မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”
မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ
သင်သည် တိုနီကို မြီးကောင်ပေါက်အရွယ်ဝင်ခါစက တွေ့ဆုံခဲ့မည်ဆိုလျှင် သူသည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ အကျင့်ပျက်ဒေသအချို့တွင် သွားလာကျက်စားတတ်သည့် ရိုင်းစိုင်းကြမ်းတမ်းသော ကောင်လေးတစ်ဦးဖြစ်သည်ကို တွေ့ မြင်ရလိမ့်မည်။ သူ၏သူငယ်ချင်းများတွင် လမ်းသရဲဂိုဏ်းသားများလည်း ပါဝင်၏။ သူတို့သည် ဖောက်ထွင်းမှုများ၊ အုပ်စုလိုက်ရန်ပွဲများနှင့် လမ်းပေါ်ပစ်ခတ်မှုများတွင် မကြာခဏ ပါဝင်ပတ်သက်ခဲ့ကြသည်။
ကိုးနှစ်အရွယ်တွင် တိုနီ ဆေးလိပ်စသောက်ခဲ့သည်။ အသက် ၁၄ နှစ်တွင် ဆေးခြောက်ကို ပုံမှန်သုံးစွဲရာမှ အကျင့်ပျက်လာလေသည်။ အသက် ၁၆ နှစ်တိုင်သော် တိုနီသည် ဘိန်းဖြူစွဲသွားပြီး ကိုကင်း၊ အဲလ်အက်စ်ဒီကိုလည်း သုံးစွဲလာတော့သည်၊ သူ၏ပြောပြချက်အရ “ကျွန်တော့်ကို ထိုင်းမှိုင်းမူးယစ်စေနိုင်တဲ့ ဘာကိုမဆို သုံးစွဲတယ်။” ထို့နောက် နာမည်ကြီးရာဇဝတ်ဂိုဏ်းနှစ်ဂိုဏ်းနှင့် ဆက်သွယ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ခဲ့သည်။ မကြာမီ တိုနီသည် ဩစတြေးလျနိုင်ငံ၊ အရှေ့ပင်လယ်ကမ်းရိုးတန်းတွင် ယုံကြည်စိတ်ချရဆုံး မူးယစ်ဆေး ပေးသွင်းသူအဖြစ် နာမည်ကြီးလာသည်။
တိုနီသုံးစွဲသော ဘိန်းဖြူနှင့်ဆေးခြောက်အတွက် ကုန်ကျငွေမှာ တစ်ရက်လျှင် ဒေါ်လာ ၁၆၀ (ယူ.အက်စ်) နှင့်ဒေါ်လာ ၃၂၀ (ယူ.အက်စ်) ကြားတွင်ရှိသည်။ သို့ရာတွင် သူ၏မိသားစုသည် ထိုထက်မက ခံနေရ၏။ “ကျွန်တော်တို့အိမ်ဝင်းထဲမှာရှိတဲ့ မူးယစ်ဆေးနဲ့ ငွေတွေကို လာရှာကြတဲ့ ရာဇဝတ်သားတွေက ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ရဲ့ မျက်နှာကို သေနတ်တွေ၊ ဓားတွေနဲ့ ချိန်တာ ခဏခဏပဲ” ဟုသူပြောပြသည်။ တိုနီသည် ထောင်သုံးကြိမ်ကျပြီးနောက် သူ့ဘဝဦးတည်ချက်ကို ဆန်းစစ်လိုစိတ် ဖြစ်ပေါ်လာသည်။
ချာ့ခ်ျကို တိုနီတက်ခဲ့ဖူးသော်လည်း အပြစ်ရှိသူများကို မီးငရဲတွင် ထာဝစဉ်ဒဏ်ခတ်သော ဘုရားသခင်ထံ လုံးဝမချဉ်းကပ်လိုခဲ့ချေ။ သို့သော် တိုနီထံ ယေဟောဝါသက်သေနှစ်ဦး လည်ပတ်ရောက်ရှိလာ၍ ဘုရားသခင်သည် ထိုသို့မဟုတ်ကြောင်း သူသိရှိရသည့်အခါ အံ့သြခဲ့၏။ မိမိ၏ဘဝကို အမှန်ပင် ပြုပြင်ပြောင်းလဲနိုင်ပြီး ဘုရားသခင်ထံမှ ကောင်းချီးများ ခံစားနိုင်မည်ကို တိုနီသိရှိရ၍ ဝမ်းသာအားရခဲ့သည်။ “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်” ဟူသော ယေရှုခရစ်၏မိန့်ဆိုချက်က တိုနီအတွက် အားပေးမှုဖြစ်ခဲ့သည်။ (မာကု ၁၀:၂၇) အထူးသဖြင့် “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့ ၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟူသော အားရှိဖွယ်စကားများက တိုနီ၏စိတ်ကို ထိမိခဲ့၏။—ယာကုပ် ၄:၈။
ယခု တိုနီသည် သူ၏ဘဝကို ကျမ်းစာစံနှုန်းများနှင့်အညီ ဖြစ်စေရန် စိန်ခေါ်ခံခဲ့ရ၏။ သူဤသို့ပြောသည်– “ပထမဦးဆုံး ကျွန်တော်ဆေးလိပ်ဖြတ်လိုက်တယ်၊ အရင်တုန်းက ခဏခဏကြိုးစားဖြတ်ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အရင် ၁၅ နှစ်တိုင် ကျွန်တော့်ကို ချုပ်နှောင်ထားတဲ့ ဘိန်းဖြူနဲ့ ဆေးခြောက်ကိုလည်း ယေဟောဝါရဲ့တန်ခိုးတော်နဲ့ ဖြတ်နိုင်ခဲ့ပြီ။ အဲ့ဒီမူးယစ်ဆေးစွဲတဲ့အကျင့်တွေကို ဖြတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။”
တိုနီနှင့် သူ၏ဇနီးတို့သည် ကျမ်းစာတွင်မပါသော အယူဝါဒဖြစ်သည့် လူတို့ကို ငရဲတွင် ထာဝစဉ်ညှဉ်းဆဲမည့် ဘုရားသခင်ကို ကြောက်ရွံ့မည့်အစား မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ရမည့်မျှော်လင့်ချက်ကို ယုံကြည်သက်ဝင်လာခဲ့ကြသည်။ (ဆာလံ ၃၇:၁၀၊ ၁၁; သု. ၂:၂၁) “ကျွန်တော့်ဘဝကို ဘုရားသခင့်စံနှုန်းတွေနဲ့အညီဖြစ်စေဖို့ အတော်လေး အချိန်ယူ ကြိုးစားခဲ့ရတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ အောင်မြင်ခဲ့တယ်” ဟုတိုနီဝန်ခံ၏။
မှန်ပါသည်၊ ယခင်က မူးယစ်ဆေးစွဲခဲ့သော ဤသူသည် ယခု ခရစ်ယာန်တစ်ဦးဖြစ်လာ၏။ သူ့ဇနီးနှင့်အတူ သူတို့၏အချိန်နှင့် ဥစ္စာအင်ခွင်များကို ဟေဗြဲ ၄:၁၂။
စေတနာအလျောက်ပေးဆက်ကာ ကျမ်းစာပညာပေးလုပ်ငန်းတွင် နာရီထောင်နှင့်ချီ ပါဝင်နေကြသည်။ ဘုရားသခင်ကိုကြောက်ရွံ့တတ်သော ကလေးနှစ်ဦးကိုလည်း သူတို့ပြုစုပျိုးထောင်နေကြသည်။ ဤပြောင်းလဲမှုကြီးသည် သမ္မာကျမ်းစာ၏ မတွန်းလှန်နိုင်သော တန်ခိုးတော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည်။ တမန်တော်ပေါလုပြောသည့်အတိုင်းပင် “ဘုရားသခင်၏နှုတ်[မြွက်]တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်” တတ်၏။—ဤသို့သောအဖြစ်မှန် သာဓကများရှိလျက်ပင် အချို့က ယေဟောဝါသက်သေများ၏ ကျမ်းစာအခြေပြု ပညာပေးလုပ်ငန်းသည် မိသားစုများကို ပြိုကွဲစေသည်၊ လူငယ်များ၏ အကျိုးပြုစံနှုန်းများကို ဖျက်ဆီးသည်ဟု မဟုတ်မမှန်စွပ်စွဲကြသည်။ တိုနီ၏အဖြစ်အပျက်က ထိုစွပ်စွဲချက် မမှန်ကန်ကြောင်း ထောက်ပြသည်။
