မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နာမတော်၌ ကျွန်ုပ်တို့ ထာဝစဉ်လျှောက်လှမ်းကြမည်!

ယေဟောဝါ၏နာမတော်၌ ကျွန်ုပ်တို့ ထာဝစဉ်လျှောက်လှမ်းကြမည်!

ယေဟောဝါ​၏​နာမတော်​၌ ကျွန်ုပ်​တို့ ထာဝစဉ်​လျှောက်လှမ်း​ကြ​မည်!

“ငါ​တို့​မူ​ကား ငါ​တို့၏​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ကို​အမှီပြု၍ ကာလ​အစဉ် လျှောက်လှမ်း​ကြ​မည်။” —မိက္ခာ ၄:၅၊ က​ဘ။

၁။ မိက္ခာကျမ်း​အခန်းကြီး ၃ မှ ၅ တွင်​အဘယ်​သတင်း​များ​ကို ဖော်ပြ​ထား​သနည်း။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို မိန့်ဆို​စ​ရာ​ရှိ၍ မိက္ခာ​ကို မိမိ၏​ပရောဖက်​အဖြစ် အသုံးပြု​တော်​မူ​သည်။ ဘုရားသခင်​သည် အပြစ်ပြု​သူများကို အရေးယူ​ရန် ရည်ရွယ်​ထား​၏။ အယူဖောက်ပြန်မှု​အတွက် ဣသရေလ​လူမျိုး​ကို ကိုယ်တော် အပြစ်ပေး​တော့​မည်​ဖြစ်သည်။ သို့သော် ဝမ်းသာစရာ​မှာ ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​သူများကို​ကား ကိုယ်တော်​ကောင်းချီး​ပေး​တော်​မူ​မည်။ ဤ​သတင်း​များ​ကို မိက္ခာ​ပရောဖက်ပြုချက်​ပါရှိ​သည့် အခန်းကြီး ၃ မှ ၅ တွင်​ရှင်းလင်းစွာ ဖော်ပြ​ထား​သည်။

၂၊ ၃။ (က) ဣသရေလ​ခေါင်းဆောင်​များသည် အဘယ်​အရည်အချင်းများ​ကို တင်ပြ​သင့်​သော်လည်း အမှန်တကယ် သူတို့​အဘယ်အရာ​လုပ်ဆောင်နေ​ကြ​သနည်း။ (ခ) မိက္ခာ ၃:၂၊ ၃ တွင်​အသုံးပြု​ထားသော ပုံဆောင်​စကား​များ​ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

ဘုရားသခင်​၏​ပရောဖက်​က ဤသို့​ကြေညာ​သည်– “အို​ယာကုပ်​အမျိုး​မင်း၊ ဣသရေလ​အမျိုး​သူကြီး​တို့ နားထောင်​ကြ​ပါ​လော့။ သင်တို့သည် တရား​သဖြင့် စီရင်ခြင်း​အမှုကို နားလည်​အပ်​သည်မဟုတ်​လော။” မှန်ပါသည်၊ ၎င်း​သည် သူတို့၏​တာဝန်ဖြစ်​သော်လည်း အမှန်တကယ် သူတို့​အဘယ်အရာ​လုပ်ဆောင်နေ​ကြ​သနည်း။ မိက္ခာ​က ဤသို့​ဆက်ဆို​သည်– “[ကောင်းမှု]ကို​မုန်း​၍ [မကောင်းမှု]ကို​နှစ်သက်​လျက် သူတစ်ပါး​အရေ​ကိုလည်း​ကောင်း၊ အရိုး​၌​ကပ်​သော​အသားကို​လည်းကောင်း ဆွဲ​ယူ​လျက်၊ ငါ့​လူတို့၏​အသားကို​စား​လျက်၊ အရေ​ကို​ခွာ​လျက်၊ အရိုး​တို့ကို​ချိုး​လျက် ဟင်း​အိုး​၌​ချက်​သော​သား​တစ်၊ အိုး​ကင်း​၌​ပြုတ်​သော​အ​မဲ​သားကို​ပြု​သကဲ့သို့ အရိုး​အသားကို​စဉ်း” ကြ​၏။—မိက္ခာ ၃:၁-၃

ထို​ခေါင်းဆောင်​များသည် ဆင်းရဲသား​များ၊ ခိုကိုးရာ​မဲ့​နေ​သူများကို ဖိနှိပ်​နေကြ​သည်! ဤ​တွင် မိက္ခာ​အသုံးပြု​ပြောဆို​သော ပုံဆောင်​စကား​များ​ကို ကြားနာသူ​တို့သည် အလွယ်တကူ​သဘောပေါက်​ကြသည်။ သိုး​တစ်ကောင်​ကို​သတ်​ပြီး စားဖို့​ပြုတ်​သည့်​အခါ ပထမ​ဦးစွာ အရေခွံ​ဆုတ်​ရသည်၊ ထို့နောက် အဆစ်​များ​မှ ခုတ်ထစ်​ရသည်။ တစ်ခါတစ်ရံ ခြင်ဆီ​ထုတ်​ရန် အရိုးများ​ကို ခုတ်​ပိုင်း​ရ၏။ ၎င်းနောက် မိက္ခာ​ဖော်ပြ​သည့်​အတိုင်း အိုး​ကင်း​ကြီး​တွင် အသား​နှင့်​အရိုး​တို့ကို​ရောပြီး ထည့်​ပြုတ်​လေ့​ရှိသည်။ (ယေဇကျေလ ၂၄:၃-၅၊ ၁၀) ဆိုးညစ်သော​ခေါင်းဆောင်​များ​၏ လက်ခုပ်​ထဲ​တွင် မတရား​စွာ​ခံ​နေရ​သည့် မိက္ခာ​ခေတ်​ရှိ​လူ​တို့အတွက် လျော်​ကန်​လှ​သည့် ပုံ​ဥပမာ​ပင်!

ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို တရား​မျှတ​စေ​လို

၄။ ယေဟောဝါ​နှင့် ဣသရေလ​ခေါင်းဆောင်​များ​စပ်ကြား အဘယ်​ကွဲပြား​ခြားနား​ချက်​ရှိ​သနည်း။

ဣသရေလ​ခေါင်းဆောင်​များသည် မေတ္တာရှင်​သိုးထိန်း​ယေဟောဝါ​နှင့် လုံးဝ​မတူ​ပါ။ သူတို့သည် တရား​မျှတမှုကို မကျင့်​သုံး​သောကြောင့် သိုးအုပ်​အား ကာကွယ်​ပေး​ရမည့်​တာဝန်​ကို မ​ထမ်းဆောင်​ခဲ့​ကြ​ပေ။ ထိုသို့​ပြု​မည့်​အစား၊ မိက္ခာ ၃:၁၀ တွင်​ဖော်ပြ​သည့်​အတိုင်း သူတို့သည် ကိုယ်ကျိုး​အတွက် ပုံဆောင်​သိုး​တို့ကို အမြတ်​ထုတ်​၍ “လူ​အသက်ကို​သတ်” နေကြ​သည်။ ဤ​အခြေအနေ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

၅။ ယေဟောဝါ​သည် မိမိ​လူမျိုး​ကို ဦးဆောင်နေသူ​များ​အား မည်သို့​ဖြစ်စေ​လို​သနည်း။

ဘုရားသခင်​သည် မိမိ၏​လူမျိုးတော်ကို ဦးဆောင်နေသူ​များ​အား တရား​မျှတ​စေ​လို​သည်။ ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များသည် ထိုသို့​အမှန်ပင်​ပြုလုပ်​နေကြ၏။ ထိုသို့​ပြုလုပ်ခြင်း​သည် ဟေရှာယ ၃၂:၁ နှင့်​ကိုက်ညီ​ပြီး ထို​တွင် ဤသို့​ဖတ်​ရသည်– “ကြည့်ရှု​လော့။ တရား​သဖြင့် အုပ်စိုး​သော​ရှင်ဘုရင်​တစ်ပါး ပေါ်ထွန်း​တော်​မူ​လိမ့်​မည်။ မင်းသား​မှူးမတ်​တို့သည် တရား​သဖြင့် စီရင်​ကြလိမ့်မည်။” သို့သော်လည်း မိက္ခာ​ခေတ်တွင် အဘယ်အရာကို ကျွန်ုပ်​တို့​တွေ့ရ​သနည်း။ “[ကောင်းမှု]ကို​မုန်း​၍ [မကောင်းမှု]ကို​နှစ်သက်” သူများ​သည် တရား​မျှတမှုကို ဖောက်​လွဲ​ဖောက်ပြန်​ပြုလုပ်​နေကြ၏။

မည်သူ​၏​ဆုတောင်းချက်​များ​ကို ဖြေကြား​သနည်း

၆၊ ၇။ မိက္ခာ ၃:၄ တွင်​အဘယ်​အရေးပါသော​အချက် ပေါ်လွင်​ထင်ရှား​သနည်း။

မိက္ခာ​နှင့်​တစ်ခေတ်​တည်း​သား ဆိုးညစ်သူ​များသည် ယေဟောဝါ​၏​မျက်နှာသာ​ကို မျှော်လင့်​နိုင်​သလော။ လုံးဝ​မမျှော်လင့်​နိုင်​ပါ! မိက္ခာ ၃:၄ တွင်​ဤသို့​ဖော်ပြ​၏– “သင်တို့သည် ထာဝရ​ဘုရား[သခင်]ကို အော်ဟစ်​ကြသော်လည်း နားထောင်​တော်​မ​မူ။ [မကောင်းမှု]ကို​ပြု​ကြသည်​နှင့်​အညီ ထို​ကာလ​၌ မျက်နှာတော်​ကို လွှဲ​တော်​မူ​လိမ့်​မည်။” ယင်းသည် အလွန်​အရေးပါသော​အချက်​တစ်ချက်​ကို ပေါ်လွင်​စေ​သည်။

ကျွန်ုပ်​တို့သည် အပြစ်ပြု​နေကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ ဖြေကြား​ပေး​လိမ့်​မည်​မဟုတ်ပေ။ အပြစ်​များ​ကို ဝှက်ထား​ပြီး ဘုရားသခင်​ကို သစ္စာရှိ​ပုံဖမ်း​၍ ဟန်ဆောင်​အမှုထမ်း​ကာ နှစ်​ဘဝ​စံ​နေ​မည်​ဆိုလျှင် ဆုတောင်းချက်​များ နားညောင်းခံ​ရမည်​မဟုတ်ပါ။ ဆာလံ ၂၆:၄ အရ ဒါဝိဒ်​ပင် ဤသို့​သီဆို​ခဲ့​သည်– “လျှပ်​ပေါ်သော​လူ​တို့​နှင့် အတူ​မ​ထိုင်​ပါ။ လျှို့ဝှက်​သော​လူစု​ထဲ​သို့ မဝင်​ပါ။” ယေဟောဝါ​သည် မိမိ၏​စကား​ကို တမင်တကာ​ချိုးဖောက်​သူများ​၏ ဆုတောင်းချက်​များ​ကိုလည်း နားညောင်း​လိမ့်​မည်​မဟုတ်​ချေ!

