မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောပြောခြင်းက အထူးအမှတ်ရဖွယ်လုပ်ငန်း ဖြစ်သောအခါ

ဟောပြောခြင်းက အထူးအမှတ်ရဖွယ်လုပ်ငန်း ဖြစ်သောအခါ

ဟောပြောခြင်းက အထူး​အမှတ်ရဖွယ်​လုပ်ငန်း ဖြစ်သော​အခါ

“နေ​ချစ်ချစ်တောက်​ပူ​နေတယ်။ တောင်ပေါ်​လမ်းကလည်း မဆုံး​နိုင်​တော့​သလိုပဲ။ အခက်အခဲ​အမျိုးမျိုးကို ကျော်လွှား​ပြီး​နောက်​မှ ကျွန်တော်​တို့​ရဲ့​ပန်းတိုင်​ဖြစ်​တဲ့ အလှမ်း​အဝေး​ဆုံး​ရွာကို ရောက်တော့​တယ်။ ပထမဦးဆုံး​အိမ်တံခါး​ကို​ခေါက်​တော့ ဧည့်ဝတ်​ပျူ​ငှာ​စွာ​လက်ခံ​ကြ​တဲ့​အတွက် ပင်ပန်း​နွမ်းလျ​မှု​က ပျော်ရွှင်​ခြင်း​အဖြစ်သို့ ပြောင်းလဲ​သွားတယ်။ တစ်နေ့တာ​ကုန်​တဲ့​အခါ ကျွန်တော်​တို့​ယူ​လာတဲ့ စာအုပ်​အားလုံး​ကုန်​တဲ့​အပြင် ကျမ်းစာ​သင်အံမှု အတော်များများကို​လည်း စ​နိုင်​ခဲ့တယ်။ လူတွေက သင်ယူ​လို​စိတ်​ပြင်းပြ​နေကြ​တယ်။ အခု ကျွန်တော်​တို့​ပြန်​ရတော့မယ်၊ ဒါပေမဲ့ ပြန်လာ​မယ်​လို့ ကတိပေး​ခဲ့တယ်။”

အလားတူ​တွေ့ကြုံမှု​မျိုးကို မက္ကဆီကို​နိုင်ငံ​ရှိ ရှေ့ဆောင်​ဓမ္မ​အမှုဆောင်​အုပ်စု​တစ်စု အမြဲ​ကြုံတွေ့​နေကြ​ရသည်။ ထို​သူတို့မှာ တပည့်​များ​အား ယေရှု​ခရစ်​ပေး​ခဲ့​သော ဤ​တာဝန်​ကို​ကျေပွန်​ဖို့ စိတ်​ထက်သန်​စွာ​ပါဝင်​မည်​ဟု စိတ်ပိုင်းဖြတ်​ထား​သူများ​ဖြစ်​ကြသည်– “သင်တို့သည် . . . မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) မက္ကဆီကို​နိုင်ငံ​တွင်၊ အသင်းတော်​တစ်ခု​ကို တာဝန်​လွှဲအပ်​မထား​သော​ရပ်ကွက်​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို မှန်မှန်​သွား​ကြေညာ​ဖို့ ရှေ့ဆောင်​လမ်းကြောင်း​များ​ဟု​ခေါ်​သော ဟောပြောခြင်း​အထူးကင်ပိန်း​များ​ကို စီစဉ်​ထား​သည်။ အများအားဖြင့် ၎င်း​ရပ်ကွက်​များသည် အစွန်အဖျား​ကျ​သော သို့​မဟုတ် ရောက်​ဖို့​ခက်ခဲ​သော ရပ်ကွက်​များ​ဖြစ်​ကြသည်။ နယ်မြေ​ကျယ်ဝန်း​သော သီးခြား​အသင်းတော်များ​ကိုလည်း သူတို့​အကူအညီ​ပေး​ကြသည်။

ရှေ့ဆောင်​လမ်းကြောင်းဖြင့် နိုင်ငံ​၏ အဘယ်​ဒေသ​များ​သို့ သွားရောက်​ဟောပြော​မည်​ကို​ဆုံးဖြတ်​ရန် ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​က ဒေသ​လိုအပ်ရာ​များ​ကို ဆန်းစစ်​ကြည့်​သည်။ * ထိုသို့​ပြုပြီး​နောက် အထူး​ရှေ့ဆောင်​အုပ်စု​များ​ကို နယ်မြေ​ခွဲဝေ​ပြီး တာဝန်​ခန့်အပ်​ပေး​သည်။ ကြမ်းတမ်းသော၊ မြေ​လမ်းများ​ပေါ်​မောင်းနှင်​သွား​နိုင်​သည့် ယာဉ်များ​ကို ပေး​ပါ​သည်။ အဆိုပါ​ယာဉ်များ​သည် စာပေ​စာတမ်း​သိုလှောင်ရုံ​များ​ဖြစ်​ကြ​ပြီး လိုအပ်​သည့်​အခါ အိပ်စက်​ရာ​နေရာလည်း​ဖြစ်သည်။

