စစ်မှန်သောဝိညာဉ်ရေးဆိုင်ရာစံများကို သင်အဘယ်တွင် တွေ့နိုင်သနည်း
စစ်မှန်သောဝိညာဉ်ရေးဆိုင်ရာစံများကို သင်အဘယ်တွင် တွေ့နိုင်သနည်း
“မိရိုးဖလာထုံးတမ်းစဉ်လာအရ ဝတ်ပြုရေးတစ်ခုကို မင်းလိုက်စားမယ်ဆိုရင် လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ က ဒို့ရဲ့ဘိုးဘေးတွေဝတ်ပြုခဲ့တဲ့ ကဲလ်တစ်ဘာသာကို ဘာဖြစ်လို့မရွေးတာလဲ” ဟုရိုးဒေါ့လ်ဖ်က ရွဲ့ပြီးမေးမြန်းခဲ့သည်။ နားထောင်နေသူလူငယ်က သူ၏ဆိုလိုချက်ကိုသဘောပေါက်ပြီး ပြုံးလေသည်။
ရိုးဒေါ့လ်ဖ်က ဤသို့ထုတ်ပြောခဲ့သည်– “ဘုရားသခင်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ ကျွန်တော့်အတွက် သိပ်အရေးပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေ၊ ဒါမှမဟုတ် ရာစုနှစ်တွေက အသက်ရှင်ခဲ့တဲ့ ကျွန်တော့်မိသားစုက ဒီဘာသာဝင်ဖြစ်ခဲ့လို့ အစဉ်အလာအရ အဲဒီဘာသာကို မဖြစ်မနေယုံကြည်လက်ခံရမယ်ဆိုတဲ့အယူအဆကို ကျွန်တော်လုံးလုံးဆန့်ကျင်တယ်။” ရိုးဒေါ့လ်ဖ်သည် ကိစ္စရပ်များကို စဉ်းစားချင့်ချိန်ခဲ့သည်; ဤအရေးပါသောကိစ္စကို အမွေဆက်ခံရာတစ်ခုအဖြစ်မျှသာ သူသဘောမထားခဲ့ချေ။
လူမျိုးဆက်တစ်ခုမှ တစ်ခုသို့ ဝတ်ပြုရေးတစ်ခုကို လက်ဆင့်ကမ်းခြင်းသည် ယခုလျော့နည်းလာပြီဖြစ်သော်လည်း အများစုမှာ မိမိတို့မိသားစုဝတ်ပြုရေး၌ စွဲမြဲနေကြဆဲရှိသည်။ သို့သော် မိဘများ၏ဝတ်ပြုရေးစံနှုန်းများ၌ စွဲမြဲနေခြင်းသည် အစဉ်မှန်သလော။ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
တောကန္တာရ၌ အနှစ် ၄၀ လှည့်လည်ပြီးနောက် မောရှေ၏အရာကိုဆက်ခံသူယောရှုသည် ဣသရေလလူမျိုးအား ဤသို့ရွေးချယ်စေခဲ့သည်– “ထာဝရဘုရားအားဝတ်မပြုကောင်းဟုသင်တို့ထင်လျှင် မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား [သခင်]၊ သင်တို့နေရာအာမောရိပြည်သားတို့၏ ဘုရား[သခင်]များတွင် အဘယ်မည်သောဘုရား[သခင်]တို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာဝတ်ပြုမည်။”—ယောရှု ၂၄:၁၅။
