မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ

မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ

မဖြစ်​နိုင်​ပုံ​ပေါက်​သည့် ဗောဇ​နှင့် ရုသ​တို့၏​လက်ထပ်​မင်္ဂလာ

ဗက်လင်မြို့​အနီး ကောက်​နယ်​တ​လင်း​တစ်ခု​တွင် လှုပ်ရှားမှုများ​နှင့် အလုပ်များ​နေကြ​သည်။ အလွန်​ပင်ပန်း​သည့် နေ့​တစ်နေ့​ပင်​ဖြစ်၏။ လှော်​ပြီး​ခါ​စ​ဂျုံ​စပါး​၏ သင်း​ထုံ​သော​ရနံ့​က ဆာလောင်​နေကြ​သည့် အလုပ်သမား​များ​ကို အစာ​စားချိန်​ရောက်ပြီ​ဟု အသိပေး​၏။ သူတို့​တစ်ဦးစီ​သည် ပင်ပန်း​ရကျိုးနပ်​ပေ​လိမ့်​မည်။

ကြွယ်ဝ​ချမ်းသာ​သော မြေပိုင်ရှင်​ဖြစ်သူ ဗောဇ​သည် ဝ​စွာ​စားသောက်​ပြီး​နောက် စပါး​ပုံ​ကြီး​အနီး​တွင် အနားယူ​နေသည်။ နောက်ပိုင်း​တွင် ရိတ်သိမ်း​ရာ​တစ်နေ့တာ ကုန်ဆုံး​လေ​သော် အမျိုးသားများသည် အနားယူ​အိပ်စက်​မည့်​နေရာများ ကိုယ်စီ​ရှာဖွေ​ကြသည်။ ဗောဇ​သည်လည်း နေရာ​ရှာတွေ့​သွား​ကာ ယခု စောင်ခြုံ​ပြီး အိပ်ပျော်​သွားလေသည်။

ခိုး​ကြောင်​ခိုးဝှက်​တွေ့ဆုံ​မှု

သန်းခေါင်ယံ​အချိန်တွင် ဗောဇ​သည် ချမ်းစိမ့်​ပြီး ခိုက်ခိုက်တုန်​၍ နိုး​လာ​သည်။ သူ့​ခြေထောက်​များ​ပေါ် စောင်မ​ရှိ​တော့၊ ခြေရင်း​၌​လည်း လူတစ်ဦး အိပ်​နေသည်​ကိုး! အမှောင်​ထဲ​တွင် မည်သူ​မှန်း​မသိ​သဖြင့် “အဘယ်သူ​နည်း” ဟု​သူ​မေးလိုက်​သည်။ အမျိုးသမီး​အသံတစ်သံ​က “ကျွန်မ​သည် ကိုယ်တော်​၏​ကျွန်မ​ရုသ​ဖြစ်ပါ​၏။ ကိုယ်တော်​သည် ရွေး​ပိုင်​သော​အမျိုးသားချင်း​ဖြစ်သော​ကြောင့် ကိုယ်တော်​၏​ကျွန်မ​ကို အဝတ်​တော်​စွန်း​နှင့်​ဖုံး​ပါ​တော့” ဟု​ပြန်ဖြေ​သည်။—ရုသ ၃:၁-၉

အမှောင်​ထဲ​တွင် သူတို့​နှစ်ဦး​တည်း စကားပြော​ဆို​နေကြ၏။ အမျိုးသမီးများ​ကို ကောက်​နယ်​တ​လင်း​တွင် တွေ့​ရလေ့​မရှိ​ချေ။ (ရုသ ၃:၁၄) သို့​ဖြစ်​လင့်​ကစား ဗောဇ​ခွင့်ပြု​သဖြင့် ရုသ​သည် မိုး​မ​လင်း​မီ​အချိန်အထိ သူ၏​ခြေရင်း​တွင် ဆက်​အိပ်​ပြီး​မှ ထ​ပြန်သွား​လေ​သည်၊ သို့ဖြင့် မည်သည့်​အကြောင်းမဲ့ ပြစ်တင်​ဝေဖန်ချက်​မဆို​ကို ရှောင်​ခဲ့​သည်။

