‘စစ်မှန်သောချာ့ခ်ျ’တစ်ခုတည်းသာရှိသလော
‘စစ်မှန်သောချာ့ခ်ျ’တစ်ခုတည်းသာရှိသလော
“ခရစ်တော်တစ်ပါးတည်းရှိသည့်နည်းတူ ခရစ်တော်၏ကိုယ်တစ်ခုတည်း၊ ခရစ်တော်၏သတို့သမီးတစ်ဦးတည်းရှိသည်– ‘တစ်ခုတည်းသောကက်သလစ်နှင့် တမန်တော်ဆိုင်ရာချာ့ခ်ျသာတည်း။’”—ဒိုမိနပ်စ် ယေစူ။
ရိုမန်ကက်သလစ်ကာဒီနယ် ဂျိုးဇက်ရက်ဇင်ဂါက စစ်မှန်သောချာ့ခ်ျတစ်ခုတည်းသာရှိနိုင်ကြောင်း မိမိချာ့ခ်ျ၏သွန်သင်ချက်ကို ထိုသို့ အလေးအနက်ဖော်ပြခဲ့၏။ သူက အဆိုပါချာ့ခ်ျမှာ “ကက်သလစ်ချာ့ခ်ျအတွင်းရှိသော ခရစ်တော်၏တစ်ခုတည်းသောချာ့ခ်ျ” ဖြစ်၏ဟု ဆိုသည်။
“အမှန်အားဖြင့် ချာ့ခ်ျများမဟုတ်”
ဒုတိယမြောက် ပုပ်ဂျွန်ပေါလ်က ဒိုမိနပ်စ် ယေစူစာပေတွင် အခြားဘာသာရေးများထက် သာလွန်သည့်သဘော သို့မဟုတ် အရိုအသေမဲ့ခြင်းမပါရှိ” ဟု အခိုင်အမာဆိုသော်လည်း ပရိုတက်စတင့်ချာ့ခ်ျခေါင်းဆောင်များက ၎င်းအဆိုကို ပြင်းထန်စွာတန်ပြန်ခဲ့ကြသည်။ ဥပမာ၊ ၂၀၀၁ ခုနှစ်တွင် မြောက်ပိုင်းအိုင်ယာလန်၊ ဘဲလဖတ်စ်မြို့၌ အထွေထွေပရက်စ်ဘီတီးရီးယန်းချာ့ခ်ျစည်းဝေးပွဲမှ အမှုဆောင်တစ်ဦးက အဆိုပါစာပေသည် “ဒုတိယဗက်တီကန် အဆိုတင်သွင်းသည့် သဘောထားကြီးရမည်ဟူသောစိတ်ထားကို အလွန်အမင်းကြောက်လန့်သည့် . . . ရိုမင်ကက်သလစ်ချာ့ခ်ျရှိ အလွန်အာဏာရှိသောဂိုဏ်းတစ်ခု . . . ၏လုပ်ဆောင်မှုတစ်ရပ်” ဖြစ်သည်ဟု ဆို၏။
အိုင်ယာလန်ချာ့ခ်ျဂိုဏ်းချုပ် ရောဘင် အင်မ်စ်က အကယ်၍ အဆိုပါစာပေသည် “ဒုတိယမြောက်ဗက်တီကန်မတိုင်မီက အတွေးအခေါ်သို့ နောက်ကြောင်းပြန်ခြင်း” ဖြစ်မည်ဆိုလျှင် သူသည် “လွန်စွာပင်စိတ်ပျက်” ရလိမ့်မည်ဟု ဆိုသည်။ . . . အယူဝါဒအချို့ကို ငြင်းပယ်သောချာ့ခ်ျများသည် “ချာ့ခ်ျဟု အမှန်မခေါ်ထိုက်ပါ” ဟူသည့် ဗက်တီကန်၏အဆိုနှင့်ပတ်သက်၍ အင်မ်စ်က “ကျွန်တော်အတွက်တော့ ဒါဟာ ထိခိုက်တာပဲ။”
ဒိုမိနပ်စ် ယေစူကို ဖြစ်ပေါ်လာစေသည်ကား အဘယ်အရာနည်း။ အကြွင်းမဲ့အမှန်တရားဟူ၍မရှိဟုဆိုသော [ခရစ်ယာန်] ဘာသာရေးဆိုင်ရာ နှိုင်းရအယူအဆက ရိုမင်ကက်သလစ်ပုပ်ရဟန်းမင်းရုံးကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပုံရှိသည်။ အိုင်းရစ်တိုင်းမ်စ်အရ “အခြေခံအားဖြင့် [ခရစ်ယာန်]ဘာသာတရားအားလုံးအကောင်းချည်းပဲဟု ပြောဆိုခြင်းဖြစ်သည့် မူမတူ ယှဉ်တွဲနေနိုင်မှုဝါဒီ ဘာသာတရား ပေါ်ထွက်လာခြင်းက . . . ကာဒီနယ် ရက်ဇင်ဂါကို တိုး၍တိုး၍စိတ်အနှောင့်အယှက်ပေးခဲ့သည်။” ဤရှုထောင့်ကြောင့် စစ်မှန်သောချာ့ခ်ျတစ်ခုတည်းနှင့်စပ်လျဉ်း၍ သူ၏မှတ်ချက် ပေါ်ထွက်လာပုံရသည်။
