ဘုရားသခင့်နိုင်ငံတော်ခန်းမ လူတိုင်းအတွက် ဖွင့်လှစ်ထား
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နိုင်ငံတော်ခန်းမ လူတိုင်းအတွက် ဖွင့်လှစ်ထား
ယေရှုခရစ်သည် တပည့်များကို လူထုရှေ့အမှုဆောင်တတ်ရန် လေ့ကျင့်ပေးရာတွင် ‘အိမ်မိုးပေါ်မှ ဟောပြော’ ကြလော့ဟု အားပေးတိုက်တွန်းခဲ့သည်။ (မဿဲ ၁၀:၂၇) သူတို့၏ခရစ်ယာန်ဓမ္မအမှုကို လူတကာရှေ့ လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဤညွှန်ကြားချက်နှင့်အညီ ယေဟောဝါသက်သေများ၏ လုပ်ငန်းကိုလည်း လူသိရှင်ကြား လုပ်ဆောင်လျက်ရှိသည်။ ဤသို့ လူသိရှင်ကြားလုပ်ဆောင်ခြင်းကြောင့် သက်သေခံများသည် ဆန့်ကျင်မှုကို ကျော်လွှားနိုင်ခဲ့ပြီး လူအများ၏နှစ်သက်မှုကို ရရှိနိုင်ခဲ့ကြသည်။
ယေဟောဝါသက်သေများ၏ အသင်းတော်အစည်းအဝေးများကို လူအားလုံးအတွက် ဖွင့်ထားသော်လည်း စိတ်စွန်းကွက်မှုကြောင့် လူအချို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမထဲ မဝင်ရဲကြချေ။ ဖင်လန်နိုင်ငံတွင် ဤသို့ပင်ဖြစ်သည်။ အခြားသူများသည် နေရာအသစ်တစ်ခုသို့ သွားရောက်ရန် ရှိုးတိုးရှန့်တန့်ဖြစ်တတ်ကြ၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမ အသစ်တစ်လုံးဆောက်ပြီးသောအခါ သို့မဟုတ် ရှိပြီးသားခန်းမကို ပြုပြင်မွမ်းမံပြီးသောအခါ ဖွင့်ပွဲပြုလုပ်လေ့ရှိ၏။ ထိုအခါ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ အလည်လာပြီး ယေဟောဝါသက်သေများ၏လုပ်ငန်းကို လေ့လာကြည့်ပါရန် အိမ်နီးချင်းများကို အထူးကြိုးစားဖိတ်ခေါ်ကြပေမည်။
ဒေသတစ်ခုတွင် သက်သေခံများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ် ဖွင့်ပွဲကျင်းပသည့်နေ့၌ပင် မဂ္ဂဇင်းကင်းပိန်တစ်ခုကိုလည်း စီစဉ်ခဲ့၏။ သက်သေခံနှစ်ဦးသည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းတို့ကို နှစ်ခြိုက်စွာဖတ်ရှုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုညီအစ်ကိုများက သူ့ကို ဘုရားသခင့်နိုင်ငံတော်ခန်းမဖွင့်ပွဲအကြောင်း ပြောပြပြီး ခေါ်သွားမည်ဟု စကားကမ်းလှမ်းခဲ့သည်။ ထိုသူက ဝမ်းမြောက်စွာ လိုက်မည်ဟုပြောသည်။ သူတို့စကားကို နားထောင်နေသော သူ၏ဇနီးကလည်း “ကျွန်မကို ချန်မထားကြပါနဲ့!” ဟုဆိုသည်။
ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ရောက်သည်နှင့် ထိုသူက ဝန်းကျင်ကို လှည့်ကြည့်ပြီး “မှောင်မဲ,မနေပါလား။ လှပပြီး လင်းထိန်နေတာပဲ။ ဘုရားသခင့်နိုင်ငံတော်ခန်းမက မှောင်မဲနေမယ်လို့ ငါ့ကိုပြောကြတယ်” ဟုပြောခဲ့သည်။ ထိုဇနီးမောင်နှံသည် အတန်ကြာ ခန်းမထဲတွင်နေခဲ့ကြပြီး ခင်းကျင်းပြသထားသော စာပေအချို့ကိုလည်း တောင်းယူသွားသည်။
အသင်းတော်တစ်ခုက သူတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ အပ်နှံပွဲတွင် မည်သူမဆိုတက်ရောက်ခွင့်ရှိကြောင်းကို ဒေသန္တရသတင်းစာတွင် ကြေညာလိုခဲ့ကြသည်။ သတင်းစာ,စာတည်းမှူးဖြစ်သူက ဤသမယအကြောင်းကြားချက်ကို သတိပြုမိသောအခါ ၎င်းအပ်နှံပွဲအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထည့်ပေးပါဟု အကြံပြုခဲ့၏။ ညီအစ်ကိုများက သဘောတူလိုက်ပြီး နောက်မကြာမီ စာမျက်နှာတစ်ဝက်ရှိသည့် ဆောင်းပါးတစ်ပုဒ် သတင်းစာတွင် ပါလာသည်၊ ယင်းတွင် အခမ်းအနားနှင့် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်လုပ်ငန်းများအကြောင်း ဖော်ပြထားသည်။
ထိုဆောင်းပါးထွက်ရှိပြီးနောက် “ဒီနေ့သတင်းစာထဲမှာ ယေဟောဝါသက်သေတွေအကြောင်း တကယ်ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာတယ်!” ဟုပြောပြသော အိမ်နီးချင်းတစ်ဦးနှင့် သက်ကြီးပိုင်းသက်သေခံညီအစ်မတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုညီအစ်မက သူ့ကို သက်သေခံခွင့်ရပြီး နောက်ပိုင်းတွင် နှစ်ဆယ်ရာစု ယေဟောဝါသက်သေများ ဘရိုရှာကို ဝေငှနိုင်ခဲ့သည်။
ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်များကို ဖွင့်ပွဲများ၊ အပ်နှံပွဲများပြုလုပ်သည့် ဤအစီအစဉ်များကြောင့် ယေဟောဝါသက်သေများနှင့်ပတ်သက်ပြီး အထင်အမြင်မှားများ ရှင်းလင်းသွားသည့်ပြင် အစည်းအဝေးများကို တက်ရောက်ရန် လူများစွာကို ဖိတ်ခေါ်ဖို့ ကြေညာသူများ အားပေးတိုက်တွန်းမှုရရှိခဲ့ကြ၏။ မှန်ပါသည်၊ ဖင်လန်နိုင်ငံအပါအဝင် နိုင်ငံများစွာတွင် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများကို လူတိုင်းအတွက် တံခါးဖွင့်ပေးထားကြောင်း လူတို့သိရှိလာကြပြီ။