတောဆင်ခြင်ခြင်းသည် ချုပ်တည်းမှု ပိုရှိစေနိုင်မည်နည်း။
၇ ဘုရားသခင်ကို ကျွန်ုပ်တို့ဆက်ကပ်အပ်နှံထားသည့်အတိုင်း လုပ်ဆောင်လိုလျှင် ချုပ်တည်းခြင်းရှိဖို့ အရေးကြီးကြောင်း ထင်ရှား၏။ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့ဆုတောင်းရမည်– “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာလံ ၅၁:၁၀) ကိုယ်ကျင့်တရားပျက်ပြားစေသည့်၊ သို့မဟုတ် ကိုယ်ခန္ဓာအားနည်းစေသည့် အရာများကို ရှောင်ခြင်း၏အကျိုးကျေးဇူးများကို တွေးတောဆင်ခြင်နိုင်သည်။ ထိုသို့သောအရာများကို မရှောင်လျှင် ဖြစ်နိုင်ဖွယ်ဆိုးကျိုးဖြစ်သည့် စိုးရိမ်ရဖွယ်ကျန်းမာရေးပြဿနာများ၊ ဆက်ဆံရေးပြတ်တောက်မှုများ၊ အချိန်မတန်ဘဲ သေဆုံးရခြင်းတို့ကိုပင် စဉ်းစားကြည့်ပါ။ တစ်ဖက်တွင်မူ၊ ယေဟောဝါပြဋ္ဌာန်းထားသည့် ဘဝလမ်းစဉ်အတိုင်း နေထိုင်လျှင် ခံစားရသည့်အကျိုးကျေးဇူးများစွာကို တွေးတောဆင်ခြင်ပါလေ။ သို့သော် အရှိကိုအရှိအတိုင်းတွေ့မြင်ပြီး ကျွန်ုပ်တို့၏စိတ်နှလုံးသည် စဉ်းလဲတတ်ကြောင်းကိုလည်း မမေ့ပါနှင့်။ (ယေရမိ ၁၇:၉) ယေဟောဝါ၏စံနှုန်းများ ကိုင်စွဲထားခြင်း၏ အရေးပါမှုကို လျှော့တွက်လိုသောစိတ်ကို ကျွန်ုပ်တို့ ဇွဲရှိရှိငြင်းဆန်ရမည်။
၈။ အဘယ်အဖြစ်မှန်အတွေ့အကြုံက ကျွန်ုပ်တို့ကို သင်ပေးသနည်း။ ဥပမာပေးပါ။
၈ ထက်သန်မှုမရှိသော သွေးသားသည် ထက်သန်သောစိတ်ကို ငြိမ်းသတ်လေ့ရှိကြောင်း အများသိဖြစ်သည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းကို သုံးသပ်ကြည့်ပါ။ ဤအသက်ပေးလုပ်ငန်းတွင် ပါဝင်လိုစိတ်ထက်သန်ခြင်းကို ယေဟောဝါ အားရနှစ်သက်တော်မူ၏။ (ဆာလံ ၁၁၀:၃; မဿဲ ၂၄:၁၄) လူတို့ကိုဟောပြောရန် သင်ယူရခြင်းသည် ကျွန်ုပ်တို့အများစုအတွက် မလွယ်ကူချေ။ သို့သော် မဟောပြောဘဲနေမည့်အစား၊ ထိုသို့ပြုရန် မိမိကိုယ်ကို “ထိုး၍နှိပ်စက်” ပြီးချုပ်တည်းခဲ့ရသည်၊ ယခုတိုင်လည်း ချုပ်တည်းနေရဆဲဖြစ်မည်။—၁ ကောရိန္သု ၉:၁၆၊ ၂၇; ၁ သက်သာလောနိတ် ၂:၂။
“အရာရာ၌” လော
