မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”

“ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်နေကြလော့”

“ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​လျက်​နေကြ​လော့”

“သင်၏​ကိုယ်ကို​ကိုယ်​သိသောစိတ် သင့်ကို ညွှန်ကြား​ပါစေ” ဟု​မကြာခဏ အကြံပြု​လေ့​ရှိသည်။ သို့သော် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို အားကိုး​အားထား​နိုင်​ရန် ၎င်း​သည် အမှားအမှန်​ကို ပိုင်းခြား​သိရှိဖို့​လို​သည့်​အပြင် ၎င်း​၏​ညွှန်ကြားမှု​ကို အကင်းပါး​စွာ သိရှိ​ရမည်။

သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည့် ဇက္ခဲ​၏ အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ ယေရိခေါမြို့​တွင် နေထိုင်​သော ဇက္ခဲ​သည် အခွန်​ခေါင်း​ဖြစ်​ပြီး ချမ်းသာ​ကြွယ်ဝ​၏။ သူသည် သူတစ်ပါးကို မညှာမတာ မတန်တဆ​အခွန်ကောက်ခြင်း​ဖြင့် ချမ်းသာ​ကြွယ်ဝ​လာ​သည်​ဟု ကိုယ်တိုင်​ဝန်ခံ​၏။ ဇက္ခဲ​၏​မတရားမှု​က သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို နှောင့်ယှက်​ခဲ့​သလော။ နှောင့်ယှက်​ခဲ့​ပါ​မူ ယင်းကို သူ​လျစ်လျူရှု​နေ​ပုံ​ရ၏။—လုကာ ၁၉:၁-၇

သို့ရာတွင် ဇက္ခဲ​သည် မိမိ၏​လမ်းစဉ်​ကို ဆင်ခြင်​သုံးသပ်ရန် အကြောင်း​ပေါ်လာ​၏။ ယေရိခေါမြို့​သို့ ယေရှု​ကြွလာ​သည်။ အရပ်​ပု​သော​ဇက္ခဲ​သည် ကိုယ်တော့်​ကို တွေ့ မြင်​လို​သော်လည်း လူအုပ်​ကြောင့် မမြင်နိုင်​ခဲ့​ချေ။ ထို့​ကြောင့် ကောင်းစွာ​မြင်နိုင်​ရန် ရှေ့သို့​ပြေး​ပြီး သစ်ပင်​ပေါ်​တက်​လေ​သည်။ ဇက္ခဲ​သည် ဤမျှ​စိတ်ဝင်စား​သည်ကို ယေရှု​သဘောကျ​သွား​သဖြင့် သူ၏​အိမ်​သို့ မိမိ​လည်ပတ်​မည်​ဟု မိန့်ဆိုခဲ့​၏။ ဇက္ခဲ​သည် ထင်ပေါ်​ကျော်ကြား​သော ဧည့်သည်​တော်​ကို ဝမ်းသာ​အားရ ဧည့်ခံ​ကျွေးမွေး​လေ​သည်။

ယေရှု​နှင့် ဇက္ခဲ​ပေါင်းသင်း​ခွင့်​ရချိန်​အတွင်း မြင်ရ​ကြား​ရ​သမျှ​သည် သူ၏​နှလုံးကို ထိမိ​ခဲ့​ရာ သူ၏​လမ်းစဉ်​များ​ကို ပြောင်းလဲ​ပစ်​ရန် စေ့ဆော်​ခံရ​လေ​သည်။ ထို့နောက် သူက “သခင်၊ အကျွန်ုပ်၏​ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသော​သူတို့အား ပေး​ပါ​၏။ တစ်စုံ​တစ်ယောက်​သော​သူ၏ ဥစ္စာ​အနည်းငယ်​ကို အကျွန်ုပ်​ယူ​မိ​လျှင် လေးဆ​ပြန်၍​ပေး​ပါ​၏” ဟု​ကြေညာ​ခဲ့​သည်။—လုကာ ၁၉:၈

ဇက္ခဲ​၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် သွန်သင်​ပညာပေး​ခံ​ခဲ့​ရပြီး ယင်းကို သူ​နားထောင်​၍ လိုက်နာ​ခဲ့​ရာ များစွာ​အကျိုး​သက်ရောက်​ခဲ့​သည်။ ယေရှု​က “ယနေ့​ပင် ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​သည် ဤ​အိမ်အပေါ်​မှာ သက်ရောက်​လေ​၏” ဟု​မိန့်ဆိုချိန်တွင် ဇက္ခဲ​မည်မျှ​ပျော်ရွှင်​လိုက်​မည်​ကို မြင်ယောင်​ကြည့်​ပါ။—လုကာ ၁၉:၉

အမှန်တကယ်​အားရှိစရာ​ပုံသက်သေ​ပါ​တကား! ယခင်​က ကျွန်ုပ်​တို့ မည်သည့်​လမ်းစဉ်​ကို​ပင် လိုက်ခဲ့ပါ​စေ ကျွန်ုပ်​တို့​ပြောင်းလဲ​နိုင်​သည်​ဟု ယင်းက ဖော်ပြ​၏။ ဇက္ခဲ​နည်းတူ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော ယေရှု၏​စကားတော်​ကို အလေးထား​လုပ်ဆောင်​ပြီး အမှားအမှန်​သိမြင်နိုင်စွမ်း​ကို တိုးတက်​စေနိုင်​သည်။ ဤသို့ဖြင့် တမန်​တော်​ပေတရု တိုက်တွန်း​ထား​သကဲ့သို့ ကျွန်ုပ်​တို့သည် “ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​လျက်​နေ” နိုင်​မည်။ လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ ညွှန်ကြားချက်​ကို ကျွန်ုပ်​တို့၏​နားထောင်ပြီး မှန်ကန်​ရာ​ကို လုပ်ဆောင်​နိုင်​ကြ​ပါ​မည်။—၁ ပေတရု ၃:၁၆