ချစ်​ကြိုက်​သူ​နှစ်ဦး ဤသို့​တွေ့ဆုံ​ခဲ့​ခြင်း​လော။ ကြွယ်ဝ​ချမ်းသာ​သော ဤ​အသက်ကြီးသူ​သည် အယူမှား​နိုင်ငံ​တစ်နိုင်ငံ​မှ ဆင်းရဲ​နွမ်းပါး​သော မုဆိုးမ​လေး​ရုသ​၏ သွေးဆောင်​ဖြားယောင်းမှုကို ခံ​ခဲ့​ရခြင်း​လော။ သို့​တည်း​မဟုတ် ထို​ည​တွင် ရုသ​၏​အခြေအနေ၊ အထီးကျန်မှု​ကို ဗောဇ​က အခွင့်အရေး​ယူ​ခဲ့​ခြင်း​လော။ အဆိုပါ​မေးခွန်းများ​၏​အဖြေ​မှာ ဘုရားသခင်​အား တည်ကြည်​ခြင်း​နှင့် ချစ်​မြတ်နိုးခြင်း​နှင့်​ပတ်သက်​သည်။ အဖြစ်အပျက်​များ​က​လည်း အလွန်​စိတ်​ကြည်နူး​စ​ရာ​ဖြစ်၏။

သို့သော် ရုသ​ကား​မည်သူ​နည်း။ သူ၏​လို​ရင်း​အကြောင်း​ကား အဘယ်နည်း။ ဤ​ကြွယ်ဝ​ချမ်းသာ​သော ဗောဇ​သည် မည်သူ​နည်း။

“ကောင်းမြတ်သော​မိန်းမ”

ဤ​အဖြစ်အပျက်​မတိုင်မီ နှစ်ပေါင်း​များစွာက ယုဒ​နိုင်ငံ​တွင် အစာ​ခေါင်းပါး​ခဲ့​၏။ ဣသရေလ​မိသားစု​တစ်စု​ဖြစ်​ကြ​သည့် ဧလိမလက်၊ ဇနီး​နောမိ​နှင့် သူတို့၏​သား မဟာ​လုန်​နှင့် ခိလျုန်​တို့သည် မြေ​သြဇာ​ကောင်းသော မောဘ​ပြည်​သို့ ပြောင်းရွှေ့​နေထိုင်ခဲ့​ကြသည်။ ထို​သားတို့​သည် မောဘ​အမျိုးသမီး ရုသ​နှင့်​သြရပ​တို့ကို လက်ထပ်ခဲ့​ကြသည်။ မောဘ​ပြည်​တွင် အဆိုပါ​အမျိုးသား​သုံးဦး​စ​လုံး ရှေ့​ဆ​င့်​နောက်​ဆ​င့် ကွယ်လွန်​သွား​ကြ​ပြီး​နောက် ဣသရေလ​နိုင်ငံ​တွင် အခြေအနေ​များ တိုးတက်​နေပြီ​ဖြစ်​ကြောင်း ကျန်ရစ်သူ​မိန်းမသား​သုံးဦး ကြားသိ​ကြ​လေ​၏။ ထို့​ကြောင့် သားသမီး​မြေး​မြစ်​မရှိ၊ ယခု မုဆိုးမ​ဖြစ်နေ​ရ​၍ စိတ်​နာကြည်း​ဝမ်းနည်း​နေ​သူ နောမိ​သည် မိမိ၏​ဇာတိမြေ​သို့​ပြန်သွား​ရန် စိတ်​ဆုံးဖြတ်​လိုက်​သည်။—ရုသ ၁:၁-၁၄

ဣသရေလ​နိုင်ငံ​သို့​အပြန်ခရီး​တွင် ဩ​ရ​ပ​အား သူ၏​လူမျိုး​ထံ​ပြန်သွား​ရန် နောမိ​ဖျောင်းဖျ​နိုင်​ခဲ့​သည်။ ထို့နောက် ရုသ​အား နောမိ​က “သင့်​အစ်မ​သည် အမျိုးသား​ရင်း ဘုရား​ရင်း​တို့​ထံ​သို့​ပြန်သွား​ပြီ။ အစ်မ​နောက်သို့​လိုက်သွား​ပါ” ဟု​ဆို​သည်။ သို့သော် ရုသ​က “ကျွန်မ​သည် ကိုယ်တော်​ကို​မစွန့်​ပါ​ရစေ​နှင့်။ . . . ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်။ . . . ကိုယ်တော်​အမျိုး​သည် ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရား [သခင်] သည် ကျွန်မ​ဘုရား [သခင်] ဖြစ်ပါစေ။ ကိုယ်တော်​သေ​ရာ​အရပ်၌ ကျွန်မ​သေ​၍ သင်္ဂြိုဟ်​ခံ​ပါ​မည်” ဟု​ဆို​၏။ (ရုသ ၁:၁၅-၁၇) ထို့​ကြောင့် အဆိုပါ​ခိုကိုးရာ​မဲ့ မုဆိုးမ​နှစ်ဦး​သည် ဗက်လင်မြို့​သို့ ပြန်လာ​ကြသည်။ ထို​တွင် ယောက္ခမ​အပေါ်​ထား​ရှိသည့် ရုသ​၏​မေတ္တာကို အိမ်နီးချင်း​များ ဂရုစိုက်​မိ​၍ ရုသ​သည် နောမိ​အတွက် ‘သား​ခု​နစ်​ယောက်​ထက် . . . သာ၍​ကောင်း​၏’ ဟု​ပြော​ကြ​လေ​သည်။ အခြားသူများ​က​မူ သူ့​အား “ကောင်းမြတ်သော​မိန်းမ” ဟု​ခေါ်ဆို​ကြ​၏။—ရုသ ၃:၁၁; ၄:၁၅သမ္မာ။

