“အလေ့အကျင့်ပြုလော့”
“အလေ့အကျင့်ပြုလော့”
ပိုမြန်ပါ၊ ပိုမြင့်ပါ၊ ပိုသန်မာပါ! ထိုစံချိန်များမီဖို့ ရှေးခေတ်ဂရိနှင့် ရောမအားကစားသမားများ ရည်မှန်းကြသည်။ အိုလင်ပီယာမြို့၊ ဒဲလ်ဖီမြို့၊ နီမီးယားမြို့နှင့် ကောရိန္သုကျွန်းဆွယ်တို့တွင် ကြီးကျယ်ခမ်းနားလှသော အားကစားပွဲများကို နတ်ဘုရားများ၏ “ကောင်းချီး” ဖြင့် စူးစိုက်ရှုစားသူ ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာရှေ့တွင် ရာစုနှစ်ချီ ကျင်းပခဲ့ပေပြီ။ ဤအားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် လေ့ကျင့်ခဲ့ကြရ၏။ အောင်ပန်းဆွတ်ခူးလျှင် အနိုင်ရသူများနှင့် ၎င်းတို့၏မြို့တော်သည် ကျော်ကြားထင်ရှားလိမ့်မည်။
ထိုသို့သောယဉ်ကျေးမှုရှိ ဝန်းကျင်၌နေထိုင်ခဲ့ကြရာ ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ရေးသားသူတို့သည် ခရစ်ယာန်များ၏ ဝိညာဉ်ရေးပြေးပွဲကို အားကစားပြိုင်ပွဲများနှင့် နှိုင်းယှဉ်ခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ တမန်တော်ပေတရုနှင့် ပေါလုတို့သည် ထိထိမိမိသွန်သင်ပေးရန် အားကစားပွဲများအပေါ်အခြေပြုသည့် ပုံဥပမာများကို ကျွမ်းကျင်စွာ အသုံးပြုခဲ့ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် ထိုခရစ်ယာန်ပြေးပွဲကို မနားမနေ ဆက်၍ပြေးနေကြရဆဲဖြစ်သည်။ ပထမရာစုခရစ်ယာန်များသည် ဂျူးအစီအစဉ်စနစ်နှင့် ရင်ဆိုင်ခဲ့ကြရသည်; ကျွန်ုပ်တို့မူကား ဖျက်ဆီးခံရလုဆဲဆဲ ကမ္ဘာချီအစီအစဉ်နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြရ၏။ (၂ တိမောသေ ၂:၅; ၃:၁-၅) အချို့သည် မိမိတို့၏ “ယုံကြည်ခြင်းပြေးပွဲ” ကို မရပ်မနားပြေးနေရရာ မောဟိုက်နွမ်းလျနေပြီဟု ခံစားကြရပေမည်။ (၁ တိမောသေ ၆:၁၂၊ အင်္ဂလိပ်ကျမ်းစာသစ်) အားကစားပွဲများနှင့် ခရစ်ယာန်ပြေးပွဲများကို သမ္မာကျမ်းစာတွင် နှိုင်းယှဉ်ဖော်ပြထားခြင်းအား သုံးသပ်ကြည့်ခြင်းက အကျိုးများစွာရှိပေမည်။
အကောင်းဆုံးနည်းပြ
အားကစားသမားတစ်ဦး၏ အောင်မြင်မှုသည် နည်းပြအပေါ် များစွာမူတည်သည်။ ရှေးခေတ်အားကစားပွဲများအကြောင်းကို အာခေအိုလိုဂျီအား ဂရိုက်ကားက “ပြိုင်ပွဲဝင်သူများသည် ဆယ်လလုံးလုံး အသင့်ပြင်ဆင်လေ့ကျင့်ခဲ့ပါပြီဟု ကျိန်ဆိုကြရသည်” ဟုဆို၏။ ခရစ်ယာန်များသည်လည်း စည်းစနစ်ကျကျ လေ့ကျင့်ဖို့လိုသည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သူ တိမောသေအား ပေါလုက “ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းအလိုငှာ အလေ့အကျင့်ပြုလော့” ဟု အကြံပေးခဲ့သည်။ (၁ တိမောသေ ၄:၇၊ သမ္မာ) ခရစ်ယာန် “အားကစားသမား” တစ်ဦး၏ နည်းပြကား မည်သူနည်း။ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်သည်! တမန်တော်ပေတရုက “ကျေးဇူးတော်အမျိုးမျိုးတို့၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် . . . သင်တို့ကို [အပြီးနည်းပြမည်၊] စုံလင်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်” ဟုရေးသားခဲ့သည်။—၁ ပေတရု ၅:၁၀၊ သမ္မာ။
‘အပြီးနည်းပြမည်’ ဟူသောအသုံးအနှုန်းသည် ဂရိကြိယာမှလာသည်၊ Theological Lexicon of the New Testament အရ အခြေခံအားဖြင့် “အရာဝတ္ထုတစ်ခု [သို့မဟုတ် လူပုဂ္ဂိုလ်] အား ၎င်း၏ရည်ရွယ်ချက်နှင့်ကိုက်ညီစေရန်၊ ၎င်းကိုအသုံးပြုမည့်ပုံနှင့်လျော်ညီစေရန် ပြင်ဆင်ပေးခြင်း” ကိုဆိုလိုသည်။ အလားတူ လစ်ဒဲလ်နှင့် စကော့စ်တို့၏ ဂရိ-အင်္ဂလိပ် အဘိဓာန်က ထိုကြိယာကို “ပြင်ဆင်၊ လေ့ကျင့် သို့မဟုတ် စေ့စေ့စပ်စပ် ပံ့ပိုးပေးသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယေဟောဝါသည် ခရစ်ယာန်ပြေးပွဲအတွက် အဘယ်နည်းလမ်းများဖြင့် ‘ကျွန်ုပ်တို့အား ပြင်ဆင်၊ လေ့ကျင့် သို့မဟုတ် စေ့စေ့စပ်စပ် ပံ့ပိုးပေး’ တော်မူသနည်း။ နှိုင်းယှဉ်ချက်ကိုနားလည်ရန် နည်းပြများ အသုံးပြုသည့် နည်းလမ်းအချို့ကို သုံးသပ်ကြည့်ကြစို့။
ရှေးဂရိနိုင်ငံမှ အိုလံပစ်အားကစားပြိုင်ပွဲများစာအုပ်က ဤသို့ဆိုသည်– “လူငယ်များ၏ နည်းပြတို့သည် အခြေခံနည်းလမ်းနှစ်ခုကို အသုံးပြုခဲ့ကြသည်၊ ပထမနည်းမှာ အကောင်းဆုံးဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ဖို့ တပည့်ဖြစ်သူကို အားပေးရန်ဖြစ်ပြီး၊ ဒုတိယနည်းမှာ သူ၏လုပ်နည်းကိုင်နည်းနှင့် ဟန်ပန်ကို တိုးတက်စေရန်ဖြစ်သည်။”
အလားတူစွာ ကျွန်ုပ်တို့၏ အမြင့်ဆုံးစံချိန်ကိုမီရန် အစွမ်းကုန်ကြိုးစားဖို့နှင့် ကိုယ်တော်၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏စွမ်းရည်များကို တိုးတက်စေရန် ယေဟောဝါသည် ကျွန်ုပ်တို့ကို အားပေးထောက်ကူတော်မူ၏။ ကျွန်ုပ်တို့၏ဘုရားသခင်သည် သမ္မာကျမ်းစာ၊ ကိုယ်တော်၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းနှင့် ရင့်ကျက်သောခရစ်ယာန်ချင်းတို့၏ အကူအညီဖြင့် ကျွန်ုပ်တို့ကို ခွန်အားရှိစေတော်မူ၏။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကို ပဲ့ပြင်ဆုံးမခြင်းအားဖြင့် လေ့ကျင့်ပေး၏။ (ဟေဗြဲ ၁၂:၆) အခြားအချိန်အခါများတွင်မူကား စမ်းသပ်မှုများခံစေ၍ အခက်အခဲအမျိုးမျိုးကြုံစေပြီး ခံနိုင်ရည်တိုးပွားစေသည်။ (ယာကုပ် ၁:၂-၄) ထို့ပြင် ကျွန်ုပ်တို့လိုအပ်သည့်ခွန်အားကို ကိုယ်တော်ပေးသနားတော်မူ၏။ အကြောင်းမှာ ပရောဖက်ဟေရှာယက ဤသို့ဆိုသည်– “ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”—ဟေရှာယ ၄၀:၃၁။
