မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီမြင့်မြတ်သောပညာရေးတိုးမြှင့်မှုတွင် ကျွန်တော့်ပါဝင်မှု

ကမ္ဘာချီမြင့်မြတ်သောပညာရေးတိုးမြှင့်မှုတွင် ကျွန်တော့်ပါဝင်မှု

ဘဝ​အတ္ထုပ္ပတ္တိ

ကမ္ဘာချီ​မြင့်မြတ်​သော​ပညာရေး​တိုးမြှင့်​မှု​တွင် ကျွန်တော့်​ပါဝင်မှု

ရောဘတ် န​စ္စ​ဘက်​တ် ပြောပြ​သည်

ဆွာဇီလန်​ဘုရင် ဆိုဘူဇာ ၂ က သူ့ရဲ့​နန်းတော်​ကိုလာ​ဖို့ ကျွန်တော့်​ညီ​ဂျော့ဂျ်​နဲ့ ကျွန်တော့်​ကို ဖိတ်ခေါ်​ခဲ့တယ်။ ၁၉၃၆ ခုနှစ်​က​ဖြစ်​ခဲ့​ပေမဲ့ ကျွန်တော်​တို့​ပြော​ခဲ့​တဲ့​စကား​ကို အခုထိ မှတ်မိ​သေး​တယ်။ ရှင်ဘုရင်​တစ်ပါး​နဲ့ ဒီလို​ကြာမြင့်စွာ​စကားပြော​ခဲ့​တာ​ဟာ မဟာ​ကျမ်းစာ​ပညာပေး​လုပ်ငန်းမှာ ကျွန်တော်​ရဲ့​ကြာပြီ​ဖြစ်​တဲ့ ပါဝင်​ခဲ့​မှု​ရဲ့ တစ်စိတ်​တစ်​ဒေသ​ဖြစ်ပါ​တယ်။ အခု ကျွန်တော့်​အသက် ၉၅ နှစ်မှာ တိုက်ကြီး​ငါး​တိုက်​ကို ရောက်သွား​ခဲ့​ရတဲ့ အဲ့ဒီ​လုပ်ငန်းမှာပါ​ဝင်ခွင့်​ရခဲ့​တာ​ကို ပြန်သတိရ​ပြီး ကြည်နူး​မိတယ်။

အဖြစ်အပျက်​အားလုံး စကော့တလန်​နိုင်ငံ၊ အဲ​ဒင်ဗာ့ဂ်​မြို့မှာ​နေတဲ့ ကျွန်တော်​တို့​မိသားစု​ဆီ လက်​ဖက်​ခြောက်​အရောင်း​ဈေးသည် ဒေါ့ပ်​စင် ရောက်လာ​တဲ့ ၁၉၂၅ ခုနှစ်​ကနေ စ​ခဲ့​တာ။ ကျွန်တော့်​အသက် ၁၉ နှစ်​ကျော်​ကျော်​လေးမှာ ဆေး​ဖော်စပ်​တဲ့​ပညာ​သင်​အဖြစ် အလုပ်​လုပ်ခဲ့တယ်။ ကျွန်တော်​ငယ်​သေး​ပေမဲ့ ၁၉၁၄-၁၈ ခုနှစ်​အတွင်း ကမ္ဘာ​စစ်​ကြောင့် မိသားစု​တွေ​နဲ့ ဝတ်ပြုရေး အခြေအနေ​တွေ အကြီးအကျယ်​ပြောင်းလဲ​နေတာကို ရင်​လေး​မိတယ်။ မစ္စတာ​ဒေါ့ပ်​စင် အလည်​လာတဲ့​တစ်ခေါက်​မှာ ခေတ်​များ​တစ်လျှောက် ဘုရားသခင့်​အစီအစဉ် စာအုပ်​ကို ပေး​သွားတယ်။ အဲ့ဒီ​မှာ တိကျ​သေချာ​ပြီး “အစီအစဉ်” ရှိတဲ့ ဉာဏ်ကြီးရှင်​ဘုရားသခင်​အကြောင်း ဖော်ပြ​ထား​ပုံ​က ကျိုးကြောင်း​ညီညွတ်​ပြီး ကျွန်တော်​ကိုးကွယ်​ချင်​တဲ့ ဘုရားသခင်​မျိုးနဲ့ တစ်ထပ်တည်း​ပဲ။

မကြာခင် အဲ့ဒီ​တုန်း​က ကျမ်းစာ​ကျောင်းသား​တွေ​လို့ လူသိ​များ​ခဲ့​တဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ အစည်းအဝေးတွေကို အမေနဲ့​ကျွန်တော် စတက်​ခဲ့​ကြတယ်။ ၁၉၂၆၊ စက်တင်ဘာ​လမှာ အမေရော ကျွန်တော်​ပါ ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​ပြီး ဂ​လက်​စ်​ဂို​မြို့မှာ​ကျင်းပ​တဲ့ စည်းဝေးကြီး​မှာ နှစ်ခြင်း​ခံ​လိုက်တယ်။ နှစ်ခြင်း​ခံ​မယ့်​သူ​တိုင်း ခြေဖနောင့်​မှာ​ကြိုးချည်​လို့​ရတဲ့ အပေါ်ဝတ်ရုံ​အရှည်ကြီး​ကို ရေချိုး​ဝတ်စုံ​ရဲ့ အပေါ်​ကနေ​ဝတ်​ရတယ်။ အဲ့ဒီ​အချိန်​က အလေးအနက်​ထား​ရမယ့် အချိန်​အခါမျိုးမှာ ဒီလို​ဝတ်ရုံ​ရှည်​ဝတ်​တာ​ဟာ သင့်တော်တယ်​လို့ ယူဆ​ခဲ့​ကြတယ်။

