မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကိုအသင်းအပင်း၏အကျိုးကို သူတို့သယ်ပိုးကြ

ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကိုအသင်းအပင်း၏အကျိုးကို သူတို့သယ်ပိုးကြ

ကမ္ဘာချီ ခရစ်ယာန် ညီအစ်ကို​အသင်းအပင်း​၏​အကျိုးကို သူတို့​သယ်ပိုး​ကြ

ပြည်ပြည်ဆိုင်ရာ​အမှုထမ်းများ” နှင့် “အပြည်ပြည်ဆိုင်ရာ​စေတနာ့​ဝန်ထမ်း​များ” ဟူ​သည့်​အသုံးအနှုန်း​ကို အသင်​ကြားဖူး​ပါသလော။ ဤ​အုပ်စု​များ​တွင်​ပါဝင်​ကြ​သည့် ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​၏​နိုင်ငံတော်​သတင်းတရား ပုံနှိပ်​ဖြန့်ဖြူး​သည့်​အဆောက်အဦ​များ ဆောက်လုပ်ရေး​တွင် မိမိတို့၏​အချိန်​နှင့်​အစွမ်းအစ​တို့ကို စေတနာအလျောက်​ပေးဆက်​ကြ​၏။ ထို့​ပြင် အဆိုပါ​စေတနာ့​ဝန်ထမ်း​များသည် ကျမ်းစာ​သွန်သင်ပေး​ရာ နေရာများ​ဖြစ်သည့် အစည်းအဝေး​ခန်းမ​များနှင့် ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်ရေး​တွင်​လည်း ပါဝင်​ကူညီ​ကြသည်။ လောလောဆယ်တွင် အဆိုပါ​စေတနာ့​ဝန်ထမ်း​များသည် အဓိက​အားဖြင့် ငွေကြေး​အနည်း​အကျဉ်း​သာ​ရှိသည့်​နိုင်ငံ ၃၄ နိုင်ငံ​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် အကူအညီ​ပေး​နေကြ​သည်။ ဤ​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် ကမ္ဘာချီ​ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏​အကျိုးကို ဤနည်းဖြင့်​သယ်ပိုး​နေကြ​ရာ​တွင် အဘယ်​အထူး​စိန်ခေါ်ချက်​များနှင့် ရွှင်လန်းမှုများ တွေ့ကြုံ​ခံစား​ကြ​ရသနည်း။ သူတို့​ဆောင်ရွက်​ကြ​သည့် “မြင့်မြတ်​သော​အမှုတော်” အပေါ် အဘယ်​သဘောထား ရှိကြ​သနည်း။ (ဗျာ. ၇:​၉၊ ၁၅၊ ​က​ဘ) ယင်းကို​သိရှိ​ရန် မက္ကဆီကို​နိုင်ငံ​တွင် အမှုဆောင်ခဲ့​ကြ​သူ ​စေတနာ့​ဝန်ထမ်း​အချို့​နှင့် တွေ့ဆုံ​ကြ​စို့။

တိုင်းတစ်ပါး​မှ​စေတနာ့​ဝန်ထမ်း​များသည် ၁၉၉၂ ခုနှစ် မေလ​တွင် မက္ကဆီကို​နိုင်ငံ​သို့ ဦးဆုံးရောက်​ရှိလာ​ကြသည်။ သူတို့​ရောက်​ပြီး​မကြာမီ​ပင် မက္ကဆီကို​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​လုပ်ငန်းများ​ကို ကြီးကြပ်​ပေး​သည့် ဌာနခွဲရုံး​တိုးချဲ့ရေး​ကို အဓိက​ထား​ဆောင်ရွက်​ကြ​၏။ အဆိုပါ​တိုးချဲ့မှု​စီမံကိန်း​တွင် ဌာနခွဲရုံး​၌ အမှုထမ်း​နေကြ​သည့် စေတနာ့​ဝန်ထမ်း​များ​အတွက် လူနေအိမ်​များ​အပါအဝင် ပုံနှိပ်​တိုက်​နှင့် ရုံး​အဆောက်အအုံ​အစ​ရှိသည့် အသစ်စက်စက် အဆောက်အအုံ ၁၄ ခု​ကို ဆောက်လုပ်​ကြသည်။

