ယေဟောဝါ၏လမ်းတော်တို့တွင် လျှောက်လှမ်းခြင်းက ဆုကျေးဇူးများစွာရရှိစေ
ယေဟောဝါ၏လမ်းတော်တို့တွင် လျှောက်လှမ်းခြင်းက ဆုကျေးဇူးများစွာရရှိစေ
သင်သည် တောင်တန်းများပေါ်တွင် ခြေလျင်ခရီးထွက်ဖူးပါသလော။ ထွက်ဖူးမည်ဆိုပါက သင်သည် ကမ္ဘာ့ထိပ်ဖျားပေါ်တွင်ရှိနေဘိသကဲ့သို့ ခံစားခဲ့ရကောင်း ခံစားခဲ့ရပေမည်။ လေကောင်းလေသန့် ရှူရှိုက်ရခြင်း၊ အဝေးမြင်ကွင်းကို မြင်ရခြင်း၊ သဘာဝအလှကို ရှုစားရခြင်းတို့သည် တကယ်စိတ်ကြည်နူးစရာပင်! မြေပြင်ပေါ်ရှိ ပူပင်သောကများသည် ဘာမျှမဟုတ်သကဲ့သို့ ဖြစ်သွားပုံရပေမည်။
လူအများစုသည် ဤသို့သောအပျော်ခရီး ထွက်ခဲကြသော်လည်း သင်သည် ဆက်ကပ်အပ်နှံခရစ်ယာန်တစ်ဦးဖြစ်မည်ဆိုလျှင် ဝိညာဉ်ရေးသဘောအရ တောင်ကုန်းပေါ်တွင် အတန်ကြာ လျှောက်လှမ်းခဲ့ပေပြီ။ ရှေးအချိန်က ဆာလံဆရာနည်းတူ သင်သည် ဤသို့ဆုတောင်းဖူးမည်မှာ သေချာသည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။” (ဆာလံ ၂၅:၄) ယေဟောဝါ၏အိမ်တော်တည်ရှိရာ တောင်ပေါ်သို့ ပထမဦးဆုံးအကြိမ် သင်တက်သွားပြီး တောင်ကုန်းများပေါ် စတင်လျှောက်လှမ်းခဲ့စဉ်က သင်၏ခံစားချက်များကို မှတ်မိသေးသလော။ (မိက္ခာ ၄:၂; ဟဗက္ကုတ် ၃:၁၉) စင်ကြယ်သောဝတ်ပြုရေး၏ အဆိုပါမြင့်မြတ်သောလမ်းတော်တို့တွင် သင်လျှောက်လှမ်းခြင်းဖြင့် ကာကွယ်မှုနှင့် ပျော်ရွှင်မှုကိုရရှိကြောင်း သိရှိလာခဲ့မည်မှာ သေချာသည်။ ထို့နောက် သင်သည် ဆာလံဆရာ၏ ဤခံစားချက်အတိုင်း ခံစားလာလေသည်– “အိုထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။”—ဆာလံ ၈၉:၁၅၊ ၁၆။
သို့သော် တောင်တန်းဒေသများတွင် ခြေလျင်ခရီးထွက်ကြသူများသည် တစ်ခါတစ်ရံ မတ်စောက်သောကုန်းများကို ခက်ခက်ခဲခဲကြိုးစားတက်ခဲ့ကြရ၏။ ထိုတောင်တက်သူတို့၏ခြေထောက်များ ကိုက်ခဲလာပြီး မောပန်းလာတတ်ကြ၏။ ကျွန်ုပ်တို့လည်း ဘုရားသခင်ရေးရာလုပ်ငန်းတော်တွင် အခက်အခဲများ ကြုံတွေ့နိုင်သည်။ မကြာမီက ကျွန်ုပ်တို့၏ခြေလှမ်းများ နှေးကွေးလာခဲ့ပေမည်။ ထိုသို့ဖြစ်သည့်အခါ ကျွန်ုပ်တို့၏အားမာန်နှင့် ရွှင်လန်းမှုကို မည်သို့ပြန်ရရှိနိုင်မည်နည်း။ ပထမအဆင့်အနေနှင့် ယေဟောဝါလမ်းစဉ်တော်များ၏ မြင့်မြတ်မှုကို အသိအမှတ်ပြုခြင်းဖြင့်ဖြစ်၏။
ယေဟောဝါ၏ မြင့်မြတ်သောပညတ်တော်များ