၉၊ ၁၀။ “အရာရာ၌ . . . ချုပ်တည်း” ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၉ “အရာရာ၌ . . . ချုပ်တည်း” ခြင်းရှိရမည်ဟု သမ္မာကျမ်းစာ၏ ဆုံးမစကားတွင် ဒေါသထိန်းခြင်း၊ အကျင့်ယိုယွင်းမှုကို ရှောင်ခြင်းတို့ထက်မက ပြုလုပ်ဖို့လိုကြောင်း ညွှန်ပြသည်။ အဆိုပါကဏ္ဍများတွင် ကျွန်ုပ်တို့ကိုယ်ကို ချုပ်တည်းနိုင်ပြီဟု ယူမှတ်ကြပေမည်၊ သို့ဆိုလျှင် အမှန်ပင် ကျေးဇူးတင်နိုင်၏။ သို့တိုင် ချုပ်တည်းမှုရှိဖို့လိုကြောင်း မပေါ်လွင်သည့် အခြားဘဝကဏ္ဍများနှင့်ပတ်သက်၍ကော အသို့နည်း။ ဥပမာ၊ အဆင့်မြင့်မြင့်နေထိုင်ပြီး အတော်အသင့်ချမ်းသာသော နိုင်ငံတစ်နိုင်ငံတွင် ကျွန်ုပ်တို့နေထိုင်ကြသည်ဆိုပါစို့။ မလိုအပ်ဘဲ သုံးဖြုန်းခြင်းကို ငြင်းဆိုတတ်လျှင် ပညာရှိသည်မဟုတ်ပေလော။ အသင့်ရရှိနိုင်၍ လိုချင်စရာဖြစ်ပြီး ဝယ်နိုင်သည့်အနေအထားတွင်ရှိသဖြင့် တွေ့မြင်ရာတိုင်းကို မဝယ်ရန် သားသမီးများအား မိဘများက ကောင်းစွာသွန်သင်ပေးထားရမည်။ ဤသွန်သင်ဆုံးမစကား ထိရောက်မှုရှိစေလျှင် မိဘများကိုယ်တိုင် ပုံသက်သေကောင်းပြရမည်။—လုကာ ၁၀:၃၈-၄၂။
၁၀ မရှိဘဲနေတတ်ခြင်းသည် ကျွန်ုပ်တို့၏စိတ်တန်ခိုးကို ခိုင်မာစေနိုင်သည်။ မိမိပိုင်ဆိုင်ရာများကို တန်ဖိုးထားလေးမြတ်စေပြီး အခြေအနေကြောင့် မရှိချို့တဲ့သူများကို စာနာမှု ပိုရှိစေနိုင်သည်။ မှန်ပါသည်၊ တော်သင့်သောဘဝပုံစံသည် “ကိုယ့်ကိုယ်ကို ညှာပါ” သို့မဟုတ် “သင့်မှာလည်း ရှိသင့်တယ်” အစရှိသည့် ခေတ်စားသော ဤသဘောထားများနှင့် ဆန့်ကျင်၏။ ကြော်ငြာလောကသည် အလိုဆန္ဒကို ချက်ချင်းဖြည့်ဆည်းပေးသော်လည်း စီးပွားရေးအကျိုးအမြတ်အတွက် ထိုသို့ပြုခြင်းသာဖြစ်သည်။ ဤအခြေအနေသည် ချုပ်တည်းမှုရှိရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်နေခြင်းကို ဟန့်တားနိုင်သည်။ ကြီးပွားချမ်းသာသော ဥရောပနိုင်ငံတစ်နိုင်ငံမှ မဂ္ဂဇင်းတစ်စောင်သည် မကြာသေးမီက ဤသို့ဆိုသည်– “မလိုလားအပ်ဖွယ် စေ့ဆော်မှုများနောက် လိုက်မပါရန် ချုပ်တည်းထားရခြင်းသည် လွန်စွာချို့တဲ့သူများအတွက် အကြိတ်အနယ်ကြိုးစားဖို့လိုလျှင် မျက်မှောက်ခေတ် နို့နှင့်ပျားရည်စီးသည့် ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းတွင် နေထိုင်သူတို့အတွက် ပို၍ပင်ခက်ခဲပေမည်!”