ဗက်လင်မြို့​၌ မုယော​စပါး​စတင်​ရိတ်သိမ်းချိန်​တွင် နောမိ​အား ရုသ​ဤသို့​ဆို​သည်– “ကျွန်မ​သည် လယ်​ပြင်​သို့​သွား​၍ စိတ်​နှင့်​တွေ့သော​သူ​နောက်​မှာ စပါး​ကျန်​ကို​ကောက်​ပါ​ရစေ။”—ရုသ ၂:၂

အကြောင်း​အား​လျော်​စွာ သူသည် သူ၏​ယောက္ခမ ဧလိမလက်​၏​ဆွေမျိုး​တစ်ဦး​ဖြစ်သူ ဗောဇ​ပိုင်​လယ်ကွက်​သို့ ရောက်သွား​လေ​သည်။ ထို​အခါ ကောက်သင်း​ကောက်​ရန် ကြီးကြပ်သူ​ကို အခွင့်​တောင်း​သည်။ ဝီရိယ​ရှိ​ရှိ သူ​ကောက်သင်း​ကောက်​ပုံ​က အလွန်​ထူးခြား​သဖြင့် ကြီးကြပ်သူ​က သူ၏​အကြောင်းကို ဗောဇ​အား ချီးမွမ်း​ပြောဆို​သည်။—ရုသ ၁:၂၂–၂:၇

ကာကွယ်​ပေး​၍ ကျေးဇူးပြု​သူ​တစ်ဦး

ဗောဇ​သည် ယေဟောဝါ​အား အထူး​သက်ဝင်​ယုံကြည်သူ​တစ်ဦး​ဖြစ်သည်။ နံနက်​တိုင်း ဗောဇ​က ကောက်ရိတ်သိမ်း​သူများကို “ထာဝရ​ဘုရား​သည် သင်တို့​နှင့်အတူ ရှိပါစေ​သော” ဟု​နှုတ်ဆက်​လေ့​ရှိရာ သူတို့ကလည်း “ထာဝရ​ဘုရား ကောင်းချီး​ပေး​တော်​မူ​ပါစေ​သော” ဟု ပြန်​ပြော​လေ့​ရှိသည်။ (ရုသ ၂:၄) ရုသ​သည် ဝီရိယ​ရှိ​ရှိ အလုပ်လုပ်​ကြောင်း အကဲခတ်​မိ​သည့်​အပြင် နောမိ​ကို ကျေးဇူး​စောင့်သိ​ရိုသေ​ကြောင်း သိလိုက်ရ​ပြီး​နောက်​တွင် ဗောဇ​သည် ရုသ​အား ကောက်သင်း​ကောက်​ရန် အထူး​အခွင့်အရေး​ပေး​လေ​သည်။ အချုပ်​ဆို​ရ​လျှင် သူက “အခြားသော​လယ်​သို့​သွား​၍ စပါး​ကျန်​ကို​မ​ကောက်​နှင့်။ ဤ​အရပ်​က​မ​ထွက်​ဘဲ ငါ့​ကျွန်မ​တို့​၌​မှီဝဲ​လျက်​နေ​တော့။ သူတို့​ရိတ်​သော​လယ်ကွက်​ကို​ကြည့်​မှတ်၍ သူတို့​နောက်​၌​လိုက်​လော့။ လုလင်​တို့သည် သင့်ကို​မနှောင့်ယှက်​ရမည်​အကြောင်း ငါ​မှာ​ထားပြီ။ ရေငတ်​သောအခါ အိုး​ထား​ရာ​သို့​သွား​၍ လုလင်​ခပ်​သော​ရေ​ကို​သောက်​တော့” ဟု​ပြောဆို​၏။—ရုသ ၂:၈၊ ၉