မဆိုင်းမတွ​တုံ့ပြန်​ကြ

၁၉၉၆၊ အောက်တိုဘာ​လ​မှ​စ၍ ဤ​လုပ်ငန်း​တွင် အထူး​ရှေ့ဆောင်​များနှင့်​အတူ တွဲဖက်​ပါဝင်​ရန် အခြား​သတင်းကောင်း​ဟောပြောသူများ​ကိုလည်း ဖိတ်ခေါ်​ခဲ့​သည်။ သာ၍​လိုအပ်သော​နေရာများ​တွင် အမှုထမ်း​လို​သော ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​အပြင် မှန်မှန်ရှေ့ဆောင်​များ​ပါ အဆိုပါ​ကင်ပိန်း​တွင် အခါ​အား​လျော်​စွာ​ပါဝင်​ကြသည်။ အချို့​တို့ကို ထို​လမ်းကြောင်း​တစ်လျှောက်​ရှိ အသင်းတော်များ​၏​ရပ်ကွက်တွင် တာဝန်​ယူ​ကြည့်ရှု​ပေး​ရန်​နှင့် စိတ်ဝင်စားမှု​ကို ပြုစု​ပျိုးထောင်​ရန် ခန့်အပ်​ခဲ့​သည်။ ကြေညာသူ​လူငယ်များစွာ​နှင့် ရှေ့ဆောင်​အများ​သည် ၎င်း​ဖိတ်ခေါ်ချက်​ကို လက်ခံခဲ့​ကြ​ပြီး အလွန်​အားတက်ဖွယ်​ကောင်းသော တွေ့ကြုံမှု​များ​ရရှိခဲ့​ကြသည်။

ဥပမာ၊ မိုဘိုင်းလ်​ဖုန်း​ကုမ္ပဏီ​တွင် လခ​ကောင်းသော​အလုပ်​ရထား​သည့် အ​ဘိ​မေးလ်​အမည်​ရှိ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် ထို​ဝေးလံ​ခေါင်​သီ​သော​ဒေသ​များ​၌ သွား​ဟောပြောရန် ဆုံးဖြတ်​ခဲ့​သည်။ သူ​အလုပ်​ထွက်​တော့​မည်​ကို အလုပ်ရှင်​များ​သိသွား​သောအခါ သူ့ကို​ရာထူး​နှင့် လခ​တိုး​ပေး​မည်​ဟု ကမ်း​လှမ်း​ကြ​၏။ လုပ်ဖော်ဆောင်ဖက်​များ​က​လည်း ယင်းသည် အခွင့်ထူး​ဖြစ်​ကြောင်း၊ ယင်းကို​ငြင်းပယ်​ခြင်း​သည် မိုက်မဲ​ရာ​ရောက်​ကြောင်း သူ့ကို ဖိအားပေး တိုက်တွန်း​ခဲ့​ကြသည်။ သို့သော် အ​ဘိ​မေးလ်​သည် ထို​ဟောပြောခြင်း​အထူးကင်ပိန်း​ကို သုံးလ​မျှ အားပေး​ထောက်ကူ​မည်​ဟု စိတ်ပိုင်းဖြတ်​ထားပြီး​ဖြစ်သည်။ ဤ​လုပ်ငန်း​တွင် ပျော်ရွှင်စွာ​ပါဝင်​ပြီး​နောက် အ​ဘိ​မေးလ်​သည် ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ သာ၍​လိုအပ်သော သီးခြား​နယ်မြေ​ရှိ​အသင်းတော်တွင် အချိန်​အကန့်အသတ်​မရှိ​နေထိုင်ရန် ဆုံးဖြတ်​လေ​သည်။ ယခု သူသည် ဝင်ငွေ​အတော်အသင့်​ရသော​အလုပ်​တစ်ခု​ရှိနေပြီး ရိုးရှင်း​သော​ဘဝ​ပုံစံ​ဖြင့် နေထိုင်​တတ်​ပေ​ပြီ။