သေစေနိုင်သော မူးယစ်ဆေးစွဲမှုများကို အောင်မြင်စွာဖြတ်နိုင်ကြောင်း တိုနီနည်းတူ လူအများ သိရှိလာခဲ့ကြပြီ။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်ကို ယုံကြည်၍ ကိုယ်တော်နှင့်သမ္မာကျမ်းစာကို မှီခိုအားထားပြီး မေတ္တာရှိ ခရစ်ယာန်အပေါင်းအဖော်များ၏ ကူညီထောက်ပံ့မှုအားဖြင့်ဖြစ်သည်။ အဆုံးတွင် တိုနီသည် ဤသို့ပျော်ရွှင်စွာပြောဆိုသည်– “ကျမ်းစာမူတွေက ကျွန်တော့်ကလေးတွေကို ကာကွယ်ပေးတာ ကျွန်တော်မြင်တယ်။ ကျမ်းစာသွန်သင်ချက်တွေက ကျွန်တော့်ရဲ့အိမ်ထောင်ရေးကိုလည်း ပျော်ရွှင်စေခဲ့တယ်။ ကျွန်တော်ဟာ အန္တရာယ်ကောင်မဟုတ်တော့လို့ ကျွန်တော့်အိမ်နီးချင်းတွေလည်း အေးအေးဆေးဆေး အိပ်နိုင်ကြပြီ။”
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
‘၁၅ နှစ်တိုင် ကျွန်တော့်ကို ချုပ်နှောင်ထားတဲ့ မူးယစ်ဆေးစွဲနေခဲ့တာကို ယေဟောဝါရဲ့တန်ခိုးတော်နဲ့ ဖြတ်နိုင်ခဲ့ပြီ’
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
ကျမ်းစာမူများ အကျိုးသက်ရောက်
ကျမ်းစာမူအမျိုးမျိုးသည် မူးယစ်ဆေးစွဲနေသူများစွာအား အကျိုးယုတ်စေသောအကျင့်ကို စွန့်လွှတ်ရန် ကူညီပေးခဲ့သည်။ အဆိုပါမူများတွင် အောက်ပါတို့ပါဝင်သည်–
“ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း . . . နှင့် ပြည့်စုံကြကုန်အံ့။” (၂ ကောရိန္သု ၇:၁) မူးယစ်ဆေးသုံးစွဲခြင်းသည် ဘုရားသခင့်ပညတ်တရားနှင့် ဆန့်ကျင်၏။
“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရား [သခင်] ကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။” (သု. ၉:၁၀) ယေဟောဝါနှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာနှင့် ကိုယ်တော်၏လမ်းစဉ်များကို အခြေပြု၍ ကိုယ်တော်အား ကြည်ညိုလေးစားခြင်းသည် လူအများအား မူးယစ်ဆေးသုံးစွဲခြင်းကို ဖြတ်စေနိုင်ခဲ့၏။
“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲယုံကြည်ကိုးစားပြီး လုံးလုံးလျားလျားမှီခိုအားထားခြင်းဖြင့် အကျိုးယုတ်စေသော အကျင့်များကို ဖြတ်ပစ်နိုင်၏။