ယေဟောဝါ၏ဘုန်းတော်သည် ကိုယ်တော်၏လူမျိုးတော်အပေါ်ထွန်းလင်း
ယေဟောဝါ၏ဘုန်းတော်သည် ကိုယ်တော်၏လူမျိုးတော်အပေါ်ထွန်းလင်း
“[“ယေဟောဝါ၊” ကဘ] သည် သင်၌ ထာဝရအလင်းဖြစ်တော်မူ . . . ပြီ။”—ဟေရှာယ ၆၀:၂၀။
၁။ ယေဟောဝါသည် တည်ကြည်သောလူမျိုးတော်ကို မည်သို့ကောင်းချီးပေးတော်မူသနည်း။
“ထာဝရဘုရားသည် မိမိလူစုကိုနှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။” (ဆာလံ ၁၄၉:၄) ထိုသို့ ရှေးခေတ်ဆာလံဆရာပြောဆိုခဲ့ပြီး သူ၏စကားမှန်ကန်ကြောင်း သမိုင်းကထောက်ခံခဲ့ပြီ။ ယေဟောဝါ၏လူမျိုးတော် တည်ကြည်သောအခါ ကိုယ်တော်သည် သူတို့ကိုကြည့်ရှုပြုစုတော်မူ၏၊ သူတို့ကို သီးပွင့်စေပြီး ကာကွယ်ပေးတော်မူ၏။ ရှေးအချိန်က ကိုယ်တော်သည် သူတို့၏ရန်သူများကို အောင်နိုင်စေခဲ့သည်။ ယနေ့ သူတို့ကို ဝိညာဉ်ရေးခိုင်ခံ့စေပြီး ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်ကိုအခြေခံ၍ ကယ်တင်ခြင်းရဖို့ အာမခံတော်မူ၏။ (ရောမ ၅:၉) ကိုယ်တော်ဤသို့ပြုရခြင်းအကြောင်းမှာ သူတို့သည် ကိုယ်တော့်မျက်မှောက်တော်၌ တင့်တယ်ကြသောကြောင့်ဖြစ်သည်။
၂။ ဘုရားသခင့်လူမျိုးတော်သည် အတိုက်အခံကြုံတွေ့နေကြရသော်လည်း အဘယ်အရာကို ယုံကြည်စိတ်ချကြသနည်း။
၂ မှောင်အတိကျနေသော ဤလောကတွင် “ဘုရား[သခင်]ဝတ်၌မွေ့လျော်၍နေ” သောသူတို့သည် အတိုက်အခံကြုံကြရမည်။ (၂ တိမောသေ ၃:၁၂) သို့သော် အတိုက်အခံပြုသူများကို ယေဟောဝါသတိပြုတော်မူပြီး သူတို့ကိုဤသို့သတိပေးတော်မူ၏– “အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှုကိုမဆောင်၊ ထိုပြည်နှင့်ထိုနိုင်ငံသည် ပျက်စီးရလိမ့်မည်။ ထိုသို့သောတိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံရကြလိမ့်မည်။” (ဟေရှာယ ၆၀:၁၂) ယနေ့ နည်းအမျိုးမျိုးဖြင့် သူတို့အတိုက်အခံပြုနေကြ၏။ အချို့နိုင်ငံများတွင် အတိုက်အခံပြုသူများသည် စစ်မှန်သောခရစ်ယာန်များ ယေဟောဝါအားပေးဆက်ကြသည့် ဝတ်ပြုရေးကို ကန့်သတ်ရန်၊ ပိတ်ပင်ရန် ကြိုးစားကြသည်။ အခြားနိုင်ငံများတွင်မူ တစ်ယူသန်သမားများသည် ယေဟောဝါအားဝတ်ပြုသူများကို ရိုက်နှက်ကြပြီး သူတို့ပိုင်ဆိုင်ရာများကို မီးရှို့ပစ်ကြသည်။ သို့သော် ယေဟောဝါ၏အလိုတော်ပြည့်စုံခြင်းကို ဆန့်ကျင်မှုမှန်သမျှ၏အကျိုးဆက်ကို ကိုယ်တော်ချမှတ်စီရင်ပြီးပြီဖြစ်ကြောင်း သတိရပါ။ အတိုက်အခံပြုသူများသည် ရှုံးနိမ့်ကြပါလိမ့်မည်။ မြေကြီးပေါ်တွင် ဇိအုန်၏သားသမီးများ ကိုယ်စားပြုသော ဇိအုန်ကိုတိုက်ခိုက်ကြသူများသည် အောင်မြင်လိမ့်မည်မဟုတ်။ ယင်းကား ကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားသခင် ယေဟောဝါထံတော်မှ အားတက်ဖွယ်အာမခံချက် မဟုတ်ပေလော။
မျှော်လင့်ထားသည်ထက် ကောင်းချီးခံစားခဲ့ရ
၃။ ယေဟောဝါအား ဝတ်ပြုသူများ၏ တင့်တယ်မှုနှင့် သီးပွင့်မှုကို မည်သို့ပုံဖော်ပြထားသနည်း။