ယေဟောဝါ၏အကျင့်သည် ‘လူတို့၏အကျင့်ထက် သာ၍မြင့်’ ပြီး ကိုယ်တော်၏ဝတ်ပြုမှုကို ‘တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်တွင် ချီးမြှောက်၍တည်’ စေခဲ့ပြီ။ (ဟေရှာယ ၅၅:၉; မိက္ခာ ၄:၁) ယေဟောဝါ၏ပညာသည် “အထက်မှသက်ရောက်သောပညာ” ဖြစ်၏။ (ယာကုပ် ၃:၁၇) ကိုယ်တော်၏ပညတ်တော်များသည် အခြားပညတ်ရှိရှိသမျှထက် သာလွန်ထူးမြတ်သည်။ ဥပမာ၊ ခါနာန်လူမျိုးများက ရက်စက်စွာ ကလေးများကို ယဇ်ပူဇော်နေကြချိန်တွင် ယေဟောဝါသည် ကိုယ်ကျင့်တရားဆိုင်ရာ မြင့်မြတ်ပြီး သနားကြင်နာမှုရှိသော ပညတ်များကို ဣသရေလလူမျိုးအား ပေးအပ်ခဲ့သည်။ ကိုယ်တော်က “ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏မျက်နှာကို မထောက်ဘဲ . . . ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်” ဟုသူတို့ကို မိန့်ဆိုခဲ့၏။—ဝတ်ပြုရာ ၁၉:၁၅၊ ၃၄။
တစ်ဆယ့်ငါးရာစုကုန်လွန်ပြီးနောက် ယေဟောဝါ၏ “ဂုဏ်အသရေနှင့်ပြည့်စုံ” တော်မူသောပညတ်အကြောင်း နောက်ထပ်သာဓကများကို ယေရှုပေးခဲ့သည်။ (ဟေရှာယ ၄၂:၂၁) တောင်ပေါ်တရားတော် တွင် ကိုယ်တော်က “သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆိုသောသူတို့အား မေတ္တာပို့ကြလော့” ဟုနောက်တော်လိုက်များကို မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၄၊ ၄၅) ကိုယ်တော်က ထပ်ဆင့်၍ ဤသို့မိန့်မှာခဲ့သည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။”—မဿဲ ၇:၁၂။
အဆိုပါမြင့်မြတ်သောပညတ်တော်များသည် လက်သင့်ခံတုံ့ပြန်သူများ၏နှလုံးကို အကျိုးသက်ရောက်သဖြင့် သူတို့ဝတ်ပြုသောဘုရားသခင်အား တုပရန် လှုံ့ဆော်တိုက်တွန်းခံရကြသည်။ (ဧဖက် ၅:၁; ၁ သက်သာလောနိတ် ၂:၁၃) ပေါလုကိစ္စတွင် ဖြစ်ပျက်ခဲ့သည့် ပြောင်းလဲမှုကို စဉ်းစားကြည့်ပါ။ သူ၏အကြောင်းကို ကျွန်ုပ်တို့ဦးဆုံးကြားသိရသည့်အချိန်တွင် သတေဖန်အား “ကွပ်မျက်သောအမှုကို . . . ဝန်ခံလျက် အသင်းတော်ကို ဖျက်ဆီး” ခဲ့သည်။ နောက်နှစ်အနည်းငယ်ခန့်တွင် “နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစု” သကဲ့သို့ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များကို နူးညံ့သိမ်မွေ့စွာ ပေါလုဆက်ဆံခဲ့၏။ ဘုရားသခင်ရေးရာသွန်သင်မှုသည် ပေါလုကို နှိပ်စက်ညှဉ်းပန်းသူတစ်ဦးအဖြစ်မှ ကိုယ်ချင်းစာနာတတ်သောခရစ်ယာန်တစ်ဦးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ (တမန်တော် ၇:၆၀; ၈:၁၊ ၃; ၁ သက်သာလောနိတ် ၂:၇) ခရစ်တော်၏သွန်သင်မှုက သူ၏ဥပဓိရုပ်ကို ပုံသွင်းပေးခဲ့သည့်အတွက် ပေါလု အမှန်ပင်ကျေးဇူးတင်ခဲ့ပေမည်။ (၁ တိမောသေ ၁:၁၂၊ ၁၃) ထပ်တူကျေးဇူးတင်လေးမြတ်သောသဘောက ဘုရားသခင်၏မြင့်မြတ်သောလမ်းစဉ်ပေါ် ရှေ့ဆက်လျှောက်လှမ်းနေရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
ကျေးဇူးတင်လေးမြတ်စွာ လျှောက်လှမ်းခြင်း
ခြေလျင်ခရီးသည်များသည် တောင်ကုန်းပေါ်မှမြင်ရသော အပေါ်စီးမြင်ကွင်းကို သဘောကျတတ်ကြ၏။ လူသွားလမ်းဘေးရှိ သေးသေးမွှားမွှားအရာများဖြစ်သည့် ထူးဆန်းသောကျောက်ကလေးတစ်လုံး၊ လှပသောပန်းလေးတစ်ပွင့်၊ ရိပ်ခနဲပေါ်လာသော တောရိုင်းတိရစ္ဆာန်တစ်ကောင် အစရှိသည်တို့ကို မြင်လိုက်ရသည့် အရသာကိုလည်းခံစားရပြီး ကြည်နူးတတ်ကြသည်။ ဝိညာဉ်ရေးအရလည်း ထိုနည်းတူပင်၊ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသွားခြင်းမှရရှိသည့် ဆုကျေးဇူးကြီးကြီးငယ်ငယ်ကို သတိပြုမိရန်လိုသည်။ ဤသို့သတိပြုမိခြင်းဖြင့် မောပန်းနွမ်းလျမှု ပျောက်ကွယ်သွားပြီး စိတ်အားတက်ကြွလာနိုင်၏။ ထိုအခါ ဒါဝိဒ်၏ဤစကားများကို ကျွန်ုပ်တို့သံယောင်လိုက်နိုင်ကြသည်– “[သနားကြင်နာသော]စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။”—ဆာလံ ၁၄၃:၈။
ယေဟောဝါ၏လမ်းတော်တွင် နှစ်နှင့်ချီ၍လျှောက်လှမ်းခဲ့သော မေရီက ဤသို့ဆို၏– “ယေဟောဝါရဲ့ဖန်ဆင်းရာတွေကို ကျွန်မကြည့်တဲ့အခါ အနုစိတ်ဒီဇိုင်းလောက်ပဲမဟုတ်ဘူး၊ ဘုရားသခင်ရဲ့မေတ္တာပြည့်ဝတဲ့ သဘောထားကိုပါ တွေ့မြင်ရတယ်။ တိရစ္ဆာန်တစ်ကောင်ပဲဖြစ်ဖြစ်၊ ငှက်တစ်ကောင်ပဲဖြစ်ဖြစ်၊ အင်းဆက်တစ်ကောင်ပဲဖြစ်ဖြစ် တစ်ကောင်ချင်းစီဟာ တကယ်ပဲစိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုပဲ နှစ်တွေတစ်လျှောက် တဖြည်းဖြည်းရှင်းလင်းပြတ်သားလာတဲ့ ဝိညာဉ်ရေးအမှန်တရားကနေ ကျွန်မ ပျော်ရွှင်မှုအများကြီးရတယ်။”
ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို မည်သို့တိုးပွားလာစေနိုင်မည်နည်း။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးထားရာများကို မထီမဲ့မြင် မပြုခြင်းအားဖြင့်ဖြစ်သည်။ “မခြားမလပ်ဆုတောင်း . . . ကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” ဟူ၍ ပေါလုရေးသားမှာကြားခဲ့၏။—၁ သက်သာလောနိတ် ၅:၁၇၊ ၁၈; ဆာလံ ၁၁၉:၆၂။