လုကာ ၁၁:၁၃) သာဓကအများအပြားတွင် ဘုရားသခင့်ကျေးကျွန်များသည် ကြမ်းတမ်းသည့် ယုံကြည်ခြင်းဆိုင်ရာစမ်းသပ်မှုများကို ကြာရှည်ခံရပ်ခဲ့ရပြီ။ ထိုသို့ခံရပ်နိုင်ခဲ့ကြသူများမှာ ကျွန်ုပ်တို့ကဲ့သို့ပင် သာမန်အမျိုးသားအမျိုးသမီးများသာဖြစ်ကြပေသည်။ သို့သော် ဘုရားသခင်အပေါ် သူတို့လုံးလုံးလျားလျား မှီခိုအားထားခဲ့ခြင်းကြောင့် ခံနိုင်ရည်ရှိခဲ့ကြခြင်းဖြစ်သည်။ အမှန်မှာ ‘တန်ခိုးတော်၏ဂုဏ်အသရေသည် သူတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင် . . . ၏။’—၂ ကောရိန္သု ၄:၇။
ထို့ထက်ကား ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိ၏သန့်ရှင်းသောဝိညာဉ်တော် အလျှံပယ်ပေးသနားတော်မူ၏၊ ယင်းက ကိုယ်တော်နှစ်သက်လက်ခံသည့် လုပ်ငန်းတော်ကို ဆက်လက်ထမ်းဆောင်နိုင်ရန် ခွန်အားပေး၏။ (ထောက်ထားစာနာတတ်သောနည်းပြ
ရှေးခေတ်ကနည်းပြတစ်ဦး၏ တာဝန်တစ်ခုမှာ “အားကစားသမားတစ်ဦးစီနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းအမျိုးအမည်နှင့် အရေအတွက်ကို ခန့်မှန်းပေးခြင်း” ဖြစ်သည်ဟု ပညာရှင်တစ်ဦးကဖော်ပြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုနည်းပြရာတွင် ကျွန်ုပ်တို့တစ်ဦးစီ၏ အခြေအနေ၊ စွမ်းရည်၊ ဖွဲ့စည်းပုံနှင့် ကန့်သတ်ချက်များကို ထည့်တွက်စဉ်းစားပေးတော်မူ၏။ ယေဟောဝါ၏နည်းပြမှုကို ကျွန်ုပ်တို့ခံယူစဉ် ယောဘနည်းတူ ဤသို့အသနားခံလေ့ရှိကြသည်– “သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။” (ယောဘ ၁၀:၉) ကျွန်ုပ်တို့၏ ထောက်ထားစာနာတတ်သောနည်းပြက မည်သို့တုံ့ပြန်တော်မူသနည်း။ ယေဟောဝါနှင့်ပတ်သက်၍ ဒါဝိဒ်က “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုရေးသားခဲ့သည်။—ဆာလံ ၁၀၃:၁၄။
ဓမ္မအမှုတွင်ပါဝင်မှုကို သင့်အားကန့်သတ်မည့် ဆိုးရွားသည့်ကျန်းမာရေးပြဿနာတစ်ခု သင်၌ရှိပေမည်၊ သို့မဟုတ် သင့်မှာ သိမ်ငယ်သည့်စိတ်ထားရှိနေပေမည်။ အကျင့်ဆိုးတစ်ခုကိုဖြတ်ဖို့ သင်ကြိုးစားနေကောင်း ကြိုးစားနေပေမည်၊ သို့မဟုတ် သင်၏ပတ်ဝန်းကျင်၊ သင်၏အလုပ်ခွင်၊ သင်၏ကျောင်းတွင်ရှိ မိတ်ဆွေသူငယ်ချင်းများကို ရဲရဲဝံ့ဝံ့ မရင်ဆိုင်နိုင်ဟု ခံစားနေရပေမည်။ သင့်အခြေအနေသည် မည်သို့ပင်ဖြစ်နေပါစေ သင်အပါအဝင် အခြားမည်သူထက်မဆို သင့်ပြဿနာအခက်အခဲများကို ယေဟောဝါ သဘောပေါက်နားလည်တော်မူကြောင်း ဘယ်တော့မျှမမေ့ပါနှင့်! ဘုရားသခင်ထံ ချဉ်းကပ်ကြမည်ဆိုလျှင် သင့်ကိုအရေးထားသော နည်းပြတစ်ဦးအနေနှင့် ကိုယ်တော်သည် သင့်ကိုကူညီပေးရန် အမြဲအသင့်ရှိတော်မူသည်။—ယာကုပ် ၄:၈။