၃ အမှန်မှာ ဤအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို သူတို့မျှော်လင့်ထားသည်ထက် များစွာကောင်းချီးပေးတော်မူခဲ့ပြီ။ အထူးသဖြင့် ကိုယ်တော်အားဝတ်ပြုသည့်နေရာနှင့် ၎င်းရှိ ကိုယ်တော်၏နာမတော်ခံယူထားသူများကို တဖြည်းဖြည်း ပိုတင့်တယ်စေခဲ့ပြီ။ ဟေရှာယ၏ပရောဖက်ပြုချက်အရ ဇိအုန်ကို ကိုယ်တော်ဤသို့ဆို၏– “ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှာ လေဗနုန်ဘုန်းနှင့်တကွ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။” (ဟေရှာယ ၆၀:၁၃) စိမ်းလန်းစိုပြေသောသစ်တောဖုံးလွှမ်းသည့် တောင်တန်းများ သည် မျက်စိပသာဒဖြစ်စရာပင်။ ထို့ကြောင့် ထူထပ်သောသစ်ပင်များသည် ယေဟောဝါအား ဝတ်ပြုသူများ၏ တင့်တယ်မှုနှင့် သီးပွင့်တိုးပွားမှုတို့ကို သင့်လျော်စွာပုံဆောင်သည်။—ဟေရှာယ ၄၁:၁၉; ၅၅:၁၃။
၄။ “သန့်ရှင်းရာဌာန” နှင့် “[ယေဟောဝါ၏] ခြေတင်ရာအရပ်” တို့ကား အဘယ်နည်း၊ ၎င်းတို့သည် မည်သို့တင့်တယ်လာခဲ့ပြီနည်း။
၄ ဟေရှာယ ၆၀:၁၃ တွင်ဖော်ပြထားသော “သန့်ရှင်းရာဌာန” နှင့် “[ယေဟောဝါ၏] ခြေတင်ရာအရပ်” တို့ကား အဘယ်နည်း။ ဤစကားရပ်များသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါအားဝတ်ပြုရန် ကိုယ်တော့်ထံချဉ်းကပ်နိုင်သော အစီအစဉ်ဖြစ်သည့် ကိုယ်တော်၏မဟာဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်၏ ရင်ပြင်တို့ကို ရည်ညွှန်းပါသည်။ (ဟေဗြဲ ၈:၁-၅; ၉:၂-၁၀၊ ၂၃) ယေဟောဝါသည် ထိုဝိညာဉ်ရေးဝတ်ပြုရာအိမ်တော်တွင် လူမျိုးအပေါင်းမှ လူတို့ကိုစုသိမ်းပြီး ဝတ်ပြုကိုးကွယ်စေခြင်းဖြင့် ဘုန်းတော်ထင်ရှားစေရန် ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပြီဖြစ်သည်။ (ဟဂ္ဂဲ ၂:၇) လူမျိုးအပေါင်းမှ လူအုပ်ကြီးသည် ယေဟောဝါ၏ ဝတ်ပြုရာတောင်တော်ပေါ်သို့ စီတန်းတက်သွားနေကြသည်ကို ဟေရှာယကိုယ်တိုင် အစောပိုင်းက တွေ့မြင်ခဲ့ပြီးဖြစ်သည်။ (ဟေရှာယ ၂:၁-၄) နောက်အနှစ်တစ်ရာလွန်သော် အဆင်းအာရုံတစ်ခု၌ တမန်တော်ယောဟန်သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]” ကို မြင်တွေ့ခဲ့သည်။ ဤသူတို့သည် “ဘုရားသခင်၏ပလ္လင်တော်ရှေ့” ၌ရပ်နေကြပြီး “[ဝတ်ပြုရာအိမ်] တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြု” လျက်ရှိ၏။ (ဗျာဒိတ် ၇:၉၊ ၁၅) ဤပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့ခေတ်၌ ပြည့်စုံခဲ့ပြီဖြစ်ရာ ယေဟောဝါ၏အိမ်တော်သည် ကျွန်ုပ်တို့ရှေ့တွင် တင့်တယ်လာခဲ့ပြီ။
၅။ ဇိအုန်၏သားသမီးများသည် အဘယ်ပြောင်းလဲမှုကြီးကို ကြုံတွေ့ခဲ့ကြရသနည်း။
၅ ဤအရာအားလုံးတို့သည် ဇိအုန်အတွက် မဟာပြောင်းလဲမှုကြီးပါတကား! ယေဟောဝါဤသို့ဆို၏– “သင့်ကို အဘယ်သူမျှ လျှောက်၍မသွားရမည်အကြောင်း သူတစ်ပါးတို့သည် သင့်ကိုစွန့်ပစ်ရွံရှာကြသည်အတွက် ငါသည် သင့်ကို ထာဝရအထွတ်အမြတ် [“ဂုဏ်ယူဖွယ်ရာ၊” ကဘ] ဖြစ်စေမည်။ လူမျိုးအစဉ်အဆက် ဝမ်းမြောက်စရာအကြောင်းလည်းဖြစ်စေမည်။” (ဟေရှာယ ၆၀:၁၅) ပထမကမ္ဘာစစ်အပြီးတွင် “ဘုရားသခင်၏ဣသရေလ” သည် ပျက်စီးခြင်းကာလတစ်ခုကို အမှန်ကြုံတွေ့ခဲ့ရသည်။ (ဂလာတိ ၆:၁၆) ဘုရားသခင့်ဣသရေလ၏ မြေကြီးဆိုင်ရာသားသမီးများသည် မိမိတို့အတွက် ဘုရားသခင်၏အလိုတော်ကို ကွဲကွဲပြားပြားမသိခဲ့ကြသောကြောင့် “စွန့်ပစ်” ခံရသည်ဟု ခံစားနေကြရသည်။ ထို့နောက် ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်ဖွားကျေးကျွန်များကို ပြန်အသက်ဝင်စေ၍ အံ့ဖွယ်ဝိညာဉ်ရေးတိုးတက်မှုဖြင့် သူတို့ကိုကောင်းချီးပေးတော်မူခဲ့သည်။ ထို့အပြင် ဤအခန်းငယ်၌ပါသော ကတိတော်သည် အားရှိစရာကောင်းသည်မဟုတ်ပေလော။ ယေဟောဝါသည် ဇိအုန်ကို ‘ဂုဏ်ယူဖွယ်ရာ’ အဖြစ် ယူမှတ်ပါလိမ့်မည်။ မှန်ပါသည်၊ ဇိအုန်၏သားသမီးများနှင့် ယေဟောဝါကိုယ်တော်တိုင်သည် ဇိအုန်ကိုဂုဏ်ယူကြပါလိမ့်မည်။ သူသည် “ဝမ်းမြောက်စရာ”၊ အတိုင်းမသိရွှင်လန်းစရာအကြောင်း ဖြစ်ပါလိမ့်မည်။ ၎င်းသည် ခေတ္တခဏမျှသာဖြစ်မည်မဟုတ်ပါ။ ဇိအုန်၏မြေကြီးပေါ်ရှိသားသမီးများ ကိုယ်စားပြုသော မျက်နှာသာရအခြေအနေသည် “လူမျိုးအစဉ်အဆက်” တည်လိမ့်မည်။ အဆုံးရှိမည်မဟုတ်ပါ။
၆။ တိုင်းနိုင်ငံများမှ ဥစ္စာအင်ခွင်များကို ခရစ်ယာန်စစ်များ မည်သို့အသုံးပြုကြသနည်း။
၆ ဘုရားသခင်၏အမိန့်တော် နောက်တစ်ခုကို ယခုနားဆင်ပါ။ ဟေရှာယ ၆၀:၁၆) ဇိအုန်သည် အဘယ်နည်းဖြင့် “တစ်ပါးအမျိုးသားတို့၏နို့ကိုစို့” ပြီး “ရှင်ဘုရင်များ၏သားမြတ်ကို” စို့ခဲ့သနည်း။ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါ “အခြားသိုး” တို့သည် စင်ကြယ်သောဝတ်ပြုရေးကိုမြှင့်တင်ပေးဖို့ တိုင်းနိုင်ငံများ၏ အဖိုးတန်ဥစ္စာအင်ခွင်များကို အသုံးပြုကြခြင်းဖြင့်ဖြစ်သည်။ (ယောဟန် ၁၀:၁၆) စေတနာအလျောက် ရက်ရက်ရောရောလှူဒါန်းသည့်ငွေဖြင့် အပြည်ပြည်ဆိုင်ရာဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို အကြီးအကျယ်ဆောင်ရွက်နိုင်စေသည်။ မျက်မှောက်ခေတ်နည်းပညာကို ပညာရှိရှိအသုံးပြုခြင်းဖြင့် ဘာသာစကားရာနှင့်ချီ၍ သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို ထုတ်ဝေနိုင်စေသည်။ ယနေ့ သမိုင်းတွင် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ကျမ်းစာအမှန်တရားကို လူများစွာကြားသိနေကြရပြီ။ နိုင်ငံမြောက်မြားစွာမှ လူတို့သည် မိမိ၏ဝိညာဉ်တော်ဖွားကျေးကျွန်များကို ဝိညာဉ်ရေးသုံ့ပန်းဘဝမှ ပြန်ဝယ်ယူခဲ့သော ယေဟောဝါသည် အမှန်ပင်ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိလာကြပြီဖြစ်သည်။
ဇိအုန်ကို ယေဟောဝါဤသို့မိန့်ဆို၏– “သင်သည် တစ်ပါးအမျိုးသားတို့၏နို့ကို စို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောသူ၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည် သင့်ကိုရွေးနုတ်သောသူဖြစ်ကြောင်းကို သင်သည်သိရလိမ့်မည်။” (အဖွဲ့အစည်းလိုက်တိုးတက်မှု
၇။ ဇိအုန်၏သားသမီးများသည် အဘယ်ထင်ရှားသောတိုးတက်မှုများကို တွေ့ကြုံခံစားခဲ့ရပြီနည်း။