ကိုယ်ပိုင်လေ့လာမှုသည် ကျေးဇူးသိတတ်သောစိတ်ကို ဖြစ်ပေါ်စေ၏။ ကောလောသဲမြို့ရှိ ခရစ်ယာန်များကို ပေါလုဤသို့တိုက်တွန်းခဲ့သည်– “ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်းတိုးပွားပြည့်စုံလျက် [ခရစ်တော်ယေရှု] ၌ကျင်လည် [“လျှောက်လှမ်းနေ၊” ကဘ] ကြလော့။” (ကောလောသဲ ၂:၆၊ ၇) သမ္မာကျမ်းစာကို ဖတ်ရှုပြီး ဆင်ခြင်တွေးတောခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကျမ်းစာအာဘော်ရှင်နှင့် ပို၍ရင်းနှီးလာစေသည်။ ကျမ်းစာတစ်အုပ်လုံးတွင် ကျွန်ုပ်တို့အား ‘ကျေးဇူးတော်ချီးမွမ်းခြင်း၌ပြည့်စုံ’ စေနိုင်သည့် ဘဏ္ဍာတိုက်များပါရှိသည်။
ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်အတူ ယေဟောဝါအား ဝတ်ပြုခြင်းသည်လည်း သာ၍လွယ်ကူစွာလျှောက်လှမ်းစေ၏။ ဆာလံဆရာက သူ့အကြောင်းသူ ဤသို့ဆိုသည်– “ကိုယ်တော်ကို ကြောက်ရွံ့သောသူ . . . ရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဖော်တတ်ပါ၏။” (ဆာလံ ၁၁၉:၆၃) ကျွန်ုပ်တို့၏အပျော်ရွှင်ဆုံးအချိန်အချို့မှာ ခရစ်ယာန်စည်းဝေးပွဲများတွင်၊ သို့မဟုတ် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် ပေါင်းသင်းချိန်များတွင်ဖြစ်သည်။ ကျွန်ုပ်တို့၏အဖိုးတန် ကမ္ဘာချီခရစ်ယာန်မိသားစုသည် ယေဟောဝါနှင့် ကိုယ်တော်၏မြင့်မြတ်သော လမ်းစဉ်များကြောင့် တည်ရှိလာသည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။—ဆာလံ ၁၄၄:၁၅ခ။
ကျေးဇူးတင်လေးမြတ်မှုအပြင် တာဝန်သိတတ်သောစိတ်ရှိခြင်းသည် ယေဟောဝါ၏မြင့်မြတ်သောလမ်းတော်အတိုင်း ရှေ့ဆက်လျှောက်လှမ်းစေရန် ကျွန်ုပ်တို့ကို တွန်းအားပေးပါလိမ့်မည်။
တာဝန်သိသိ လျှောက်လှမ်းခြင်း
တာဝန်သိတတ်သော ခြေလျင်ခရီးသည်များသည် လမ်းမပျောက်စေရန်၊ မတ်စောက်သောနေရာများနှင့် နီးနီးကပ်ကပ်မလျှောက်မိစေရန် ဂရုစိုက်ဖို့လိုသည်ကို အသိအမှတ်ပြုကြ၏။ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသူများအနေနှင့် ကျွန်ုပ်တို့သည် အတော်အသင့်လွတ်လပ်မှုဖြင့် ကိုယ်တိုင်အစပြုလုပ်ကိုင်နိုင်ခွင့်ကို ယေဟောဝါပေးထား၏။ သို့သော် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစဉ် ထိုသို့သောလွတ်လပ်မှုကို တာဝန်သိတတ်စွာ အသုံးပြုရန်လိုသည်။