ရှေးခေတ်ကနည်းပြများသည် “လေ့ကျင့်မှုများကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ၊ စရိုက်ဆိုးများ၊ စိတ်ဓာတ်ကျဆင်းမှု
စသည့် အခြားအရာများကြောင့်ဖြစ်ပေါ်သည့် မောပန်းနွမ်းနယ်မှုကို ပိုင်းခြားသိမြင်နိုင် ကြသည်။ . . . [ထိုနည်းပြများ] ၌ အခွင့်အာဏာ မည်မျှရှိသနည်းဟူမူ သူတို့သည် အားကစားသမားများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင်ပင် လိုအပ်သည်ဟု သူတို့ယူမှတ်လျှင် ဝင်စွက်နိုင်ကြ၏။”သင်သည် ဤလောက၏ အတောမသတ်သည့် ဖိစီးမှုများနှင့် သွေးဆောင်မှုများကြောင့် မောပန်းနွမ်းနယ် အားကုန်နေပြီဟု ရံဖန်ရံခါ ခံစားရပါသလော။ ယေဟောဝါသည် သင်၏နည်းပြအဖြစ် သင့်ကို အလွန်စိတ်ဝင်စားတော်မူ၏။ (၁ ပေတရု ၅:၇) ကိုယ်တော်သည် ကျွန်ုပ်တို့၌ ဝိညာဉ်ရေးအားနည်းမှု၊ မောဟိုက်ပန်းလျမှုလက္ခဏာ အနည်းငယ်မျှပင် ပေါ်လာသည်နှင့် ချက်ချင်းရိပ်စားမိတော်မူသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ထည့်သွင်းစဉ်းစားပေးစေကာမူ ကျွန်ုပ်တို့၏ ထာဝရကောင်းကျိုးအတွက် စိုးရိမ်မကင်းဖြစ်ကာ လိုအပ်သည့်အခါ အကူအညီနှင့် ပဲ့ပြင်ဆုံးမမှု ပေးတော်မူ၏။ (ဟေရှာယ ၃၀:၂၁) မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများ၊ အသင်းတော်ရှိ ဝိညာဉ်ရေးအကြီးအကဲများနှင့် ကျွန်ုပ်တို့၏မေတ္တာရှိ ညီအစ်ကိုများအသင်းအပင်းတို့မှတစ်ဆင့်ဖြစ်သည်။
‘အရာရာ၌ချုပ်တည်းခြင်း’
အောင်မြင်ဖို့ ကောင်းသောနည်းပြတစ်ဦးထက်မက လိုအပ်သည်မှာ မှန်ပါသည်။ အားကစားသမားကိုယ်တိုင်အပေါ်နှင့် စည်းကမ်းတင်းကျပ်သောသင်တန်း၌ မိမိကိုယ်ကိုနှစ်မြှုပ်ထားခြင်းအပေါ် များစွာမူတည်သည်။ မပြတ်ကျင့်သုံးရမည့်စည်းစနစ်မှာ အလွန်တင်းကျပ်၏၊ အကြောင်းမှာ ထိုသင်တန်းကာလတွင် အသောက်အစား၊ အပျော်အပါးရှောင်ရ၍ အစာစားလျှင်ပင် အတိုင်းအချင့်နှင့်စားခြင်းတို့ ပါဝင်သည်။ ဘီ.စီ.အီး. ပထမရာစုမှ ကဗျာဆရာ ဟောရေးစ်က အဆိုပါပြိုင်ပွဲဝင်သူတို့သည် “ရည်မှန်းချက်ကို လက်လှမ်းမီနိုင်ကြ” ရန် “အသောက်အစားနှင့် အပျော်အပါးကို ရှောင်ကြဉ်ကြရ၏” ဟုဆိုခဲ့သည်။ ကျမ်းပညာရှင် အက်ဖ်. စီ. ကွပ်ခ်၏အဆိုအရ အားကစားပွဲများတွင် ပါဝင်သူတို့သည် “ဆယ်လတိုင် ကိုယ့်ကိုယ်ကိုချုပ်တည်းကြရ၍ အတိုင်းအချင့်နှင့် စားသောက်ကြရ၏။”