၇ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို အခြားနည်းတစ်နည်းဖြင့် တင့်တယ်စေခဲ့ပြီ။ ကိုယ်တော်သည် သူတို့ကို အဖွဲ့အစည်းလိုက်တိုးတက်စေခြင်းဖြင့် ကောင်းချီးပေးတော်မူခဲ့ပြီ။ ဟေရှာယ ၆၀:၁၇ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။” ကြေးဝါအရာ၌ ရွှေကိုအစားထိုးခြင်းသည် တိုးတက်မှုတစ်ခုဖြစ်သည်၊ ဖော်ပြထားသောအခြားပစ္စည်းများလည်း ထပ်တူပင်ဖြစ်သည်။ ၎င်းနှင့်အညီ ဘုရားသခင်၏ဣသရေလသည် ဤနောက်ဆုံးကာလအတွင်း အဖွဲ့အစည်းလိုက် တိုးတက်မှုအမျိုးမျိုး တွေ့ကြုံခံစားနေရပြီ။ သာဓကအချို့ကို သုံးသပ်ကြည့်ပါ။
၈-၁၀။ ၁၉၁၉ ခုနှစ်မှအစပြုခဲ့သော အဖွဲ့အစည်းလိုက်တိုးတက်မှုအချို့ကို ဖော်ပြပါ။
၈ ၁၉၁၉ ခုနှစ်မတိုင်မီက ဘုရားသခင့်လူမျိုးတော်၏ အသင်းတော်များကို အသင်းတော်အကြီးအကဲများနှင့် သင်းထောက်များက စီမံခန့်ခွဲခဲ့ကြသည်၊ သူတို့ကို အသင်းသားများက ဒီမိုကရေစီနည်းစနစ်ဖြင့် မဲပေးရွေးကောက်တင်မြှောက်ခဲ့ကြ၏။ ထိုနှစ်မှစ၍ လယ်ကွင်းလုပ်ငန်းလှုပ်ရှားမှုများကို ကြီးကြပ်ဖို့ အသင်းတော်တစ်ခုစီတွင် လုပ်ငန်းတော်ဒါရိုက်တာတစ်ဦးကို ‘သစ္စာနှင့်သတိပညာရှိကျွန်’ က ခန့်အပ်ခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇) သို့သော် အသင်းတော်များစွာတွင် ထိုအစီအစဉ် မအောင်မြင်ခဲ့ချေ၊ အကြောင်းမှာ ရွေးကောက်ခံရသောအကြီးအကဲအချို့သည် ဧဝံဂေလိလုပ်ငန်းတွင် အပြည့်အဝမပါဝင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၁၉၃၂ ခုနှစ်တွင် အသင်းတော်များသည် အကြီးအကဲများနှင့် သင်းထောက်များကို မဲစနစ်ဖြင့်ရွေးကောက်ခြင်း မပြုတော့ရန် ညွှန်ကြားခံခဲ့ရသည်။ ယင်းအစား လုပ်ငန်းတော်ဒါရိုက်တာနှင့်အတူ တွဲဖက်အမှုထမ်းကြမည့် အမျိုးသားများကို ရွေးကောက်ကြပြီး လုပ်ငန်းတော်ကော်မတီဖွဲ့ရမည်ဖြစ်သည်။ ၎င်းသည် “သစ်သား” အရာ၌ “ကြေးဝါ” ကိုအစားထိုးခြင်းနှင့်တူပြီး ကြီးမားသောတိုးတက်မှုတစ်ခုပင်တည်း!
၉ ၁၉၃၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိအသင်းတော်များသည် မွမ်းမံအစီအစဉ်တစ်ခုကို လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်၊ ၎င်းသည် ကျမ်းစာအစဉ်အလာနှင့် သာ၍ကိုက်ညီပေသည်။ အသင်းတော်စီမံခန့်ခွဲမှုတာဝန်ကို လုပ်ဖော်ကိုင်ဖက်စုအမှုထမ်းနှင့် အခြားအမှုထမ်းများအား အပ်နှင်းခဲ့သည်၊ ထိုသူအားလုံးတို့မှာ သစ္စာနှင့်သတိပညာရှိကျွန်၏ ကြီးကြပ်မှုအောက် ခန့်အပ်ခံရသူများဖြစ်ကြသည်။ မဲစနစ်ဖြင့် ရွေးကောက်ခြင်းမရှိတော့ချေ! သို့ဖြင့် သီအိုကရက်တစ်နည်းလမ်းအတိုင်း အသင်းတော်ခန့်အပ်မှုများကို ပြုလုပ်ခဲ့ကြလေသည်။ ၎င်းသည် “ကျောက်” အရာ၌ “သံ၊” “ကြေးဝါ” အရာ၌ “ရွှေ” ကိုအစားထိုးခြင်းနှင့်တူသည်။
၁၀ ထိုအချိန်မှစ၍ ဆက်လက်တိုးတက်နေသည်။ ဥပမာ၊ ၁၉၇၂ ခုနှစ်တွင်၊ အကြီးအကဲတစ်ဦးတည်းက ကျန်သူများအပေါ် အခွင့်အာဏာသုံးခြင်းမရှိဘဲ သီအိုကရက်တစ်နည်းအတိုင်း ခန့်အပ်ခံရပြီး ပူးပေါင်းလုပ်ဆောင်သော အကြီးအကဲအဖွဲ့တစ်ဖွဲ့ ကြီးကြပ်သောအသင်းတော်များရှိခြင်းသည် ပထမရာစု ခရစ်ယာန်အသင်းတော်များကို စီမံခန့်ခွဲခဲ့သောနည်းလမ်းနှင့် ပို၍ကိုက်ညီကြောင်း တွေ့ရှိခဲ့ကြရသည်။ ထို့အပြင် လွန်ခဲ့သောနှစ်နှစ်ခန့်တွင် နောက်ထပ်တိုးတက်မှုတစ်ခုရှိခဲ့သေးသည်။ တရားဝင်ကော်ပိုရေးရှင်းအချို့၏ ဦးစီးကွပ်ကဲမှုကို ပြုပြင်ခဲ့ရာ အုပ်ချုပ်ရေးအဖွဲ့သည် တရားရေးရာကိစ္စများနှင့် နေ့စဉ်အာရုံထွေပြားနေမည့်အစား ဘုရားသခင့်လူမျိုးတော်၏ ဝိညာဉ်ရေးအကျိုးစီးပွားကို ပို၍အပြည့်အဝအာရုံစိုက်နိုင်ခဲ့ပေပြီ။