အဲ့ဒီ​အစောပိုင်း​အချိန်တွေ​က ကျွန်တော်​တို့​ရဲ့​သိနားလည်မှု​အတော်များများကို ကောင်း​သည်ထက်​ကောင်း​အောင် လုပ်ဆောင်​ပေးဖို့​လို​ခဲ့တယ်။ အသင်းသား​အားလုံးနီးပါး ခရစ္စမတ်​ပွဲ​ကို ကျင်းပ​ခဲ့တယ်။ လူနည်းစု​လေး​ပဲ လယ်ကွင်း​ဓမ္မ​အမှုမှာ ပါဝင်​ခဲ့တယ်။ အကြီးအကဲ​တချို့​တောင် တနင်္ဂနွေ​နေ့မှာ စာအုပ်စာတမ်း​ဝေငှ​တာ ဥပုသ်​ကို​ချိုးဖောက်​နေတာ​လို့​ဆိုပြီး ကန့်ကွက်​ခဲ့တယ်။ ဒါပေမဲ့ ၁၉၂၅ ခုနှစ်​ကစပြီး ကင်းမျှော်စင် ဆောင်းပါး​တွေ​က “ဧဝံဂေလိတရား​ကို ရှေးဦး​စွာ လူမျိုးအပေါင်း​တို့အား ဟော​ရ​လိမ့်​မည်” ဆို​တဲ့ မာကု ၁၃:၁၀ အစ​ရှိတဲ့ ကျမ်းချက်​တွေ​ကို ပို​ပြီး​ဖော်ပြ​လာ​ပါ​တယ်။

အဲ့ဒီ​ကမ္ဘာချီ​လုပ်ငန်း​ကို ဘယ်လို​ပြီး​အောင် လုပ်ဆောင်ကြ​မလဲ။ တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော် ပထမဦးဆုံး​ပါဝင်​ခဲ့​တုန်း​က စိတ်ဝင်စားစရာ​ကောင်း​တဲ့ ဝတ်ပြုရေး​စာအုပ်​တွေ​ကို လိုက်ရောင်း​နေတာ​လို့ အိမ်ရှင်ကို ရိုးရိုးလေး​ပြော​ပြီး အရေးကြီး​ကျမ်းစာ​သွန်သင်ချက်​ဆယ်​ချက်​ကို စောင်း​ကြိုး​ဆယ်​ကြိုး​နဲ့ နှိုင်းယှဉ်​ရှင်းပြ​ထား​တဲ့ ဘုရားသခင့်​စောင်းတော် စာအုပ်​ကို ကမ်း​လှမ်း​ခဲ့တယ်။ နောက်ပိုင်း​မှာ အိမ်ရှင်​ဖတ်​ကြည့်​ဖို့ သတင်းတရားကို အတိုချုပ်​ရေးထားတဲ့ သက်သေခံ​ကတ်ပြား တစ်ခုစီ​ရခဲ့တယ်။ ခရီးဆောင်​ဓာတ်ပြား​စက်​ကို​ယူသွား​ပြီး အသံသွင်း​ထား​တဲ့ လေး​မိနစ်​ခွဲ​ဟောပြောချက်တွေကို ဖွင့်ပြခဲ့​ကြတယ်။ အရင်​ဓာတ်ပြား​စက်​တွေ​က တော်တော်လေး​ပေမဲ့ နောက်ပိုင်း​ဓာတ်ပြား​စက်​ပုံစံ​အသစ်တွေ​က အတော်လေး​ပေါ့​သွားတဲ့​အပြင် တချို့​စက်​တွေ​ကို ဒေါင်လိုက်​ထားပြီး​တောင် ဖွင့်ပြ​နိုင်​ခဲ့တယ်။

၁၉၂၅ ခုနှစ်​ကနေ ၁၉၃၀ ပြည့်လွန်​နှစ်တွေ​အထိ ကျွန်တော်​တို့ အတတ်နိုင်ဆုံး​ဟောပြော​သက်သေခံ​ခဲ့​ကြ​တာ။ အဲ့ဒီ​နောက် ၁၉၄၀ ပြည့်လွန်​နှစ်များ​အစောပိုင်းမှာ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ကို အသင်းတော်​အားလုံး​မှာ အစပြု​ကျင်းပ​ခဲ့တယ်။ နားထောင်ချင်​တဲ့ အိမ်ရှင်​တွေ​ကို ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား ကိုယ်တိုင်​ဟောပြော​တတ်​ဖို့ သွန်သင်​ပေး​ခဲ့တယ်။ စိတ်ဝင်စားသူ​တွေ​နဲ့ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​တွေ​ပြုလုပ်​ဖို့ အရေးကြီးတယ်ဆိုတာ​ကိုလည်း ကျွန်တော်​တို့ သိလာ​ကြရတယ်။ တစ်နည်း​ပြော​ရ​ရင် အခု​လုပ်ကိုင်​နေတဲ့ ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​လုပ်ငန်းဟာ အစ​ပဲ​ရှိသေးတယ်။