အခြား​အဖြစ်အပျက်​တစ်ခု​တွင် ဂျူ​လီဆာ​သည် သူ​တာဝန်ကျ​ရာ​နေရာသို့ ဘတ်စကား​ဖြင့် ၂၂ နာရီ​ခရီး​သွားရ၏။ နောက်ဆုံး​ခရီးစဉ်​တစ်​ထောက်​တွင် ထို​နေ့​၏ နောက်ဆုံး​ဘတ်စကား​ကို သူ​မမီ​လိုက်​ပေ။ သို့သော် အလုပ်သမား​များ​ကို ကြို​ပို့ပေး​သော ပစ်​ကပ်​ယာဉ်​တစ်စီး​ရှိသည်။ ဂျူ​လီဆာ​က သူတို့နှင့်​အတူ​လိုက်ပါ​ရစေ​ဟု ရဲဆေး​တင်ပြီး​အခွင့်​တောင်း​လေ​သည်။ အမျိုးသားများ​ကြား အမျိုးသမီး​တစ်ဦးတည်း​ဖြစ်​နေ၍ သူ​စိုးရိမ်မကင်း​ဖြစ်​ခဲ့​သည်​မှာ​အမှန်ပင်။ သို့သော် လူငယ်​တစ်ဦး​ကို သူ​စ​ဟောပြောသော​အခါ ထို​သူသည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း သိလိုက်ရ​သည်! “ဒါ့အပြင် ပစ်​ကပ်​ကားမောင်း​သူဟာ ကျွန်မ​တာဝန်ကျ​တဲ့​အသင်းတော်က အကြီးအကဲ​တစ်ယောက်​ဖြစ်နေ​တယ်!” ဟု​ဂျူ​လီဆာ​ပြန်​ပြောပြ​သည်။

အသက်ကြီးသူ​များလည်း​ပါဝင်

သို့သော် ဤ​လုပ်ဆောင်မှု​သည် လူငယ်များ​အတွက်သာ​မဟုတ်ပါ။ အ​ဒယ်​လာ​ဟူသော အသက်ကြီးသူ ညီအစ်မ​တစ်ဦး​သည် ဟောပြောခြင်း​လုပ်ငန်း​တွင် အချိန်ပို​များများ​ပါဝင်လိုစိတ် အမြဲ​ရှိခဲ့​သည်။ အဆိုပါ​အထူး​ဟောပြောခြင်း​လုပ်ငန်း​၌​ပါဝင်​ရန် သူ​ဖိတ်ခေါ်​ခံရသော​အခါ ထို​အခွင့်အရေး​ရခဲ့​သည်။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​တာဝန်ကျ​ရာ​နေရာမှာ ပျော်​လွန်းလို့ ကျွန်မ​ကို​အချိန်​အကန့်အသတ်​မရှိ အဲ့ဒီ​မှာ​နေခွင့်​ပေး​ပါ​လို့ အသင်းတော်​အကြီးအကဲ​တွေ​ကို ကျွန်မ​ခွင့်​တောင်း​တယ်။ ကျွန်မ​အသက်ကြီး​ပေမဲ့ ယေဟောဝါ​အတွက် အသုံးဝင်​သေး​လို့ ပျော်ရွှင်​မိတယ်။”

အလားတူ​ပင် ယေဟောဝါ​အား ကျေးဇူး​တင်​စိတ်​နှင့် လူသားချင်း​ကို ချစ်သော​ကြောင့် အသက် ၆၀ အရွယ် မာသ​သည် ၎င်း​ကင်ပိန်း​၌​ပါဝင်​ခဲ့​သည်။ အလှမ်းဝေး​သည့်​အပြင် နယ်မြေ​ဒေသ​အခက်အခဲ​များ​ကြောင့် လူအားလုံး​ထံ​မ​ရောက်​နိုင်​ကြောင်း သူ​တွေ့ရှိ​သဖြင့် ရှေ့ဆောင်​များ​အသုံးပြုရန် ကား​တစ်စီး​ဝယ်​ပေး​ခဲ့​သည်။ ဤ​ညီအစ်မ​လှူဒါန်း​သည့်​ကား​ကြောင့် နယ်မြေ​အတော်များများ​သို့​ရောက်ရှိ​နိုင်​ပြီး လူများစွာကို ကျမ်းစာ​အမှန်တရား​ဟောပြောနိုင်​ခဲ့​သည်။