၁၁။ ယေဟောဝါ၏လူမျိုးတော်အလယ်တွင် အဖွဲ့အစည်းလိုက် ပြောင်းလဲမှုများနောက်ကွယ်၌ မည်သူရှိသနည်း၊ ဤပြောင်းလဲမှုများသည် အဘယ်အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့ပြီနည်း။
၁၁ ဤအဆင့်ဆင့် တိုးတက်ပြောင်းလဲမှုများ နောက်ကွယ်၌ မည်သူရှိသနည်း။ ယေဟောဝါဘုရားသခင်မှတစ်ပါး မည်သူမျှမရှိပေ။ ကိုယ်တော်သာ “ရွှေကို . . . ငါဆောင်ခဲ့မည်” ဟုဆို၏။ ဆက်လက်၍လည်း ကိုယ်တော်က “သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်” ဟုမိန့်တော်မူ၏။ မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကိုကြီးကြပ်ရန် တာဝန်ခံယူထားသည်။ တင်ကူးဟောကြားထားသော အဖွဲ့အစည်းလိုက်တိုးတက်မှုဖြင့် မိမိ၏လူမျိုးတော်ကို တင့်တယ်စေတော်မူပြီ။ ယင်းကြောင့် ယေဟောဝါသက်သေများသည် နည်းများစွာဖြင့် ကောင်းချီးခံစားနေကြရသည်။ ဟေရှာယ ၆၀:၁၈ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန်မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်။” ထိုစကားများသည် တင့်တယ်လှသည်တကား! သို့သော် ဤစကားများ မည်သို့ပြည့်စုံလာခဲ့ပြီနည်း။
၁၂။ ခရစ်ယာန်စစ်များအလယ်၌ ငြိမ်သက်ခြင်း မည်သို့ကြီးစိုးလာသနည်း။
၁၂ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါထံတော်မှ သွန်သင်မှုနှင့် လမ်းညွှန်မှုရရှိရန် မျှော်လင့်ကြရာ အကျိုးဆက်မှာ ဟေရှာယတင်ကူးပြောထားသည့်အတိုင်း ဤသို့ဖြစ်လေပြီ– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) ထို့ပြင် ယေဟောဝါ၏လူမျိုးတော်အပေါ်၌ ကိုယ်တော်၏ဝိညာဉ်တော် လုပ်ဆောင်နေတော်မူရာ ထိုဝိညာဉ်တော်၏အသီးတွင် ငြိမ်သက်ခြင်းပါဝင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အကြမ်းဖက်လောကတွင် ယေဟောဝါလူမျိုးတော်၏ငြိမ်သက်မှုသည် အားရှိစေသော အိုအေစစ်တစ်ခုဖြစ်သည်။ ခရစ်ယာန်စစ်များအချင်းချင်း တစ်ဦးအပေါ်တစ်ဦးထားရှိသော ချစ်ခြင်းမေတ္တာပေါ်အခြေပြုသည့် သူတို့၏ငြိမ်သက်သောအခြေအနေသည် ကမ္ဘာသစ်အသက်တာ၏ နမူနာတစ်ခုဖြစ်သည်။ (ယောဟန် ၁၅:၁၇; ကောလောသဲ ၃:၁၄) ကျွန်ုပ်တို့တစ်ဦးစီသည် ထိုငြိမ်သက်မှုကို မွေ့လျော်ခံစား၍ တိုးပွားစေနိုင်၏၊ ၎င်းငြိမ်သက်မှုသည် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းပြီး ကျွန်ုပ်တို့ဝိညာဉ်ရေးပရဒိသု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်!—ဟေရှာယ ၁၁:၉။
ယေဟောဝါ၏အလင်း ဆက်ထွန်းလင်းမည်