ရုသ​သည် မြေပေါ်​သို့​ဦးချ​ပျပ်ဝပ်​လျက် “ကျွန်မ​သည် တစ်ပါး​အမျိုးသား​ဖြစ်၍ ကိုယ်တော်​သည် ကျွန်မ​ကို​သိမှတ်​မည်​အကြောင်း အဘယ်​သို့​စိတ်တော်နှင့်​တွေ့ရ​ပါ​သနည်း” ဟု​ပြန်ဆို​၏။ ဗောဇ​က ဤသို့​ဖြေဆို​သည်– “သင်၏​လင်​သေ​သော​နောက် သင်သည် ယောက္ခမ​အားပြု​စု​သမျှ​ကိုလည်း​ကောင်း၊ သင်သည် မိဘ​နှင့်​မွေးဖွား​ရာ​ဌာန​ပြည်​ကို​စွန့်​၍ အထက်​က​မသိ​ဖူး​သော​ပြည်​သို့ လာ​ကြောင်းကို​လည်းကောင်း၊ ငါ့​အား​သေချာ​စွာ​ပြော​ကြပြီ။ သင့်​အမှု​၏​အကျိုးကို ထာဝရ​ဘုရား​ပေး​တော်​မူ​ပါစေ​သော၊ . . . စုံလင်သော​ဆု​ကို​ချ​တော်​မူ​ပါစေ​သော။”—ရုသ ၂:၁၀-၁၂

ဗောဇ​သည် ရုသ​အား ချစ်ရေးဆို​နေခြင်း​မဟုတ်ပါ။ စိတ်ရင်းမှန်​ဖြင့် သူ​ချီးမွမ်း​ပြောဆို​နေခြင်း​ဖြစ်၏။ ထို့​ကြောင့် ရုသ​သည် ဖော်ရွေ​စွာ နှိမ့်ချမှု​ပြ​ကာ သူ၏​စိတ်အားတက်​စေသော နှစ်သိမ့်​စကား​များ​ကို ကျေးဇူး​တင်​ကြောင်း​ပြောဆို​လေ​သည်။ ထိုသို့​ချီးမွမ်း​ခြင်း​ကို​မခံထိုက်​ဟု သူ​ယူဆ​ပြီး အလုပ်ကို သာ၍​ပင်​ကြိုးစား​လုပ်ကိုင်​လေ​သည်။ နောက်ပိုင်း​တွင် အစာ​စားချိန်​၌ ဗောဇ​က ရုသ​ကို​ခေါ်​ပြီး “လာ၍​မုန့်ကို​စား​လော့။ ပုံးရည်​၌​စားစရာ​ကို​နှစ်​လော့” ဟု ဆို​လေ​သည်။ သူသည် ဝ​စွာ​စား​ပြီး​နောက် နောမိ​အတွက်​လည်း အစားအစာကို အိမ်သို့ပြန်​ယူသွား​ပေး​၏။—ရုသ ၂:၁၄

နေ​စောင်း​သော် ရုသ​သည် မုယော​စပါး​အခွက် ၂၀ ခန့် ကောက်သိမ်း​ရရှိ​လေ​သည်။ ယင်း​နှင့်​တကွ ကျန်ကြွင်း​သည့်​အစားအစာကို နောမိ​အတွက် အိမ်သို့ပြန်​ယူသွား​လေ​သည်။ (ရုသ ၂:၁၅-၁၈) နောမိ​သည် ဝမ်းမြောက်​ဝမ်းသာ​ဖြင့် “ယနေ့ အဘယ်​မှာ ကောက်သင်း​ကောက်​သနည်း။ . . . သင်​ကို​သိမှတ်​သော​သူသည် မင်္ဂလာ​ရှိပါစေ​သော” ဟု​ဆို​သည်။ ဗောဇ​ဖြစ်​ကြောင်းကို နောမိ​သိရှိ​သွား​လေ​သော် “အသက်ရှင်​သော​သူ၊ သေ​သော​သူတို့၌ ကျေးဇူး​မပြတ်​ပြု​တော်​မူ​သေး​သော ထာဝရ​ဘုရား​သည် သူ့ကို​ကောင်းချီး​ပေး​တော်​မူ​ပါစေ​သော။ . . . ထို​သူသည် ငါ​တို့​နှင့်​နီးစပ်​သော​သူ၊ ရွေး​ပိုင်​သော​ဆွေမျိုးသားချင်း​အဝင်​ဖြစ်သည်” ဟု​ဆို​၏။—ရုသ ၂:၁၉၊ ၂၀သမ္မာ။