ဥပမာ၊ ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များ တာဝန်သိသိ အမှုထမ်းဆောင်ကြမည်ဟု ယုံကြည်စိတ်ချသည်။ ခရစ်ယာန်လုပ်ငန်းများတွင် ခွန်အားမည်မျှ၊ အချိန်မည်မျှ အသုံးပြုရမည်၊ သို့မဟုတ် ငွေသော်လည်းကောင်း၊ အခြားအရာများသော်လည်းကောင်း မည်မျှလှူဒါန်းရမည်ကို ကိုယ်တော်မဖော်ပြထားချေ။ ကောရိန္သုမြို့သားများထံ ပေါလုရေးခဲ့သည့် ဤစကားများသည် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည်– “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။”—၂ ကောရိန္သု ၉:၇; ဟေဗြဲ ၁၃:၁၅၊ ၁၆။
တာဝန်သိတတ်သောခရစ်ယာန် ပေးဆပ်သောအရာထဲတွင် သူတစ်ပါးကို သတင်းကောင်းဟောပြောခြင်းပါဝင်၏။ ထို့ပြင် ကျွန်ုပ်တို့သည် ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ကူညီပံ့ပိုးခြင်းအားဖြင့်လည်း တာဝန်သိတတ်သူများဖြစ်ကြောင်း ဖော်ပြသည်။ အကြီးအကဲတစ်ဦးဖြစ်သူ ဂါဟာတ်သည် အရှေ့ဥရောပတွင်ကျင်းပသော စည်းဝေးပွဲတစ်ခုကို တက်ရောက်ပြီးနောက် သူနှင့် သူ၏ဇနီးသည် ယခင်ကထက် အလှူငွေပိုထည့်ခဲ့ကြသည်ဟု ပြောပြသည်။ “အဲဒီကညီအစ်ကိုတွေဟာ အတော်လေးဆင်းရဲကြပေမဲ့ ကျမ်းစာ,စာပေတွေကို သူတို့တကယ် တန်ဖိုးထားလေးမြတ်ကြတယ်၊ ဒါကြောင့် တခြားနိုင်ငံမှာရှိတဲ့ ဆင်းရဲတဲ့ညီအစ်ကိုတွေကို ကျွန်တော်တို့အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တာ။”
ကျွန်ုပ်တို့၏ခံနိုင်ရည် တိုးများလာစေခြင်း
တောင်ကုန်းများပေါ် လမ်းလျှောက်နိုင်ဖို့ သက်လုံကောင်းရန်လို၏။ ခြေလျင်ခရီးသည်များသည် ဖြစ်နိုင်သည့်အချိန်တိုင်း လေ့ကျင့်ခန်းပြုလုပ်ကြပြီး လူအများမှာ တာဝေးခြေလျင်ခရီးအတွက် မကြာခဏလမ်းလျှောက်ထွက်ခြင်းဖြင့် ကြိုတင်ပြင်ဆင်ထားကြသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ကျန်းမာနေရန် သီအိုကရက်တစ်လုပ်ငန်းဆောင်တာများနှင့် အလုပ်များနေကြဖို့ ပေါလုအကြံပြုခဲ့သည်။ ‘ယေဟောဝါနှင့်ထိုက်တန်စွာ လျှောက်လှမ်း’ ပြီး “ခွန်အားနှင့်ပြည့်စုံ” လိုသူများသည် “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီး” သင့်သည်ဟု ပေါလုပြောခဲ့သည်။—ကောလောသဲ ၁:၁၀၊ ၁၁။