၁၃။ လူမျိုးတော်အပေါ် ယေဟောဝါ၏အလင်း မပြတ်ထွန်းလင်းမည်ကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၁၃ ယေဟောဝါ၏အလင်းသည် ကိုယ်တော်၏လူမျိုးတော်အပေါ် ဆက်ထွန်းလင်းလိမ့်မည်လော။ ထွန်းလင်းပါလိမ့်မည်! ဟေရှာယ ၆၀:၁၉၊ ၂၀ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “နောက်တစ်ဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသောအလင်းမဟုတ်၊ ညအချိန်၌လည်း လအရောင်သည် သင့်ကိုမလင်းစေရ။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရားသခင်သည် သင်၏ဘုန်းအသရေ ဖြစ်တော်မူလိမ့်မည်။ နောက်တစ်ဖန် သင်၏နေသည် မဝင်ရ။ သင်၏လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍ စိတ်မသာညည်းတွားရာကာလ ကုန်လေပြီ။” ၁၉၁၉ ခုနှစ်တွင် ဝိညာဉ်ရေးပြည်နှင်ခံရခြင်းကြောင့် “စိတ်မသာညည်းတွား” ခြင်းရပ်စဲသွားသည်နှင့် ယေဟောဝါ၏အလင်းသည် သူတို့အပေါ် စတင်ထွန်းလင်းလေသည်။ အနှစ် ၈၀ ကျော်ကုန်လွန်ပြီးနောက်လည်း ယေဟောဝါ၏အလင်း ဆက်ထွန်းလင်းနေရာ ယေဟောဝါ၏မျက်နှာသာတော်ကို သူတို့ဆက်ခံစားနေကြရဆဲရှိ၍ ရပ်တန့်သွားလိမ့်မည်မဟုတ်ပါ။ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ဘုရားသခင်သည် နေကဲ့သို့ “ဝင်” ပြီး လကဲ့သို့ “ဆုတ်” မည်မဟုတ်ပါ။ ယင်းအစား သူတို့အပေါ် ထာဝစဉ်အလင်းဖြာပေလိမ့်မည်။ ဤမှောင်မိုက်လောက၏ နောက်ဆုံးကာလအတွင်း၌ အသက်ရှင်နေကြသော ကျွန်ုပ်တို့အတွက် အမှန်တကယ်အားရစရာ အာမခံချက်ပါတကား!
၁၄၊ ၁၅။ (က) ဘုရားသခင့်လူမျိုးတော်အားလုံးသည် အဘယ်နည်းဖြင့် “ဖြောင့်မတ်” ကြသနည်း။ (ခ) အခြားသိုးများသည် ဟေရှာယ ၆၀:၂၁ နှင့်စပ်လျဉ်း၍ အဘယ်အရေးပါသော ပြည့်စုံချက်ကို စောင့်မျှော်ကြသနည်း။
၁၄ ဘုရားသခင့်ဣသရေလ၊ ဇိအုန်၏မြေကြီးကိုယ်စားလှယ်များနှင့်စပ်လျဉ်း၍ ယေဟောဝါမိန့်မြွက်သောကတိတော် နောက်တစ်ခုကို ယခုနားဆင်ပါ။ ဟေရှာယ ၆၀:၂၁ ကဤသို့ဆို၏– “သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍ ပြည်တော်ကို အစဉ်အမြဲအမွေခံသဖြင့် ငါ၏ဘုန်းပွင့်စေခြင်းငှာ ငါကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင်ဖြစ်ရကြလိမ့်မည်။” ဝိညာဉ်တော်ဖွားခရစ်ယာန်များ လုပ်ငန်းတော်ကို ပြန်ဆောင်ရွက်ကြသည့် ၁၉၁၉ ခုနှစ်တွင် သူတို့သည် ထူးခြားသောလူစုတစ်စုဖြစ်ခဲ့သည်။ သူတို့သည် အမှန်တကယ်အပြစ်ကြီးသောလောကတွင် ခရစ်တော်ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်ကို အခိုင်အမာယုံကြည်ခြင်းကြောင့် “ဖြောင့်မတ်ရာသို့ရောက်ရ” ကြသည်။ (ရောမ ၃:၂၄; ၅:၁) ထို့နောက် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာသော ဣသရေလလူမျိုးကဲ့သို့ သူတို့သည် “ပြည်တော်”၊ ဝိညာဉ်ရေးနယ်မြေ၊ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုနယ်ပယ်ကို သိမ်းပိုက်ခဲ့ကြပြီး ထိုတွင် ဝိညာဉ်ရေးပရဒိသုကို မွေ့လျော်ခံစားကြရမည်ဖြစ်သည်။ (ဟေရှာယ ၆၆:၈) ရှေးခေတ်ဣသရေလလူမျိုးနှင့်မတူဘဲ ဘုရားသခင့်ဣသရေလသည် လူမျိုးတစ်မျိုးအနေနှင့် ဖောက်ပြန်မည်မဟုတ်သောကြောင့် ထိုပြည်တော်၏ ပရဒိသုဆိုင်ရာ အလှကျက်သရေသည် ဘယ်သောအခါမျှ ညှိုးနွမ်းမှေးမှိန်သွားမည်မဟုတ်ပါ။ သူတို့၏ယုံကြည်ခြင်း၊ သူတို့၏ခံနိုင်ရည်နှင့် သူတို့၏ဇွဲသည် ဘုရားသခင့်နာမတော်အား အစဉ်ဂုဏ်တင်ပါလိမ့်မည်။