“ငြိမ်​ဝပ်​ရာ​အရပ်” ကို ရှာတွေ့ ခြင်း

ချွေး​မ​အတွက် “ငြိမ်​ဝပ်​ရာ​အရပ်” သို့​မဟုတ် အိမ်ရှာ​ပေး​လို​သဖြင့် နောမိ​သည် ဘုရားသခင့်​ပညတ်တော်​နှင့်​အညီ ရွေးယူခြင်း​ကို​တောင်းဆို​ရန် အခွင့်အရေး​ယူပြီး​စီစဉ်​လေ​တော့​သည်။ (ဝတ်ပြုရာ ၂၅:၂၅; တရားဟောရာ ၂၅:၅၊ ၆) ယခု နောမိ​သည် ဗောဇ​ကို​အာရုံစိုက်​စေရန် အထိရောက်ဆုံး​နည်း​လည်း​ဖြစ်၊ ဇာတ်လမ်း​လည်း​ဆန်​သည့်​နည်းကို ရုသ​အား သွန်သင်ပေး​လေ​သည်။ ထို​အခါ အသင့်ပြင်​ဆင်​ပြီး ကောင်းစွာ​ညွှန်ကြားခံ​ရသည့်​အတိုင်း ရုသ​သည် ညအမှောင်​တွင် ဗောဇ​ပိုင်​သော​ကောက်​နယ်​တ​လင်း​သို့ သွားလေသည်။ သူ​အိပ်ပျော်​နေသည်​ကို ရုသ​တွေ့​လေ​၏။ သို့​နှင့် ဗောဇ​၏​ခြေထောက်​ပေါ်​မှ စောင်​ကို​ဖယ်​ပြီး သူ​နိုး​လာ​မည့်​အချိန်ကို စောင့်နေ​လိုက်​သည်။—ရုသ ၃:၁-၇

ဗောဇ​နိုး​လာသော​အခါ ရုသ​၏​ပုံဆောင်​အပြုအမူက ‘သူ၏​ကျွန်မ​အပေါ် အဝတ်​တော်​စွန်း​နှင့်​ဖုံး​ပါ​တော့’ ဟူသော တောင်းဆိုချက်​၏​အရေးပါမှု​ကို နားလည်​သဘောပေါက်​စေမည်​မှာ သေချာ​ပါ​သည်။ ရုသ​၏​လုပ်ဆောင်မှု​က အဆိုပါ​ယုဒ​အသက်ကြီးသူ​အား သူ၏​တာဝန်​ကို သတိပြု​စေ​သည်၊ မိမိသည် ရုသ​၏​ကွယ်လွန်​သူ​ခင်ပွန်း မဟာ​လုန်​၏ အဆွေအမျိုး​ဖြစ်သော​ကြောင့် ရွေး​ပိုင်​သော​အမျိုးသားချင်း​တစ်ဦး​ဖြစ်နေ​သည်ကို သတိပြု​စေ​သည်။—ရုသ ၃:၉

ရုသ​သည် ည​အချိန်တွင် ဤသို့​ရောက်လာ​လိမ့်​မည်​ဟု မမျှော်လင့်​ခဲ့​ကြ​ချေ။ သို့​တိုင် ရွေးယူ​ရန် ရုသ​၏​တောင်းဆိုချက်​ကို ဗောဇ​တုံ့ပြန်​ပုံ​က ထိုသို့​ပြု​လိမ့်​မည်​ဟု သူ​တွေး​ခဲ့​မိ​ကြောင်း တင်ပြ​သည်။ ဗောဇ​သည် ရုသ​၏​တောင်းဆိုချက်​နှင့်​အညီ ပြုလုပ်​ဆောင်ရွက်​ပေး​လို​သည်။

ရုသ​၏​အသံနေအသံထား​က သူသည် စိုးရိမ်​နေ​ပုံ​ရှိကြောင်း ဗောဇ​ရိပ်မိ​၍ သူ့​အား ဤသို့​စိတ်ချ​စေ​ခဲ့​သည်– “မစိုးရိမ်​နှင့်​ငါ့​သမီး၊ တောင်းသမျှ​ကို​ငါ​ပြု​မည်။ သင်သည် ကောင်းမြတ်သော​မိန်းမ​ဖြစ်​ကြောင်းကို ငါ့​လူမျိုး​နေသော​တစ်မြို့လုံး​သိ​၏။”—ရုသ ၃:၁၁သမ္မာ။