ယောရှုရည်ညွှန်းနေသော ဘိုးဘေးတို့အနက်တစ်ဦးမှာ ထိုအချိန်က ဥဖရတ်မြစ်၏အရှေ့ဘက်၌ တည်ရှိသော ဥရမြို့နေ အာဗြဟံ၏ဖခင် တေရဖြစ်သည်။ သမ္မာကျမ်းစာက တေရသည် အခြားတစ်ပါးသောဘုရား[သခင်]များကို ဝတ်ပြုကိုးကွယ်သည့်အကြောင်းမှလွဲ၍ သူ့အကြောင်း သိပ်မဖော်ပြချေ။ (ယောရှု ၂၄:၂) သူ၏သားအာဗြဟံမှာမူ ဘုရားသခင့်ရည်ရွယ်ချက်ကို အပြည့်အစုံမသိသေးသော်လည်း သူနေထိုင်ရာမြို့မှထွက်ခွာရန် ယေဟောဝါမိန့်တော်မူသောအခါ နှောင့်နှေးဆိုင်းတွခြင်းမရှိ ထွက်ခဲ့သည်။ အာဗြဟံသည် သူ့ဖခင်၏ဝတ်ပြုရေးနှင့်မတူသော ဝတ်ပြုရေးကို ရွေးချယ်ခဲ့သည်။ ထိုသို့ပြုသောကြောင့် အာဗြဟံသည် ဘုရားသခင်ကတိထားရာကောင်းချီးများကို ခံစားခဲ့ရပြီး “ထာဝရဘုရားကို ယုံကြည်ကိုးစား . . . သူတို့၏အဖ” အဖြစ် ဝတ်ပြုရေးများစွာ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။—ရောမ ၄:၁၂၊ သတင်းကောင်း။
သမ္မာကျမ်းစာက ယေရှုခရစ်၏ဘေးမတစ်ဦးဖြစ်သော ရုသ၏အတ္ထုပ္ပတ္တိကိုလည်း နှစ်လိုဖွယ်ကောင်းစွာ ဖော်ပြပါသည်။ ဣသရေလလူမျိုးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့သော မောဘအမျိုးသမီးရုသသည် မုဆိုးမတစ်ဦးဖြစ်လာသောအခါ မိမိနေရင်းတိုင်းပြည်၌ နေရစ်မည်လော၊ ယောက္ခမနှင့်အတူ ဣသရေလနိုင်ငံသို့ လိုက်သွားမည်လောဆိုသည်ကို ရွေးချယ်ခဲ့ရသည်။ သူ၏မိဘများကိုးကွယ်သော အရုပ်ကိုးကွယ်ခြင်းနှင့် နှိုင်းယှဉ်သော် ယေဟောဝါ၏ဝတ်ပြုရေးသည် သာလွန်မြင့်မြတ်၍ တန်ဖိုးရှိကြောင်း ရုသအသိအမှတ်ပြုကာ သူ၏ယောက္ခမကို ဤသို့အတိအလင်းပြောခဲ့သည်– “ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရား[သခင်]သည် ကျွန်မဘုရား[သခင်]ဖြစ်ပါစေ။”—ရုသ ၁:၁၆၊ ၁၇။
သမ္မာကျမ်းစာ ကျမ်းဂန်စုထဲ ၎င်းအတ္ထုပ္ပတ္တိပါဝင်ခြင်းနှင့်ပတ်သက်၍ ဒစ်ရှောနရီ ဒီ လာ ဘီဘဲလ်က “ဣသရေလလူမျိုး၏ရန်သူဖြစ်ပြီး သူတို့မုန်းတီးသော အယူမှားလူမျိုးအကြား မွေးဖွားလာသည့် တိုင်းတစ်ပါးအမျိုးသမီးတစ်ဦးသည် . . . ယေဟောဝါ၏လူမျိုးတော်နှင့် ကိုယ်တော်၏ဝတ်ပြုမှုကို ချစ်ခင်မြတ်နိုးသောကြောင့် ဘုရားသခင့်အစီအစဉ်ဖြင့် ဒါဝိဒ်မင်းကြီး၏ ဘေးမတစ်ဦးဖြစ်လာပုံ” ကို အဆိုပါမှတ်တမ်းကဖော်ပြသည်ဟု ရှင်းပြ၏။ ရုသသည် သူ့မိဘများ၏ဝတ်ပြုမှုနှင့်မတူသော ဝတ်ပြုမှုတစ်ခုကို ရွေးချယ်ရန် မတွန့်ဆုတ်ခဲ့ချေ၊ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဘုရားသခင့်ကောင်းချီးခံစားခဲ့ရသည်။