ဘုရားသခင်​၏​ဝိညာဉ်​တော်​ခံစားရ

၈။ မိက္ခာ​ခေတ်​မှ မှားယွင်းသော​ပရောဖက်​များသည် မည်သို့​သတိပေး​ခံ​ခဲ့​ရသနည်း။

ဣသရေလ​လူမျိုး​ကို ဝိညာဉ်​ရေး​ပိုင်း​၌ ခေါင်းဆောင်​နေ​သူများ​တွင် ဆိုးရွား​လှ​သော အမူအကျင့်များ ပျံ့နှံ့​နေ​၏! ပရောဖက်​အတုအယောင်​များသည် ဘုရားသခင်​၏​လူမျိုးတော်ကို ဝိညာဉ်​ရေး​အရ လမ်းလွဲ​စေ​ကြသည်။ အလို​ကြီးသော ထို​ခေါင်းဆောင်​များသည် “ငြိမ်ဝပ်ခြင်း” ရှိ၏​ဟု ကြွေးကြော်​ကြသော်လည်း အမှန်တကယ်​မူ မိမိတို့​အား မ​လုပ်ကျွေး​သော​သူတို့ကို တိုက်ခိုက်​နေကြ​သည်။ ထို့​ကြောင့် ယေဟောဝါ​က “သင်တို့သည် [အဆင်း​အာ]ရုံ​ကို​မမြင်နိုင်​မည်​အကြောင်း ည​အချိန်​ရောက်​လိမ့်​မည်။ အနာဂတ်​ကို​မ​ဟော​နိုင်​မည်​အကြောင်း မှောင်မိုက်​ဖြစ်​လိမ့်​မည်။ ပရောဖက်​တို့​၌ နေဝင်​လိမ့်​မည်။ နေ့​အချိန်၌​ပင် မှောင်မိုက်​ဖုံးလွှမ်း​လိမ့်​မည်။ ထို​အခါ ပရောဖက်​တို့သည် ရှက်ကြောက်​ကြလိမ့်မည်။ အနာဂတ်​ကို​ဟော​သော​သူတို့သည် စိတ်ပျက်​ကြလိမ့်မည်။ . . . ထို​သူအပေါင်း​တို့သည် မိမိတို့​နှုတ် [“နှုတ်ခမ်း​မွှေး၊” က​ဘ] ကို​ဖုံး​ထား​ကြလိမ့်မည်” ဟု​မိန့်တော်မူ၏။—မိက္ခာ ၃:၅-၇

၉၊ ၁၀။ “နှုတ်ခမ်း​မွှေး​ကို ဖုံး​ထားခြင်း” အဓိပ္ပာယ်​ကား အဘယ်နည်း၊ မိက္ခာ​သည် အဘယ်ကြောင့် ထိုသို့​ပြုလုပ်​စ​ရာ​မလို​သနည်း။

အဘယ်ကြောင့် “နှုတ်ခမ်း​မွှေး​ကို ဖုံး​ထား​ကြ” ရသနည်း။ မိက္ခာ​ခေတ်​ရှိ​ဆိုးညစ်သူ​များသည် ရှက်ကြောက်​၍ ထိုသို့​ပြု​ကြ​ခြင်း​ဖြစ်၏။ ဤ​ဆိုးညစ်သူ​များသည် အရှက်​တရား​ရ​သင့်​၏။ သူတို့​ခေါ်သံ​ကို “ဘုရားသခင်​ထူးတော်မမူ​သောကြောင့်” ဖြစ်သည်။ (မိက္ခာ ၃:၇) ယေဟောဝါ​သည် မောက်မာ​ဆိုးညစ်သူ​များ​၏ ဆုတောင်းချက်​များ​ကို ဂရုမစိုက်​ပေ။

၁၀ မိက္ခာ​မူ​ကား “နှုတ်ခမ်း​မွှေး​ကို ဖုံး​ထား” စ​ရာ​အကြောင်း​မရှိ​ချေ။ သူ့​တွင် ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိပေ။ သူ၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ​ဖြေကြား​ပေး​တော်​မူ​၏။ မိက္ခာ ၃:၈ တွင်​တည်ကြည်သော​ပရောဖက်​က ဤသို့​ဆို​ထား​သည်ကို သတိပြုပါ– “ငါ​မူ​ကား . . . ထာဝရ​ဘုရား[သခင်]၏​ဝိညာဉ်​တော်​အားဖြင့် အရှိန်​တန်ခိုး၊ ဉာဏ်​သတ္တိ၊ အစွမ်း​သတ္တိ​နှင့်​ပြည့်စုံ​၏။” မိက္ခာ​သည် နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ​အမှုထမ်းဆောင်​ခဲ့​သော​အချိန်အတွင်း အစဉ်အမြဲ​ပင် “ထာဝရ​ဘုရား[သခင်]၏​ဝိညာဉ်​တော်​အားဖြင့် အရှိန်​တန်ခိုး . . . နှင့်​ပြည့်စုံ” ခဲ့​သည့်​အတွက် သူ့​အနေ​နှင့် တကယ့်ကို​ကျေးဇူး​တင်စရာ​ဖြစ်သည်! ယင်းကြောင့် သူသည် “ယာကုပ်​အမျိုး​လွန်ကျူးခြင်း၊ ဣသရေလ​အမျိုး​ပြစ်မှားခြင်း​ကို သူတို့အား ဖော်ပြ​နိုင်” ရန် ခွန်အား​ရှိခဲ့​ခြင်း​ဖြစ်သည်။