ကြည်နူး​အားရဖွယ်​တုံ့ပြန်မှု

ဤ​အထူး​ဟောပြောခြင်း​ကင်ပိန်း​များ​တွင် ပါဝင်သူ​တို့၏​ပန်းတိုင်​မှာ “တပည့်​ဖြစ်စေ” ဖို့​ဖြစ်သည်။ ဤ​ကဏ္ဍ​တွင် အထူး​ကောင်းမွန်သော​ရလဒ်များ​ရရှိခဲ့​ပြီ။ သီးခြား​နယ်မြေ​များ​တွင် နေထိုင်သူ​တို့သည် သမ္မာကျမ်းစာ​မှ အသက်ကယ်​သည့်​အမှန်တရားကို ရရှိခဲ့ကြ​ပြီ။ (မဿဲ ၂၈:၁၉၊ ၂၀) ကျမ်းစာ​သင်အံမှုများ​စွာ​ကို စတင်​နိုင်​ခဲ့ပြီ။ ထို​သင်အံမှုများ​ကို ထို​နယ်မြေ​ရှိ​ကြေညာ​သူများ သို့​မဟုတ် ထို​နယ်မြေ​တွင်​နေရစ်​သူ ဧဝံဂေလိတရား​ဟောပြောသူများ​က ဂရုစိုက်​သင်ကြား​ပေး​နေကြ​သည်။ အချို့​နေရာများ​တွင် ကြေညာသူ​အုပ်စု​များ​ကို ဖွဲ့​ခဲ့​ပြီး အခြား​နေရာများ​တွင် အသင်းတော်​ငယ်​များ ဖွဲ့စည်း​တည်ထောင်​ခဲ့​သည်။

မက်​ဒ​လေး​နို​နှင့် သူ၏​အပေါင်းပါများ​သည် သူတို့​တာဝန်ကျ​ရာ သီးခြား​နယ်မြေ​သို့​ရောက်​ရန် အများသုံး​သယ်ယူ​ပို့ဆောင်​ရေး​ယာဉ်များ​ကို အသုံးပြု​ခဲ့​ကြသည်။ လမ်းခရီး​စဉ်​တွင် အခွင့်အရေး​ယူပြီး ယာဉ်မောင်း​ကို သူတို့​ဟောပြောခဲ့​ကြသည်။ “အဲဒီ​လူက ပြီး​ခဲ့​တဲ့​အပတ်​မှာပဲ သူ​အပြင်​သွား​နေချိန်မှာ သက်သေခံ​တချို့ သူ့အိမ်ကို​ရောက်​ခဲ့​တဲ့​အကြောင်း ကျွန်တော်​တို့ကို ပြောပြ​တယ်။ သူ​အိမ်​ပြန်​ရောက်တဲ့အခါ သူ့​မိသားစုက သူတို့​ကြား​ခဲ့​သမျှ​ကို ပြန်​ပြောပြ​ကြတယ်​တဲ့။ ကျွန်တော်​တို့​ဟာ အနီးတစ်ဝိုက်​က လာ​ကြ​တဲ့​လူတွေ​မဟုတ်ဘဲ ဒီ​ဟောပြောခြင်း​အထူးကင်ပိန်း​မှာ​ပါဝင်​ဖို့ တိုင်းပြည်​ရဲ့ ပြည်နယ်​အသီးသီး​က ကိုယ့်​စရိတ်​နဲ့ ကိုယ်​လာ​ကြ​တဲ့​အကြောင်း သူ့ကို​ပြောပြ​တယ်။ အဲဒီ​ယာဉ်မောင်း​ဟာ တကယ်​သဘောကျ​သွားပြီး အဲဒီ​အပတ်​မှာပဲ သူ့​မိသားစုနဲ့​အတူ ကျမ်းစာ​စလေ့လာ​မယ်​လို့ ပြော​တယ်။ ကျွန်တော်​တို့​ရဲ့​လုပ်ငန်း​ကို အားပေးတဲ့​အနေ​နဲ့ ကား​ခ​လည်း​မယူ​ဘူး။”

မက်​ဒ​လေး​နို​သည် ချီအာပါ့စ်​ပြည်နယ်​တောင်တန်း​များ​ရှိ ဒေသခံ​တိုင်းရင်းသား​များ​၏ တုံ့ပြန်မှု​ကို အလွန်​အားရခဲ့​သည်။ “ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ ပက်​စ်​ဘီ​တေး​ရီး​ယန်း​ချာ့ခ်ျ​ကို တက်​နေကြ​တဲ့​လူငယ် ၂၆ ယောက်​ကို ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြော​ခွင့်​ရခဲ့တယ်။ သူတို့​အားလုံး မိနစ် ၃၀ လောက် အာရုံစိုက်​နားထောင်​ခဲ့​ကြတယ်။ သူတို့ရဲ့​ကျမ်းစာ​အုပ်​တွေ​ကို ထုတ်​လာ​ကြ​တော့ သူတို့ကို ယေဟောဝါ​ရဲ့​ရည်ရွယ်ချက်​တွေ​အကြောင်း ကျွန်တော်​တို့ ကောင်းကောင်း​သက်သေ​ခံနိုင်​ခဲ့တယ်။ လူ​အတော်များများမှာ ထက်​ဇ်ထော​ဘာသာ​စကား​နဲ့ ကိုယ်ပိုင်​ကျမ်းစာ​တွေ​ရှိကြတယ်။” တိုးတက်သော​ကျမ်းစာ​သင်အံမှု အတော်များများကို စတင်​ကျင်းပ​နိုင်​ခဲ့​ကြသည်။