ရုသ​၏​လုပ်ဆောင်ချက်​သည် လုံးလုံးလျားလျား မွန်မြတ်​သည်​ဟု ဗောဇ​ရှုမြင်​ကြောင်း သူ၏​ဤ​စကား​များ​က ထင်ရှား​စေပါ​သည်– “ငါ့​သမီး၊ ထာဝရ​ဘုရား ကောင်းချီး​ပေး​တော်​မူ​ပါစေ​သော။ . . . အရင်​ပြုသော​ကျေးဇူး​ထက် နောက်​ပြုသော​ကျေးဇူး​သာ၍​ကြီး​၏။” (ရုသ ၃:၁၀) အရင်​ပြုသော​ကျေးဇူး​မှာ ရုသ​သည် နောမိ​ကို ချစ်ခင်​ကြင်နာ​မှု၊ တည်ကြည်သော​မေတ္တာ ပြသ​ခဲ့​ခြင်း​ဖြစ်၏။ နောက်​ပြုသော​ကျေးဇူး​မှာ မိမိ​ထက် အသက်​များစွာ​ကြီး​သူ ဗောဇ​သည် ရွေး​ပိုင်​သော​အမျိုးသားချင်း​ဖြစ်သော​ကြောင့် မိမိကို​ရွေးယူ​နိုင်​ကြောင်း တစ်ကိုယ်ကောင်း​စိတ်​ကင်း​စွာ ဖော်ပြ​ခဲ့​ခြင်း​ဖြစ်သည်။ နောမိ​နှင့် ကွယ်လွန်​သူ လင်ယောက်ျား​မဟာ​လုန်​တို့၏​မျိုးဆက် ပေါ်ထွန်း​လာ​စေရန် သူ​တလိုတလား​ရှိခဲ့​၏။

ရွေး​ပိုင်​သော​အမျိုးသားချင်း​တစ်ဦး ပြန်​ရုပ်သိမ်း

နောက်​နေ့​နံနက်ပိုင်း​တွင် ဗောဇ​သည် မိမိ​ထက် နောမိ​နှင့်​ပို​၍​ဆွေမျိုး​နီးစပ်​သူ “မည်သူ” အဖြစ်​ရည်ညွှန်း​ထား​သူ ဆွေမျိုး​တစ်ဦး​ကို ဆင့်ခေါ်​လိုက်​သည်။ မြို့သူ​မြို့သား​များနှင့် အသက်ကြီးသူ​များ​၏​ရှေ့မှောက်​တွင် ဗောဇ​ဤသို့​ဆို​သည်– ‘မောဘ​ပြည်​မှ​ပြန်လာ​သော​နောမိ​သည် ငါ​တို့​အစ်ကို​ဧလိမလက်​ပိုင်​သော မြေ​အကွက်​ကို​ရော​င်း​မည်​ဖြစ်၍၊ သင့်ကို​ငါ​ဖွင့်ပြော​သင့်​သည်။’ ဗောဇ​ဤသို့​ဆက်၍​ဆို​သည်– ‘ယင်းကို သင်​ရွေးယူ​မည်​လော။ မရွေး​လိုလျှင် ကျွန်ုပ်​ရွေးယူ​မည်။’ ထို​အခါ အဆိုပါ​မည်သူက ရွေး​မည်​ဟု​ပြန်​ပြော​၏။—ရုသ ၄:၁-၄

သို့သော် အဆိုပါ​မည်သူသည် အံ့အားသင့်​ရ​ပေ​တော့​သည်! ယခု ဗောဇ​သည် အသိ​သက်သေ​အားလုံး​ရှေ့ ဤသို့​ဆို​လေ​သည်– “ထို​လယ်ကွက်​ကို နောမိ​လက်​မှ​ဝယ်​သော​နေ့ရက်​တွင် သေ​သော​သူ၏​အမွေဥစ္စာ​အားဖြင့် သူ၏​နာမည်​ကို​ထောက်မခြင်း​ငှာ သူ၏​မယား မောဘ​အမျိုးသမီး​ရုသ​ကိုလည်း ဝယ်​ရ​သေး​သည်။” မိမိ၏​ကိုယ်ပိုင်​အမွေဥစ္စာ ဆုံးရှုံး​မည်​ကို​စိုးရိမ်​၍ အဆိုပါ​အနီးစပ်ဆုံး​ဆွေမျိုး​က “ကျွန်ုပ်​မရွေး​နိုင်” ဟု​ပြောဆို​ကာ လက်လွှတ်​လိုက်​သည်။—ရုသ ၄:၅၊ ၆

