မကောင်းဆိုးဝါးများ လုပ်ဆောင်နေကြသလော
မကောင်းဆိုးဝါးများ လုပ်ဆောင်နေကြသလော
“လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက အရေးပေါ် ထွက်ပေါက်ရှိသမျှကို သတိရှိရှိ ကြိုးစားလိုက်ပိတ်နေသည့်အလား ဤလောကကြီးသည် မူးဝေနောက်ကျိနေသည်။” —ယန်း-ကလော့ဒ် ဆူလေရီ၊ စာရေးဆရာ။
‘မိမိဘာမျှမတတ်နိုင်ဟူသည့် ခံစားချက်က တန်ခိုးအလွန်ကြီးမားသော မကောင်းဆိုးဝါး လှုပ်ရှားနေသည်ဟု ယူမှတ်စေ၏’ —ဂျိုးဇက်ဖ် ဘာတန်၊ သမိုင်းပညာရှင်။
၂၀၀၁၊ စက်တင်ဘာ ၁၁ ရက်နေ့က အလွန်ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုသည် လူများစွာကို တွေးတောစရာဖြစ်စေခဲ့၏။ အင်္ဂလန် ဖိုင်နင်ရှယ်တိုင်မ်း သတင်းစာတွင် မိုက်ကယ် ပရောစ်က “အဘယ်တိရစ္ဆာန်ကမျှ ဤမျှရက်စက်ကြမ်းတမ်းမည်မဟုတ်၊ ထိုသို့ပြုလုပ်လိမ့်မည်လည်းမဟုတ်” ဟုဆိုသည်။ ထိုသို့တိုက်ခိုက်ရန် ကြိုတင်စီမံရန်လိုမည့်အပြင် “ထိုသို့တိုက်ခိုက်ဖို့ မည်မျှခါးခါးသီးသီးမုန်းတီးခဲ့မည်ကိုလည်း ထည့်စဉ်းစားရန် အရေးကြီးသည်။ ထိုမုန်းတီးမှုမျိုးသည် ချုပ်တည်းမှုလုံးဝမရှိ၊ အဘယ်သဘောတူညီချက်ကိုမျှ လိုက်နာခြင်းမရှိသည့် သာမန်စစ်မှု၏မုန်းတီးမှုထက် ဆိုးရွားလွန်းသည်” ဟု နယူးယောက်တိုင်မ်း စာတည်းမှူးတစ်ဦးက ဝေဖန်ခဲ့၏။
ဘာသာရေးဂိုဏ်းဂဏအသီးသီးမှ လူတို့က ဆိုးသွမ်းသောစွမ်းအားတစ်စုံတစ်ရာ လုပ်ဆောင်နေဟန်ရှိသည်ဟု ထင်မြင်ယူဆကြ၏။ ဘော့စနီးယားတွင် ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ် လူမျိုးရေးမုန်းတီးမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ ဆာရာယေဗိုမြို့မှ စီးပွားရေးသမားတစ်ဦးက ဤသို့ပြောပြသည်– “ဘော့စနီးယားစစ်ပွဲ တစ်နှစ်လောက်လည်းဖြစ်ရော စာတန် ကြိုးကိုင်နေတာပဲဖြစ်မယ်လို့ ကျွန်တော်မှတ်ချက်ချလိုက်တယ်။ ကမ်းကုန်အောင် မိုက်မဲတဲ့လုပ်ရပ်ပဲ။”
စာတန်ရှိသည်ကို ယုံသလောဟု သမိုင်းပညာရှင် ယန်း ဒီလူမိုကို မေးမြန်းသောအခါ သူက ဤသို့ပြန်ဖြေခဲ့သည်– “ကျွန်တော်မွေးကတည်းက ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်ပျက်နေတာတွေကို ကျွန်တော် မြင်ရတဲ့အခါ မကောင်းဆိုးဝါးတွေ အလုပ်များနေတယ်ဆိုတာကို ဘယ်လိုငြင်းနိုင်မှာလဲ—သန်း ၄၀ ကျော်သေပွဲဝင်ခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်; အော့ဇ်ဝစ်ချွေးတပ်စခန်းနဲ့ သေဒဏ်စခန်းတွေ; ကမ္ဘောဒီးယားနိုင်ငံမှာ မျိုးဖြုတ်သတ်ဖြတ်ခဲ့တာ; ရက်စက်တဲ့ ချောင်ဆက်စကူအစိုးရ နိုင်လိုမင်းထက်အုပ်ချုပ်ခဲ့တာ; ကမ္ဘာတစ်ဝန်း အတော်များများနေရာမှာ အစိုးရက နှိပ်စက်တာတွေပေါ့။ ထိတ်လန့်တုန်လှုပ်စရာတွေကို ပြောပြလို့ ကုန်နိုင်မှာမဟုတ်ဘူး။ . . . ဒါကြောင့် အဲ့ဒီလုပ်ရပ်တွေဟာ ‘နတ်ဆိုးမင်း’ လုပ်ရပ်တွေလို့ပြောတာ မှန်တယ်လို့ ကျွန်တော်ထင်တယ်၊ အဲ့ဒီလုပ်ရပ်တွေကို ချိုပေါက်ပြီး ခွာကွဲနေတဲ့ နတ်ဆိုးမင်းကမဟုတ်ဘဲ ဒီကမ္ဘာပေါ်မှာ သက်ရောက်လုပ်ဆောင်နေတဲ့ မကောင်းဆိုးဝါးသြဇာစွမ်းအားရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ နတ်ဆိုးမင်းရဲ့လှုံ့ဆော်ချက်ကြောင့်ဖြစ်တယ်။”
ယန်း ဒီလူမိုနည်းတူ လူအများကလည်း ယနေ့ လူ့ဘောင်အဖွဲ့အစည်းတွင် မိသားစုမှ နိုင်ငံတကာဇာတ်ခုံအထိ ဖြစ်ပျက်နေသော ကြောက်မက်ဖွယ်ရာများကို “နတ်ဆိုး” လုပ်ရပ်အဖြစ် သတ်မှတ်ကြ၏။ သို့သော် ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ ဤထိတ်လန့်တုန်လှုပ်ဖွယ်ရာများသည် အကောင်အထည်မရှိသော ဆိုးသွမ်းသည့် စွမ်းအားများကြောင့်လော၊ သို့မဟုတ် သာမန်လူ့မကောင်းမှုတို့ထက် လွန်ကဲသည့် ရက်စက်ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်စေရန် လူတို့ကို လှုံ့ဆော်နေသည့် မကောင်းဆိုးဝါးများရှိသလော။ ဤသို့သောအင်အားစုများကို မကောင်းမှု၏အရှင်သခင် နတ်ဆိုးမင်းစာတန် ကြိုးကိုင်ထားသလော။
[Picture Credit Line on page 3]
Children: U.S. Coast Guard photo