၁၁။ မရှိဘဲနေတတ်ခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း၊ သို့သော် ထိုသို့နေတတ်ရန် ခက်ခဲစေသည့်အရာကား အဘယ်နည်း။
၁၁ ကျွန်ုပ်တို့လိုချင်ရာနှင့် အမှန်တကယ်လိုအပ်ရာကို မခွဲခြားနိုင်လျှင် မဆင်မခြင်မပြုမိရန် စဉ်းစားချင့်ချိန်ခြင်းသည် ကောင်းပေမည်။ ဥပမာ၊ ပရမ်းပတာ သုံးဖြုန်းခြင်းကို ချုပ်တည်းလိုလျှင် အကြွေးယူစနစ်နှင့် မဝယ်ရန် ဆုံးဖြတ်လိုပေမည်၊ သို့မဟုတ် ဈေးဝယ်ထွက်သည့်အခါ ငွေအကန့်အသတ်ဖြင့်သာ ယူသွားပေမည်။ ပေါလုက “ရောင့်ရဲသောစိတ်ပါလျှင် ဘုရား[သခင်]ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏” ဟုဆိုခဲ့ကြောင်း သတိရပါ။ သူက “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟုကျိုးကြောင်းဆင်ခြင်ပြခဲ့သည်။ (၁ တိမောသေ ၆:၆-၈) ကျွန်ုပ်တို့ ရောင့်ရဲတင်းတိမ်သလော။ နည်းအမျိုးမျိုးဖြင့် စိတ်အလိုလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝန်ထုပ်ဝန်ပိုမရှိစေရန် ရိုးရှင်းသောဘဝဖြင့်နေတတ်ဖို့ စိတ်တန်ခိုးနှင့် ချုပ်တည်းခြင်းရှိရန်လိုသည်။ ယင်းသည် သင်ယူထားသင့်သော သင်ခန်းစာတစ်ခုဖြစ်၏။
၁၂၊ ၁၃။ (က) ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းနှင့်ပတ်သက်၍ အဘယ်နည်းများဖြင့် ချုပ်တည်းခြင်းရှိဖို့လိုသနည်း။ (ခ) ချုပ်တည်းခြင်းကို ပြုစုပျိုးထောင်ရန်လိုသည့် တခြားကဏ္ဍအချို့ကား အဘယ်နည်း။
၁၂ ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများတက်ဖို့လည်း ချုပ်တည်းခြင်းရှိရန်လိုသည်။ ဥပမာ၊ အစည်းအဝေးအစီအစဉ်အတွင်း စိတ်မပျံ့လွင့်စေရန် ချုပ်တည်းထားရ၏။ (သု. ၁:၅) ဟောပြောသူကို အပြည့်အဝအာရုံစိုက်မည့်အစား ဘေးနားထိုင်သူနှင့် တိုးတိုးစကားပြောခြင်းဖြင့် တခြားသူကို အနှောင့်အယှက်မဖြစ်စေရန် ချုပ်တည်းရပေမည်။ အချိန်မီရောက်ရှိနိုင်ရန် ကျွန်ုပ်တို့၏အချိန်ဇယားကို ပြုပြင်ပြောင်းလဲပေးဖို့လည်း ချုပ်တည်းရ၏။ ထို့ပြင် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရန် အချိန်ဖယ်ထားပြီး ပါဝင်ဖြေဆိုရန် ချုပ်တည်းမှုလို၏။
၁၃ သေးငယ်သောအမှုတွင် ချုပ်တည်းမှုရှိလျှင် ကြီးသောအမှုတွင်လည်း ချုပ်တည်းနိုင်စွမ်းရှိမည်။ (လုကာ ၁၆:၁၀) သို့ဖြစ်၍ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို မှန်မှန်ဖတ်ရှုလေ့လာပြီး သိရှိရာများကို တွေးတောဆင်ခြင်ရန် မိမိကိုယ်ကို ကြပ်မတ်ပေးခြင်းသည် တကယ်ကိုကောင်းလိုက်မည်ဖြစ်ခြင်း! မသင့်တော်သော အလုပ်အကိုင်များ၊ မိတ်ဆွေအပေါင်းအသင်းများ၊ စိတ်ထားများနှင့် အကျင့်အကြံများတို့နှင့်ပတ်သက်ပြီး