အတိုက်အခံ​လျော့ပါး​လာ

လူ​အချို့​၏​အတိုက်အခံပြု​မှု​ကြောင့် ချီအာပါ့စ်​ပြည်နယ်​ရှိ ရပ်ကွက်​တစ်ခု​သို့ ကျမ်းစာ​သတင်းတရား​မပြော​ဟောခဲ့​ရသည်မှာ နှစ်နှစ်​ကျော်​ရှိ​လေ​ပြီ။ ထို​ကျေးရွာ​တွင်​ဟောပြောရန် သက်သေခံ​အချို့ စိုးရိမ်​ထိတ်လန့်​နေကြ​သည်ကို အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ ထ​ရီ​ဇာ​သတိပြုမိ​ခဲ့​သည်။ “လူတွေ​နားထောင်ချင်​စိတ်​ရှိတာကို​တွေ့ရ​လို့ အားလုံး​အံ့အားသင့်​ခဲ့​ကြရတယ်။ ကျွန်မ​တို့​ဟောပြော​လည်း​ပြီး​ရော မိုး​သည်း​ကြီး​မဲ​ကြီး​ရွာ​တော့​တယ်။ မိုး​ခို​ဖို့​နေရာ​ရှာ​ရင်း ဖော်ရွေ​တဲ့ စ​ဘာ့​စ​တီ​ရန်​ဆို​သူရဲ့ အိမ်ကို​ရောက်တော့ ကျွန်မ​တို့ကို သူ့​အိမ်ထဲ​ဝင်ပြီး မိုး​ခို​စေတယ်။ အိမ်ထဲ​ရောက်တော့ သူ့အိမ်ကို​သက်သေခံတွေ​ရောက်လာ​ပြီးပြီ​လားလို့ ကျွန်မ​မေးကြည့်​တယ်။ မလာ​သေး​ဘူးလို့​ပြော​တော့ သူ့ကို ကျွန်မ​စ​သက်သေခံ​တယ်၊ ပြီး​တော့ ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​နဲ့ ကျမ်းစာ​သင်အံမှု​စ​ခဲ့တယ်။ * သင်အံမှု​ပြီးသွား​တော့ စ​ဘာ့​စ​တီ​ရန်​ဟာ သူ့​ဆီ​ကို​ဆက်​ဆက်​ပြန်လာ​ပါ​လို့ မျက်ရည်​နဲ့​ကျွန်မ​တို့ကို​တောင်းပန်​တယ်။”

ချီအာပါ့စ်​သို့​ရောက်သွား​ခဲ့​သော အခြား​ရှေ့ဆောင်​အုပ်စု​တစ်စု​က ဤသို့​သတင်းပို့​သည်– “ယေဟောဝါ​ရဲ့​ကျေးဇူးတော်​ကြောင့် ရလဒ်ကောင်းတွေ ကျွန်တော်​တို့​ရရှိ​ခဲ့​ကြတယ်။ ပထမ​အပတ်​မှာပဲ သင်အံမှု ၂၇ ခု​ကို ကျွန်တော်​တို့​စ​ကျင်းပ​နိုင်​ခဲ့​ကြတယ်; ဒုတိယ​အပတ်​မှာ သမ္မာကျမ်းစာ—သင့်​အသက်တာ​၌ ယင်း​၏​သြဇာ​တန်ခိုး ဆို​တဲ့ ကျွန်တော်​တို့​ရဲ့​ဗီဒီယိုကို​လာ​ကြည့်​ဖို့ လူတွေကို​ဖိတ်ခေါ်​ခဲ့တယ်။ လာ​ကြည့်​တဲ့​သူ ခြောက်​ဆယ်​ရှိတယ်။ အဲဒီ​ဗီဒီယိုကို လူတိုင်း​ကြိုက်​ကြတယ်။ အပြီးမှာ အုပ်စု​လိုက် ကျမ်းစာ​သင်အံမှု​စ​ဖို့ ကျွန်တော်​တို့​စကား​ကမ်း​လှမ်း​လိုက်တယ်။ အဲဒီ​ရွာမှာ ကျမ်းစာ​လေ့လာ​တဲ့ အုပ်စု​နှစ်စု​ကို ဖွဲ့စည်း​နိုင်​ခဲ့​တာ အံ့အားသင့်​စ​ရာ​ပဲ။

