ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း
ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း
မတော်တဆထိခိုက်မှုတစ်ခုတွင် ထိခိုက်ဒဏ်ရာရသူကို စာနာမှုပြမည်ဆိုလျှင် ဒဏ်ရာရစေသူအား တာဝန်ကင်းလွတ်စေသော ဥပဒေမူကြမ်းတစ်ခုကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေပြုအာဏာပိုင်အဖွဲ့က ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ၌ ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို အဘယ်ကြောင့်ပြဋ္ဌာန်းခဲ့ရသနည်း။ မတော်တဆထိခိုက်မှုတစ်ခုကြောင့် ဒဏ်ရာရစေသောအခါ သို့မဟုတ် ထိခိုက်ပျက်စီးမှုရှိသောအခါ တရားရုံးတွင် အပြစ်ရှိသည်ဟု စီရင်ခံရမည်ကိုစိုးရိမ်သဖြင့် လူအများသည် ဝန်ချတောင်းပန်ဖို့ တွန့်ဆုတ်လေ့ရှိကြကြောင်း သတိပြုမိခဲ့ပြီ။ အခြားတစ်ဖက်တွင်မူ၊ မိမိတို့ကို ချက်ချင်းဝန်ချတောင်းပန်သင့်သည်ဟု ယူမှတ်သူတို့သည် စိတ်အနှောင့်အယှက်ဖြစ်ကြကာ မတော်တဆထိခိုက်မှု အသေးအမွှားလေးမှ အငြင်းပွားမှုကြီးဖြစ်သွားစေသည်။
သင့်အမှားမဟုတ်သော မတော်တဆထိခိုက်မှုတစ်ခုအတွက် သင်ဝန်ချတောင်းပန်စရာမလိုသည်မှာ မှန်ပါ၏။ ထို့အပြင် သင့်အပြောအဆိုကို သတိပြုလျှင် ပညာရှိရာရောက်သည့်အချိန်အခါများလည်း ရှိပေသည်။ ရှေးဆိုရိုးစကားတစ်ခုက ဤသို့ဆို၏– “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။” (သု. ၁၀:၁၉; ၂၇:၁၂) သို့တိုင် သင်သည် ယဉ်ကျေးပျူငှာ၍ ကူညီတတ်သူတစ်ဦးဖြစ်နိုင်ပါသည်။
သို့သော် အမှုအခင်းမဖြစ်လျှင်ပင် လူအများသည် ဝန်ချတောင်းပန်ခြင်းမပြုကြတော့သည်ကို သင်သဘောတူ
သည်မဟုတ်လော။ အိမ်ရှင်မတစ်ဦးက ‘ကျွန်မရဲ့အမျိုးသားဟာ ဘယ်တော့မှ၊ ဘာအတွက်မှ မတောင်းပန်တတ်ဘူး’ ဟုမြည်တမ်းပေမည်။ အလုပ်ခွင်တွင် အလုပ်သမားခေါင်းဆောင်တစ်ဦးက ‘ကျွန်တော့်လူတွေဟာ သူတို့ရဲ့အမှားကို ဝန်မခံကြဘူး၊ တောင်းပန်ပါတယ်လို့ ပြောဖို့တော့ဝေးရော’ ဟုညည်းညူပေမည်။ ကျောင်းတွင် ဆရာမတစ်ဦးက ‘ခွင့်လွှတ်ပါ လို့ပြောဖို့ ကလေးတွေ သွန်သင်မခံရကြဘူး’ ဟုအစီရင်ခံပေမည်။အချို့တို့သည် ငြင်းပယ်ခံရမည်စိုး၍ တောင်းပန်ရန် တွန့်ဆုတ်နေခြင်းဖြစ်ပေမည်။ စိမ်းစိမ်းကားကား ဆက်ဆံခံရမည်ကို စိတ်ပူပြီး သူ၏ခံစားချက်ကို ဖွင့်မပြောခြင်းဖြစ်ပေမည်။ ထို့အပြင် ထိခိုက်နစ်နာသူသည် မှားယွင်းသူကို လုံးလုံးရှောင်နေသဖြင့် ပြန်လည်သင့်မြတ်ကျေအေးဖို့ အလွန်အခက်တွေ့နေခြင်းဖြစ်မည်။
ဝန်ချတောင်းပန်ဖို့ အချို့တွန့်ဆုတ်ရသည့်အကြောင်းရင်း နောက်တစ်ခုမှာ သူတစ်ပါး၏ခံစားချက်ကို မစာနာတတ်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထိုသူတို့က ‘တောင်းပန်လိုက်တာနဲ့ ငါလုပ်မိတဲ့အမှားကို ပြင်လို့ရမှာမှမဟုတ်တာ’ ဟုအကြောင်းပြပေမည်။ အချို့ကျပြန်လျှင် ဖြစ်ပေါ်လာနိုင်သောအကျိုးဆက်များကိုတွေးပြီး ဝမ်းနည်းပါတယ်ဟု မပြောလိုကြချေ။ ဤသူတို့က ‘ငါ့ကြောင့်ဖြစ်လို့ လျော်ကြေးတောင်းနေမလား’ ဟုတွေးကြမည်။ မည်သို့ပင်ဖြစ်စေ အမှားတစ်ခုကိုဝန်ခံဖို့ အကြီးမားဆုံးအတားအဆီးမှာ မာနစိတ်ပင်ဖြစ်သည်။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟုမပြောဆိုနိုင်သော မာနကြီးလွန်းသူတစ်ဦးသည် အမှန်အားဖြင့် ‘ငါ့အမှားကိုဝန်ခံပြီး မျက်နှာအပျက်မခံနိုင်ဘူး၊ သိက္ခာကျတယ်’ ဟုဆိုရာရောက်သည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ တောင်းပန်စကားပြောဖို့ အခက်တွေ့သူများစွာရှိ၏။ သို့သော် ဝန်ချတောင်းပန်ဖို့ အမှန်လိုအပ်ပါသလော။ ဝန်ချတောင်းပန်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ခွင့်လွှတ်ပါလို့ပြောဖို့ ကလေးတွေ သွန်သင်မခံရကြဘူး”
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ကျွန်တော့်လူတွေဟာ သူတို့ရဲ့အမှားကို ဝန်မခံကြဘူး”
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ကျွန်မရဲ့အမျိုးသားဟာ ဘယ်တော့မှ မတောင်းပန်တတ်ဘူး”