မိမိကိုယ်ကို ကြပ်မတ်ပေးခြင်း၊ သို့မဟုတ် ဘုရားသခင့်လုပ်ငန်းတော်အတွက် တန်ဖိုးရှိအချိန်ကို လုယူသွားနိုင်သည့် လုပ်ငန်းများကို ငြင်းပယ်နိုင်ရန် မိမိကိုယ်ကို ဆုံးမပဲ့ပြင်ထားခြင်းတို့သည် တကယ်ကိုပညာရှိလိုက်လေခြင်း! ယေဟောဝါ၏အမှုတော်တွင် အလုပ်များနေခြင်းဖြင့် ယေဟောဝါ၏ကမ္ဘာချီအသင်းတော် ဝိညာဉ်ရေးပရဒိသုမှ ဝေးကွာသွားစေနိုင်သည့် အရာများမှ အမှန်တကယ်ပင် ကာကွယ်ပေးနိုင်သည်။
ချုပ်တည်းခြင်းဖြင့် ရင့်ကျက်လာလေ
၁၄။ (က) ကလေးများသည် ချုပ်တည်းခြင်းကို မည်သို့သင်ယူသင့်သနည်း။ (ခ) ကလေးဘဝကတည်းက ဤသင်ခန်းစာကို သင်ယူထားခြင်းက အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။
၁၄ မွေးကင်းစနို့စို့သူငယ်သည် ချုပ်တည်းခြင်းကို မသိရှိချေ။ ကလေးသဘာဝပါရဂူများ ထုတ်ဝေထားသော စာတမ်းတိုတစ်စောင်က ဤသို့ရှင်းပြသည်– “ချုပ်တည်းခြင်းသည် အလိုအလျောက် သို့မဟုတ် ရုတ်တရက်ဖြစ်ပေါ်လာသည်မဟုတ်။ နို့စို့ကလေးများနှင့် လမ်းလျှောက်တတ်ခါစ ကလေးများသည် တဖြည်းဖြည်းချုပ်တည်းတတ်လာရန် မိဘများ၏လမ်းညွှန်မှုနှင့် ထောက်မမှုလိုသည်။ . . . မိဘများ၏လမ်းညွှန်မှုဖြင့် ကျောင်းနေစဉ်တစ်လျှောက် ချုပ်တည်းမှုရှိလာ၏။” လေးနှစ်အရွယ်ကလေးများကို လေ့လာသုံးသပ်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ချုပ်တည်းတတ်လာသော ကလေးများသည် “လူအများနှင့် လိုက်လျောညီထွေစွာနေတတ်သော၊ ပို၍ရေပန်းစားသော၊ စူးစမ်းသိလိုစိတ်ရှိသော၊ ယုံကြည်စိတ်ချရသော ဆယ်ကျော်သက်များအဖြစ် တဖြည်းဖြည်းကြီးပြင်းလာကြသည်” ကိုတွေ့ရှိရ၏။ ဤသင်ခန်းစာကို မသင်ယူခဲ့သူများသည် “ပို၍အထီးကျန်ဖြစ်နိုင်ပြီး စိတ်ပျက်လွယ်ကာ ခေါင်းမာသည်။ သူတို့သည် ဖိစီးမှုများကို အရှုံးပေးကာ ခက်ခဲသောအခြေအနေများကို ရှောင်ကြသည်။” အလိုက်အထိုက်နေတတ်သော လူကြီးတစ်ဦးဖြစ်လာရန် ကလေးတစ်ဦးသည် ချုပ်တည်းတတ်ရန် သင်ယူရမည်။
၁၅။ ချုပ်တည်းမှုမရှိခြင်းသည် အဘယ်အရာကို ဖော်ပြသနည်း၊ သမ္မာကျမ်းစာတွင် ဖော်ပြထားသော အဘယ်ပန်းတိုင်နှင့် မတူသနည်း။
၁၅ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ရင့်ကျက်သောခရစ်ယာန်များဖြစ်လိုလျှင် ချုပ်တည်းခြင်း တင်ပြတတ်ရမည်။ ချုပ်တည်းခြင်းမရှိလျှင် ဝိညာဉ်ရေးသူငယ်အဆင့်သာ ရှိသေးကြောင်း ဖော်ပြ၏။ သမ္မာကျမ်းစာက “ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့” ဟူ၍ ကျွန်ုပ်တို့ကို ဆုံးမသည်။ (၁ ကောရိန္သု ၁၄:၂၀) ကျွန်ုပ်တို့၏ပန်းတိုင်မှာ “ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏတည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြ” ရန်ဖြစ်၏။ အဘယ်ကြောင့်နည်း။ “အကြောင်းမူကား သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသော[သွန်သင်ခြင်း]လေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်” ကြရန်ဖြစ်သည်။ (ဧဖက် ၄:၁၃၊ ၁၄) ချုပ်တည်းတတ်ရန် သင်ယူခြင်းသည် ကျွန်ုပ်တို့ဝိညာဉ်ရေးအတွက် အရေးကြီးကြောင်း ထင်ရှားသည်။
ချုပ်တည်းမှုကို ပျိုးထောင်ခြင်း
၁၆။ ယေဟောဝါသည် မည်သို့ကူညီပေးသနည်း။
၁၆ ချုပ်တည်းခြင်းကို ပြုစုပျိုးထောင်ရန် ဘုရားသခင်၏အကူအညီလိုအပ်ပြီး ယင်းအကူအညီကို ရရှိနိုင်၏။ အနာအဆာကင်းသော မှန်တစ်ချပ်ကဲ့သို့ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ပြောင်းလဲဖို့လိုသည့်နေရာကို ဖော်ပြပေးပြီး မည်သို့ပြုပြင်ရမည်ကိုလည်း လမ်းညွှန်ပေးသည်။ (ယာကုပ် ၁:၂၂-၂၅) မေတ္တာရှိညီအစ်ကိုအသင်းအပင်းကလည်း အကူအညီပေးရန် အသင့်ရှိ၏။ ခရစ်ယာန်အကြီးအကဲများကိုယ်တိုင် ကူညီပေးရာတွင် နားလည်မှုပြကြသည်။ ယေဟောဝါထံ ဆုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းလျှင် ကိုယ်တော်တိုင် ရက်ရက်ရောရော ပေးတော်မူ၏။ (လုကာ ၁၁:၁၃; ရောမ ၈:၂၆) ထို့ကြောင့် အဆိုပါပြင်ဆင်ပေးချက်များကို အားရဝမ်းသာအသုံးပြုကြစို့။ စာမျက်နှာ ၂၁ မှ အကြံပြုချက်များက အထောက်အကူဖြစ်ပေမည်။
၁၇။ နယပုံပြင် ၂၄:၁၆ ကကျွန်ုပ်တို့ကို မည်သို့အားပေးထားသနည်း။
၁၇ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်သမျှကို ကိုယ်တော်တန်ဖိုးထားကြောင်း သိရှိရခြင်းသည် အမှန်ပင်အားရှိစေသည်တကား! ယင်းက ချုပ်တည်းမှုပိုရှိရန် ဆက်ကြိုးစားဖို့ စေ့ဆော်ပေးသင့်သည်။ ကျွန်ုပ်တို့သည် အကြိမ်ကြိမ်ထိမိ၍လဲသွားပါစေ လက်မလျှော့ဘဲ ဆက်ကြိုးစားအားထုတ်ရမည်။ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်။” (သု. ၂၄:၁၆) ကျွန်ုပ်တို့ကိုယ်ကို ချုပ်တည်းနိုင်သည့်အခါတိုင်း မိမိကိုယ်ကို ကျေနပ်အားရစရာအကြောင်းရှိ၏။ ယေဟောဝါသည်လည်း ကျွန်ုပ်တို့ကို ကျေနပ်အားရလိမ့်မည်ဟု စိတ်ချနိုင်သည်။ သက်သေခံတစ်ဦးသည် ယေဟောဝါထံ သူ၏အသက်တာကို ဆက်ကပ်အပ်နှံမှုမပြုမီ တစ်ပတ်တာ ဆေးလိပ်မသောက်ဘဲနေနိုင်ခဲ့သည့်အခါတိုင်း ချုပ်တည်းခြင်းကြောင့် သူစုမိသည့်ငွေကို အသုံးဝင်မည့်ပစ္စည်းတစ်ခုခု ဝယ်လိုက်ခြင်းဖြင့် သူကိုယ်သူ ဆုချခဲ့သည်ဟုပြောပြ၏။
၁၈။ (က) ချုပ်တည်းခြင်းကို တိုက်လှန်ရာတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။ (ခ) ယေဟောဝါသည် အဘယ်အာမခံချက် ပေးထားသနည်း။