အနီးအနားရှိ ကျွန်းဆွယ်အားကစားပွဲများနှင့် အကျွမ်းတဝင်ရှိသည့် ကောရိန္သုမြို့မှ ခရစ်ယာန်များထံ ပေါလုစာရေးသားချိန်တွင် ဤတူညီချက်ကို အသုံးပြုခဲ့၏– “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။” (၁ ကောရိန္သု ၉:၂၅) စစ်မှန်သောခရစ်ယာန်များသည် ဤလောက၏ ရုပ်ဝါဒဆန်သော၊ ကိုယ်ကျင့်တရားယိုယွင်းပြီး မစင်ကြယ်သော ဘဝပုံစံများကို ရှောင်ကြဉ်ကြသည်။ (ဧဖက် ၅:၃-၅; ၁ ယောဟန် ၂:၁၅-၁၇) ထို့ပြင် ဘုရားတရားမဲ့ပြီး ကျမ်းစာနှင့်မကိုက်ညီသည့် ဉာဉ်ဆိုးများကို ခွာချွတ်ပြီး ခရစ်ယာန်အရည်အသွေးများနှင့် အစားထိုးပေးရမည်။—ကောလောသဲ ၃:၉၊ ၁၀၊ ၁၂။
ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ တစ်ခုအနေနှင့် ထိရောက်သောပုံဥပမာဖြင့် ပေါလုဖြေဆိုသည့် ဤစကားကို ဂရုပြုပါ– “သူတစ်ပါးကိုဟောပြောပြီးမှ ကိုယ်တိုင်ငြင်းပယ်ခြင်းကို ခံရသောသူ မဖြစ်ရမည်အကြောင်း ငါ၏ကိုယ်ကို ငါထိုး၍နှိပ်စက်လေ့ရှိ၏။”—၁ ကောရိန္သု ၉:၂၇၊ သမ္မာ။
ဤတွင် ပေါလု ထိထိမိမိဖြေဆိုခဲ့သည်တကား! ဤသို့အားဖြင့် ကိုယ့်ကိုယ်ကိုနှိပ်စက်ပြီး အနာခံရမည်ဟု သူပြောဆိုနေခြင်းမဟုတ်ပါ။ ယင်းအစား ပေါလုက မိမိကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကို ဆိုင်ပြိုင်တိုက်လှန်ရကြောင်း ဝန်ခံနေ၏။ တစ်ခါတစ်ရံ သူသည် မလုပ်ချင်သည့်အရာကို လုပ်မိပြီး လုပ်ချင်သည့်အရာကိုကား မလုပ်ဘဲနေခဲ့၏။ သို့သော် သူ၏အားနည်းချက်များသည် သူ့ကို ဘယ်တော့မျှ အနိုင်မယူစေရန် ဆိုင်ပြိုင်တိုက်လှန်ခဲ့၏။ သူသည် သွေးသားတပ်မက်မှုများနှင့် ဉာဉ်ဆိုးများကို နှိမ်နင်းနှိပ်ကွပ်ရန် ‘သူ၏ကိုယ်ခန္ဓာကို နာနာထိုးနှက်’ ခဲ့သည်။—ရောမ ၇:၂၁-၂၅။
ခရစ်ယာန်အားလုံး အလားတူပြုလုပ်ဖို့လိုသည်။ တစ်ချိန်က မတရားမေထုန်၊ ရုပ်[ပုံ]ကိုးကွယ်မှု၊ လိင်တူမေထုန်၊ ခိုးဝှက်မှုအစရှိသည်တို့ ပြုကျင့်ခဲ့ကြသည့် ကောရိန္သုမြို့မှ လူအချို့တို့၏ ပြုပြင်ပြောင်းလဲမှုများအကြောင်းကို ပေါလုပြောပြခဲ့သည်။ မည်သည့်အရာက သူတို့ကို ပြောင်းလဲစေခဲ့သနည်း။ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော် အစွမ်းတန်ခိုးအပြင် သူတို့ကိုယ်တိုင် ထိုသို့ပြုပြင်ပြောင်းလဲမည်ဟု သန္နိဋ္ဌာန်ချခြင်းဖြစ်၏။ ပေါလုက “သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ” ဟုဆိုခဲ့၏။ (၁ ကောရိန္သု ၆:၉-၁၁) ပေတရုကလည်း ထိုသို့သောအကျင့်ဆိုးများကို စွန့်ခဲ့ကြသူတို့အကြောင်း ထပ်တူရေးသားခဲ့၏။ သူတို့သည် ခရစ်ယာန်များအနေနှင့် အမှန်တကယ်ပင် ပြောင်းလဲလာခဲ့ကြပြီ။—၁ ပေတရု ၄:၃၊ ၄။