ယေရမိ ၃၁:၃၁-၃၄) ကိုယ်တော်၏ “သား” များအဖြစ် သူတို့ကို ဖြောင့်မတ်ရာသို့ရောက်စေပြီး စုံလင်သူများပမာ သူတို့နှင့်ဆက်ဆံတော်မူ၏။ (ရောမ ၈:၁၅၊ ၁၆၊ ၂၉၊ ၃၀) သူတို့၏အပေါင်းပါ အခြားသိုးများသည်လည်း ယေရှု၏ပူဇော်ရာယဇ်ကိုအခြေခံ၍ အပြစ်များခွင့်လွှတ်ခံရပြီးနောက် အာဗြဟံကဲ့သို့ ဘုရားသခင့်မိတ်ဆွေများအဖြစ် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြပြီ။ “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။” ဤအခြားသိုးအပေါင်းပါများသည် ထူးခြားထင်ရှားသော ကောင်းချီးနောက်တစ်ခုကို စောင့်မျှော်နေကြသည်။ ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်ပြီးနောက်၊ သို့မဟုတ် ရှင်ပြန်ထမြောက်ပြီးနောက် မြေတစ်ပြင်လုံးသည် ပရဒိသုဖြစ်လာသောအခါ ဟေရှာယ ၆၀:၂၁ ပါစကားများ စာသားအတိုင်းပြည့်စုံလာသည်ကို သူတို့မြင်တွေ့ရကြလိမ့်မည်။ (ဗျာဒိတ် ၇:၁၄; ရောမ ၄:၁-၃) ထိုအခါ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉။
၁၅ ထိုဝိညာဉ်ရေးပြည်တော်သားများအားလုံးသည် ပဋိညာဉ်သစ်တွင် ပါဝင်လာကြပြီ။ သူတို့အားလုံး၏နှလုံးပေါ်တွင် ယေဟောဝါ၏ပညတ်တော် ရေးသားထားပြီးဖြစ်၍ ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်ကြောင့် ယေဟောဝါသည် သူတို့၏အပြစ်များကို ခွင့်လွှတ်တော်မူခဲ့ပြီ။ (ဆက်လက်တိုးတက်နေ
၁၆။ အဘယ်ထူးခြားသောကတိတော်ကို ယေဟောဝါပြုတော်မူခဲ့သနည်း၊ ၎င်းသည် မည်သို့ပြည့်စုံခဲ့ပြီနည်း။
၁၆ ဟေရှာယအခန်းကြီး ၆၀ ၏နောက်ဆုံးအခန်းငယ်တွင် ထိုအခန်းကြီးပါ ယေဟောဝါ၏နောက်ဆုံးကတိပြုချက်ကို ကျွန်ုပ်တို့ဖတ်ရှုရသည်။ ဇိအုန်ကို ကိုယ်တော်ဤသို့ဆို၏– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာယ ၆၀:၂၂) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် နှုတ်မြွက်စကားတော်ကို တည်စေတော်မူ၏။ ၁၉၁၉ ခုနှစ်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် လုပ်ငန်းတော် ပြန်လုပ်ဆောင်ချိန်၌ အရေအတွက်အားဖြင့် အနည်းငယ်သာရှိခဲ့ရာ “သူငယ်တစ်ယောက်” သာဖြစ်ခဲ့သည်။ သို့သော် ဝိညာဉ်ရေးဣသရေလသားများ နောက်ထပ်ခေါ်ဆောင်ခံရသည်နှင့် သူတို့၏အရေအတွက် တိုးများလာ၏။ ၎င်းနောက် အရေအတွက်တိုး၍တိုး၍များလာသော အခြားသိုးသည် သူတို့နှင့် စတင်စုရုံးလာကြသည်။ ဘုရားသခင့်လူမျိုးတော်၏ ငြိမ်သက်သောအခြေအနေ၊ သူတို့၏ “ပြည်တော်” ၌ရှိသော ဝိညာဉ်ရေးပရဒိသုသည် နှလုံးရိုးဖြောင့်သူများစွာကိုဆွဲဆောင်ခဲ့ရာ “အားနည်းသောသူတစ်ယောက်” သည် အမှန်တကယ်ပင် “အားကြီးသောလူမျိုး” ဖြစ်လာခဲ့ပြီ။ ယခုဤ “လူမျိုး”—ဘုရားသခင့်ဣသရေလနှင့် ဆက်ကပ်အပ်နှံထားသော “တိုင်းတစ်ပါးသား” ခြောက်သန်းကျော်တို့—သည် ကမ္ဘာ့အချုပ်အခြာနိုင်ငံများစွာတို့ရှိ လူဦးရေထက် ပိုများနေပါပြီ။ (ဟေရှာယ ၆၀:၁၀) ၎င်းနိုင်ငံသားများသည် ယေဟောဝါ၏အလင်းတော်ကို လင်းစေခြင်း၌ပါဝင်ကြပြီး ထိုသို့ပြုခြင်းက သူတို့အားလုံးကို ကိုယ်တော်၏ရှေ့မှောက်တော်တွင် လှပတင့်တယ်စေပါသည်။
