“စက်ပ်တွားဂျင့်” အတိတ်နှင့် မျက်မှောက်တွင် အသုံးဝင်
“စက်ပ်တွားဂျင့်” အတိတ်နှင့် မျက်မှောက်တွင် အသုံးဝင်
အီသီယိုးပီးယားနိုင်ငံမှ ဩဇာအရှိန်အဝါရှိသူတစ်ဦးသည် ယေရုရှလင်မြို့မှ နေရင်းတိုင်းပြည်သို့ ပြန်လာလျက်ရှိသည်။ မြင်းရထားနှင့် တောလမ်းတစ်လျှောက် ခရီးနှင်နေစဉ် ဘာသာရေးစာလိပ်တစ်လိပ်ကို အသံကျယ်ကျယ်ဖြင့် သူဖတ်နေ၏။ သူဖတ်ရှုသည့်စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်သည် ထိုအချိန်မှစ၍ သူ့ဘဝကိုပြောင်းလဲစေသည့်အထိ သူ့ကို ထိမိခဲ့သည်။ (တမန်တော် ၈:၂၆-၃၈) ထိုသူသည် ပထမဦးဆုံး ဘာသာပြန်ကျမ်းဖြစ်သည့် ဂရိ စက်ပ်တွားဂျင့်မှ ဟေရှာယ ၅၃:၇၊ ၈ ကိုဖတ်ရှုခဲ့၏။ ဤကျမ်းသည် ရာစုနှစ်များတစ်လျှောက် ကျမ်းစာသတင်းတရား ပျံ့နှံ့စေခြင်းတွင် အလွန်အရေးပါခဲ့ရာ ကမ္ဘာကိုပြောင်းလဲစေသည့် ခရစ်ယာန်ဘာသာပြန်ကျမ်းဟုပင် ခေါ်ဆိုခဲ့ကြသည်။
စက်ပ်တွားဂျင့်ကျမ်းကို မည်သည့်အချိန်နှင့် မည်သည့်အခြေအနေအောက်တွင် ဘာသာပြန်ဆိုခဲ့သနည်း။ ဤခရစ်ယာန်ဘာသာပြန်ကျမ်း အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။ ရာစုနှစ်များတစ်လျှောက် မည်မျှအသုံးဝင်ခဲ့သနည်း။ ယနေ့ စက်ပ်တွားဂျင့်ကျမ်းမှ အဘယ်အရာသင်ယူနိုင်သနည်း။
ဂရိစကားပြောဂျူးများအတွက် ပြုစုခဲ့
ဘီ.စီ.အီး. ၃၃၂ ခုနှစ်တွင် မဟာအလက်ဇန္ဒားသည် ဖိနိတ်ပြည်၊ တုရုမြို့ကို ဖျက်ဆီးပြီးနောက် အီဂျစ်ပြည်သို့ ချီတက်သောအခါ သူ့ကို ကယ်တင်ရှင်အဖြစ် ကြိုဆိုခဲ့ကြသည်။ ထိုတွင် ရှေးကမ္ဘာ၏ ပညာဆည်းပူးရာ အချက်အချာဖြစ်သည့် အလက်ဇန္ဒြီးယားမြို့ကို သူတည်ထောင်ခဲ့သည်။ အလက်ဇန္ဒားသည် သူသိမ်းပိုက်ခဲ့သော နိုင်ငံများတွင် ဂရိယဉ်ကျေးမှုကို ပျံ့နှံ့သွားစေလိုသဖြင့် သူစိုးမိုးရာ ဧရာမနယ်ပယ်တစ်လျှောက် အများသုံးဂရိဘာသာစကား (ကွိုင်နေ) ကို စပို့ချစေခဲ့သည်။