ဤ​ဆောက်လုပ်ရေး​စီမံကိန်း​တွင် ကနေဒါ၊ ဂ​ရိတ်​ဗြိတိန်၊ ​ယူနိုက်တက်​စ​တိတ်​နှင့် အခြား​နိုင်ငံ​များ​မှ စေတနာ့​ဝန်ထမ်း ၇၃၀ ကျော်​တို့သည် မက္ကဆီကို​နိုင်ငံတစ်ဝန်းလုံး​မှ ရာ​နှင့်​ချီ​သော ​စေတနာ့​ဝန်ထမ်း​များနှင့်​အတူ ပခုံး​ချင်း​ယှဉ် အမှုထမ်းဆောင်​ခဲ့​ကြသည်။ ထို့​ပြင် ဌာနခွဲရုံး​အနီးအနား​ရှိ အသင်းတော်​ပေါင်း ၁,၆၀၀ မှ ​သက်သေခံ​ပေါင်း ၂၈,၀၀၀ ကျော်​တို့​က​လည်း စ​နေ​တနင်္ဂနွေ​နေ့​များ​တွင် ဤ​ဆောက်လုပ်ရေး​လုပ်ငန်းများ​ကို လာရောက်​ကူညီပေး​ခဲ့​ကြ​၏။ သူတို့​အားလုံး​သည် ကျွမ်းကျင်​ရာ​အတတ်ပညာ​များ​အတွက် အခကြေးငွေ​မယူ​ဘဲ တလိုတလား​အမှုဆောင်ခဲ့​ကြသည်။ ယေဟောဝါ​၏​အမှုတော်ကို ဤနည်းဖြင့် ထမ်းဆောင်​ရခြင်း​ကို အခွင့်ထူး​အဖြစ်​ယူမှတ်​ကြ​၏။ ဆောက်လုပ်ရေး​စီမံကိန်း​တစ်လျှောက်​လုံး ​ဆာလံ ၁၂၇:၁ ပါ ဤ​မှုတ်သွင်းခံ​စကား​ကို သူတို့​စွဲမှတ်​ထားခဲ့​ကြ​၏– “ထာဝရ​ဘုရား​သည် အိမ်ကို​ဆောက်​တော်​မ​မူလျှင် ဆောက်​သော​သူတို့သည် အချည်းနှီး​လုပ်ဆောင်ကြ​၏။”

သူတို့​ရင်ဆိုင်​ရသည့် စိန်ခေါ်ချက်​များ

တိုင်းတစ်ပါး​တွင် တာဝန်​ထမ်းဆောင်​ကြ​စဉ် အပြည်ပြည်ဆိုင်ရာ စေတနာ့​ဝန်ထမ်း​များ​ရင်ဆိုင်​ကြ​ရသည့် စိန်ခေါ်ချက်​များ​ကား အဘယ်နည်း။ ဤ​တွင် သူတို့၏​သဘောထား​အချို့​ကို တင်ပြ​ထား​ပါ​သည်။ ယူနိုက်တက်​စ​တိတ်​မှ ကား​တ​စ္စ​နှင့်​ဆဲ​လီ ဇနီး​မောင်နှံ​တို့သည် ဂျာမနီ၊ အိန္ဒိယ၊ မက္ကဆီကို၊ ပါရာဂွေး၊ ရိုမေးနီးယား၊ ​ရုရှား၊ ​စီ​နီ​ဂဲ​လ်​နှင့် ဇမ်ဘီယာ​နိုင်ငံ​တို့​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် ကူညီပေး​ခဲ့​၏။ ကား​တ​စ္စ​က ဤသို့​ပြန်​ပြောပြ​သည်– “ဦးဆုံး​စိန်ခေါ်ချက်​က​တော့ မင်နီစိုတာ​ပြည်နယ်​က ကျွန်တော်​တို့​ရဲ့ မိခင်​အသင်းတော်မှာ ရှေ့ဆောင် [အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်] နေတဲ့ ကျွန်တော်​တို့​ရဲ့​သမီးနဲ့ ခွဲခွာ​ရတာပဲ။ ကျွန်တော့်​ဇနီး​နဲ့ ကျွန်တော်​ဟာ အဲဒီ​အသင်းတော်​နဲ့​ပူးပေါင်း​ခဲ့​တာ ၂၄ နှစ်​ရှိပြီ​ဆိုတော့ နေသားကျ​နေပြီ။”