၁၁။ လူတို့သည် ဘုရားသခင်​၏​သတင်းတရားကို ကြေညာ​ရန် မည်သို့​ခွန်အား​ရရှိ​သနည်း။

၁၁ မိက္ခာ​သည် ဘုရားသခင်​၏​တရား​စီရင်ခြင်း​သတင်းကို ကြေညာ​ရန် လူ့​ခွန်အား​ထက်မက လိုအပ်​နေသည်။ ယေဟောဝါ​၏​ဝိညာဉ်​တော် သို့​မဟုတ် တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​သည် မရှိမဖြစ်​အရေးပါ​သည်။ ကျွန်ုပ်​တို့​ကော အသို့နည်း။ သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကျွန်ုပ်​တို့ကို ယေဟောဝါ​ခွန်အား​ပေး​မှ​သာ​လျှင် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​တာဝန်​ကို ကျေပွန်​နိုင်​မည်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် တမင်တကာ​အပြစ်ပြု​ကျင့်​နေကြ​မည်​ဆိုလျှင် ကြိုးစား​ဟောပြော​သော်လည်း အောင်မြင်​မည်​မဟုတ်ပေ။ သို့​ဖြစ်​လျှင် ဤ​လုပ်ငန်း​ကို​လုပ်ကိုင်​နိုင်​ဖို့ ခွန်အား​ပေး​ပါ​ဟု ဆုတောင်း​သည့်​အခါ ဘုရားသခင်​ဖြေကြား​ပေး​မည်​မဟုတ်​ချေ။ ကျွန်ုပ်​တို့သည် ‘ထာဝရ​ဘုရားသခင်​၏​ဝိညာဉ်​တော်’ မခံစား​ရ​လျှင် ကောင်းကင်​ခမည်းတော်​၏ တရား​စီရင်​ရာ​သတင်းတရားကို ကြေညာ​နိုင်​မည်​မဟုတ်ပါ။ နားညောင်းခံ​ရသည့် ဆုတောင်းချက်​များနှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​အားဖြင့် ဘုရားသခင်​၏​စကားတော်​ကို မိက္ခာ​ကဲ့သို့ ကျွန်ုပ်​တို့​ရဲရင့်စွာ ပြော​ဟော​နိုင်​ကြသည်။

၁၂။ ယေရှု၏​ကနဦး​တပည့်​များသည် အဘယ်ကြောင့် ‘ဘုရားသခင်​၏​နှုတ်မြွက်​တရားတော်​ကို ရဲရင့်စွာ​ဟောပြော’ နိုင်​ခဲ့​ကြ​သနည်း။

၁၂ တမန်​တော် ၄:၂၃-၃၁ ပါ​မှတ်တမ်း​ကို သင်​မှတ်မိ​ကောင်း​မှတ်မိ​ပေမည်။ သင်သည် ပထမ​ရာစု​ရှိ ယေရှု၏​တပည့်​တစ်ဦး​ဖြစ်သည်​ဆိုပါစို့။ တစ်ယူသန်​နှိပ်စက်​ညှဉ်းပန်း​သူများ​သည် ခရစ်တော်​၏​နောက်လိုက်​များ နှုတ်ဆိတ်​သွားစေရန် ကြိုးစား​နေကြ​သည်။ သို့သော် အဆိုပါ​တည်ကြည်သူ​များ​က “အို​ထာဝရ​ဘုရား[သခင်]၊ ယခု​အခါ ထို​သူတို့၏​ခြိမ်းခြောက်​ခြင်း​ကို မှတ်တော်မူ​ပါ။ . . . ကိုယ်တော်​၏​ကျွန်​တို့သည် နှုတ်[မြွက်]တရားတော်​ကို ရဲရင့်စွာ​ဟောပြောပါ​မည်​အကြောင်း ကယ်မ​သနားတော်မူ​ပါ” ဟု​သူတို့၏​ပိုင်သ​အုပ်စိုးရှင်​ထံ အသနားခံ​ဆုတောင်း​ခဲ့​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ သူတို့​တိုးလျှိုး​အသနားခံ​ပြီး​သည်​နှင့် စုဝေးရာ​အရပ်​သည် တုန်လှုပ်​၍ ထို​သူအပေါင်း​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်​သဖြင့် ဘုရားသခင့်​စကားတော်​ကို ရဲရင့်စွာ​ဟောပြောနိုင်​ကြ​၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို ထမ်းဆောင်​သောအခါ ယေဟောဝါ​ထံ ဆုတောင်း​ပြီး သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​ရဖို့ မျှော်ကိုး​ပါ​လေ။

၁၃။ ယေရုရှလင်​မြို့​နှင့် ရှမာရိ​မြို့​တို့ မည်သို့​ဖြစ်သွား​မည်​နည်း၊ အဘယ်ကြောင့်​နည်း။

၁၃ မိက္ခာ​ခေတ်​ကို ပြန်​သုံးသပ်ကြည့်​ပါ။ မိက္ခာ ၃:၉-၁၂ အရ သွေးပြစ်​ရှိသော​မင်းတို့​သည် တံစိုး​လက်ဆောင်​ရ​ရန် တရား​စီရင်​ကြ​၏၊ ယဇ်ပုရောဟိတ်​တို့သည် အ​ခ​ရ​မှ သွန်သင်ပေး​ကြ​၏၊ ပရောဖက်​အတုအယောင်​တို့သည် ငွေ​ရဖို့ အနာဂတ်​ကို ဟော​တတ်ကြ​၏။ ထို့​ကြောင့် ယုဒပြည်​၏​မြို့တော် ယေရုရှလင်​မြို့​သည် “မြေပုံများ​ဖြစ်​လိမ့်​မည်” ဟု​ဘုရားသခင်​ကြေညာ​ခဲ့​ခြင်း​သည် အံ့ဩစရာ​မဟုတ်​ချေ။ ဣသရေလ​ပြည်​တွင်​လည်း မှားယွင်းသော​ဝတ်ပြုရေး​နှင့် အကျင့်​ယိုယွင်းမှု​တို့ကို အနှံ့အပြား​တွေ့ရှိ​ရသော​ကြောင့် ဘုရားသခင်​သည် ရှမာရိ​မြို့ကို “မြေပုံ” ဖြစ်စေ​မည်​ဟု သတိပေး​ရန် မိက္ခာ​ကို လှုံ့ဆော်ပေး​ခဲ့​ခြင်း​ဖြစ်သည်။ (မိက္ခာ ၁:၆) ကြို​ဟောထား​သည့်​အတိုင်း ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်​တွင် အာရှုရိစစ်တပ်​ဖြင့် ရှမာရိ​ပြည်​ဖျက်ဆီး​ခံရ​ခြင်း​ကို ထို​ပရောဖက် မြင်တွေ့ခဲ့​ရသည်။ (၄ ဓမ္မ​ရာဇဝင် ၁၇:၅၊ ၆; ၂၅:၁-၂၁) ယေရုရှလင်​မြို့​နှင့် ရှမာရိ​မြို့​တို့​ဖျက်ဆီး​ခံရ​မည်​ဟူသော ဤ​သတင်းစကား​များ​ကို ယေဟောဝါ​ပေးသနား​သော ခွန်အား​ဖြင့်​သာ မြွက်ဆို​နိုင်​မည်​ဖြစ်​ကြောင်း ထင်ရှား​၏။

