ဘရာဇီးလ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတို့ ‘ကြားနာနေကြရ’
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘရာဇီးလ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတို့ ‘ကြားနာနေကြရ’
နားမကြားသူတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်ရန် ဘရာဇီးလ်နိုင်ငံရှိ ယေဟောဝါသက်သေများစွာသည် ဘရာဇီးလ်လက်ဟန်ပြစကားကို ခဲရာခဲဆစ် သင်ယူခဲ့ကြပြီ။ အောက်ပါတွေ့ ကြုံမှုများက ဖော်ပြသည့်အတိုင်း သူတို့၏ကြိုးပမ်းအားထုတ်မှုများမှ အလွန်ကောင်းမွန်သည့်ရလဒ်များရရှိခဲ့ပြီ။
ဆာပိုလိုရှိ နားပင်းနေသောအမျိုးသမီးဖြစ်သူ အီဗာ * နှင့် သူ၏ကလေးသုံးယောက်သည် နားပင်းသောအမျိုးသားတစ်ဦးနှင့် သွားရောက်နေထိုင်ပြီးနောက် လက်ဟန်ပြစကားကို စတင်သင်ယူခဲ့သည်။ ဈေးရုံကြီးတစ်ခုတွင် သူနှင့် သူ၏အမျိုးသားအဖော်သည် နားပင်းသူယေဟောဝါသက်သေအုပ်စုတစ်စုနှင့် ဆုံတွေ့ ခဲ့ရာ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခံခဲ့ကြရသည်။ ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်မည်ဟု သူတို့ယူမှတ်၍ ထိုဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ကြသည်။
လက်ဟန်ပြစကားကို အပြည့်အဝမတတ်သေးသဖြင့် အီဗာသည် စည်းဝေး၌ ပြောသမျှကို နားမလည်ခဲ့ပါ။ ၎င်းနောက် သက်သေခံအချို့က မိမိတို့အိမ်သို့ အစာစားသောက်ကြရန် သူ့ကိုဖိတ်ခေါ်ခဲ့သည်။ ကမ္ဘာသားဘဝ ထာဝရစံစားကြ! ဘရိုရှာမှ ရုပ်ပုံများကိုပြပြီး သူတို့က အနာဂတ်တွင် မြေကြီးပရဒိသုဖြစ်လာဖို့ ဘုရားသခင်ကတိတော်ရှိကြောင်း ရှင်းပြခဲ့သည်။ အီဗာသည် သူကြားသိသမျှကို နှစ်သက်မြတ်နိုးသဖြင့် အစည်းအဝေးများကို မှန်မှန်စတက်လေ၏။
ထို့နောက် မကြာမီပင် ကျမ်းစာစံနှုန်းများနှင့်အညီ သူနေထိုင်လို၍ သူ၏အမျိုးသားအဖော်ကို စွန့်ခွာခဲ့သည်။ မိသားစုက သူ့ကိုပြင်းပြင်းထန်ထန် အတိုက်အခံပြုသည့်ကြားမှ သူသည် ဝိညာဉ်ရေးတွင် ဆက်တိုးတက်လာခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် နှစ်ခြင်းယူလေသည်။ ခြောက်လအကြာတွင် အီဗာသည် ရှေ့ဆောင်တစ်ဦး သို့မဟုတ် အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် နာမည်စာရင်းသွင်းခဲ့သည်။ ယခုဆိုလျှင် သူသည် နားမကြားသူ လေးဦးကို ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည့်အဆင့်သို့ ရောက်သည်အထိ ကူညီပေးခဲ့ပေပြီ။
ကားလော့စ်သည် မွေးကတည်းက နားမကြားခဲ့ပါ။ ကလေးဘဝမှစ၍ သူသည် မူးယစ်ဆေးစွဲပြီး အကျင့်ယိုယွင်းကာ ခိုးဝှက်လာခဲ့သည်။ ပြိုင်ဘက်လူဆိုးဂိုဏ်း၏ခြိမ်းခြောက်မှုကြောင့် သူသည် ဆာပိုလိုမြို့သို့ထွက်ပြေး၍ ဂျိုအာနှင့် အတန်ကြာနေထိုင်ခဲ့သည်။ ဂျိုအာသည်လည်း ကားလော့စ်ကဲ့သို့ နားမကြားသူတစ်ဦးဖြစ်ပြီး ထင်ရာစိုင်းစည်းမဲ့ကမ်းမဲ့ နေထိုင်သည်။
နှစ်အနည်းငယ်အကြာတွင် ကားလော့စ်သည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကြားသိလာရာ သူ၏ဘဝကို ပြုပြင်ပြောင်းလဲ၍ တရားဝင်လက်ထပ်ဖို့ လှုံ့ဆော်ခံရ၏။ ကျမ်းစာတောင်းဆိုချက်များကို ပြည့်မီပြီးနောက် ကားလော့စ်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့သည်။ ဤအချိန်အတောအတွင်း ကားလော့စ်မသိလိုက်သည်မှာ ဂျိုအာသည်လည်း သတင်းကောင်းကိုကြားသိပြီး သူ၏ဘဝကို အကြီးအကျယ်ပြောင်းလဲခဲ့သည်။ ရုပ်ပုံများအသုံးပြုခြင်းကို ယေဟောဝါမနှစ်သက်ကြောင်း သိရှိနားလည်လာသည်နှင့် ဂျိုအာသည် သူစုဆောင်းထားသော “စိန့်” များကို စွန့်ပစ်ခဲ့၏။ သူ၏ယခင်ဘဝပုံစံကို စွန့်လွှတ်ပြီးနောက် ဂျိုအာသည်လည်း နှစ်ခြင်းယူလိုက်သည်။
ထို့နောက် ကားလော့စ်နှင့် ဂျိုအာတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုတွင် မထင်မမှတ် တွေ့ဆုံခဲ့ကြပြီး တစ်ဦးစီ၏ ပြောင်းလဲမှုများကိုကြားသိရ၍ အလွန်ဝမ်းမြောက်ကြလေသည်! ယခု သူတို့နှစ်ဦးစလုံးသည် ရင့်ကျက်သောအိမ်ထောင်ဦးစီးများဖြစ်နေကြပြီး ဇွဲရှိသောဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် အမှုထမ်းဆောင်နေကြပါသည်။
ယနေ့ ဘရာဇီးလ်နိုင်ငံတွင် လက်ဟန်ပြဘာသာစကားအသင်းတော်ပေါင်း ၃၀ နှင့် အုပ်စု ၁၅၄ ခု၌ ကြေညာသူ ၂,၅၀၀ ကျော်ရှိရာ သူတို့အနက် ၁,၅၀၀ ခန့်မှာ နားမကြားသူများဖြစ်ကြသည်။ ဘရာဇီးလ်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က နားမကြားသူများအတွက် “ဘုရားသခင့်သွန်သင်သူများ” ခရိုင်စည်းဝေးကြီးကျင်းပခဲ့ရာ ၃,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ၃၆ ဦးနှစ်ခြင်းယူခဲ့သည်။ ယေဟောဝါ၏ကောင်းချီးဖြင့် နားမကြားသူများစွာသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အမည်များကိုပြောင်းထားပါသည်။