ဘီ.စီ.အီး. တတိယရာစုတိုင်လေသော် အလက်ဇန္ဒြီးယားမြို့တွင် ဂျူးများစွာ အခြေချနေထိုင်လာကြသည်။ ဗာဗုလုန်တွင် ပြည်နှင်ခံရပြီးနောက် ပါလက်စတိုင်းပြင်ပ၌ ကိုလိုနီများဖွဲ့ပြီး အနှံ့အပြားနေထိုင်ခဲ့ကြသော ဂျူးတို့သည် အလက်ဇန္ဒြီးယားမြို့သို့ ပြောင်းရွှေ့လာကြသည်။ အဆိုပါဂျူးများသည် ဟေဗြဲဘာသာစကား မည်မျှတတ်မြောက်ကြသနည်း။ မက်ကလင်းတော့ခ်နှင့် စထရောင်း စွယ်စုံကျမ်းက ဤသို့ဆိုသည်– “ဗာဗုလုန်မြို့တွင် ချုပ်နှောင်ခံရပြီးနောက်မှ ပြန်လာခဲ့ကြသော ဂျူးများသည် ရှေးခေတ်ဟေဗြဲဘာသာစကားကို အတော်ပင်အကျွမ်းမဝင်ကြတော့သောကြောင့် ပါလက်စတိုင်းတရားဇရပ်များတွင် မောရှေကျမ်းမှ ဖတ်ကြားချက်များကို ခါလဒဲဘာသာစကားဖြင့် ရှင်းပြပေးခဲ့ရကြောင်း လူအများသိဖြစ်သည်။ . . . အလက်ဇန္ဒြီးယားမြို့မှ ဂျူးများသည် ဟေဗြဲဘာသာစကားကို ပို၍ပင် မကျွမ်းကြချေ; သူတို့ အကျွမ်းဝင်သော ဘာသာစကားသည် အလက်ဇန္ဒြီးယန်းဂရိဖြစ်၏။” အလက်ဇန္ဒြီးယားမြို့တွင် ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာစကားသို့ ပြန်ဆိုရန် အချိန်သင့်အခါသင့်ဖြစ်ကြောင်း ထင်ရှားနေပါသည်။
ဟေဗြဲပညတ္တိကျမ်းကို ဂရိဘာသာသို့ ပြန်ဆိုခဲ့ပြီး တော်လမီ ဖိလေဒဲလ်ဖီးယပ် (ဘီ.စီ.အီး. ၂၈၅-၂၄၆) ၏နန်းသက်အတွင်း ပြီးဆုံးခဲ့သည်ဟု ဘီ.စီ.အီး. ဒုတိယရာစုတွင် အသက်ရှင်ခဲ့သော ဂျူးလူမျိုး အရစ္စတိုဗျူလပ်စ်က ရေးသားခဲ့သည်။ အရစ္စတိုဗျူလပ်စ်က အဘယ်အရာကို “ပညတ္တိကျမ်း” ဟုဆိုလိုခဲ့ကြောင်းနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များ ကွဲလွဲခဲ့ကြသည်။ အချို့က ပင်တကျွတ်ကျမ်းကိုသာ သူရည်ညွှန်းနေခြင်းဖြစ်မည်ဟု ယူမှတ်ကြ၍ တခြားသူများကမူ ဟေဗြဲကျမ်းတစ်ကျမ်းလုံးကို ဆိုလိုပေမည်ဟု ပြောကြ၏။
မည်သို့ပင်ဖြစ်ပါစေ၊ ရှေးလူကြီးသူမတို့၏အဆိုအရ ဟေဗြဲဘာသာမှ ဂရိဘာသာသို့ ပြန်ဆိုသော ထိုပထမဆုံးဘာသာပြန်ကျမ်းကို ဂျူးပညာရှင် ၇၂ ဦးခန့် ပြန်ဆိုခဲ့ကြသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် အနီးစပ်ဆုံးပမာဏ ၇၀ ကိုအသုံးပြုလေတော့သည်။ ထို့ကြောင့် ထိုဘာသာပြန်ကျမ်းကို “၇၀” ဟုအဓိပ္ပာယ်ရသော စက်ပ်တွားဂျင့်ကျမ်းဟူ၍ ခေါ်ဆိုကြပြီး ရောမနံပါတ် LXX နှင့်ဖော်ပြသည်။ ဘီ.စီ.အီး. ဒုတိယရာစု အကုန်ပိုင်းတွင် ဟေဗြဲကျမ်းစာစောင်အားလုံးကို ဂရိဘာသာစကားဖြင့် ဖတ်ရှုနိုင်ကြလေပြီ။ ဤသို့အားဖြင့် ဂရိဘာသာစကားသို့ပြန်ဆိုခဲ့သော ဟေဗြဲကျမ်းတစ်အုပ်လုံးကို စက်ပ်တွားဂျင့်ဟု ခေါ်ဆိုလာကြသည်။
