စာတန်၏ရာစုနှစ်လော
စာတန်၏ရာစုနှစ်လော
“အဆိုးရွားဆုံးဖြစ်ရပ်ကိုထောက်၍ ဤရာစုနှစ်ကို စာတန်၏ရာစုနှစ်ဟု ဆိုနိုင်ပေသည်။ ယခင့်ယခင် အဘယ်ခေတ်တွင်မှ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးအဆင့်အတန်းအတွက်ကြောင့် တခြားလူသန်းပေါင်းများစွာကို အာသာငမ်းငမ်းသတ်ဖြတ်လိုစိတ် ဤမျှမတင်ပြခဲ့ချေ။”
နာဇီသေဒဏ်ပေးတပ်စခန်းများတွင် ထောင်ချခံခဲ့ရသော အပြစ်မဲ့အကျဉ်းသားများ၏ လွတ်မြောက်ရေး အနှစ် ၅၀ မြောက်နှစ်ပတ်လည်အခမ်းအနားနှင့်ပတ်သက်၍ ၁၉၉၅၊ ဇန်နဝါရီ ၂၆ ရက်ထုတ် သည်နယူးယောက်တိုင်းမ် ၏အယ်ဒီတာ့အာဘော်တွင် အထက်ပါဝေဖန်ချက်ပေးရန် အကြောင်းပေါ်လာသည်။ သမိုင်းတွင် လူသိအများဆုံး မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်သည့် မီးလောင်တိုက်သွင်းခြင်းကြောင့် ဂျူးလူမျိုးခြောက်သန်းခန့် သေဆုံးခဲ့ရသည်။ ဂျူးလူမျိုးမဟုတ်သော ပိုလန်နိုင်ငံသား သုံးသန်းနီးပါးသည် “မေ့ပျောက်ခံရသော မီးလောင်တိုက်သွင်းခြင်း” ဟုခေါ်သည့်အချိန်တွင် သေဆုံးခဲ့၏။
“၁၉၀၀ ပြည့်နှစ်မှ ၁၉၈၉ ခုနှစ်အတွင်း စစ်ပွဲကြောင့် ခန့်မှန်းခြေ ၈၆ သန်းအသတ်ခံခဲ့ရသည်” ဟူ၍ ဂျော်နသန် ဂလိုဗာက လူသားချင်းစာနာမှု—နှစ်ဆယ်ရာစု၏ ကိုယ်ကျင့်တရားသမိုင်း စာအုပ်တွင် ဖော်ပြ၏။ သူက ဤသို့ထပ်ဆင့်ဆိုသည်– “နှစ်ဆယ်ရာစုအတွင်းဖြစ်ပျက်သည့် စစ်ပွဲတွင် သေဆုံးသူအရေအတွက် များလွန်းရာ လက်ခံရခက်လှသည်။ ကမ္ဘာစစ်နှစ်ခုအတွင်း လူသုံးပုံနှစ်ပုံ (၅၈ သန်း) ခန့်အသတ်ခံခဲ့ရသောကြောင့် ယင်းသေဆုံးသူအရေအတွက်ကို သာမန်အဖြစ်သာပြောခြင်းသည် လုပ်ဇာတ်ပင်ဖြစ်၏။ သို့သော် သေဆုံးခဲ့သူများကို ထိုကာလတစ်လျှောက် ညီညာစွာဖြန့်ကြက်လိုက်လျှင် စစ်ကြောင့် လူ ၂,၅၀၀ ခန့်နေ့စဉ်သေခဲ့မည်၊ ဆိုလိုသည်မှာ နှစ်ပေါင်းကိုးဆယ်အတွင်း တစ်နာရီလျှင် ၁၀၀ ကျော် အဆက်မပြတ်သေခဲ့ခြင်းဖြစ်သည်။”
ထို့ကြောင့် ၂၀ ရာစုသည် လူသားတို့ကြုံဖူးခဲ့သမျှတွင် သွေးထွက်သံယိုအဖြစ်အများဆုံး ရာစုနှစ်တစ်ခုဖြစ်၏ဟု ခေါ်ဆိုခဲ့ကြသည်။ မျှော်လင့်ခြင်းမရှိ မျှော်လင့်ခြင်း စာအုပ်တွင် နာဒီဇ်ဒါ မဲန်ဒဲလ်စတီမ်က ဤသို့ရေးသားခဲ့သည်– “လူ့စံနှုန်းများကို သိမ်ဖျင်းစေပြီး နင်းခြေပစ်ပြီးနောက် ဆိုးသွမ်းမှုအောင်ပွဲခံသည်ကို ကျွန်ုပ်တို့မြင်တွေ့ခဲ့ကြရပြီ။” ကောင်းမှုနှင့် ဆိုးသွမ်းမှု ဆိုင်ပြိုင်တိုက်လှန်ရာတွင် ဆိုးသွမ်းမှုသည် အမှန်တကယ်ပင် အနိုင်ရခဲ့ပြီလော။
[Picture Credit Line on page 2]
COVER: Mother and daughter: J.R. Ripper/SocialPhotos
[Picture Credit Line on page 3]
U.S. Department of Energy photograph