ဆဲ​လီ​က​လည်း ဤသို့​ဆို​သည်– “ကိုယ်​နဲ့​စိမ်း​နေတဲ့​နေရာမှာ​နေရ​တာ စိန်ခေါ်ချက်​ပဲ၊ အမျိုးသား​ထက် အမျိုးသမီး​အတွက် ပို​ခက်တယ်၊ ဒါပေမဲ့ နေလို့​ရ​မှန်း ကျွန်မ​သိလာတယ်။ အင်းဆက်​ပိုးမွှား အများကြီး​ကို​တောင် ကျွန်မ,မ​မှု​တော့​ဘူး!” သူ​ဤသို့​ဆက်​ပြောပြ​သည်– “နိုင်ငံ​တစ်နိုင်ငံ​မှာ​ဆိုရင် ကျွန်မ​တို့ စေတနာ့​ဝန်ထမ်း​​ဆယ်ယောက်​ဟာ မီးဖိုချောင်​မရှိ၊ ရေချိုးခန်း​နှစ်ခန်း​သာ​ပါ​တဲ့ တိုက်ခန်း​တစ်ခန်း​မှာ အတူတူ​နေခဲ့​ရတာ။ အဲဒီမှာ ကျွန်မ​ပို​စိတ်ရှည်​တတ်​လာတယ်။”

ဘာသာ​စကား​အသစ်​သင်ယူခြင်း​သည်လည်း စိန်ခေါ်ချက်​​တစ်ခု​ဖြစ်​ပြီး ကြိုးစား​အားထုတ်မှု​နှင့် နှိမ့်ချမှု​ရှိဖို့လို​သည်။ နိုင်ငံ​အသီးသီး​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် ခင်ပွန်း​သည်​နှင့်အတူ တာဝန်​ထမ်းဆောင်​ခဲ့​သည့် ရှယ်​ရွန်​က ဤသို့​ဆို​သည်– “သင်​အမှုဆောင်​နေတဲ့​နိုင်ငံ​ရဲ့ ဘာသာ​စကား​ကို မတတ်​တာ​က တကယ့်​စိန်ခေါ်ချက်​ပဲ။ ကျွန်မ​တို့​ရောက်ခါစ​မှာ ကိုယ်​ပြော​ချင်​တာတွေကို မပြော​နိုင်​လို့ ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​တွေ​နဲ့ မ​ရင်းနှီး​နိုင်​ခဲ့​ဘူး။ အဲ့​ဒါ​အတော်​စိတ်ဓာတ်ကျ​စ​ရာ​ကောင်းတယ်။ ဒါပေမဲ့ ကျွန်မ​တို့​တာဝန်ကျ​တဲ့​တိုင်းတစ်ပါး​က ညီအစ်ကို​တွေ​ဟာ ကျွန်မ​တို့ကို အရမ်း​စိတ်ရှည်​တယ်၊ ကျွန်မ​တို့​ရဲ့​အကျိုးကို လိုလား​ကြတယ်။ ဒါနဲ့ မကြာခင်​မှာပဲ ပြောပြော​ဆို​ဆို​ရှိလာ​ရော။”

ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်​ရန် ရဲရင့်ခြင်း​ရှိ​ရ

ကိုယ်ကျိုး​စွန့်​ကြ​သည့် ဤ​စေတနာ့​ဝန်ထမ်း​များသည် ဆောက်လုပ်ရေး​လုပ်ငန်း​ကို အကြီးအကျယ် ပံ့ပိုး​ကူညီပေး​ကြသော်လည်း အမှန်​မှာ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြွေးကြော်​သူများ​ဖြစ်​ကြောင်း မမေ့​ကြ​ပါ။ ထို့​ကြောင့် သူတို့​ပူးပေါင်း​နေသော​အသင်းတော်များ​၏ ဟောပြောခြင်း​လုပ်ငန်း​တွင် အပြည့်အဝ​ပါဝင်​ကြသည်။ တိုင်းတစ်ပါး​နိုင်ငံ​တွင် လယ်ကွင်း​ဓမ္မ​အမှု၌​ပါဝင်​သည့်​အခါ ဘာသာ​ခြား​စကားပြော​ဆို​ရန် ရဲရင့်​ဖို့​လို​ကြောင်း ​ဂွာ​ဒါ​လွတ်၊ မာလာဝီ၊ မက္ကဆီကို​နှင့် နိုင်ဂျီးရီးယား​နိုင်ငံ​တို့​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် ကူညီပေး​ခဲ့​ကြ​သူ အွိုင်း​ကေ​နှင့် အင်-မာ​ရီ​အမည်​ရှိ ဇနီး​မောင်နှံ​တို့​က ဝန်ခံ​သည်။

အင်-မာ​ရီ​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​တို့​ရောက်ခါစ​မှာ စကား​မတတ်​တော့ မပြော​ရဲ​လို့ ဒေသခံ​သက်သေခံတွေ​နဲ့​ပဲ အမှုဆောင်​အမြဲ​သွားပြီး သူတို့ကိုပဲ စကားပြော​ခိုင်း​တဲ့​အတွက် ကျွန်မ​တို့​ရဲ့ ပါဝင်မှု​နည်း​တာပေါ့။ ဒါပေမဲ့ တစ်မနက်​ကျ​တော့ ကိုယ့်​ဘာသာ​ကိုယ် လယ်ကွင်း​အမှုဆောင်ထွက်​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ ခပ်​လန့်​လန့်​ပဲ၊ နှလုံး​တွေ​လည်း​တုန်​နေတယ်။ ကျွန်မ​ကြိုတင်​ပြင်ဆင်​ထားပြီး ပြောဆို​တဲ့​စကား​ကို နားထောင်တဲ့ အမျိုးသမီးငယ်​တစ်ယောက်​နဲ့ တွေ့ဆုံ​ခဲ့တယ်။ သူ့ကို ကျမ်းချက်​တစ်ချက်​ဖတ်ပြ​ပြီး စာအုပ်​ဝေငှ​လိုက်တဲ့အခါ အဲဒီ​အမျိုးသမီး​က ‘ကျွန်မ​သိချင်​တာ​ရှိတယ်။ ကျွန်မ​ရဲ့ ဆွေမျိုး​တစ်ယောက်​က ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​နေတယ်။ ကျွန်မ​လည်း လေ့လာ​ချင်​တယ်။’ ဒီ​စကား​ကို​ကြား​တော့ ကျွန်မ​ဝမ်းသာလွန်းလို့ ဘာ​ပြန်​ပြော​ရ​မှန်း​မသိ​ဖြစ်သွား​တယ်။ စိတ်​ကို​တည်တည်ငြိမ်ငြိမ်​ထားပြီး ကျွန်မ ကျမ်းစာ​သင်ပေး​မယ်​လို့​ပြော​ခဲ့တယ်။”