ပထမရာစုတွင် အသုံးဝင်
ယေရှုခရစ်နှင့် ကိုယ်တော်၏တမန်တော်များလက်ထက် မတိုင်မီနှင့် သူတို့ရှိစဉ် ဂရိစကားပြော ဂျူးများသည် စက်ပ်တွားဂျင့်ကျမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့၌ စုဝေးရောက်ရှိနေကြသော ဂျူးနှင့် ဂျူးဘာသာဝင်များသည် ဂရိစကားပြောဒေသများဖြစ်သည့် အာရှိပြည်၊ အီဂျစ်ပြည်၊ လစ်ဗျားနိုင်ငံ၊ ရောမနိုင်ငံနှင့် ကရေတေကျွန်းတို့မှဖြစ်သည်။ ထိုသူတို့သည် စက်ပ်တွားဂျင့်ကျမ်းကို ဖတ်ရှုကြမည်မှာ သေချာသည်။ (တမန်တော် ၂:၉-၁၁) သို့ဖြစ်၍ ပထမရာစုတွင် သတင်းကောင်းပျံ့နှံ့ရေးအတွက် ဤဘာသာပြန်ကျမ်းသည် အလွန်အသုံးဝင်ခဲ့ပေမည်။
ဥပမာ၊ တပည့်ဖြစ်သူ သတေဖန်သည် ကုရေနေပြည်၊ အာလေဇန္ဒြီပြည်၊ ကိလိကိပြည်နှင့် အာရှိပြည်တို့မှ လူတို့နှင့် စကားပြောသောအခါ ဤသို့ဆိုခဲ့သည်– “ယောသပ်သည် စေလွှတ်၍ [ခါနာန်ပြည်မှ] မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ်ငါးယောက်သော မိမိအမျိုးသားချင်းအပေါင်းတို့ကို ခေါ်ပင့်လေ၏။” (တမန်တော် ၆:၈-၁၀; ၇:၁၂-၁၄) ကမ္ဘာဦး အခန်းကြီး ၄၆ ပါ ယောသပ်၏အမျိုးသားချင်းများ၏ အရေအတွက်ကို ခုနစ်ဆယ်ဟူ၍ ဟေဗြဲဘာသာစကားကျမ်းစောင်တွင်ဆို၏။ သို့သော် စက်ပ်တွားဂျင့်ကျမ်းက ခုနစ်ကျိပ်ငါးယောက်ဟု ဖော်ပြသည်။ ထို့ကြောင့် သတေဖန်သည် စက်ပ်တွားဂျင့်ကျမ်းမှ ကိုးကားခဲ့ကြောင်း ထင်ရှားသည်။—ကမ္ဘာဦး ၄၆:၂၀၊ ၂၆၊ ၂၇။
တမန်တော် ၁၃:၁၆၊ ၂၆; ၁၇:၄) ဤသူတို့သည် စက်ပ်တွားဂျင့်ကျမ်းမှ ဘုရားသခင်အကြောင်း အတော်အတန်သိရှိလာခဲ့ကြရာ ကိုယ်တော့်ကိုကြောက်ရွံ့၍ ဝတ်ပြုကိုးကွယ်လာခဲ့ကြသည်။ ဂရိစကားပြောသော ဤသူတို့ကို ပေါလုဟောပြောရာတွင် ထိုဘာသာပြန်ကျမ်းကို မကြာခဏ ကိုးကား၍ ရှင်းပြခဲ့သည်။—ကမ္ဘာဦး ၂၂:၁၈၊ ကဘ အောက်ခြေမှတ်ချက်; ဂလာတိ ၃:၈။
