မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးညစာစားပွဲ ယင်းကား အဘယ်နည်း

နောက်ဆုံးညစာစားပွဲ ယင်းကား အဘယ်နည်း

နောက်ဆုံး​ညစာ​စားပွဲ ယင်း​ကား အဘယ်နည်း

“နောက်ဆုံး​ညစာ​စားပွဲ” ဟူသော​စကား​ကို​ကြား​သည့်​အခါ အဘယ်အရာ​သတိရ​သနည်း။ လူအများသည် အီတလီ​နိုင်ငံ၊ မီ​လ​န်​မြို့ရှိ လီ​ယို​နာ​ဒို ဒါ ဗင်ချီ (၁၄၅၂-၁၅၁၉) ၏​ကျော်ကြား​သော​အင်္ဂတေ​ပန်းချီ​ကို သတိရ​လိမ့်​မည်။ ရာစုနှစ်များ​တစ်လျှောက် နောက်ဆုံး​ညစာ​စားပွဲ​သည် ပန်းချီ​ဆရာ၊ စာရေး​ဆရာ​နှင့် တေးဂီတ​ပညာရှင်​တို့ ကြိုက်​နှစ်သက်သော အကြောင်း​တစ်ခု​ဖြစ်​ခဲ့​သည်။

သို့သော် နောက်ဆုံး​ညစာ​စားပွဲ​ကား အဘယ်နည်း၊ ၂၁ ရာစု​၌ အသက်ရှင်​ကြ​သူတို့​အတွက် ယင်းက အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ စွယ်စုံ​ကျမ်း​များနှင့် အဘိဓာန်​ကျမ်း​များ​က သခင့်​ညစာ​စားပွဲ​ဟူ၍လည်း​ခေါ်ဆို​သည့် နောက်ဆုံး​ညစာ​စားပွဲ​သည် ပူဇော်ရာ​ယဇ်​အဖြစ် ကိုယ်တော်​မသေဆုံးမီ​ညနေခင်း​၌ ယေရှု​နှင့် ကိုယ်တော်​၏​တမန်​တော်​များ စားသောက်​ခဲ့​ကြ​သည့်​ပွဲ​ဖြစ်သည်ဟု သင့်​အား ရှင်းပြ​လိမ့်​မည်။ ယင်းသည် ယေရှု၏​တည်ကြည်သော​နောက်လိုက်​များနှင့် ကိုယ်တော်​နောက်ဆုံး​စား​ခဲ့​သော ညစာ​စားပွဲ​ဖြစ်သော​ကြောင့် ထုံးတမ်း​စဉ်​လာ​အရ ၎င်းကို နောက်ဆုံး​ညစာ​စားပွဲ​ဟူ၍ ခေါ်ဆို​ခြင်း​ဖြစ်သည်။ ထို့​ပြင် ယင်းကို သခင်​ယေရှု​ခရစ်​ကိုယ်တော်တိုင် အစပြု​ခဲ့​ရာ သခင့်​ညစာ​စားပွဲ​ဟူသော အမည်​မှာ ဆီလျော်​လှ​၏။

ရာစုနှစ်များ​တစ်လျှောက် လူများစွာ​တို့သည် မွန်မြတ်​သည့်​အရေးကိစ္စ​ဟု မိမိတို့​ယူမှတ်ခဲ့​ကြသော​အရာများ​အတွက် အသက်ပေး​ခဲ့​ကြပြီ။ ထိုသို့​သေဆုံး​ခဲ့​သူ​အချို့​သည် လူ​တစ်စု​အတွက် ကာလ​အတော်အတန် အကျိုး​ရရှိစေ​ခဲ့​သည်။ ထို​သူတို့သည် ကိုယ်ကျိုး​စွန့်​သေဆုံး​ခဲ့​သည့်​အတွက် ချီးမွမ်းစရာ​ကောင်း​သော်လည်း ယေရှု​ခရစ်​၏​ထူးခြားသော​သေခြင်းနှင့် နှိုင်းယှဉ်​ကြည့်​က လုံးဝ​ယှဉ်​၍​မရပါ။ ထို့​ပြင် အခက်အခဲ​မြားမြောင်​သည့်​လူ့​သမိုင်း​တွင် အဘယ်​သေခြင်းက​မျှ ခရစ်တော်​၏​သေခြင်း​လောက် အကျိုး မသက်ရောက်​နိုင်​ချေ။ အဘယ်ကြောင့်​နည်း။

ထို​မေးခွန်း​ကို​ဖြေဆို​ရန်​နှင့် သခင့်​ညစာ​စားပွဲ​သည် သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း သိ​ရန် နောက်​ဆောင်းပါး​ကို ဖတ်​ကြည့်​ဖို့ သင့်​အား ကျွန်ုပ်​တို့​ဖိတ်ခေါ်ပါ​သည်။