၁၄။ မိက္ခာ ၃:၁၂ တွင်​မှတ်တမ်း​တင်ထားသော ပရောဖက်ပြုချက်​သည် မည်သို့​ပြည့်စုံ​ခဲ့​ပြီး ၎င်း​က ကျွန်ုပ်​တို့​နှင့် မည်သို့​သက်ဆိုင်​စေ​သင့်​သနည်း။

၁၄ ယုဒ​နိုင်ငံ​သည် ယေဟောဝါ​၏​တရား​စီရင်မှု​မှ အမှန်ပင် လွတ်မြောက်​နိုင်​မည်​မဟုတ်​ချေ။ မိက္ခာ ၃:၁၂ တွင်​မှတ်တမ်း​တင်ထား​သည့် ပရောဖက်ပြုချက်​ပြည့်စုံချက်​အနေ​နှင့် ဇိအုန်​တောင်​သည် “လယ်​ကဲ့သို့​ထွ​န်​ခြင်း​ကို” ခံရ​လိမ့်​မည်။ ကျွန်ုပ်​တို့၏ ၂၁ ရာစု​အမြင်​မှ​ကြည့်​လျှင် ယင်း​အရာများ​သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ယုဒပြည်​နှင့်​ယေရုရှလင်​မြို့ကို ဗာဗုလုန်​လူမျိုး ဖျက်ဆီး​ခဲ့​စဉ်​က ဖြစ်ပျက်​ခဲ့​ကြောင်းကို ကျွန်ုပ်​တို့​သိထားကြသည်။ ထို​အမှုသည် မိက္ခာ​ပရောဖက်ပြု​ပြီး​နောက် နှစ်ပေါင်း​များစွာ​ကြာပြီး​မှ ဖြစ်ပျက်​ခဲ့​၏၊ သို့သော် ထိုသို့​ဖြစ်ပျက်​လိမ့်​မည်​ကို သူ​ယုံကြည်​စိတ်ချ​ခဲ့​၏။ ဤ​ဆိုးညစ်သော​လက်ရှိ​အစီအစဉ်​စနစ်​သည်လည်း ကြိုဟော​ထားသော ‘ယေဟောဝါ​၏​နေ့ကြီး” တွင်​အဆုံးတိုင်​လိမ့်​မည်​ကို ကျွန်ုပ်​တို့​လည်း အလားတူ​ပင် ယုံကြည်​စိတ်ချ​သင့်​သည်။—၂ ပေတရု ၃:၁၁၊ ၁၂

ယေဟောဝါ​သည် ကိစ္စရပ်​များ​ကို တည့်မတ်​ပေး

၁၅။ မိက္ခာ ၄:၁-၄ တွင်​မှတ်တမ်း​တင်ထားသော ပရောဖက်ပြုချက်​ကို သင့်​စကား​ဖြင့် မည်သို့​ဖော်ပြ​မည်​နည်း။

၁၅ နောက်ကြောင်းပြန်​ကြည့်​လိုက်​သောအခါ မိက္ခာ​သည် စိတ်​လှုပ်ရှား​ဖွယ် မျှော်လင့်ချက်​ပေး​သည့် နောက်ထပ်​သတင်း​တစ်ခု​ကို ဟောခဲ့​ကြောင်း​တွေ့ရှိ​ရသည်။ မိက္ခာ ၄:၁-၄ ပါ​စကား​များသည် တကယ့်ကို​အားရှိစရာ​ပါ​တကား! မိက္ခာ​ပြော​ခဲ့​သည့်​စကား​တွင် ဤ​အကြောင်းပါ​သည်– “နောက်ဆုံးသော​ကာလ​၌ ထာဝရ​ဘုရား[သခင်]၏​အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူစု​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။ . . . ထာဝရ​ဘုရား[သခင်]သည် များပြား​သော​လူ​တို့​တွင် တရား​စီရင်၍ ဝေး​စွာ​နေ​လျက် အား​ကြီးသော​လူမျိုး​တို့ကို ဆုံးမ​တော်​မူ​သဖြင့် သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ။ လူအပေါင်း​တို့သည် ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား[သခင်]၏ နှုတ်​တော်​ထွက်​အမိန့်တော်​ရှိ၏။”

၁၆၊ ၁၇။ မိက္ခာ ၄:၁-၄ သည် ယနေ့ မည်သို့​ပြည့်စုံ​နေသနည်း။

၁၆ ဤ​တွင်​ဖော်ပြ​ထားသော “များပြား​သော​လူ​တို့” နှင့် “အား​ကြီးသော​လူမျိုး​တို့” ကား​မည်သူ​များ​နည်း။ သူတို့သည် ဤ​လောက​ရှိ​လူမျိုးများ​နှင့် အစိုးရ​များ​မဟုတ်​ချေ။ ၎င်း​အစား၊ ဤ​ပရောဖက်ပြုချက်​သည် ယေဟောဝါ​၏​စစ်မှန်သော​ဝတ်ပြုရေး​တောင်​တွင် မြင့်မြတ်​သော​လုပ်ငန်းတော်​ကို စည်းလုံးစွာ​ထမ်းဆောင်​ကြ​သည့် လူ​အမျိုးအနွယ်​ခပ်သိမ်း​မှ လူများ​ကို​ဆိုလို​၏။