တမန်တော်ပေါလုသည် သူ၏ဒုတိယနှင့်တတိယ သာသနာပြုခရီးစဉ်အတွင်း အာရှမိုင်းနားနှင့် ဂရိပြည်တစ်လျှောက် လှည့်လည်သွားလာခဲ့စဉ် ဘုရားသခင်ကို ကြောက်ရွံ့ကြသော တစ်ပါးအမျိုးသားများစွာနှင့် “ဘုရား[သခင်] ကိုကိုးကွယ်သော ဟေလသလူ” တို့ကို ဟောပြောခဲ့သည်။ (ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဟေဗြဲကျမ်းစာစောင်များမှ တိုက်ရိုက်ကိုးကားချက် ၃၂၀ ခန့်နှင့် ကိုးကားချက်နှင့်ရည်ညွှန်းချက်ပေါင်း ၈၉၀ ပါရှိ၏။ ယင်းတို့အများစုသည် စက်ပ်တွားဂျင့်ကျမ်းမှဖြစ်သည်။ ထို့ကြောင့် ဟေဗြဲစာမူများမှမဟုတ်ဘဲ ထိုခရစ်ယာန်ဘာသာပြန်ကျမ်းမှယူထားသော ကိုးကားချက်များသည် မှုတ်သွင်းခံ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ပါဝင်လာလေသည်။ ယင်းသည် တကယ်ထူးခြားပါသည်တကား! ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လူမျိုးအပေါင်းအား ဟောရလိမ့်မည်ဟု ယေရှု ကြိုပြောခဲ့သည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသည် ယင်းလုပ်ငန်းကို ဖြစ်မြောက်အောင်မြင်စေရန် ကိုယ်တော်၏မှုတ်သွင်းခံစကားတော်ကို ကမ္ဘာတစ်ဝန်းရှိလူတို့ ဖတ်ရှုဖို့ ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုခွင့်ပြုပေမည်။
ယနေ့ အသုံးဝင်လျက်ရှိ
စက်ပ်တွားဂျင့်ကျမ်းသည် ယနေ့တိုင် အရေးပါနေဆဲရှိပြီး နောက်ပိုင်းတွင် ဟေဗြဲစာမူများထဲ မသိမသာပါလာနိုင်သော ကူးရေးသူ၏အမှားများကို ဖော်ပြရန် အကူအညီဖြစ်သည်။ ဥပမာ၊ ကမ္ဘာဦး ၄:၈ ပါမှတ်တမ်းက ဤသို့ဆိုသည်– “ကာဣနကလည်း ‘လယ်သို့သွားကြကုန်အံ့’ ဟု ညီအာဗေလကိုခေါ်၍ လယ်သို့ရောက်သောအခါ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။”
“လယ်သို့သွားကြကုန်အံ့” ဟူသောစာကြောင်းကို စီ.အီး. ဆယ်ရာစုနှစ်မှ ဟေဗြဲစာမူများတွင် မတွေ့ရချေ။ သို့သော် ယင်းစာကြောင်းကို ရှေးစက်ပ်တွားဂျင့်စာမူများနှင့် အစောပိုင်းအညွှန်းများတွင် ဖော်ပြထား၏။ ဟေဗြဲစာမူတွင် နိဒါန်းပျိုးလေ့ရှိသောစကားလုံးပါသော်လည်း ကာဣန ဆက်ပြောသောစကားများ မပါပေ။ အဘယ်အရာဖြစ်ပျက် နိုင်ခဲ့မည်နည်း။ ကမ္ဘာဦး ၄:၈ တွင် “ကြကုန်အံ့” ဟူသော အသုံးအနှုန်းနှင့် အဆုံးသတ်ထားသော ဆက်တိုက်စာကြောင်းနှစ်ကြောင်းပါရှိ၏။ မက်ကလင်းတော့ခ်နှင့် စထရောင်း စွယ်စုံကျမ်းက ဤသို့ဖြစ်နိုင်မည်ဟုဆိုသည်– “ဟေဗြဲစာမူကူးရေးသူသည် စာကြောင်းနှစ်ကြောင်း၏ [ထပ်တူ] အဆုံးသတ်စကားလုံးကို တွေ့ပြီး . . . မှားကူးခဲ့ပေမည်။” သို့ဖြင့် စာမူကူးရေးသူသည် “ကြကုန်အံ့” ဟူသော အသုံးအနှုန်းဖြင့်ဆုံးသော ပထမစာကြောင်းကို ကျော်သွားနိုင်ဖွယ်ရှိ၏။ စက်ပ်တွားဂျင့်ကျမ်းနှင့် တခြားရှေးစာမူများကိုအသုံးပြုပြီး နောက်ပိုင်းဟေဗြဲမိတ္တူကျမ်းများမှ အမှားများကို ထောက်ပြနိုင်သည်။
အခြားတစ်ဖက်တွင်မူ၊ စက်ပ်တွားဂျင့်ကျမ်း၏မိတ္တူများတွင်လည်း အမှားများပါနိုင်သည်၊ ထို့ကြောင့် ဂရိကျမ်းမှအမှားကိုပြုပြင်ရန် ဟေဗြဲကျမ်းကို အညွှန်းအဖြစ် တစ်ခါတစ်ရံ အသုံးပြုကြရသည်။ သို့ဖြစ်၍ ဟေဗြဲစာမူများကို ဂရိစာမူများနှင့်လည်းကောင်း၊ တခြားဘာသာပြန်ကျမ်းများနှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဘာသာပြန်ချိန်တွင် ပြုမိသောအမှားများနှင့် ကူးရေးသူများ၏ အမှားများကိုပါ တွေ့ရှိစေပြီး တိကျမှန်ကန်စွာ ပြန်ဆိုထားသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရရှိစေ၏။
ယနေ့ထိတိုင်ရှိသော စက်ပ်တွားဂျင့်မိတ္တူကျမ်း တစ်ကျမ်းလုံးသည် စီ.အီး. စတုတ္ထရာစုနှစ်ကတည်းက ကျမ်းစောင်များဖြစ်သည်။ အဆိုပါစာမူများနှင့် နောက်ပိုင်းမိတ္တူကျမ်းများတွင် ဟေဗြဲဘာသာဖြင့် တက်တြာဂရမ်မီတန် (YHWH) ဖြင့်ကိုယ်စားပြုသော ဘုရားသခင့်နာမတော် ယေဟောဝါအမည် မပါရှိတော့ချေ။ ဟေဗြဲကျမ်း၌ တက်တြာဂရမ်မီတန် ပါရှိသည့်နေရာတိုင်းတွင် အဆိုပါကျမ်းများ၌ “ဘုရားသခင်” နှင့် “သခင်” ဟူသော ဂရိစကားလုံးများကို အစားထိုးထားသည်။ သို့သော် အနှစ် ၅၀ ခန့်က ပါလက်စတိုင်း၌ ရှာဖွေတွေ့ရှိချက်တစ်ခုက ယင်းနှင့်ပတ်သက်၍ မီးမောင်းထိုးပြခဲ့သည်။ ပင်လယ်သေ၏အနောက်ဘက်ကမ်းခြေတွင်ရှိ ဂူများတွင် စူးစမ်းရှာဖွေခဲ့သော အဖွဲ့တစ်ဖွဲ့သည် ဂရိဘာသာစကားဖြင့် ရေးသားထားသည့် ပရောဖက် ၁၂ ဦး (ဟောရှေမှ မာလခိ) ၏ရှေးဟောင်းစာပေ သားရေစာလိပ်တစ်လိပ်မှ အပိုင်းအစများကို ဖော်ပြခဲ့ကြ၏။ ယင်းစာလိပ်များသည် ဘီ.စီ.အီး. ၅၀ နှင့် စီ.အီး. ၅၀ စပ်ကြားမှဖြစ်သည်။ အစောပိုင်းအချိန်မှ ဤစာလိပ်အပိုင်းအစများတွင် တက်တြာဂရမ်မီတန်ကို “ဘုရားသခင်” နှင့် “သခင်” ဟူသော ဂရိစကားလုံးများဖြင့် အစားထိုးမထားချေ။ ထို့ကြောင့် အစောပိုင်း စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်းတွင် ဘုရားသခင့်နာမတော်ကို အသုံးပြုခဲ့ကြောင်း အသေအချာသိရသည်။