ရိုးရာ​ဓလေ့​ထုံးစံ​အရ ရွေးယူ​ရန်​ငြင်းပယ်​သော​အမျိုးသား​သည် မိမိ၏​ခြေနင်း​ကို​ချွတ်​ပြီး အမျိုးသားချင်း​ကို ပေးအပ်​ရသည်။ ထို့​ကြောင့် အဆိုပါ​ရွေး​ပိုင်​သော​အမျိုးသားချင်း​က ဗောဇ​အား “ကိုယ်​အဖို့​ဝယ်ပါ​တော့” ဟု​ပြောဆို​သောအခါ တစ်ဆက်​တည်း​တွင် သူ၏​ခြေနင်း​ကို​ချွတ်​ပေး​လိုက်​သည်။ ထို့နောက် ဗောဇ​သည် အသက်ကြီးသူ​များနှင့် လူအားလုံး​တို့ကို ဤသို့​ပြောဆို​လေ​သည်– “ဧလိမလက်​ဥစ္စာ၊ ခိလျုန်​ဥစ္စာ၊ မဟာ​လုန်​ဥစ္စာ​ဟူ​သမျှ​ကို နောမိ​လက်​မှ​ငါ​ဝယ်​၍၊ သေ​သော​သူ၏​နာမည်​ကို . . . မပြတ်​စေခြင်း​ငှာ သူ၏​အမွေ​အားဖြင့် . . . မဟာ​လုန်​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို ငါ​၏​မယား​ဖြစ်စေ​ခြင်း​ငှာ ငါ​ဝယ်​သည်ကို သင်တို့သည် ယနေ့​သက်သေ​ဖြစ်​ကြ​ပါ​၏။”—ရုသ ၄:၇-၁၀

မြို့တံခါး​တွင်ရှိသော​သူအား​လုံး​တို့​က​လည်း ဗောဇ​အား “သင့်​အိမ်​သို့​ရောက်​သော​ဤ​မိန်းမသည် ဣသရေလ​အမျိုး​ကို တည်ထောင်သော​မိန်းမ​နှစ်ယောက်၊ ရာခေလ​နှင့်​လေအာ​ကဲ့သို့​ဖြစ်​မည်​အကြောင်း ထာဝရ​ဘုရား​ပြု​တော်​မူ​ပါစေ​သော။ သင်သည်​လည်း ဧဖရတ်​အရပ်၌ အစွမ်း​သတ္တိ​နှင့်​ပြည့်စုံ​၍ ဗက်လင်မြို့​၌ အသရေ​ကျော်စော​ခြင်း​ရှိပါစေ​သော” ဟု​ပြောဆို​ကြ​၏။—ရုသ ၄:၁၁၊ ၁၂

လူတို့၏​ကောင်းချီး​ဖြင့် ဗောဇ​သည် ရုသ​ကို ဇနီး​အဖြစ်​သိမ်း​လေ​သည်။ ထို့နောက် ဩဗက်​အမည်​ရှိ သား​တစ်ဦး​ကို ရုသ​မွေးဖွား​ပေး​လေ​သည်၊ ဤသို့ဖြင့် ရုသ​နှင့်​ဗောဇ​တို့သည် ဘုရင်​ဒါဝိဒ်​အပြင် ယေရှု​ခရစ်​တို့၏ ဘိုးဘေး​များ​ဖြစ်လာ​ခဲ့​ကြ​၏။—ရုသ ၄:၁၃-၁၇; မဿဲ ၁:၅၊ ၆၊ ၁၆

“စုံလင်သော​ဆု”

အလုပ်သမား​များ​ကို ကြင်ကြင်နာနာ နှုတ်​ခွန်း​ဆက်​တတ်​သည်​ဟု ဦးဆုံး​ဖော်ပြ​ခဲ့​ခြင်း​မှ​စ၍ ဧလိမလက်​၏​မိသားစု​အမည် ဆက်​ထိန်းသိမ်း​ရန်​တာဝန်​ကို လက်ခံ​လိုက်ခြင်း​အကြောင်း​အထိ မှတ်တမ်း​တစ်လျှောက်​လုံး​တွင် ဗောဇ​သည် လက်တွေ့​ပြုလုပ်​၍ ဩဇာ​အာဏာ​ရှိ ထူးခြားသော​အမျိုးသား​တစ်ဦး​ဖြစ်​ကြောင်း ထင်ရှား​ဖော်ပြ​သည်။ တစ်ချိန်တည်း​တွင် သူသည် ကိုယ့်​ကိုယ်ကို​ချုပ်တည်း​သော​သူ၊ ယုံကြည်ခြင်း​ရှိပြီး တည်ကြည်​ဖြောင့်မတ်​သော​သူ​တစ်ဦး​ဖြစ်သည်။ ထို့​ပြင် ဗောဇ​သည် ရက်ရော၊ ကြင်နာ​၍ အကျင့်ကောင်း​မွန်​ပြီး ယေဟောဝါ​၏​မိန့်မှာချက်​များ​ကို အပြည့်အဝ​နာခံ​သူ​တစ်ဦး​လည်း​ဖြစ်၏။