“တာဝန်​ပေး​ထား​တဲ့​နယ်မြေ​တွေ​မှာ ကျွန်တော်​တို့ လုပ်ဆောင်​ပြီး​တော့ စိတ်ဝင်စား​သူတွေကို အားပေးဖို့​နဲ့ ဖွဲ့စည်းထား​ခဲ့​တဲ့ ကျမ်းစာ​သင်အံမှု​အုပ်စု​တွေ ဘယ်လို​နေတယ်​ဆိုတာ​သိရ​ဖို့ အဲဒီ​ရွာ​တွေ​ကို ပြန်လည်ပတ်​သွားခဲ့​ကြတယ်။ လူထု​အစည်းအဝေး​နဲ့ ကင်းမျှော်စင်​သင်တန်းကို​တက်​ကြဖို့ သူတို့ကို​ဖိတ်ခေါ်​ခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေးတွေ ကျင်းပ​ဖို့ အတော်အသင့်​ကျယ်ဝန်း​တဲ့​နေရာ​မရှိဘူး။ ဒါနဲ့ သူ့​အိမ်မှာ အုပ်စု​လိုက်​ကျမ်းစာ​လေ့လာ​ဖို့ ကမ်း​လှမ်း​ခဲ့​တဲ့​သူက သူ့​အိမ်နောက်​ဖေး​မြေကွက်​ကို လက်ညှိုးထိုး​ပြပြီး ‘အိမ်နောက်​ဖေး​မြေကွက်​မှာ အစည်းအဝေးတွေ ကျင်းပ​နိုင်​ပါ​တယ်’ လို့​ပြော​တယ်။”

ထို​ရက်သတ္တပတ်​အဆုံးပိုင်း​တွင် လည်ပတ်​ရောက်ရှိ​လာ​ကြသော ရှေ့ဆောင်​များနှင့် စိတ်ဝင်စားသူ​များ ပူးပေါင်း​ပြီး အစည်းအဝေး​ကျင်းပ​နိုင်​ရန် ထို​မြေကွက်​ကို တက်တက်ကြွကြွ ပြင်ဆင်​ခဲ့​ကြသည်။ ပထမ​ဆုံး​ကျင်းပ​သော​အစည်းအဝေး​ကို တက်ရောက်သူ ၁၀၃ ဦး​ရှိခဲ့​သည်။ ယခု ထို​ရွာတွင် ကျမ်းစာ​သင်အံမှု​ပေါင်း ၄၀ ကို​ကျင်းပ​နေပါ​သည်။

“ပီတိ​ဖြစ်စရာ တွေ့ကြုံမှု​တစ်ခု”

ဟောပြောခြင်း​လုပ်ငန်း​၌ အလွန်​ကောင်းသော​ရလဒ်များ​ရရှိ​သည့်​အပြင် ဤ​ဧဝံဂေလိ​ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ခဲ့​ကြ​သူများ​ကိုယ်တိုင် များစွာ​အကျိုး​ခံစား​ခဲ့​ကြ​ရသည်။ ဤ​ကင်ပိန်း​တစ်ခု​၌ ပါဝင်​ခဲ့​သော လူငယ်​ရှေ့ဆောင် မာ​ရီ​ယာ​က သူ၏​ခံစားချက်​များ​ကို ဤသို့​ဖော်ပြ​သည်– “အကြောင်းရင်း​နှစ်ခု​ကြောင့် ဒီ​ကင်ပိန်း​ဟာ ပီတိ​ဖြစ်စရာ​တွေ့ကြုံမှု​တစ်ခု​ဖြစ်​ခဲ့တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်မ ပို​ပြီး​ပျော်ရွှင်​လာတဲ့​အပြင် ယေဟောဝါ​နဲ့​လည်း ကျွန်မ​ပို​ပြီး​ရင်းနှီး​လာတယ်။ တစ်ခါ​က တောင်တက်​နေတုန်းမှာ ကျွန်မ​တို့​အရမ်း​မော​နေကြ​တာ။ ယေဟောဝါ​ကို အကူအညီ​တောင်း​ပြီး​တဲ့​နောက် ဟေရှာယ ၄၀:၂၉-၃၁ ပြော​သလိုပဲ ‘ယေဟောဝါ​ကို မျှော်လင့်​သော​သူတို့မူကား အားပြည့်​ကြလိမ့်မည်’ ဆို​တဲ့​အတိုင်း​ဖြစ်လာ​တာ​ကို ကျွန်မ​တို့​တွေ့ကြုံ​ခံစား​ခဲ့​ရ​ကြတယ်။ ဒါ​ကြောင့် ကျွန်မ​တို့​ရောက်သွား​တော့ ကျွန်မ​တို့ကို ဖော်ဖော်ရွေရွေ​လက်ခံ​တဲ့​သူတွေနဲ့ သင်အံမှု​တွေ​ကျင်းပ​နိုင်​ခဲ့​ကြတယ်။”