ကောင်းစွာချိန်ရွယ်ထားသော ကြိုးပမ်းမှုများ
ဝိညာဉ်ရေးပန်းတိုင်များသို့ရောက်ရန် ပေါလုသည် အာရုံမလွင့်စေဘဲ မည်သို့တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲကြိုးစားခဲ့ရကြောင်းကို ဤသို့ဖော်ပြသည်– “လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။” (၁ ကောရိန္သု ၉:၂၆) ပြိုင်ပွဲဝင်သူတစ်ဦးသည် သူ၏ထိုးနှက်ချက်များကို မည်သို့ထိုးမည်နည်း။ ဂရိနှင့်ရောမအတ္ထုပ္ပတ္တိများစာအုပ်က ဤသို့ဖြေဆိုသည်– “အားကြိုးမာန်တက် ထိုးနှက်ရမည့်အပြင် ပြိုင်ဘက်၏ဟာကွက်များကို မျက်စိရှင်ရှင် မြင်တတ်ဖို့လည်းလိုသည်။ လက်သွက်ဖို့ နပန်းသင်တန်းကျောင်းများမှ တတ်ထားသောပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရုံသာမက မိမိပြိုင်ဘက်ကို တစ်ကွက်ကျောရန် လျင်မြန်ဖျတ်လတ်ဖို့လည်းလိုသည်။”
ကျွန်ုပ်တို့၏ မစုံလင်သည့်သွေးသားခန္ဓာကိုယ်သည် ကျွန်ုပ်တို့၏ရန်သူတစ်ပါးဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ “အားနည်းချက်များ” ကို ကိုယ်ကိုယ်တိုင် ခွဲခြားသိမြင်ထားပါသလော။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို သူတစ်ပါးမြင်သလို အထူးသဖြင့် စာတန် ကျွန်ုပ်တို့ကို ရှုမြင်သလို တွေ့မြင်ရန် တလိုတလားရှိသလော။ ထိုသို့ပြုရန် မိမိကိုယ်ကို အရှိအတိုင်းတွေ့မြင်တတ်ဖို့လိုပြီး ပြောင်းလဲလိုစိတ်လည်းရှိရမည်။ မိမိကိုယ်ကို အလွယ်တကူလှည့်ဖြားနိုင်၏။ (ယာကုပ် ၁:၂၂) ပညာမဲ့လမ်းစဉ်လိုက်မိခြင်းကို ဆင်ခြေပေးဖို့ အလွန်လွယ်ကူပေသည်! (၁ ဓမ္မရာဇဝင် ၁၅:၁၃-၁၅၊ ၂၀၊ ၂၁) ထိုသို့ပြုခြင်းသည် “အာကာသကောင်းကင်ကိုသာ ထိုး၍သတ်ခြင်း” နှင့်အတူတူပင်။
ဤနောက်ဆုံးနေ့ရက်များတွင် ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုသူ၊ အသက်ရလိုသူများသည် အမှားနှင့်အမှန်၊ ဘုရားသခင့်အသင်းတော်နှင့် ယိုယွင်းသောဤလောကကို ရွေးချယ်ရန် ချီတုံချတုံမဖြစ်နေသင့်ချေ။ သူတို့သည် ‘စိတ်နှစ်ခွရှိပြီး ကြံစည်ပြုလုပ်သမျှ၌ မတည်ကြည်’ ခြင်း၊ ဝေခွဲမရဖြစ်ခြင်းကို ရှောင်ကြဉ်ရမည်။ (ယာကုပ် ၁:၇၊ ၈၊ သမ္မာ) အချည်းနှီးဖြစ်သော ကြိုးပမ်းမှုတို့၌ အချိန်မဖြုန်းသင့်ချေ။ ဤဖြောင့်မှန်သောလမ်းစဉ်ကို တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲလိုက်လျှောက်သူသည် ပျော်ရွှင်မှုရှိမည်ဖြစ်ပြီး သူ၏ ‘တိုးပွားခြင်းသည် လူအပေါင်းတို့ရှေ့ ထင်ရှား’ ပါလိမ့်မည်။—၁ တိမောသေ ၄:၁၅။