ရုသ​သည်လည်း ယေဟောဝါ​အား​ချစ်​သည့်​မေတ္တာ၊ နောမိ​အပေါ်​တည်ကြည်သော​မေတ္တာ၊ သူ၏​အလုပ်​ကြိုးစား​မှု​နှင့် နှိမ့်ချမှု​တို့​ကြောင့် ထင်ရှား​သည်။ သူ့ကို “ကောင်းမြတ်သော​မိန်းမ” ဟု လူ​တို့​ရှုမြင်ခဲ့​ကြ​ခြင်း​မှာ အံ့ဩစရာ​မဟုတ်ပေ။ သူသည် “ပျင်းရိခြင်း​အစာ” ကို​မစား၊ အလုပ်ကို​ကြိုးစား​လုပ်ဆောင်​သောကြောင့် ဆင်းရဲ​နွမ်းပါး​သော ယောက္ခမ​ကို ဝေမျှပေး​စားစရာ​ရှိသည်။ (သု. ၃၁:၂၇၊ ၃၁) နောမိ​ကို​တာဝန်​ယူ​ကျွေးမွေးခြင်း​မှ ရုသ​သည် ပေးကမ်း​ခြင်း​၏ ပျော်ရွှင်မှု​ကို ခံစား​ခဲ့​ရ​ပေမည်။—တမန်​တော် ၂၀:၃၅; ၁ တိမောသေ ၅:၄၊ ၈

ရုသဝတ္ထု​တွင် အလွန်​ကောင်းမွန်သော​ပုံ​နမူနာ​များ​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်​တကား! နောမိ​ကို ယေဟောဝါ​သတိရ​တော်​မူ​၏။ ရုသ​သည်လည်း ယေရှု​ခရစ်​၏ ဘေးမ​တစ်ဦး​အဖြစ် “စုံလင်သော​ဆု” ကို​ရရှိ​သည်။ ဗောဇ​သည် “ကောင်းမြတ်သော​မိန်းမ” ကို​ထိမ်းမြား​ရ​၍ ကောင်းချီး​ခံစား​ခဲ့​ရ၏။ ကျွန်ုပ်​တို့​မူ​ကား အဆိုပါ​ပုဂ္ဂိုလ်​များ​၏ ယုံကြည်ခြင်း​ဆိုင်ရာ ပုံ​နမူနာ​ကောင်း​များ​ကို အတုယူ​နိုင်​သည်။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

မျှော်လင့်ချက်​ရောင်ခြည်

သင်သည် စိတ်မချ​မ်းမြေ့စ​ရာ​အချိန်​အခါ​တွင် အသက်ရှင်နေ​ရ၏​ဟု ခံစား​မိ​လျှင် ရုသဝတ္ထု​မှ မျှော်လင့်ချက်​အရိပ်​အရောင် ရရှိနိုင်​သည်။ ဤ​စာစောင်​သည် တရားသူကြီးမှတ်စာ​၏ အရေးပါသော​နိဂုံး​အဖြစ် ပေါ်လွင်​ထင်ရှား​၏။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် ဘုရင်​တစ်ပါး​ပေါ်ထွန်း​စေရန် တိုင်းတစ်ပါး​မောဘ​ပြည်​မှ နှိမ့်ချမှု​ရှိသော​မုဆိုးမ​တစ်ဦး​ကို အသုံးပြု​တော်​မူ​ခဲ့​ကြောင်း ရုသဝတ္ထု​က​ဖော်ပြ​သည်။ တရားသူကြီးမှတ်စာ​၏ နောက်ခံ​ဝန်းကျင်​ဖြင့် ရုသ​၏​ယုံကြည်ခြင်းက ထို​ခေတ်​ထို​အချိန်တွင် ထွန်းလင်း​ထင်ရှားသော​အလင်း​ပ​မာ​ဖြစ်သည်။

ရုသဝတ္ထု​ကို​ဖတ်ရှုခြင်း​မှ ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်​မှာ ခေတ်​ကာလ​သည် မည်မျှ​ပင်​ဆိုးရွား​နေပါ​စေ ဘုရားသခင်​သည် မိမိ​လူမျိုးတော်ကို အမြဲ​ဂရုစိုက်​တော်​မူ​ပြီး ကိုယ်တော်​၏​ရည်ရွယ်ချက်များ​ကို ပြီးမြောက်​အောင်မြင်​စေမည်​ဖြစ်သည်။