ညီအစ်ကို​ရပ်သဖော့ဒ်​၏ အားပေးမှု

ပညာပေး​လုပ်ငန်းမှာ ကျွန်တော်​တိုးချဲ့​ပါဝင်​ချင်​တဲ့​အတွက် ၁၉၃၁ ခုနှစ်​မှာ အချိန်ပြည့်​ရှေ့ဆောင်​ဓမ္မ​အမှုမှာ စာရင်း​သွင်း​ခဲ့တယ်။ လန်ဒန်​မြို့မှာ စည်းဝေးကြီး​ကျင်းပ​ပြီး​တာ​နဲ့ ချက်ချင်းပဲ စီစဉ်​ခဲ့တယ်။ နေ့လယ်​ထမင်း​စားချိန်​မှာ အဲ့ဒီ​တုန်း​က လုပ်ငန်း​ကို ကြီးကြပ်​ရတဲ့ ညီအစ်ကို​ရပ်သဖော့ဒ်​က ကျွန်တော်​နဲ့ စကားပြော​ခွင့်​တောင်း​တယ်။ အာဖရိက​နိုင်ငံ​ကို ရှေ့ဆောင်​တစ်ယောက်​လွှတ်​ဖို့ သူ့မှာ အစီအစဉ်​ရှိတယ်​တဲ့။ “ညီအစ်ကို သွား​ချင်​သလား” လို့​သူ​မေးတယ်။ ရုတ်တရက်​အံ့အားသင့်​သွားပေ​မဲ့ “ဟုတ်ကဲ့၊ ကျွန်တော်​သွားမယ်” လို့​ပြတ်ပြတ်သားသား ပြန်​ပြော​ခဲ့တယ်။

အဲ့ဒီ​တုန်း​က ကျွန်တော်​တို့​ရဲ့ အဓိက​ပန်းတိုင်​ဟာ ကျမ်းစာ,စာပေ​တွေ​ကို ဖြစ်​နိုင်​သရွေ့ များများ​ဝေငှ​ဖို့​ဖြစ်​တဲ့​အတွက် အမြဲ​ခရီးထွက်​နေ​ရတယ်။ အဲ့ဒီ​အချိန်​က ကြီးကြပ်ရေး​တာဝန်ရ​ရှိ​ထား​တဲ့ ညီအစ်ကို​အားလုံးနီးပါး​ကို အိမ်ထောင်​မပြုဖို့ တိုက်တွန်း​ထား​တဲ့​အတွက် ကျွန်တော်​လည်း အဲ့ဒီ​လို​ပဲ​အားပေး​ခံ​ခဲ့​ရတယ်။ ကျွန်တော့်​ရပ်ကွက်​က အာဖရိက​တောင်ဘက်​စွန်း ကိပ်​တောင်း​မြို့ကနေ​စပြီး အိန္ဒိယ​သမုဒ္ဒရာ ပင်လယ်​ကမ်းရိုးတန်း​ကျွန်း​တွေ​အပါအဝင် အာဖရိက​တိုက်​ရဲ့ အရှေ့ပိုင်း​ကမ်းခြေ​တစ်လျှောက်​ဖြစ်တယ်။ အနောက်ပိုင်း​နယ်စပ်​အထိ​သွားဖို့ ကာ​လ်​အ​ဟာ​ရ်​အီ​သဲကန္တာရ​ကို​ဖြတ်​ပြီး နိုင်းလ်မြစ်​စမ်း​ဝ ဗစ်​တိုး​ရီး​ယား​အိုင်​အထိ သွားခဲ့​ရတယ်။ ဒီ​ဧရိယာ​နယ်မြေမှာ​ရှိတဲ့ အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​စီ​မှာ ကျွန်တော့်​အလုပ်ဖော်​နဲ့​အတူ ခြောက်​လ​စီ နေထိုင်ခဲ့ရတယ်။

ဝိညာဉ်​ရေး​ဘဏ္ဍာ​ပုံး​နှစ်​ရာ

ကိပ်​တောင်း​မြို့ကို ကျွန်တော်​ရောက်တဲ့အခါ အရှေ့​အာဖရိက​ကို ယူသွား​ရမယ့် စာအုပ်​ပုံး ၂၀၀ ကို​ထုတ်ပြ​တယ်။ အဲ့ဒီ​စာအုပ်​တွေ​က ဥရောပ​ဘာသာ​စကား​လေးမျိုး၊ အာရှဘာသာစကားလေးမျိုး​နဲ့​ဖြစ်တယ်၊ အာဖရိကန်​ဘာသာ​စကား​နဲ့​စာအုပ် တစ်အုပ်​မှ​မပါဘူး။ ကျွန်တော်​မရောက်လာခင်​ကတည်းက ဒီ​စာအုပ်​ပုံး​တွေ ဘယ်လို​ရောက်​လာသလဲ​လို့ မေးကြည့်​တော့ ကင်​ညာ​နိုင်ငံ​မှာ သွား​ဟောပြောဖို့ မကြာခင်​က​ပဲ ထွက်သွား​ကြ​တဲ့ ရှေ့ဆောင်​နှစ်ယောက် ဖရန့်ခ်​နဲ့ ဂ​ရေး​စ​မ​စ်သ်​တို့ ယူသွား​ဖို့​ဖြစ်တယ်​လို့ ပြောပြ​တယ်။ ကင်​ညာ​နိုင်ငံ​ကို ရောက်​ပြီး​မကြာခင်​မှာပဲ သူတို့​နှစ်ယောက်စလုံး ငှက်ဖျား​မိ​ပြီး ဖရန့်ခ်​ခမျာ ဆုံးသွား​ရှာတယ်​တဲ့။