ခရစ်ယာန်ပြေးပွဲသည် ဆက်တည်ရှိနေဆဲပင်။ ကျွန်ုပ်တို့၏ ကြီးမြတ်သောနည်းပြ ယေဟောဝါသည် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိဖို့နှင့် အဆုံးတွင် အောင်ပန်းဆွတ်ခူးနိုင်ဖို့ လိုအပ်သော လမ်းညွှန်ချက်နှင့် အကူအညီကို မေတ္တာရှိစွာ စီမံပေးထားတော်မူသည်။ (ဟေရှာယ ၄၈:၁၇) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတရားဘက် တိုက်လှန်ရာတွင် ရှေးခေတ်မှ အားကစားသမားများနည်းတူ မိမိကိုယ်ကို ဆုံးမပဲ့ပြင် ချုပ်တည်းပြီး တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲတိုက်လှန်ဖို့လိုသည်။ ကျွန်ုပ်တို့၏ ကောင်းစွာချိန်ရွယ်ထားသော အားထုတ်မှုအားလုံးသည် ကြွယ်ဝစွာဆုချခံရမည်ဖြစ်၏။—ဟေဗြဲ ၁၁:၆။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]
‘ဆီနှင့်လူးလော့’
ရှေးဂရိနိုင်ငံ၏ အားကစားသင်တန်းတွင် ဆီလူးပေးသူ၏ အခန်းကဏ္ဍပါဝင်သည်။ သူ၏တာဝန်မှာ လေ့ကျင့်ခန်းယူတော့မည့် အားကစားသမားများကို တစ်ကိုယ်လုံးဆီလူးပေးရန်ဖြစ်၏။ အားကစားနည်းပြများ “သတိပြုမိကြသည်မှာ အားကစားသမားတစ်ဦး လေ့ကျင့်ခန်းမယူမီ သူ၏ကြွက်သားများကို ကျွမ်းကျင်စွာ နှိပ်နယ်ပေးခြင်းသည် အကျိုးရှိကြောင်းနှင့် အတန်ကြာလေ့ကျင့်ခန်းယူပြီးနောက်လည်း နှံ့နှံ့စပ်စပ် ညင်ညင်သာသာ နှိပ်နယ်ပေးခြင်းသည် ထိုအားကစားသမား၏ ကိုယ်စိတ်ပင်ပန်းမှုကို တစ်စတစ်စလျှော့ချပေးနိုင်သည်” ဟု ရှေးဂရိနိုင်ငံမှ အိုလံပစ်အားကစားပြိုင်ပွဲများ စာစောင်ကဆိုသည်။
တစ်ဦးတစ်ယောက်၏ခန္ဓာကိုယ်ကို ဆီလိမ်းကျံပေးခြင်းသည် အကြောအခြင်လျှော့ပေးနိုင်ပြီး ဝေဒနာကိုသက်သာစေနိုင်သည်နည်းတူ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မောပန်းနွမ်းနယ်နေသူ ခရစ်ယာန် “အားကစားသမား” တစ်ဦးအပေါ် အသုံးပြုပေးခြင်းသည် သူ့အား နှစ်သိမ့်ကာ ပြုပြင်ကုစားပေးနိုင်ပါသည်။ သို့ ဖြစ်သောကြောင့် အသင်းတော်အကြီးအကဲများအား ယေဟောဝါ၏လမ်းညွှန်မှုအတိုင်း ထိုသို့သောသူကို ပုံဆောင်သဘောအားဖြင့် “[ယေဟောဝါ] ၏နာမတော်ကိုအမှီပြုလျက် ဆီနှင့်လူး” ခြင်းဖြစ်သော ဆုတောင်းပေးရန် တိုက်တွန်းထားသည်။ ယင်းသို့ ပြုခြင်းသည် ဝိညာဉ်ရေးအရ နာလန်ထူစေသည့် မရှိမဖြစ်လိုအပ်သောနည်းတစ်နည်းဖြစ်၏။—ယာကုပ် ၅:၁၃-၁၅; ဆာလံ ၁၄၁:၅။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယဇ်ပူဇော်ကြပြီးနောက် အားကစားသမားများက သူတို့သည် ဆယ်လလုံးလုံး လေ့ကျင့်ခဲ့ကြသည်ဟု ကျိန်ဆိုကြရ
[Credit Line]
Musée du Louvre, Paris
[Picture Credit Line on page 29]
Copyright British Museum