“အမှန်တရားကို ဝေမျှချင်​စိတ်​နဲ့ ကျွန်မ​တို့​ပြုလုပ်​ခဲ့​တာ​ကို ​ယေဟောဝါ​ကောင်းချီး​ပေး​လို့ ကျွန်မ​တို့ အရမ်း​ကျေးဇူး​တင်ပြီး ဝမ်းသာ​လိုက်တာ” ဟု အင်-မာ​ရီ​က ထပ်​ပြောပြ​သည်။ အဆိုပါ​အမျိုးသမီး​သည် တိုးတက်လာ​ပြီး မက္ကဆီကို​စီးတီး​တွင် ကျင်းပ​သော ​ခရိုင်​စည်းဝေးကြီး​တစ်ခု​၌ သက်သေခံ​တစ်ဦး​အဖြစ် နှစ်ခြင်း​ခံ​ခဲ့​သည်။ အွိုင်း​ကေ​နှင့် အင်-မာ​ရီ​တို့သည် သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှု​အကြောင်း ဤသို့​အကျဉ်း​ချုံး​ဖော်ပြ​၍ ပြောဆို​ခဲ့​သည်– “ဆောက်လုပ်ရေး​စီမံကိန်း​တွေ​မှာ ပါဝင်ခွင့်​ရတာကို ကျွန်တော်​တို့ အရမ်း​တန်ဖိုး​ထား​တယ်၊ ဒါပေမဲ့ အမှန်တရားကို လူတစ်ယောက် သက်ဝင်​ယုံကြည်​လာအောင် ကူညီပေး​လို့ ရလာတဲ့​ရွှင်လန်းမှု​နဲ့ ကျေနပ်မှု​က​ပိုသာ​တယ်။”

ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်

မှန်ပါသည်၊ တိုင်းတစ်ပါး​မှ ညီအစ်ကို​များ​၏​အကျိုး သယ်ပိုး​ရန် မိသားစု​နှင့် မိတ်ဆွေ​သူငယ်ချင်းများ​ကို​စွန့်ခဲ့​ရသော စေတနာ့​ဝန်ထမ်း​များသည် ကိုယ်ကျိုး​စွန့်​ကြ​ရ၏၊ သို့သော် သူတို့သည် ထူးခြားသော ရွှင်လန်း​အားရ​မှုများ​ကိုလည်း ခံစား​ကြ​ရသည်။ အဘယ်​ရွှင်လန်းမှုများ​နည်း။

ကိုလံဘီယာ၊ ဂူယာနာ၊ ပွာတီရီကို၊ မက္ကဆီကို၊ အီကွေဒေါ၊ အင်ဂိုလာ​နှင့် အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​တို့​တွင် ဇနီး​ဖြစ်သူ ပယ်​မလာ​နှင့်အတူ အမှုဆောင်ခဲ့​သည့် ဟောင်း​ဝါ့ဒ်​က ဤသို့​ရှင်းပြသည်– “နိုင်ငံ​အသီးသီး​က ညီအစ်ကို​ညီအစ်မ​တွေ​နဲ့ တွေ့ဆုံ​ရပြီး အပြည်ပြည်​က ညီအစ်ကို​အသင်းအပင်းရဲ့ မေတ္တာ​နှောင်ကြိုး​ကို ကိုယ်တိုင်​တွေ့ ကြုံ​ခံစား​ရတာ အခွင့်ထူး​ပဲ။ အဲ့ဒီ​အကြောင်းကို မကြာခဏ ဖတ်​ရပေမဲ့ ယဉ်ကျေးမှု​မတူ၊ နောက်ခံ​မတူတဲ့ သူတွေနဲ့​နေထိုင်ပြီး အမှုဆောင်​ရတဲ့အခါ ကျွန်တော်​တို့​ရဲ့ အဖိုးထိုက်​လှတဲ့ ညီအစ်ကို​အသင်းအပင်း​ကို ပို​ပြီး​တောင် တန်ဖိုး​ထား​တတ်​လာတယ်။”