ဒီ​သတင်း​ဟာ အလေးအနက်​ထား​စဉ်းစားစရာ​ဖြစ်စေ​ခဲ့​ပေမဲ့ ကျွန်တော့်​ကို မ​လန့်​သွား​စေ​ခဲ့​ပါ​ဘူး။ ကျွန်တော့်​ရဲ့​လုပ်ဖော်ကိုင်ဖက် ဒေးဗစ်​နော​မ​န်​နဲ့​အတူ ကိပ်​တောင်း​မြို့ကနေ​မိုင် ၃,၀၀၀ လောက်​ဝေး​တဲ့ ကျွန်တော်​တို့ ဦးဆုံး​တာဝန်ကျ​တဲ့ တန်ဇန်းနီးယား​နိုင်ငံ​ကို သင်္ဘော​နဲ့ ထွက်ခွာ​လာ​ခဲ့​ကြတယ်။ ကင်​ညာ​နိုင်ငံ၊ မွမ်​ဘာ​ဆာ​မြို့က ခရီး​သွား​ကိုယ်စားလှယ်​တစ်ယောက်​က ကျွန်တော်​တို့​ရဲ့ စာအုပ်​ပုံး​တွေ​ကို သိမ်း​ပေး​ထားပြီး ကျွန်တော်​တို့ မှာ​တဲ့​နေရာကို စာအုပ်​ပုံး​တွေ​ပို့ပေး​ခဲ့တယ်။ မြို့​တိုင်း​မှာ အရင်ဆုံး စီးပွားရေး​ရပ်ကွက်​ဖြစ်​တဲ့ ဆိုင်​တွေ၊ ရုံး​တွေ​မှာ ကျွန်တော်​တို့ သက်သေခံ​ခဲ့​ကြတယ်။ ကျွန်တော်​တို့​စာအုပ်​ပုံး​တွေ​မှာ စာအုပ်ကြီး ၉ အုပ်​နဲ့ စာအုပ်​ငယ် ၁၁ အုပ်​အစုံ​လိုက်ပါ​တယ်၊ ရောင်စုံ​စာအုပ်​တွေ​ဖြစ်​လို့ သက်တံ​ရောင်စုံ​စာအုပ်​တွေ​လို့ နာမည်​ရလာတယ်။

အဲ့ဒီ​ကနေ ပင်လယ်​ကမ်းရိုးတန်း​အရှေ့ပိုင်း​ကနေ​မိုင် ၂၀ လောက်​ဝေး​တဲ့ ဇန်​ဇ​ဘား​ကျွန်း​ကို​သွားဖို့ ကျွန်တော်​တို့ ဆုံးဖြတ်​ခဲ့​ကြတယ်။ ဇန်​ဇ​ဘား​ကျွန်း​ဟာ နှစ်​ရာစု​တစ်လျှောက် ကျွန်​အရောင်းအဝယ်​ဗဟိုချက်​မ​တစ်ခု​ဖြစ်​ခဲ့တယ်၊ လေး​ညှင်း​ပွင့်​ပေါ​လို့ နာမည်ကြီး​တယ်၊ မြို့ထဲ​ဝင်​တာ​နဲ့ ဘယ်​နေရာကို​ပဲ​သွား​သွား လေး​ညှင်း​ပွင့်​အနံ့​ရတယ်။ မြို့ကို စနစ်တကျ​မတည်​ထား​လို့ ကျွန်တော်​တို့ သွား​လို​တဲ့​နေရာကို ရှာ​ရတာ နည်းနည်း​ခက်တယ်။ လမ်း​တွေ​က ကွေ့ကောက်​ပြီး ရှုပ်ထွေး​နေတဲ့​အတွက် လမ်းပျောက်​သွားနိုင်တယ်။ ကျွန်တော်​တို့​တည်း​တဲ့ ဟိုတယ်​က အတော်လေး​ကို နေလို့​ထိုင်​လို့​ကောင်း​ပေမဲ့ သံ​မှို​ရိုက်​ထား​တဲ့​တံခါး​တွေ​နဲ့ အုတ်​နံရံ​အ​ထူ​ကြီး​တွေ​ကြောင့် ကြည့်​ရတာ ဟိုတယ်​နဲ့​မတူဘဲ အကျဉ်းထောင်​နဲ့​ပို​တူတယ်။ ဒါပေမဲ့ အဲ့ဒီ​မှာ ဟောပြောလို့​ကောင်းတယ်၊ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကို အာရပ်၊ အင်​ဒီး​ယန်းနဲ့ တခြား​သူတွေ တလိုတလား လက်ခံ​ယူ​ကြတယ်။

မီး​ရထားများ၊ သင်္ဘော​များနှင့် ကား​များ

အဲ့ဒီ​တုန်း​က အရှေ့​အာဖရိက​မှာ ခရီး​သွား​ရတာ မလွယ်​ဘူး။ ဥပမာ​ပြော​ရ​ရင်၊ မွမ်​ဘာ​ဆာ​မြို့ကနေ ကင်​ညာ​ကုန်းမြင့်​ဒေသ​တွေ​ကို သွားတဲ့​လမ်းမှာ ကျိုင်းကောင်​ကပ်​ဆိုက်​လို့ ရထား​ဆက်​မသွား​နိုင်​တော့​ဘူး။ သန်းနဲ့ချီတဲ့​ကျိုင်းကောင်​တွေ နေရာတကာမှာ​သေနေ​လို့ မီးရထားလမ်း​တွေ အရမ်း​ချော​ပြီး ရထား​မသွား​နိုင်​တဲ့​အတွက် ရထားလမ်း​ကို စက်ခေါင်း​ကနေ ရေ​နွေး​လောင်း ဆေးကြော​ပြီး ဖြည်းဖြည်းချင်း ဆက်သွား​ခဲ့​ရတယ်။ ကုန်းမြင့်​ဒေသ​ကို မီး​ရထား စတက်​ပြီး ကုန်းမြင့်​ဒေသရဲ့ အေးမြ​တဲ့​ရာသီဥတု​ကို ခံစားရ​တော့​မှ စိတ်သက်သာရာ​ရတော့တယ်!