၁၈ ထို့ထက်ကား၊ ချုပ်တည်းခြင်းဟုဆိုရာတွင် စိတ်လှုပ်ရှားမှုပိုင်းလည်း ပါဝင်ပတ်သက်သည်ကို သတိရသင့်သည်။ ယေရှု၏ဤစကားများက ထိုသို့သဘောပေါက်စေ၏– ‘ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။’ (မဿဲ ၅:၂၈; ယာကုပ် ၁:၁၄၊ ၁၅) မိမိစိတ်နှင့် မိမိ၏ခံစားချက်များကို ချုပ်တည်းတတ်လာသူသည် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို အလွယ်တကူချုပ်တည်းနိုင်လိမ့်မည်။ သို့ဖြစ်၍ အမှားပြုမိခြင်းကိုသာမက စဉ်းစားမိခြင်းကိုပင် ရှောင်ရှားရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်ကို ခိုင်မာစေကြပါစို့။ အတွေးအခေါ်အမှားများ ပေါ်လာပါက ၎င်းတို့ကို ချက်ချင်းဖယ်ရှားပစ်ကြပါ။ ကျွန်ုပ်တို့သည် ယေရှုကိုအာရုံစိုက်ပြီး မပြတ်ဆုတောင်းခြင်းအားဖြင့် သွေးဆောင်မှုမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ (၁ တိမောသေ ၆:၁၁; ၂ တိမောသေ ၂:၂၂; ဟေဗြဲ ၄:၁၅၊ ၁၆) ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံးကြိုးစားကြစဉ် ဆာလံ ၅၅:၂၂ ပါဤဆုံးမစကားကို လိုက်နာရာရောက်ကြလိမ့်မည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား[သခင်]၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”
သင်မှတ်မိသလော
• အဘယ်နည်းနှစ်နည်းဖြင့် ချုပ်တည်းခြင်းတင်ပြရမည်နည်း။
• “အရာရာ၌ . . . ချုပ်တည်း” ခြင်းရှိရမည်ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
• ဤသို့လေ့လာစဉ် ချုပ်တည်းခြင်းကို ပြုစုပျိုးထောင်နိုင်ရန် အဘယ်လက်တွေ့ကျ အကြံပြုချက်များကို သင်အထူးဂရုပြု မှတ်သားခဲ့သနည်း။
• အဘယ်နေရာမှစ၍ ချုပ်တည်းခြင်းရှိရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ချုပ်တည်းခြင်း ပိုရှိစေနိုင်ပုံ
• သေးငယ်သောအရာများ၌ပင် ချုပ်တည်းခြင်းရှိဖို့ ယင်းကို ပြုစုပျိုးထောင်ပေးပါ
• ချုပ်တည်းခြင်းကြောင့် ယခုနှင့်နောင်ရရှိမည့် အကျိုးကျေးဇူးများကို တွေးတောဆင်ခြင်ပါ
• ဘုရားသခင်တားမြစ်ထားရာများကို ကိုယ်တော်တိုက်တွန်းအားပေး ထားရာများနှင့် အစားထိုးပါ
• မလျောက်ပတ်သောအတွေးအခေါ်များကို ချက်ချင်းဖယ်ရှားပစ်ပါ
• သင်၏စိတ်ထဲတွင် ဝိညာဉ်ရေးတည်ဆောက်စရာ အတွေးအခေါ်များနှင့် ပြည့်နေစေပါ
• ရင့်ကျက်သောခရစ်ယာန်ချင်းများပေးနိုင်သည့် အကူအညီကို လက်ခံပါ
• သွေးဆောင်မှုဖြစ်စေသည့် အခြေအနေများကို ရှောင်ရှားပါ
• သွေးဆောင်ခံရချိန်များတွင် ဘုရားသခင်ထံ ဆုတောင်း၍ အကူအညီတောင်းဆိုပါ
[စာမျက်နှာ ၂၁ ပါရုပ်ပုံ]
ချုပ်တည်းခြင်းသည် ကျွန်ုပ်တို့ကို ကောင်းမှုပြုရန် လှုံ့ဆော်ပေး