လှုံ့ဆော်မှုသည် ခြေလျင်ခရီးသည်ကို ခံနိုင်ရည်ရှိစေသည်။ မည်သို့အားဖြင့်နည်း။ ဝေးလံသောတောင်တန်းတစ်ခုအစရှိသော အထင်အရှားတွေ့မြင်ရသည့်အရာတစ်ခုကို အစဉ်အာရုံစိုက်ခြင်းဖြင့် လှုံ့ဆော်မှုရရှိသည်။ ခြေလျင်ခရီးသည်,သည် ကြားစခန်းများသို့ရောက်သောအခါ သူရောက်လိုရာ နောက်ဆုံးပန်းတိုင်သို့ မည်မျှအထိရောက်နေသည်ကို တိုင်းတာနိုင်သည်။ သွားခဲ့ပြီးသောခရီးကို ပြန်ကြည့်သောအခါ သူစိတ်ကျေနပ်မှုရပေလိမ့်မည်။
ထိုနည်းတူ ထာဝရအသက်ရဖို့ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကျွန်ုပ်တို့ကို အားတက်စေပြီး လှုံ့ဆော်ပေးသည်။ (ရောမ ၁၂:၁၂) ဤအတောအတွင်း၊ ယေဟောဝါ၏လမ်းစဉ်၌ ကျွန်ုပ်တို့လျှောက်လှမ်းစဉ် ခရစ်ယာန်ပန်းတိုင်များချမှတ်ပြီး အပတ်တကုတ်ကြိုးစားရာတွင် အောင်မြင်မှုရရှိကြသည်။ ထို့နောက် တည်ကြည်စွာအမှုတော်ထမ်းဆောင်ခဲ့သည့် နှစ်များစွာကို ပြန်ကြည့်သည့်အခါ၊ ကျွန်ုပ်တို့၏ဥပဓိရုပ် ပြုပြင်ပြောင်းလဲလာခဲ့သည်ကို သတိပြုမိပြီး အလွန်အားရရွှင်လန်းကြသည်တကား!—ဆာလံ ၁၆:၁၁။
လမ်းလျှောက်သူများသည် ခရီးဝေးလျှောက်သော်လည်း အားအင်မကုန်ခန်းသွားစေရန် ဖြည်းဖြည်းနှင့်မှန်မှန်လျှောက်ကြ၏။ ထိုနည်းတူ အစည်းအဝေးများကိုမှန်မှန်တက်ပြီး လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်သည့် ပုံမှန်အစီအစဉ်ရှိခြင်းသည် ပန်းတိုင်ရောက်ရန် အထောက်အကူဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပေါလုက “တစ်နည်းတည်းလိုက်လျှောက်ကြကုန်အံ့” ဟု ခရစ်ယာန်ချင်းများကို အားပေးခဲ့ခြင်းဖြစ်သည်။—ဖိလိပ္ပိ ၃:၁၆၊ ကဘ။
အမှန်ဆိုရလျှင် ယေဟောဝါ၏လမ်းတော်များတွင် ကျွန်ုပ်တို့တစ်ဦးတည်း လျှောက်လှမ်းနေခြင်းမဟုတ်ချေ။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့” ဟု ပေါလုရေးသည်။ (ဟေဗြဲ ၁၀:၂၄) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအပေါင်းအသင်းကောင်းများဖြစ်သော ယုံကြည်သူချင်းများနှင့် တွဲ၍လျှောက်လှမ်းကြသောအခါ ပုံမှန်လျှောက်နိုင်ရန် သာ၍လွယ်ကူစေလိမ့်မည်။—သု. ၁၃:၂၀။
နောက်ဆုံးအနေနှင့် ယေဟောဝါပေးသနားတော်မူသော ခွန်အားကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ မမေ့ဖို့အရေးကြီးသည်။ ယေဟောဝါထံမှ ခွန်အားရရှိကြသူများသည် “အားတိုးတက်၍ ခရီးသွား” ကြလိမ့်မည်။ (ဆာလံ ၈၄:၅၊ ၇) ကျွန်ုပ်တို့သည် ရံဖန်ရံခါ ခက်ခဲကြမ်းတမ်းသောနယ်မြေကို ဖြတ်သန်းသွားလာကြရမည်ဖြစ်သော်လည်း ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့ ဆက်သွားနိုင်ကြပါမည်။