ကမ်းရိုးတန်း​မြို့​တွေ​ကို မီး​ရထား၊ သင်္ဘော​တွေ​နဲ့ အလွယ်တကူ​ရောက်​နိုင်​ပေမဲ့ ကျေးလက်​ဒေသ​တွေ​ဆီ ကား​နဲ့​သွားတာ အကောင်းဆုံး​ပဲ။ ကျွန်တော့်​ညီ​ဂျော့ဂျ်​ရောက်လာ​ပြီး ကျွန်တော်​နဲ့​တွဲ​အမှုဆောင်​လို့ ဝမ်းသာ​ခဲ့​ရတယ်၊ ဘာဖြစ်​လို့လဲ​ဆိုတော့ အဲ့ဒီ​အခါ​ကျ​မှ အိပ်ရာတွေ၊ မီးဖိုချောင်၊ သိုလှောင်ခန်း​နဲ့ ခြင်စကာ​ပြတင်းပေါက်​တွေ​ပါ​တဲ့ အတော်အသင့်​ကြီး​တဲ့ ထရပ်ကား​တစ်စီး​ဝယ်​နိုင်​လို့​ပဲ။ ကား​အမိုး​ပေါ်မှာ အသံချဲ့စက်​တွေ​ကိုလည်း တပ်ထား​တယ်။ အဲ့ဒီ​လို​နဲ့​ပဲ နေ့​ပိုင်း​မှာ ကျွန်တော်​တို့ တစ်အိမ်​မှ​တစ်အိမ် သက်သေခံ​ထွက်​နိုင်​ပြီး ညနေပိုင်း​မှာ ဈေးကွက်​ထဲမှာ ကျွန်တော်​တို့​ရဲ့​ဟောပြောချက်တွေကို လာ​နားထောင်​ကြဖို့ လူတွေကို ဖိတ်ခေါ်​နိုင်​ခဲ့တယ်။ ကျွန်တော်​တို့​ဖွင့်ပြခဲ့​တဲ့ “ငရဲ ပူ​သလား” ဆို​တဲ့ ဓာတ်ပြား​ကို လူကြိုက်များ​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့ “ကား​အိမ်” နဲ့​တောင်​အာဖရိက,ကနေ ကင်​ညာ​အထိ မိုင် ၂,၀၀၀ ခရီး​တစ်ခေါက်​ထွက်​ခဲ့​ကြတယ်၊ အဲ့ဒီ​အချိန်​မှာ အာဖရိကန်​ဘာသာ​စကား​တချို့​နဲ့ စာအုပ်​ငယ်​အမျိုးမျိုး ပါ​လာတာ​ကြောင့် ကျွန်တော်​တို့​ဝမ်းသာခဲ့ကြတယ်၊ ဒေသခံ​လူတွေကလည်း အဲ့ဒီ​စာအုပ်​တွေ​ကို အားရ​ဝမ်းသာ​လက်ခံ​ယူ​ခဲ့​ကြတယ်။

အဲ့ဒီ​လို​ခရီးစဉ်​တွေ​မှာ ကျွန်တော်​တို့ စိတ်​ကြည်နူး​စ​ရာ​တစ်ခု​က အာဖရိကန်​တောရိုင်း​တိရစ္ဆာန် အတော်များများကို တွေ့ခဲ့​ရတာပဲ။ ညမှောင်​သွားတဲ့အခါ လုံခြုံမှု​ရှိဖို့ ကား​ထဲမှာ​ပဲ​နေကြ​တယ်၊ ယေဟောဝါ​ဖန်ဆင်း​ထား​တဲ့ တိရစ္ဆာန်​အမျိုးမျိုးကို သူတို့ရဲ့​သဘာဝ​ပတ်ဝန်းကျင်​မှာ​တွေ့​လိုက်ရ​တာ ယုံကြည်ခြင်း​ပို​ခိုင်ခံ့​စေတယ်။

အတိုက်အခံ​စတင်

တောရိုင်း​တိရစ္ဆာန်​တွေ​ရဲ့​ရန်ကို သတိထား​နေနိုင်​ပေမဲ့ ကျွန်တော်​တို့​ရဲ့ ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို လူသိရှင်ကြား စတင်​အတိုက်အခံ​လုပ်ကြ​တဲ့ အစိုးရ​အရာရှိ​တွေ​နဲ့ အမျက်​ခြောင်း​ခြောင်း​ထ​နေတဲ့ ဘာသာရေး​ခေါင်းဆောင်​တွေ​ရဲ့​ရန်ကို ရင်ဆိုင်​ရတာက ပို​ခက်တယ်။ အဓိက​ပြဿနာကြီး​တစ်ခု​က သူ့ကိုယ်သူ “ဘုရားသခင့်​သားတော်” လို့​အဓိပ္ပာယ်​ရတဲ့ မ​ဝါး​နား လီဆာ​လို့​ခေါ်​တဲ့ ဘာသာရေး​အယူသီး​သူ​တစ်ယောက်​နဲ့ ရင်ဆိုင်ခဲ့​ရတာ​ဖြစ်တယ်၊ ဝမ်းနည်းစရာက “ကင်းမျှော်စင်” လို့​အဓိပ္ပာယ်​ရတဲ့ ကီ​တာ​ဝါ​လီ​လို့​ဆိုပြီး သူ့​အုပ်စု​က နာမည်ကြီး​နေတာ။ ကျွန်တော်​တို့​မရောက်ခင်​လေးမှာ ဒီ​လူက အာဖရိကန်​အတော်များများကို နှစ်ခြင်း​ပေး​မယ်​ဆိုပြီး ရေ​နှစ်​သတ်ခဲ့​တယ်။ နောက်ဆုံး​မှာ သူ့ကို ဖမ်း​ပြီး ကြိုး​မိ​န့်​ပေး​ခဲ့တယ်။ နောက်ပိုင်း​မှာ အဲ့ဒီ​လူကို​ကြိုး​မိ​န့်​ပေး​တဲ့​သူနဲ့ ကျွန်တော် စကားပြော​ခွင့်​ရခဲ့တယ်၊ အဲ့ဒီ​အယူသီး​သူဟာ ကျွန်တော်​တို့​ကင်းမျှော်စင်​အသင်း​နဲ့ လုံးဝ​မဆိုင်​ဘူးလို့ ပြောပြ​နိုင်​ခဲ့တယ်။