၁၉၇၁ ခုနှစ်တွင် ရှေးကျူစာလိပ် (ဖိုအက်ဒ်ကျူစာနံပါတ် ၂၆၆) အပိုင်းအစများကို ထုတ်ခဲ့သည်။ ဘီ.စီ.အီး. ဒုတိယ သို့မဟုတ် ပထမရာစုမှ စက်ပ်တွားဂျင့်ကျမ်း၏ ဤအပိုင်းအစများက အဘယ်အရာကို ဖော်ပြခဲ့သနည်း။ ၎င်းတို့တွင်လည်း ဘုရားသခင့်နာမတော် ပါရှိကြောင်း တွေ့ရှိရ၏။ ယေရှုနှင့် ပထမရာစုမှ ကိုယ်တော်၏တပည့်များသည် ဘုရားသခင့်နာမတော်ကို သိရှိ
၍ အသုံးပြုခဲ့ကြကြောင်း ဤအစောပိုင်း စက်ပ်တွားဂျင့်ကျမ်း၏ အပိုင်းအစများက ခိုင်လုံသောအထောက်အထား ဖြစ်သည်။ယနေ့ သမ္မာကျမ်းစာသည် သမိုင်းတွင် ဘာသာအပြန်ရဆုံး စာအုပ်ဖြစ်၏။ လူ့မိသားစု၏ ၉၀ ရာခိုင်နှုန်းကျော်သည် မိမိတို့ဘာသာစကားဖြင့် အနည်းဆုံး ကျမ်းစာတစ်စိတ်တစ်ပိုင်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ကြပြီ။ ယခုအခါ ခေတ်သစ်ဘာသာစကားနှင့် တိကျစွာပြန်ဆိုထားသည့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးဖြင့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြင့်ဖြစ်စေ ဘာသာစကားပေါင်း ၄၀ ကျော်ဖြင့် ရရှိနိုင်ပြီဖြစ်ရာ ကျွန်ုပ်တို့ အထူးကျေးဇူးတင်ကြ၏။ သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့် သမ္မာကျမ်းစာတွင် စက်ပ်တွားဂျင့်ကျမ်းနှင့် တခြားရှေးစာမူများကို အောက်ခြေတွင် ရာနှင့်ချီ ရည်ညွှန်းကိုးကားဖော်ပြထားသည်။ စက်ပ်တွားဂျင့်ကျမ်းသည် ကျွန်ုပ်တို့ခေတ်ရှိ ကျမ်းစာကို စိတ်ဝင်တစား လေ့လာနေကြသူများအတွက် တကယ်တန်ဖိုးရှိနေဆဲပင်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
တပည့်ဖြစ်သူ ဖိလိပ္ပုသည် “စက်ပ်တွားဂျင့်” ကျမ်းမှ ဖတ်ရှုခဲ့သည့် စာပိုဒ်တစ်ပိုဒ်ကို ရှင်းပြခဲ့
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
တမန်တော်ပေါလုသည် “စက်ပ်တွားဂျင့်” ကျမ်းကို မကြာခဏကိုးကားခဲ့