၁၇ မိက္ခာ​၏​ပရောဖက်ပြုချက်​အတိုင်း မကြာမီ ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါ​ကို စင်ကြယ်​စွာ အပြည့်အဝ​သဘောဖြင့် ဝတ်ပြု​ကြ​တော့​မည်။ ယနေ့ “ထာဝရ​အသက်ကို တလိုတလား​ရှိ” သူများ​အား ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို သွန်သင်ပေး​လျက်​ရှိ၏။ (တမန်​တော် ၁၃:၄၈က​ဘ) ဘုရားသခင်​၏​နိုင်ငံတော်​ဘက် ရပ်တည်​သော ယုံကြည်သူများ​အတွက် ယေဟောဝါ​သည် ဝိညာဉ်​ရေး​အရ တရား​စီရင်​ကာ ကိစ္စရပ်​များ​ကို တည့်မတ်​ပေး​နေ​၏။ သူတို့သည် “လူအုပ်ကြီး” တွင်​ပါဝင်သူ​များ​အနေ​နှင့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​ကြလိမ့်မည်။ (ဗျာ. ၇:၉၊ ၁၄) သူတို့သည် ဓား​လက်နက်များ​ကို ထွန်သွား​အဖြစ် ထုလုပ်​ခဲ့​ကြ​သည့်​အတွက် ယခု​ပင် ယေဟောဝါသက်သေ အချင်းချင်း​နှင့်​လည်းကောင်း၊ တခြားသူ​များနှင့်​လည်းကောင်း အေးချမ်း​ငြိမ်သက်​စွာ နေထိုင်ကြ​သည်။ ထို​သူတို့တွင်​ပါဝင်​ရခြင်း​သည် အားရ​နှစ်သက်စရာ​ပါ​တကား!

ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​ရန် သန္နိ​ဋ္ဌာန်​ချထား

၁၈။ ‘ကိုယ်ပိုင်​စပျစ်​ပင်​နှင့် သင်္ဘောသဖန်း​ပင်​အောက်တွင် ထိုင်​နေခြင်း’ သည်​အဘယ်အရာကို ပုံဆောင်​သနည်း။

၁၈ ကြောက်စိတ်​သည် မှုန်မှိုင်း​အုံ့ဆိုင်း​နေသော တိမ်တိုက်ကြီး​သဖွယ် ဤ​ကမ္ဘာ​ကို​ဖုံးလွှမ်း​နေသည့် ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို လူများစွာ​သင်ယူ​နေကြ​သောကြောင့် ပီတိ​ဖြစ်​မိ​ကြသည်။ ဘုရားသခင်​ကို​ချစ်​မြတ်နိုးသူ​အားလုံး စစ်​အတတ်ကို မသင်တော့ဘဲ ကိုယ့်​စပျစ်​ပင်၊ ကိုယ့်​သင်္ဘောသဖန်း​ပင်​အောက်တွင် ထိုင်​နိုင်​မည့် လက်တစ်ကမ်း​သာ​လို​တော့​သည့်​အချိန်ကို ကျွန်ုပ်​တို့​တမ်းတ​နေကြ​သည်။ သင်္ဘော​သဖန်းပင်​များ​ကို စပျစ်​ဥယျာဉ်​များ​တွင် စိုက်​ပျိုး​လေ့​ရှိ၏။ (လုကာ ၁၃:၆) ကိုယ်ပိုင်​စပျစ်​ပင်၊ သင်္ဘောသဖန်း​ပင်​အောက် ထိုင်​နေခြင်း​သည် ငြိမ်သက်မှု၊ သာယာ​ဝ​ပြော​မှု​နှင့် လုံခြုံမှု​ရှိ​ခြင်း​တို့ကို ပုံဆောင်​သည်။ ယခု​ပင်​လျှင် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​က စိတ်​ငြိမ်သက်မှု​နှင့် ဝိညာဉ်​ရေး​လုံခြုံမှု​ရှိစေ​၏။ ယင်း​သို့​သော​အခြေအနေ​များသည် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် တည်ရှိ​သည့်​အခါ ကျွန်ုပ်​တို့သည် မကြောက်​တော့​ဘဲ လုံးဝ​လုံခြုံ​နေ​ပေ​လိမ့်​မည်။

၁၉။ ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်းခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၉ ဘုရားသခင်​၏​မျက်နှာသာ​နှင့် ကောင်းချီး​တို့ကို​ခံစားရ​ရန် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​ကြ​ရမည်။ ယင်းကို မိက္ခာ ၄:၅ [သမ္မာ] တွင် ပရောဖက်​က ဤသို့​ထိရောက်​စွာ​ဖော်ပြ​ထား​သည်– “လူမျိုးအပေါင်း​တို့သည် ကိုယ်​ဆိုင်သော​ဘုရား[သခင်]၏​နာမကို အမှီပြုလျက် လိုက်လျှောက်​ကြ​၏။ ငါ​တို့​မူ​ကား ကိုယ်​ဆိုင်သော​ဘုရားသခင် ထာဝရ​ဘုရား[သခင်]၏​နာမတော်​ကို အမှီပြုလျက် ကာလ​အစဉ်အမြဲ လိုက်လျှောက်​ကြ​မည်။” ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်းခြင်းက ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ဘုရားသခင်​ဖြစ်သည်ဟု ပြောဆို​ရုံ​မျှ​ကို​သာ မဆိုလို​ချေ။ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​တို့သည် အရေးကြီး​သည်​မှန်​သော်လည်း ဤ​လုပ်ဆောင်မှုများ​ထက်မက လိုအပ်​သည်။ ယေဟောဝါ​၏​နာမတော်​၌ ကျွန်ုပ်​တို့​လျှောက်လှမ်း​နေလျှင် ကိုယ်တော့်​ထံ ဆက်ကပ်​အပ်နှံ​ပြီး ကိုယ်တော်​၏​အမှုတော်ကို စိုးလ်​အကြွင်းမဲ့ တည်ကြည်​စွာ ထမ်းဆောင်​ရန် ကြိုးစား​နေ​ပေမည်။ (မဿဲ ၂၂:၃၇) ထို့​ပြင် ကိုယ်တော့်​အား ဝတ်ပြု​ကိုးကွယ်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​၌ ထာဝစဉ်​လျှောက်လှမ်း​ရန် ကျွန်ုပ်​တို့ သန္နိ​ဋ္ဌာန်​ချထား​ကြသည်။