မည်သည့်ချာ့ခ်ျတွင် သင်ရှိနေခြင်းက အရေးကြီးသလော
မှန်ပါသည်၊ အချို့သူတို့အတွက် စစ်မှန်သောချာ့ခ်ျတစ်ခုတည်းသာရှိနိုင်သည်ဟူသော မည်သည့်ထောက်ခံချက်ထက်မဆို “[ခရစ်ယာန်]ဘာသာရေးဆိုင်ရာနှိုင်းရသဘော” သို့မဟုတ် “မူမတူ ယှဉ်တွဲနေနိုင်မှုဝါဒီဆိုင်ရာ [ခရစ်ယာန်]ဘာသာတရား” သည် သာ၍ကျိုးကြောင်းညီညွတ်ပြီး နှစ်လိုဖွယ်ကောင်းပေသည်။ ထိုသူတို့အတွက် [ခရစ်ယာန်]ဘာသာရေးသည် ကိုယ်တိုင်ကြိုက်နှစ်သက်ရာအကြောင်းသက်သက်မျှသာ ဖြစ်သင့်သည်။ သူတို့က ‘အဆုံးကျတော့ ဘယ်ချာ့ခ်ျမှာပဲ သင်ရှိနေရှိနေ ဒါတကယ်အရေးမကြီးပါဘူး’ ဟု ဆိုတတ်ကြသည်။
ယင်း၏အကျိုးသက်ရောက်မှုတစ်ခုမှာ [ခရစ်ယာန်]ဘာသာရေးဆိုင်ရာ ဂိုဏ်းအမျိုးပေါင်းဒုနှင့်ဒေး အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေလင့်ကစား ယင်းက သာ၍အမြင်ကျယ်သောသဘောထား ဖြစ်ပုံရှိသည်။
လူအများက ‘ထိုသို့ [ခရစ်ယာန်]ဘာသာရေးတွင် ကွဲပြားခြားနားခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ လွတ်လပ်စွာ ခြေမြစ်ခိုင်လုံသောနည်းဖြင့် ဖော်ပြပြောဆိုခြင်းသာဖြစ်၏’ ဟုဆိုသည်။ သို့သော် စာရေးဆရာ စတီဗ် ဘရူစ်အဆိုအရ ထိုသို့သော “နှစ်သက်မှုအလျောက် သက်ဝင်ယုံကြည်ကိုးကွယ်ခြင်း” သည် အမှန်အားဖြင့် “ဘာသာရေးအလေးမမူ ဂရုမပြုခြင်း” နှင့် ထူးမခြားနားပင်။—ကွဲပြားနေသောအိမ်ထောင်တစ်ခု– ပရိုတက်စတင့်ဝါဒ၊ ဂိုဏ်းကွဲနှင့် လောကအမြင်တိုးများခြင်း။ထိုသို့ဆိုလျှင် ရှုမြင်ပုံအမှန်ကား အဘယ်နည်း။ စစ်မှန်သောချာ့ခ်ျတစ်ခုတည်းသာ ရှိသလော။ . . . အခြားချာ့ခ်ျများကိုလည်း ဘုရားသခင် ထပ်တူလက်ခံနိုင်သလော။ ဤမေးခွန်းများသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအတွက် အရေးပါသောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်၏ရှုမြင်ပုံကို သိရှိထားခြင်းက အမှန်ပင်အရေးကြီးသည်။ ထိုသို့ ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဖြစ်သည်။ (တမန်တော် ၁၇:၁၁; ၂ တိမောသေ ၃:၁၆၊ ၁၇) စစ်မှန်သောချာ့ခ်ျတစ်ခုတည်းနှင့်ပတ်သက်၍ ကျမ်းစာတွင် မည်သို့ဆိုထားကြောင်း သုံးသပ်ကြည့်ကြပါစို့။
[Picture Credit Line on page 2]
COVER: Mark Gibson/Index Stock Photography