၁၇ နှစ်အရွယ် က​လော်​ဒီ​ယာ​အမည်​ရှိ ရှေ့ဆောင်​လူငယ်​နောက်​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကျွန်မ​အကျိုး​အများကြီး​ရခဲ့တယ်။ ဓမ္မ​အမှုမှာ ပို​ပြီး​ကျွမ်းကျင်​လာတယ်၊ ဒါ​ကြောင့် ပျော်ရွှင်မှု​အများကြီး​ရပြီး ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​ကို ကျွန်မ​ချမှတ်​နိုင်​ခဲ့တယ်။ ဝိညာဉ်​ရေး​ဘက်မှာ​လည်း ကျွန်မ​ပို​ရင့်ကျက်​လာတယ်။ အိမ်မှာ​ဆိုရင် အမေက ကျွန်မ​အတွက်​အကုန်​လုပ်ပေးတာ။ အခု ကျွန်မ အတွေ့အကြုံ​ပို​များ​လာတော့ တာဝန်​ပို​သိ​တတ်လာ​ပြီ။ ဥပမာ၊ ကျွန်မ​ဟာ အစားအသောက် သိပ်​ဇီ​ဇာ​ကြောင်​ခဲ့​တာ။ ဒါပေမဲ့ အခု​ဆိုရင် အခြေအနေ​အမျိုးမျိုးမှာ အလိုက်သင့်​နေထိုင်​တတ်လာ​တော့ အစားအသောက်​နဲ့​ပတ်သက်ပြီး ကျွန်မ မ​ညည်းညူ​တော့​ဘူး။ ဒီ​လုပ်ငန်း​က ခင်မင်​ရင်းနှီး​သူတွေ တိုးများ​လာ​စေ​ခဲ့တယ်။ ကျွန်မ​တို့​မှာ ရှိသမျှကို အတူတူ​ဝေမျှ​သုံးဆောင်​ကြ​ပြီး တစ်ယောက်ကို​တစ်ယောက် ကူညီပေး​ခဲ့​ကြတယ်။”

ရွှင်လန်းဖွယ်​ရိတ်သိမ်း​မှု

ဤ​အထူး​ကြိုးပမ်းမှု​ကြောင့် အဘယ်​ရလဒ်များ​ရရှိ​သနည်း။ ၂၀၀၂ ခုနှစ်​အစပိုင်း​တွင် ရှေ့ဆောင် ၂၈,၃၀၀ ဦး​တို့သည် ဤ​ရှေ့ဆောင်​လမ်းကြောင်း​များ​၌ ပါဝင်​ခဲ့​ကြသည်။ သူတို့သည် ကျမ်းစာ​သင်အံမှု ၁၄၀,၀၀၀ ကျော်​ကျင်းပ​ခဲ့​ကြ​ပြီး ဟောပြောခြင်း​လုပ်ငန်း​၌ အချိန်နာရီ​နှစ်​သန်း​ကျော် ပါဝင်​ခဲ့​ကြသည်။ ကျမ်းစာ​အမှန်တရားကို လူ​တို့​သိလာ​စေရန် စာအုပ် ၁၂၁,၀၀၀ နီးပါး​နှင့် မဂ္ဂဇင်း ၇၃၀,၀၀၀ နီးပါး​ကို သူတို့​ဝေငှ​နိုင်​ခဲ့​ကြသည်။ ကျမ်းစာ​သင်အံမှု ၂၀ သို့​မဟုတ် ထို့​ထက်မက ကျင်းပ​ရခြင်း​သည် ရှေ့ဆောင်​အချို့​အတွက် အဆန်း​မဟုတ်​ချေ။

ဤ​ကြင်နာ​မှု​ကို လက်ခံ​ရရှိခဲ့​သူတို့သည် မိမိတို့​ထံ ကျမ်းစာ​သတင်းတရား​ရောက်ရှိ​ဖို့ အထူး​ကြိုးစား​ခဲ့​ကြ​သည့်​အတွက် အလွန်​ကျေးဇူး​တင်​ကြသည်။ ဆင်းရဲ​နွမ်းပါး​ကြသော်လည်း လူအများသည် မိမိတို့၏​အလှူငွေများ​ကို​လက်ခံရန် ကြေညာသူ​များ​ကို တိုက်တွန်း​ခဲ့​ကြသည်။ အသက် ၇၀ အရွယ်​ရှိ နွမ်းပါး​သော​အမျိုးသမီးကြီး​တစ်ဦး​သည် သူ့​ထံ​လည်ပတ်​လာသော​ရှေ့ဆောင်​များ​ကို တစ်စုံတစ်ရာ​အမြဲ​ပေးကမ်း​လေ့​ရှိသည်။ သူတို့​မယူ​လျှင် သူ​ငို​လေ​တော့​သည်။ ဆင်းရဲ​နွမ်းပါး​သော မိသားစု​တစ်စု​က မိမိတို့​ကြက်မ​သည် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူများ​အတွက် ဥ​ပေး​ထား​သည်​ဟု​ပြော​ပြီး ကြက်​ဥ​များ​ကို မရ​မ​က​ယူသွား​စေ​ကြသည်။