အဓိက​အနေ​နဲ့ ငွေ​ရေး​ကြေး​ရေး​ကြောင့် ကျွန်တော်​တို့​ပညာပေး​လုပ်ငန်း​ကို မကြိုက်​ကြ​တဲ့ ဥရောပ​သားတွေ​နဲ့​လည်း ပြဿနာ​ဖြစ်​သေး​တယ်။ ကုန်​သိုလှောင်ရုံ​မန်နေဂျာ​တစ်ယောက်​က “လူဖြူ​တစ်ယောက် ဒီ​နိုင်ငံ​မှာ ဆက်နေ​ချင်​တယ်​ဆိုရင် အာဖရိကန်​တွေ​ကို သူတို့ရဲ့​လုပ်အားခ ခေါင်းပုံဖြတ်​ခံ​နေရ​တယ်​ဆိုတာ အသိ​မပေး​နဲ့” ဆိုပြီး မကျေမနပ်​ပြော​ခဲ့တယ်။ ဒါ​ကြောင့် ရွှေ​တွင်း​ကုမ္ပဏီ​ခေါင်းဆောင်​တစ်ယောက်​က သူ့​ရုံး​ကနေ ကျွန်တော်​တို့ကို နှင်ထုတ်​ခဲ့​တာ။ အဲ့ဒီ​နောက် ဒေါသတကြီး​နဲ့ ကျွန်တော့်​ကို လမ်း​အဆုံးအထိ လိုက်​ပို့​တယ်။

ဝတ်ပြုရေး​နဲ့ စီးပွားရေး အတိုက်အခံ​သ​မား​တွေ​က အကြီးအကျယ်​လွှမ်းမိုး​နေ​တော့ နောက်ဆုံး​မှာ ရို​ဒီး​ရှား (အခု ဇင်ဘာဘွေ) အစိုးရ​က ကျွန်တော်​တို့ကို နိုင်ငံ​ကနေ ထွက်သွား​ခိုင်းတယ်။ အဲ့ဒီ​ဆုံးဖြတ်ချက်​ကို ကျွန်တော်​တို့ အယူခံဝင်​တဲ့​အခါ အာဖရိကန်​တွေ​ကို မ​ဟော​ဘူးဆို​ရင် နေထိုင်ခွင့်​ရမယ်ဆို​ပြီး ကျွန်တော်​တို့ အောင်မြင်​သွားတယ်။ အကြောင်းပြချက်​တစ်ခု​က ကျွန်တော်​တို့​စာပေ​ဟာ “အာဖရိကန်​ဦးနှောက်​နဲ့ မအပ်စပ်​ဘူး” လို့ အရာရှိ​တစ်ယောက်​က ထုတ်ပြော​တယ်။ ဒါပေမဲ့ တခြား​နိုင်ငံ​တွေ​မှာ ကျွန်တော်​တို့​ရဲ့ ပညာပေး​လုပ်ငန်း​ကို အာဖရိကန်​တွေ​ကြား အတားအဆီး​မရှိ လုပ်ဆောင်နေ​ပြီး သူတို့က​တောင် အားပေး​သေး​တယ်။ အဲ့ဒီ​နိုင်ငံ​တွေ​ထဲ​က တစ်နိုင်ငံ​က​တော့ ဆွာဇီလန်​နိုင်ငံ​ဖြစ်တယ်။

ဆွာဇီလန်​နိုင်ငံ​ဘုရင်​က ဖိတ်ခေါ်

ဆွာဇီလန်​နိုင်ငံ​ဟာ ၆,၇၀၄ စတုရန်း​မိုင်သာ​ရှိတဲ့ လွတ်လပ်တဲ့​နိုင်ငံငယ်​ကလေး​တစ်ခု​ဖြစ်​ပြီး တောင်​အာဖရိက​အတွင်းမှာ​ရှိတယ်။ ဒီ​ဆောင်းပါး​ရဲ့​အစ​မှာ ဖော်ပြ​ထား​သလို စကား​ဖောင်ဖွဲ့​အောင်​ပြောတတ်​တဲ့ ဘုရင်​ဆိုဘူဇာ ၂ နဲ့​ကျွန်တော်​တို့ အဲ့ဒီ​မှာ တွေ့ဆုံ​ခဲ့​ကြ​တာ။ ဗြိတိသျှ​တက္ကသိုလ်​တစ်ခု​မှာ သူ​ပညာ​သင်​ရင်း တတ်​ခဲ့​တဲ့​အင်္ဂလိပ်​ဘာသာ​စကား​ကို သူ​ကောင်းကောင်း​ပြော​နိုင်တယ်။ သာမန်​အဝတ်အစား​နဲ့ ကျွန်တော်​တို့ကို ကြိုဆို​လက်ခံ​စကားပြော​ခဲ့တယ်။