ဘိုးဘေးတို့၏ဝတ်ပြုမှုကို ယေရှု၏တပည့်များ စွန့်ပစ်ခဲ့ကြခြင်းအကြောင်းရင်းများကို ခရစ်ယာန်ဘာသာ၏မူလအစ ဖော်ပြသောမှတ်တမ်းက ပို၍ရှင်းလင်းစေသည်။ အလွန်သွေးဆောင်နိုင်စွမ်းရှိသော တမန်တော်ပေတရုသည် သူ၏ဟောပြောချက်တွင် မိမိတို့အပြစ်များကို နောင်တယူပြီး ယေရှုခရစ်၏နာမ၌ နှစ်ခြင်းခံခြင်းအားဖြင့် “သဘောမဖြောင့်သောဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်ကြ” ရန် သူ၏ပရိသတ်ကို ဖိတ်ခေါ်ခဲ့သည်။ (တမန်တော် ၂:၃၇-၄၁) အထူးခြားဆုံးပုံနမူနာတစ်ခုမှာ ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သူ ဂျူးလူမျိုးရှောလုဖြစ်သည်။ ဒမာသက်မြို့သို့သွားစဉ် ခရစ်တော်ကို အဆင်းအာရုံ၌ ရှောလုမြင်ခဲ့ရပြီးနောက် သူသည် ခရစ်ယာန်တစ်ဦးဖြစ်လာကာ တမန်တော်ပေါလုအဖြစ် လူသိများလာလေသည်။—တမန်တော် ၉:၁-၉။
အစောပိုင်းခရစ်ယာန်များစွာတို့သည် ထိုသို့သောအံ့ဖွယ်ကောင်းသည့်အတွေ့အကြုံကို မရခဲ့ကြပါ။ သို့သော် သူတို့အားလုံးသည် ဂျူးဘာသာရေးစနစ် သို့မဟုတ် အယူမှားဘုရား[သခင်]အသီးသီးတို့ကို စွန့်လွှတ်ခဲ့ကြသည်။ ခရစ်ယာန်ဘာသာကို လက်ခံခဲ့ကြသူတို့သည် မေရှိယအဖြစ် ယေရှု၏အခန်းကဏ္ဍကို အတန်ကြာဆွေးနွေးခဲ့ကြပြီးနောက် ဖြစ်ရပ်မှန်များကို ကောင်းကောင်းသိနားလည်ပြီးမှ ဘာသာဝင်များဖြစ်လာခဲ့သည်။ (တမန်တော် ၈:၂၆-၄၀; ၁၃:၁၆-၄၃; ၁၇:၂၂-၃၄) ထိုအစောပိုင်းခရစ်ယာန်များသည် မိမိတို့၏အသက်တာကို ပြုပြင်ပြောင်းလဲဖို့လိုကြောင်း ကောင်းစွာသိနားလည်ခဲ့ကြသည်။ ဂျူးများနှင့် ဂျူးမဟုတ်သူများပါ အားလုံးဖိတ်ခေါ်ခံခဲ့ရသော်လည်း သူတို့ကြားနာခဲ့သောသတင်းတရားမှာ မပြောင်းလဲချေ။ ဘုရားသခင်၏အလိုတော်နှင့်တွေ့ဖို့ သူတို့သည် ခရစ်ယာန်ဘာသာတည်းဟူသော ဝတ်ပြုရေးပုံစံအသစ်ကို လိုက်နာကြဖို့လိုအပ်ခဲ့သည်။
ကျွန်ုပ်တို့နှင့်သက်ဆိုင်သော ရွေးချယ်စရာတစ်ခု
ပထမရာစုတွင် မိသားစုဝတ်ပြုရေးထုံးစံများဖြစ်သည့် ယုဒဘာသာ၊ ဧကရာဇ်ဝတ်ပြုမှု၊ အယူမှားဘုရား[သခင်]များဝတ်ပြုမှုတို့ကို ငြင်းပယ်ပြီး ဂျူးနှင့် ရောမလူမျိုးတို့ ပြယ်ရယ်ပြုသော လှုပ်ရှားဆောင်ရွက်မှုတစ်ခု၌ပါဝင်ရန် ရဲစွမ်းသတ္တိလိုခဲ့မည်မှာ ဧကန်အမှန်ပင်။ ဤသို့ရွေးချယ်ပြုမူခဲ့ခြင်းကြောင့် မကြာမီပင် အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြသည်။ ဗဲ ယွန် ဖရဲန့်စ် ပေးရဲန်းနီလော (The Paganization of France?) ဟူသော