သာ၍​အရေးကြီး​သည်​မှာ ထို​စိတ်ရင်းမှန်​သူများ​သည် ဝိညာဉ်​ရေးရာ​များ​ကို အမှန်​တန်ဖိုး​ထား​လေးမြတ်​ကြောင်း တင်ပြ​ကြသည်။ သာဓက​အနေ​နှင့် အမျိုးသမီး​တစ်ဦး​သည် ခရစ်ယာန်​အစည်းအဝေး​တစ်ခု​ကို​မျှ မပျက်​မ​ကွက်​တက်ရောက်​ဖို့ သုံးနာရီ​ခွဲ​ကြာ တစ်ဦးတည်း လမ်းလျှောက်​လာ​သည်။ စိတ်ဝင်စားသူ​အမျိုးသမီးကြီး​တစ်ဦး​သည် ဒူး​နာ​နေ​သော်လည်း နယ်လှည့်​ကြီးကြပ်မှူး​လည်ပတ်​ရောက်ရှိချိန်​တွင် ကျမ်းစာ​သွန်သင်ချက်​များ​ကြားနာ​ဖို့ နှစ်နာရီ​ခရီးနှင်​လာ​ခဲ့​သည်။ စာ​မတတ်​သူ​အချို့​သည် ကျမ်းစာ​ပညာ​တိုး​သိလာ​နိုင်​ဖို့ အရေး၊ အဖတ်​သင်ယူ​လို​ကြသည်။ သူတို့၏​ကြိုးပမ်း​အားထုတ်မှု​များသည် ကြွယ်ဝ​စွာ​အကျိုးပြု​ခဲ့ပြီ။

တမန်​တော်​ပေါလု​တွေ့ခဲ့​ရသော အဆင်းအာရုံ​တစ်ခု​ကို လုကာ​က တမန်​တော်​ကျမ်း​၌ ဤသို့​ဖော်ပြ​သည်– “မာကေဒေါနိ​လူတစ်ယောက်က၊ ‘မာကေဒေါနိ​ပြည်​သို့​ကူး​ပါ။ ငါ​တို့ကို​မစ​ပါ’ ဟု ရပ်​လျက်​တောင်းပန်​၏။” ထို​ဖိတ်ခေါ်ချက်​ကို ပေါလု​ချက်ချင်း​လက်ခံခဲ့သည်။ ယနေ့ မက္ကဆီကို​နိုင်ငံ​၏ အစွန်အဖျား​ကျ​သော​ဒေသ​များ​တွင် များစွာသော​သူတို့သည် အလားတူ​စိတ်ဓာတ်​ဖြင့် တုံ့ပြန်​ခဲ့​ကြ​ပြီး သတင်းကောင်းကို “မြေကြီးစွန်း​တိုင်အောင်” ဟောပြော​ကြေညာ​ရန် အသုံးတော်ခံ​နေကြ​သည်။—တမန်​တော် ၁:၈; ၁၆:၉၊ ၁၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 မကြာသေးမီ​နှစ်​တစ်နှစ်​အတွင်း မက္ကဆီကို​နိုင်ငံ​ရှိ နယ်မြေ ၈ ရာခိုင်နှုန်း​ကျော်​ထံ​သို့ ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ မှန်မှန်​မ​ရောက်​နိုင်​ခဲ့​ချေ။ ယင်းကြောင့် ဟောပြောခြင်း​လုပ်ငန်း​ကို အကန့်အသတ်​သာ​ပြုလုပ်​ရသော သီးခြား​အုပ်စု​ဒေသ​များ​တွင်​နေထိုင်သူ လူပေါင်း ၈,၂၀၀,၀၀၀ ကျော်​ရှိ​နေသည်​ဟု​ဆိုလို​သည်။

^ အပိုဒ်၊ 17 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မက္ကဆီကန်​သက်သေခံ​များစွာတို့သည် အထူး​ဟောပြောခြင်း​ကင်ပိန်း​များ​၌ ပါဝင်​ခဲ့​ကြ