ကော့စ်တာရီကာ၊ ကိုလံဘီယာ၊ ဇမ်ဘီယာ၊ မက္ကဆီကို​နှင့် ​အီကွေဒေါ​နိုင်ငံ​တို့​ရှိ ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် ပါဝင်​ကူညီပေး​ခဲ့​သူ ဂယ်ရီ​က​လည်း ဤ​အစီအစဉ်​မှ မိမိ​အကျိုးများစွာ​ရရှိခဲ့သည်​ဟု ခံစားရ​၏။ သူ​ဤသို့​ပြောပြ​သည်– “ကျွန်တော်​တာဝန်ကျ​ခဲ့​တဲ့ နိုင်ငံ​တွေ​က ဌာနခွဲရုံး​တွေ​မှာ အမှုထမ်း​နေကြ​တဲ့ ရင့်ကျက်တဲ့​ညီအစ်ကို​တွေ​နဲ့ ပေါင်းသင်း​ရလို့ နှစ်တွေ​တစ်လျှောက်​မှာ ရရှိခဲ့တဲ့​လေ့ကျင့်မှု​က ကျွန်တော့်​ရဲ့​တာဝန်​တွေ ထမ်းဆောင်​တဲ့​အခါ ပေါ်ပေါက်​လာ​တတ်​တဲ့ စိန်ခေါ်ချက်​တွေ​ကို ကောင်းစွာ​ရင်ဆိုင်​ဖြေရှင်း​တတ်​ဖို့ ကူညီပေး​တယ်။ ယုံကြည်ခြင်းကိုလည်း ပို​ခိုင်ခံ့​စေတယ်၊ ဘာကြောင့်​လည်း​ဆိုတော့ ယေဟောဝါ​ရဲ့ ကမ္ဘာချီ​အဖွဲ့အစည်း​ရဲ့ စည်းလုံး​ညီညွတ်မှု​ကို ခံစားခွင့်​ပေး​တယ်၊ ဘာသာ​စကား၊ လူမျိုး၊ ယဉ်ကျေးမှု​တွေ မတူ​ပေမဲ့ စည်းလုံး​ကြတယ်။”

ဤ​အချိန်​အတောအတွင်း၊ မက္ကဆီကို​နိုင်ငံ​ရှိ ဆောက်လုပ်ရေး​လုပ်ငန်း ပြီးစီး​သွားခဲ့​ရာ အဆိုပါ​တိုးချဲ့​ဆောက်လုပ်​ခဲ့​သော ဌာနခွဲရုံး​အဆောက်အအုံ​တို့ကို ဤ​နှစ်​တွင် ဆက်ကပ်​အပ်နှံ​ခဲ့​သည်။ ဘုရားသခင်​အား​ချစ်​သည့်​အတွက် အပြည်ပြည်ဆိုင်ရာ​အမှုထမ်းများ​နှင့် အပြည်ပြည်ဆိုင်ရာ​စေတနာ့​ဝန်ထမ်း​များ ပြုလုပ်​ခဲ့​သော​အမှုသည် မက္ကဆီကို​နိုင်ငံ​နှင့် အခြား​နိုင်ငံ​များ​ရှိ စစ်မှန်သော​ဝတ်ပြုရေးကို တိုးချဲ့​ကျယ်ပြန့်​စေရန် များစွာ​အထောက်အကူ​ပေး​ခဲ့ပြီ။ ကမ္ဘာချီ​​ခရစ်ယာန်​ညီအစ်ကို​များ​၏​အကျိုးကို သယ်ပိုး​ရန် သူတို့၏ တလိုတလား​စိတ်ဓာတ်​နှင့် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​တို့ကို ကမ္ဘာ​တစ်ဝန်း​ရှိ ​ယေဟောဝါသက်သေ​များ အလွန်​တန်ဖိုး​ထား​လေးမြတ်​ကြ​ပါ​သည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အီကွေဒေါ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကိုလံဘီယာ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အင်ဂိုလာ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မက္ကဆီကို​ဌာနခွဲရုံး​၏ အဆောက်အအုံ​သစ်​များ​ကို စတင်​ဆောက်လုပ်​နေ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဌာနခွဲ​ဥယျာဉ်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အောက်​ပုံ– အဆောက်အအုံ​သစ်​အချို့​ရှေ့ ဆောက်လုပ်ရေး​လုပ်သား​တချို့

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဟောပြောခြင်း​လုပ်ငန်း​တွင် ဒေသခံ​အသင်းတော်များ​နှင့်အတူ တ​ပျော်​တ​ပါး​ပါဝင်​နေကြ​သည့် ဆောက်လုပ်ရေး​စေတနာ့​ဝန်ထမ်း​များ