ကျွန်ုပ်တို့ သိကောင်းသိမည်မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်း
ကျွန်ုပ်တို့ သိကောင်းသိမည်မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်း
ဂျာမနီနိုင်ငံရှိ လူသုံးဦးတွင် နှစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ကြသည်ဟူ၏။ သို့တိုင်၊ လူတစ်ထောင်ကျော်အား သူတို့ယုံကြည်ကြသည့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ရုပ်လုံးဖော်ခိုင်းသည့်အခါ အားလုံးနီးပါးက တစ်ယောက်တစ်မျိုးစီဖြေကြသည်။ “ဂျာမန်လူမျိုးတို့သည် ကွဲပြားခြားနားနေသကဲ့သို့ပင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆကိုယ်စီရှိကြ၏” ဟု ဖိုးကပ်စ် သတင်းမဂ္ဂဇင်းကအစီရင်ခံသည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် ချီးမွမ်းဖွယ်ကောင်းသော်လည်း ကိုယ်တော်သည် မည်သို့သောအရှင်ဖြစ်ကြောင်း မသိရှိဘဲနှင့် ကိုယ်တော့်ကိုယုံကြည်ခြင်းက ဝမ်းနည်းဖွယ်မကောင်းပေလော။
ဘုရားသခင့်ဇာတိတော်နှင့်ပတ်သက်၍ အသေအချာမသိကြခြင်းကို ဂျာမနီတစ်နိုင်ငံတည်းတွင်သာ တွေ့ရှိရသည်မဟုတ်၊ ဥရောပအနှံ့အပြားတွင် တွေ့ရှိရ၏။ ဩစတြီးယား၊ ဗြိတိန်နှင့် နယ်သာလန်နိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုက ဘုရားသခင်သည် “မြင့်မြတ်သည့် တန်ခိုးရှင်တစ်ပါး၊ ဖော်ပြ၍မရသော လျှို့ဝှက်ချက်တစ်ခု” ဟု အနှံ့အပြားသဘောတူလက်ခံထားကြောင်း ထုတ်ဖော်ပြသည်။ အထူးသဖြင့် လူငယ်များ၊ ကိုယ်တော့်ကိုယုံသည်ဟု ဆိုသူတို့အလယ်၌ပင် ကိုယ်တော်သည် နက်နဲရာဖြစ်၏။
ဘုရားသခင်အား သင်သိကျွမ်းသလော
တစ်ဦးတစ်ယောက်ကိုသိခြင်းနှင့် သူ့အား သိကျွမ်းခြင်းသည် အကြီးအကျယ်ကွာခြားသည်။ တစ်ဦးတစ်ယောက်—မချဉ်းကပ်နိုင်သော ရှင်ဘုရင်တစ်ပါး၊ အားကစားအကျော်အမော်တစ်ဦး၊ ရုပ်ရှင်မင်းသား သို့မဟုတ် မင်းသမီးတစ်ဦး—ကိုသိခြင်းသည် သူရှိကြောင်း အသိအမှတ်ပြုခြင်းဖြစ်၏။ သို့ရာတွင်၊ တစ်ဦးတစ်ယောက်ကို သိကျွမ်းခြင်းဟူသည် ထိုထက်မကသိခြင်းဖြစ်သည်။ သိကျွမ်းသည်ဟုဆိုရာတွင် ထိုသူ၏စရိုက်လက္ခဏာ၊ အမူအကျင့်၊ ခံစားချက်၊ နှစ်သက်ရာနှင့် မနှစ်သက်ရာများအပြင် အနာဂတ်အတွက် စီမံချက်များကို သိကျွမ်းခြင်းပါဝင်သည်။ တစ်ဦးတစ်ယောက်ကို သိကျွမ်းလျှင် ထိုသူနှင့် ရင်းနှီးခင်မင်စွာဆက်ဆံခွင့်ရှိသည်။
ဘုရားသခင်အကြောင်း အနည်းအကျဉ်းသာသိထားခြင်း သို့မဟုတ် ဘုရားသခင်ရှိသည်ဟုသာ သိခြင်းမျှသည် မလုံလောက်ကြောင်း ထောင်သောင်းမကသောလူတို့ ဆင်ခြင်တွက်ဆခဲ့ကြပြီ။ ဤသူတို့သည် ဘုရားသခင်အား တရင်းတနှီးသိကျွမ်းလာခဲ့ကြပြီ။ ဤသို့သိကျွမ်းလာခြင်းသည် သူတို့အတွက် အကျိုးရှိခဲ့ပါသလော။ ဂျာမနီနိုင်ငံမြောက်ပိုင်းတွင်နေထိုင်သူ၊ ဘုရားသခင်ရှိသည်ကို ယခင်ကလက်ခံခဲ့သည့် ပေါလ်အမည်ရှိ အမျိုးသားတစ်ဦးသည် ကိုယ်တော်အား ပို၍သိကျွမ်းလာရန်ကြိုးစားမည်ဟု စိတ်ဆုံးဖြတ်ခဲ့သည်။ “ဘုရားသခင်ကိုသိကျွမ်းဖို့ အချိန်နဲ့ ခွန်အားစိုက်ထုတ်ခဲ့ရပေမဲ့ ရရှိတဲ့အကျိုးက များပါတယ်။ ဖန်ဆင်းရှင်နဲ့ တရင်းတနှီးဆက်ဆံရလို့ ကျွန်တော့်နေ့စဉ်ဘဝအသက်တာ ပိုကောင်းလာတယ်” ဟုပေါလ်ရှင်းပြ၏။
ဘုရားသခင်အား တရင်းတနှီးသိကျွမ်းလာဖို့ အချိန်နှင့် ခွန်အားစိုက်ထုတ်ခြင်းသည် အကျိုးနပ်ပါသလော။ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ရှုပါလေ။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
တစ်ဦးတစ်ယောက်ကိုသိခြင်းနှင့် သူ့အား သိကျွမ်းခြင်းသည် အကြီးအကျယ်ကွာခြား