၂၀။ မိက္ခာ ၄:၆-၁၃ တွင်​အဘယ်​အကြောင်းကို ကြို​ဟောခဲ့​သနည်း။

၂၀ ယခု မိက္ခာ ၄:၆-၁၃ ပါ​ပရောဖက်ပြုချက်​စကား​များ​ကို ကျေးဇူးပြု​၍ ဆင်ခြင်​သုံးသပ်ကြည့်​ပါ။ “ဇိအုန်​သတို့သမီး” သည် “ဗာဗုလုန်​မြို့​တိုင်အောင်” ပြည်နှင်ဒဏ်​ခံရ​မည်။ ဘီ.စီ.အီး. သတ္တမ​ရာစုနှစ်​တွင် ယေရုရှလင်​မြို့သား​များ​အပေါ် ထို​အတိုင်း​ပင် အတိအကျ​ဖြစ်ပျက်​ခဲ့​၏။ ထို့​ပြင် အကြွင်းအကျန်​သည် ယုဒ​နိုင်ငံ​သို့​ပြန်လာ​ရန်ဖြစ်​ပြီး ဇိအုန်​မြို့ကို ပြန်​တည်ထောင်​သည့်​အခါ သူ၏​ရန်သူများ​ကို ယေဟောဝါ​ချေမှုန်း​ပစ်​မည်​ဟု မိက္ခာ​ပရောဖက်ပြုချက်​က ဖော်ပြ​သည်။

၂၁၊ ၂၂။ မိက္ခာ ၅:၂ သည်​မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

၂၁ အခြား​ထူးခြားသော အဖြစ်အပျက်​များ​ကို မိက္ခာကျမ်း​အခန်းကြီး ၅ တွင်​ကြို​ဟောထား​၏။ ဥပမာ၊ မိက္ခာ ၅:၂-၄ တွင်​ပြောဆို​ထား​ရာ​ကို သတိပြုပါ။ ဘုရားသခင်​ခန့်အပ်​ထားသော “ရှေး​ကပ်ကမ္ဘာ​မှ​စ၍ ပေါ်ထွန်း​သော” ရှင်ဘုရင်​တစ်ပါး​သည် ဗက်လင်မြို့​မှ ပေါ်ထွက်​လာ​မည်​ဟု မိက္ခာ ပရောဖက်ပြု​ခဲ့​သည်။ ကိုယ်တော်​သည် သိုးထိန်း​တစ်ပါး​အဖြစ် ‘ထာဝရ​ဘုရားသခင်​၏​အစွမ်း​သတ္တိ’ ဖြင့်​အုပ်ချုပ်​လိမ့်​မည်။ ထို့​ပြင် ဤ​အုပ်စိုးရှင်​သည် ဣသရေလ​လူမျိုး​ကို​သာ​မဟုတ်ဘဲ “မြေကြီးစွန်း​တိုင်အောင်” အုပ်ချုပ်​လိမ့်​မည်။ ကိုယ်တော်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်းကို လောကသား​အများစုက နားမလည်​နိုင်​ကြသော်လည်း ကျွန်ုပ်​တို့အတွက် နက်နဲရာ​မဟုတ်​ချေ။

၂၂ ဗက်လင်မြို့​တွင် မွေးဖွား​ခဲ့​သူ​မှန်သမျှ​တွင် အရေးပါဆုံး ပုဂ္ဂိုလ်​ကား အဘယ်သူ​နည်း။ “မြေကြီးစွန်း​တိုင်အောင် အစိုးရ” မည့်​သူ​ကား အဘယ်သူ​နည်း။ မေရှိယ၊ ယေရှု​ခရစ်​မှ​လွဲ​၍ မရှိတော့​ပြီ! ဟေရုဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​အကြီး​များနှင့် ကျမ်း​ပြု​ဆရာများ​ကို မေရှိယ​မွေးဖွား​မည့်​နေရာကို မေး​သောအခါ သူတို့က “ယုဒပြည် ဗက်လင်မြို့” ဟု​ဖြေကြား​ခဲ့​သည်။ မိက္ခာ ၅:၂ ပါ​စကား​များ​ကို သူတို့​ကိုးကား​နေခြင်း​ပင်​ဖြစ်သည်။ (မဿဲ ၂:၃-၆) ယောဟန် ၇:၄၂ က​ဖော်ပြ​သည့်​အတိုင်း ယင်းကို​သိထားကြ​သော သာမန်​လူတန်းစား​အချို့​လည်း ဤသို့​ဆို​သည်– “ခရစ်တော်​သည် ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​နေရာ​ဌာန၊ ဗက်လင်​ရွာသား​ဖြစ်​ရမည်ဟု ကျမ်းစာ​လာ​သည်မဟုတ်​လော​ဟု​ဆို​ကြ​၏။”