စိတ်ထားမှန်​သူတွေ​အတွက် ဘုရားသခင်​ရည်ရွယ်​ထား​တဲ့ မြေကြီး​ပရဒိသု​အကြောင်း သူနဲ့ စကားပြော​ဖြစ်​ခဲ့​ကြတယ်။ အဲ့ဒီ​အကြောင်းကို သူ​အထူး​စိတ်မဝင်စား​ပေမဲ့ အဲ့​ဒါနဲ့​နွှယ်​နေတဲ့ အကြောင်း​တစ်ခု​ကို​တော့ အရမ်း​စိတ်ဝင်စား​ခဲ့တယ်။ ဘုရင်​က ဆင်းရဲသား​တွေ​နဲ့ စာ​မတတ်​သူတွေရဲ့ လူနေမှု​အဆင့်အတန်း​ကို တိုးတက်စေ​ချင်​တယ်။ ပညာရေး​ထက် ချာ့ခ်ျ​အသင်းသား​ဖြစ်လာ​စေဖို့ ပို​စိတ်ဝင်စား​ကြ​တဲ့ ခရစ်ယာန်ဘောင်​သာသနာပြုတွေ​ရဲ့ လုပ်ငန်း​ကို သူ​မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်​တို့​ရှေ့ဆောင်​တချို့​ရဲ့ လုပ်ဆောင်မှုကို ဘုရင်​က ကောင်းကောင်း​သိတဲ့​အပြင် ကျွန်တော်​တို့​ရဲ့ ကျမ်းစာ​ပညာပေး​လုပ်ငန်း​ကို ငွေ​မယူ​ဘဲ ဒါမှ​မဟုတ် တခြား​ဝန်ဆောင်မှု​တွေ​မတောင်းဆို​ဘဲ တလိုတလား​လုပ်ဆောင်နေ​တာ​ကို ချီးမွမ်း​ခဲ့တယ်။

ကျမ်းစာ​ပညာပေး​လုပ်ငန်း အရှိန်အဟုန်​တိုးမြှင့်

၁၉၄၃ ခုနှစ်​မှာ ခရစ်ယာန်​သာသနာပြုတွေကို လေ့ကျင့်​ပေးဖို့ ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​ကို ဖွင့်လှစ်​ခဲ့တယ်။ ကျမ်းစာ,စာပေ​ဝေငှခြင်း​ကို အဓိက​အာရုံစိုက်​မယ့်​အစား စိတ်ဝင်စား​သူတွေ​ရှာတွေ့​ရင် သူတို့ဆီ​ပြန်သွား ကူညီ​ပေးဖို့​ကို အလေးထား​ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်​မှာ ဂျော့ဂျ်​နဲ့ ကျွန်တော့်​ကို ၁၆ ကြိမ်​မြောက် ဂိလဒ်​သင်တန်း တက်ရောက်​ဖို့ ဖိတ်ခေါ်​ခဲ့တယ်။ အဲ့ဒီ​မှာ ခင်မင်​စ​ရာ​ကောင်း​တဲ့ ဩစတြေးလျ​ညီအစ်မ ဂျီးန်​ဟိုက်​ဒ်​နဲ့ ကျွန်တော်​တွေ့ဆုံ​ခဲ့​တာ၊ ကျွန်တော်​တို့​နှစ်ယောက်စလုံး ကျောင်းဆင်း​ပြီး​နောက် သူက ဂျပန်​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​တာဝန်ကျ​ခဲ့တယ်။ အဲ့ဒီ​တုန်း​က တစ်ကိုယ်ရေ​ဘဝကို အားပေး​ဆဲ​ဖြစ်​တဲ့​အတွက် ကျွန်တော်​တို့​ရဲ့​ခင်မင်မှု​ဟာ ဆက်​မ​တိုး​ခဲ့​ဘူး။

ဂိလဒ်​သင်တန်း​ပြီး​တဲ့​နောက်​မှာ ဂျော့ဂျ်​နဲ့​အတူ အိန္ဒိယ​သမုဒ္ဒရာ​ကျွန်း​ဖြစ်​တဲ့ မော်​ရေး​ရှ​ပ်​မှာ ကျွန်တော်​ခရစ်ယာန်​သာသနာပြု​တာဝန် ရခဲ့တယ်။ ကျွန်းသား​တွေ​နဲ့​မိတ်ဖွဲ့​ပြီး သူတို့ရဲ့​ဘာသာ​စကား​ကို သင်ယူ​တဲ့​အပြင် သူတို့နဲ့ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​တွေ ပြုလုပ်​ခဲ့​ကြတယ်။ နောက်ပိုင်း​မှာ ကျွန်တော့်​ညီ ဝီ​လျမ်​နဲ့ သူ့​ဇနီး​မြူ​ရီ​ရဲ​လ်​တို့​လည်း ဂိလဒ်​ကျောင်းဆင်း​ခဲ့​ကြတယ်။ ကျွန်တော်​သွား​ဟောပြောခဲ့တဲ့ ရပ်ကွက်​ဟောင်း​ဖြစ်​တဲ့ ကင်​ညာ​နိုင်ငံ​မှာ သူတို့​တာဝန်ကျ​တယ်။