ခလေးမွန်-ဖရန်းမြို့၏ ကက်သလစ်ဘိရှော့ ဟစ်ပိုလတီ စိုင်းမွန်က သူ၏စာအုပ်တွင်ဖော်ပြသကဲ့သို့ ယနေ့ “လမ်းရိုးလိုက်ဝါဒ ပျံ့နှံ့လျက်ရှိသောဝန်းကျင်တွင် လူတစ်ဦး ပါဝင်ပတ်သက်နစ်မွန်း” မနေဖို့ အလားတူသတ္တိမျိုးလိုသည်။ ယေဟောဝါသက်သေများဟူသော၊ ရံဖန်ရံခါ ပြစ်တင်ကဲ့ရဲ့ခံရသည့် လူနည်းစုဘာသာတရားတစ်ခုတွင် တစ်ဦးပါဝင်ရန် အလားတူရဲစွမ်းသတ္တိလိုသည်။
ခေါ့စီကာကျွန်း၊ ဗာစတီယာမြို့မှ လူငယ်တစ်ဦးဖြစ်ပြီး ချာ့ခ်ျဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာသူ ပေါလ်သည် ချာ့ခ်ျအလှူဒါနအဖွဲ့အတွက် ရန်ပုံငွေကောက်ခံရန် ကိတ်မုန့်များရောင်းခြင်းစသည့် ချာ့ခ်ျလုပ်ဆောင်မှုများ၌ အခါအားလျော်စွာပါဝင်ခဲ့သည်။ သမ္မာကျမ်းစာကို ပိုမိုသိနားလည်လိုသောကြောင့် ယေဟောဝါသက်သေများနှင့် မှန်မှန်ဆွေးနွေးရန် သူသဘောတူခဲ့သည်။ အချိန်တန်သော် သူသင်ယူလေ့လာနေသောအရာက သူ့အတွက် တည်တံ့သောအကျိုးကျေးဇူးများ ရရှိစေမည်ဟု သိရှိလာသည်။ သို့နှင့် ပေါလ်သည် ကျမ်းစာစံနှုန်းများကို အကြွင်းမဲ့လက်ခံပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်လာလေသည်။ သူ့မိဘများက သူ၏ရွေးချယ်မှုကို အသိအမှတ်ပြုလေးစား၏၊ ယင်းကြောင့် သူတို့၏မိသားစုရင်းနှီးမှု မထိခိုက်ခဲ့ပေ။
အမီးလီယာသည် ပြင်သစ်နိုင်ငံတောင်ပိုင်း၌ နေထိုင်သည်။ သူ၏မိသားစုသည် ယေဟောဝါသက်သေများဖြစ်ခဲ့သည်မှာ လူမျိုးဆက်လေးဆက်ရှိနှင့်ပြီ။ မိဘများ၏ ဝတ်ပြုရေးစံနှုန်းများကို အမီးလီယာအဘယ်ကြောင့် ရွေးချယ်လက်ခံခဲ့သနည်း။ “သင့်မိဘ၊ သင့်ဘိုးဘွားတွေက ယေဟောဝါသက်သေဖြစ်နေလို့၊ ဒါမှမဟုတ် ဖြစ်ခဲ့ကြလို့ သင်လည်း ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတာမဟုတ်ဘူး” ဟုသူဆိုသည်။
“ဒါပေမဲ့ တစ်နေ့သောအခါမှာ ဒီအရာတွေက ငါ့ခံယူချက်ဖြစ်လို့ ငါဒီဘာသာဝင်ဖြစ်တာလို့ ကိုယ့်ကိုယ်ကိုပြောမှာ။” အမီးလီယာ၏ ခိုင်မာသောဘာသာရေးခံယူချက်များသည် သူ့ဘဝကို ရည်ရွယ်ချက်ရှိစေပြီး အမြဲပျော်ရွှင်စေကြောင်း အခြားယေဟောဝါသက်သေ လူငယ်များစွာကဲ့သို့ သူလည်းသိထားသည်။ဘုရားသခင့်စံနှုန်းများကို လက်ခံရသည့်အကြောင်းရင်း
ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသူတို့ကို နယပုံပြင်ကျမ်း အခန်းကြီး ၆၊ အခန်းငယ် ၂၀ က ဤသို့တိုက်တွန်းသည်– “ငါ့သား အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသောတရားကို မပယ်နှင့်။” မမေးမစမ်းဘဲ မျက်စိမှိတ်နာခံရန် အကြံပြုမည့်အစား ထိုဆုံးမစကားက ဘုရားသခင်၌ မိမိတို့ယုံကြည်ခြင်းကို တိုးပွားစေပြီး သူတို့ကိုယ်တိုင် ဘုရားသခင်ဘက်ရပ်တည်ကြခြင်းဖြင့် ဘုရားသခင့်စံနှုန်းများကိုလက်ခံရန် လူငယ်များကို တိုက်တွန်းပါသည်။ တမန်တော်ပေါလုက “ခပ်သိမ်းသောအရာကိုစုံစမ်း” ရန်၊ မိမိတို့သင်ယူနေသောအရာများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ ကိုယ်တော်၏အလိုတော်နှင့် ညီမညီစစ်ဆေးပြီး ထိုအတိုင်းကျင့်ကြံပြုမူရန် သူ၏အပေါင်းပါများကို တိုက်တွန်းခဲ့သည်။—၁ သက်သာလောနိတ် ၅:၂၁။
ခရစ်ယာန်အိမ်ထောင်စုတစ်ခုတွင် ကြီးပြင်းလာသည်ဖြစ်စေ၊ မကြီးပြင်းလာသည်ဖြစ်စေ ခြောက်သန်းကျော်သော ယေဟောဝါသက်သေ ကြီးငယ်မဟူတို့သည် အလားတူဆုံးဖြတ်ခဲ့ကြသည်။ သမ္မာကျမ်းစာကို အသေအချာလေ့လာခဲ့ကြခြင်းအားဖြင့် ဘဝ၏ရည်ရွယ်ချက်ဆိုင်ရာ မေးခွန်းများနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသောအဖြေများကို သူတို့ရရှိခဲ့ကြပြီး လူသားတို့အတွက် ဘုရားသခင့်အလိုတော်ကို ရှင်းလင်းတိကျစွာ နားလည်ခဲ့ကြသည်။ ဤအသိပညာကို သူတို့ရရှိထားကြရာ ဘုရားသခင့်စံနှုန်းများကိုလက်ခံပြီး ဘုရားသခင့်အလိုတော်ကို အတတ်နိုင်ဆုံးဆောင်ရွက်ကြသည်။
အသင်သည် ဤမဂ္ဂဇင်းကိုမှန်မှန်ဖတ်ရှုသူတစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သမ္မာကျမ်းစာ၏ ဝိညာဉ်ရေးစံနှုန်းများကို ဆန်းစစ်ကြည့်ရန် ယေဟောဝါသက်သေများ၏ကမ်းလှမ်းချက်ကို လက်ခံပါ။ ဤနည်းအားဖြင့် “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း” နိုင်ပြီး လက်တွေ့ကျင့်သုံးပါက ထာဝရအသက်သို့ပို့ဆောင်မည့် အသိပညာကို သင်ရရှိပါလိမ့်မည်။—ဆာလံ ၃၄:၈; ယောဟန် ၁၇:၃။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လူမျိုးဆက်လေးဆက်တိုင် ယေဟောဝါသက်သေများဖြစ်လာ ခဲ့သော ပြင်သစ်နိုင်ငံမှမိသားစုတစ်စု
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရုသသည် ဘိုးဘေးများ၏ဘုရားသခင်များအစား ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ရွေးချယ်ခဲ့