လူသားများ​အတွက် စစ်မှန်သော​လန်းဆန်းမှု

၂၃။ မိက္ခာ ၅:၇ ပြည့်စုံချက်​အနေ​နှင့် ယခု အဘယ်အရာ​ဖြစ်ပျက်​နေသနည်း။

၂၃ တဒင်္ဂ​သာအောင်​ပွဲခံ​မည့် အာရှုရိကျူးကျော်ဝင်ရောက်​မှု​နှင့် နာခံမှု​မရှိသော​လူမျိုး​ကို ဘုရားသခင်​လက်စားချေ​မည်​အကြောင်း မိက္ခာ ၅:၅-၁၅ တွင်​ဖော်ပြ​ထား​သည်။ မိက္ခာ ၅:၇ တွင်​နောင်တ​ရ​ဂျူး​အကြွင်းအကျန်​သည် သူတို့​နိုင်ငံ​ကို ပြန်လည်​ထူထောင်​လိမ့်​မည်​ဟု ကတိပြု​၏၊ ယင်းသည် ကျွန်ုပ်​တို့​ခေတ်​နှင့်​လည်း သက်ဆိုင်​၏။ မိက္ခာ​က ဤသို့​ဆို​၏– ‘ကျန်ကြွင်း​သော​ယာကုပ်​အမျိုးသား​တို့သည် တစ်ပါး​အမျိုးသား​အများ​တို့​တွင်​နေ၍ ထာဝရ​ဘုရားသခင်​ပေး​တော်​မူ​သော နှင်း​ကဲ့သို့​လည်းကောင်း၊ [“ဖော​သီ​သော၊” က​ဘ] မိုး​ရေ​ကဲ့သို့​လည်းကောင်း ဖြစ်​ကြလိမ့်မည်။’ ဤ​ကောင်းမြတ်လှ​သော ပုံဆောင်​စကား​ကို​အသုံးပြု၍ ဝိညာဉ်​ရေး​ယာကုပ် သို့​မဟုတ် ဣသရေလ​အကြွင်းအကျန်​သည် လူ​တို့အတွက် ဘုရားသခင့်​ထံ​မှ ကောင်းချီး​ဖြစ်​မည်​ဟု ကြို​ဟောခဲ့​သည်။ မြေကြီး​မျှော်လင့်ချက်​ရှိကြ​သော ယေရှု၏ “အခြားသိုး​တို့” သည် အခြား​သူများကို ဝိညာဉ်​ရေး​အရ လန်းဆန်းမှု​ဖြစ်စေ​ရန် မျက်မှောက်ခေတ် “ဘုရားသခင်​၏​ဣသရေလ” အကြွင်းအကျန်​နှင့် ပခုံး​ချင်း​ယှဉ်​၍ အမှုထမ်းဆောင်​ရခြင်း​ကို အားရ​နှစ်သက်​ကြ​၏။ (ယောဟန် ၁၀:၁၆; ဂလာတိ ၆:၁၆; ဇေဖနိ ၃:၉) ယင်း​နှင့်​စပ်လျဉ်း၍ ဆင်ခြင်​သုံးသပ်ရန် အရေးကြီးသော​အချက်​တစ်ချက်​ရှိ၏။ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး​သည် အခြား​သူတို့အား စစ်မှန်သော​လန်းဆန်းမှု​ပေး​ခွင့်​ရရှိ​ခြင်း​ကို မြတ်နိုး​သင့်​သည်။

၂၄။ မိက္ခာကျမ်း​အခန်းကြီး ၃ မှ ၅ တွင်​ပါ​သည့် အဘယ်​အချက်များ​က သင့်​အား စွဲမှတ်စရာ​ဖြစ်စေ​ခဲ့​သနည်း။

၂၄ မိက္ခာကျမ်း​အခန်းကြီး ၃ မှ ၅ တွင်​ပါ​သည့် ပရောဖက်ပြုချက်​မှ သင်​အဘယ်အရာ​သိရှိ​ခဲ့​ရသနည်း။ ဤ​အချက်များ​ကို သိရှိ​ခဲ့​ရ​ပေမည်– (၁) ဘုရားသခင်​သည် မိမိ၏​လူမျိုးတော်ကို ဦးဆောင်နေသူ​များ​အား တရား​မျှတ​စေ​လို​သည်။ (၂) ကျွန်ုပ်​တို့သည် တမင်တကာ​အပြစ်ပြု​နေလျှင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ​နားညောင်း​တော်​မူ​မည်​မဟုတ်ပေ။ (၃) ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​ခွန်အား​ပေး​မှ​သာ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း ပြီးမြောက်​အောင်မြင်​လိမ့်​မည်။ (၄) ဘုရားသခင်​၏​မျက်နှာသာ​ရ​ရန် ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​ရမည်။ (၅) ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် လူ​တို့ကို စစ်မှန်သော​လန်းဆန်းမှု​ပေး​ခွင့်​ရရှိ​ခြင်း​ကို မြတ်နိုး​သင့်​သည်။ သင်​စွဲမှတ်​ထားသော အခြား​အချက်များ​လည်း ရှိ​ပေမည်။ ဤ​ပရောဖက်ပြုချက်​ဆိုင်ရာ ကျမ်းစာ​စောင်​မှ နောက်ထပ်​အဘယ်အရာကို သင်​သိရှိ​နိုင်​သေး​သနည်း။ နောက်​ဆောင်းပါး​က ယုံကြည်ခြင်း​ခိုင်ခံ့​စေသည့် မိက္ခာ​ပရောဖက်ပြုချက်​၏ နောက်ဆုံး​အခန်းကြီး​နှစ်ခန်း​မှ လက်တွေ့ကျ​သင်ခန်းစာများ ရရှိစေ​ပါ​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မိမိ၏​လူမျိုးတော်ကို ဦးဆောင်​နေကြ​သူများ​ထံ​မှ ဘုရားသခင် အဘယ်အရာ​မျှော်လင့်​သနည်း။

• ယေဟောဝါ​၏​အမှုတော်ထမ်း​ဆောင်ခြင်း​နှင့်​စပ်လျဉ်း၍ ဆုတောင်းခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

• လူတို့သည် မည်သို့ ‘ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း’ ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အိုး​ကင်း​နှင့်​ပတ်သက်​သည့် မိက္ခာ​၏​ပုံ​ဥပမာ​ကို သင်​ရှင်းပြ​နိုင်​သလော

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မိက္ခာ​နည်းတူ ကျွန်ုပ်​တို့သည် မိမိတို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို ရဲရင့်စွာ​လုပ်ဆောင်နေ​ကြ