ရှစ်နှစ်​တာ​ကာလ​ဟာ ကုန်​မြန်​လိုက်တာ၊ ၁၉၅၈ ခုနှစ်​မှာ နယူးယောက်​မြို့မှာ​ကျင်းပ​တဲ့ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​မှာ ဂျီးန်​ဟိုက်​ဒ်​နဲ့ ကျွန်တော်​ပြန်​ဆုံ​တယ်။ ကျွန်တော်​တို့​ရဲ့ ခင်မင်​ရင်းနှီးမှုကို ပြန်​စပြီး​နောက်​မှာ ကျွန်တော်​တို့ စေ့စပ်​လိုက်ကြတယ်။ အဲ့ဒီ​နောက် မော်​ရေး​ရှ​ပ်​ကျွန်း​ကနေ ဂျပန်​နိုင်ငံ​မှာ ခရစ်ယာန်​သာသနာပြု​ဖို့ ကျွန်တော်​ပြောင်းရွှေ့​ခံရ​ပြီး အဲ့ဒီ​မှာပဲ ၁၉၅၉ ခုနှစ်​မှာ ဂျီးန်​နဲ့​လက်ထပ်​လိုက်တယ်။ အဲ့ဒီ​နောက် ဟို​တုန်း​က အသင်းတော်​ငယ်​ကလေး​တစ်ခု​ပဲ​ရှိသေး​တဲ့ ဟီ​ရို​ရှီး​မား​မြို့မှာ ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ပျော်ပျော်ရွှင်ရွှင် အစပြု​လုပ်ဆောင်ခဲ့​ကြတယ်။ ဒီ​က​နေ့ အဲ့ဒီ​မြို့မှာ အသင်းတော် ၃၆ ခု​ရှိနေပြီ။

ဂျပန်​နိုင်ငံ​ကို ဆာ​ယို​နာ​ရ

နှစ်တွေ​ကုန်လွန်​လာတာ​နဲ့ ကျွန်တော်​တို့​နှစ်ယောက်စလုံး​ရဲ့ ကျန်းမာ​ရေး​ချို့တဲ့​လာတာ​ကြောင့် ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာပါ​ဝင်​ဖို့ တဖြည်းဖြည်း​ခက်​လာတယ်၊ နောက်ဆုံး​တော့ ဂျပန်​နိုင်ငံ​က​ထွက်ခွာ​ခဲ့​ရပြီး ဂျီးန်​ရဲ့​ဇာတိ​နိုင်ငံ ဩစတြေးလျ​မှာ အခြေချ​ရတဲ့ အခြေအနေ​ပေါ်လာ​တယ်။ ဟီ​ရို​ရှီး​မား​မြို့ကနေ ထွက်ခွာ​ခဲ့​ရတဲ့​နေ့ဟာ ဝမ်းနည်းစရာ​နေ့​တစ်နေ့​ပါ။ ဘူတာရုံ​စင်္ကြံ​မှာ ကျွန်တော်​တို့​ချစ်​ရတဲ့ မိတ်ဆွေ​အားလုံး​ကို ဆာ​ယို​နာ​ရလို့ နှုတ်ဆက်​ခဲ့​ရ​ပါ​တယ်။

အခု​ဆိုရင် ကျွန်တော်​တို့ ဩစတြေးလျ​နိုင်ငံ​မှာ အခြေချ​နေထိုင်​နေကြ​တယ်၊ ကျွန်တော်​တို့​မှာ​ရှိတဲ့ အစွမ်းအစ​လေး​နဲ့ န​ယူး​ဆောက်​ဝေး​လ်​ပြည်နယ်​က အာမီဒေလ်​အသင်းတော်မှာ ယေဟောဝါ​ရဲ့​အမှုတော်ကို ဆက်​ပြီး​အစွမ်းကုန်​ထမ်းဆောင်​နေကြပါ​တယ်။ ခရစ်ယာန်​အမှန်တရား​ဘဏ္ဍာ​ကို အနှစ်​ရှစ်​ဆယ်​နီးပါး လူတွေကို ဝေမျှပေး​ခဲ့​ရတာ တကယ်​ကို​ရွှင်လန်း​အားရစရာ​ပဲ! အံ့ဩစရာ​ကောင်း​လောက်​အောင် ကျမ်းစာ​ပညာပေး​လုပ်ငန်း​အစီအစဉ် တိုးတက်​လာတာကို ကျွန်တော်​မြင်တွေ့ခဲ့​ရပြီး ထူးခြားတဲ့ ဝိညာဉ်​ရေး​အဖြစ်အပျက်တွေကို​ပါ ကိုယ်တိုင်​မြင်တွေ့ခဲ့​ရတယ်။ ဒီလို​တိုးတက်လာ​တာ​ဟာ ဘယ်သူ​ကြောင့်၊ ဘယ်​လူအုပ်စု​ကြောင့်​မှ မဟုတ်ဘူး။ တကယ်တော့ “ထို​အမှုသည် ထာဝရ​ဘုရား ပြု​တော်​မူ​သော​အမှု​ဖြစ်၏။ ငါ​တို့​မျက်မှောက်​၌​လည်း အံ့သြဖွယ်​ဖြစ်၏” ဆို​တဲ့ ဆာလံဆရာ​ရဲ့​စကား​အတိုင်း​ပါ​ပဲ။—ဆာလံ ၁၁၈:၂၃

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ကျွန်တော်​တို့​ရဲ့ မော်တော်ကား​အိမ်နဲ့​အတူ ကျွန်တော့်​ညီ​ဂျော့ဂျ်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဗစ်​တိုး​ရီး​ယား​အိုင်​တွင် ကျွန်တော်

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

၁၉၃၈ ခုနှစ်​က ဆွာဇီလန်​နိုင်ငံ​တွင် လူထု​ဟောပြောပွဲ တက်ရောက်​ခဲ့​ကြသော အထက်တန်း​ကျောင်းသား​များ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

၁၉၅၉ ခုနှစ်​က ကျွန်တော်​တို့​လက်ထပ်​သည့်​နေ့​နှင့် ယနေ့ ဂျီးန်​နှင့်အတူ