၁၇။ ဟေရှာယအခန်းကြီး ၆၀ ကိုဤသို့ဆွေးနွေးခြင်းက သင့်အတွက် အဘယ်အကျိုးသက်ရောက်ခဲ့ပြီနည်း။
၁၇ ဟေရှာယအခန်းကြီး ၆၀ ၏ပေါ်လွင်ချက်များကို သုံးသပ်ရခြင်းသည် ယုံကြည်ခြင်းကို အမှန်ပင်ခိုင်ခံ့စေသည်။ ယေဟောဝါ၏လူမျိုးတော်သည် ဝိညာဉ်ရေးပြည်နှင်ခြင်းခံရပြီးနောက် ပြန်လည်ထူထောင်လာမည်ကို ကိုယ်တော်ကြိုသိတော်မူကြောင်း သိရှိရခြင်းသည် အားရှိစရာဖြစ်သည်။ ကျွန်ုပ်တို့ခေတ်တွင် စစ်မှန်သောဝတ်ပြုသူများ၏အရေအတွက် အကြီးအကျယ်တိုးများလာမည်ကို ယေဟောဝါ ဤမျှတိုင် ကြိုတင်သိရှိထားခြင်းသည် ကျွန်ုပ်တို့အတွက် အံ့အားသင့်စရာဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့ကို ယေဟောဝါစွန့်ပစ်တော်မူမည်မဟုတ်ကြောင်း ပြန်အမှတ်ရခြင်းသည် အမှန်တကယ်နှစ်သိမ့်မှုပေးသည်တကား! “ထာဝရအသက်ကိုတလိုတလားရှိသူ” တို့ကို လက်ခံကြိုဆိုရန် “မြို့” တံခါးများ အစဉ်ပွင့်နေမည်ဟူသော အာမခံချက်သည် နှစ်သက်စွဲလမ်းစရာကောင်းလိုက်လေခြင်း! (တမန်တော် ၁၃:၄၈၊ ကဘ) ယေဟောဝါသည် လူမျိုးတော်အပေါ် ဆက်လက်၍ ထွန်းလင်းပါလိမ့်မည်။ ဇိအုန်၏သားသမီးများသည် မိမိတို့အလင်းကို လင်းသည်ထက်လင်းစေသောအခါ ဂုဏ်ယူဖွယ်ရာအကြောင်း ဆက်ဖြစ်နေပါလိမ့်မည်။ (မဿဲ ၅:၁၆) ကျွန်ုပ်တို့သည် ဘုရားသခင်၏ဣသရေလနှင့် နီးကပ်စွာနေရန်၊ ယေဟောဝါ၏အလင်းတော် ထွန်းလင်းစေခြင်းအခွင့်ထူးကို တန်ဖိုးထားလေးမြတ်ရန် ယခင်ကထက်ပင်ပို၍ စိတ်ပိုင်းဖြတ်ထားကြသည်မှာအမှန်!
သင်ရှင်းပြနိုင်သလော
• အတိုက်အခံပြုမှုနှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။
• ဇိအုန်၏သားသမီးများသည် ‘တစ်ပါးအမျိုးသားတို့၏နို့ကို’ အဘယ်နည်းဖြင့်စို့သနည်း။
• ယေဟောဝါသည် အဘယ်နည်းများဖြင့် “သစ်သားအရာ၌ ကြေးဝါကိုဆောင်ခဲ့’ ပြီနည်း။
• ဟေရှာယ ၆၀:၁၇၊ ၂၁ တွင် အဘယ်အရည်အချင်းနှစ်ခုကို အလေးပေးဖော်ပြထားသနည်း။
• “အားနည်းသောသူတစ်ယောက်” သည် မည်သို့ “အားကြီးသောလူမျိုး” ဖြစ်လာခဲ့ပြီနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဟေရှာယပရောဖက်ပြုချက် —လူခပ်သိမ်းအတွက်အလင်း
ဤဆောင်းပါးများပါ အကြောင်းအရာကို ၂၀၀၁/၀၂ ၌ ကျင်းပခဲ့သည့် “ဘုရားသခင့်စကားတော်ကို သွန်သင်သူများ” ခရိုင်စည်းဝေးကြီးတွင် တင်ဆက်ခဲ့သည်။ ဟောပြောချက်အပြီးတွင် ဟောပြောသူက ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း၊ အတွဲနှစ်အမည်ရှိ စာအုပ်အသစ်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်မတိုင်မီတစ်နှစ်က ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း၊ အတွဲတစ်ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဤစာအုပ်အသစ်ကို ထုတ်ဝေလိုက်ရာ ဟေရှာယကျမ်း၏ အခန်းငယ်အားလုံးနီးပါးကို ဆွေးနွေးတင်ပြထားချက်တစ်ခု ယခုရရှိပေပြီ။ ဤစာအုပ်တွဲများသည် ယုံကြည်ခြင်းတိုးပွားစေသော ပရောဖက်ပြုချက်ဆိုင်ရာ ဟေရှာယကျမ်းကို တိုးသိနားလည်၊ လေးမြတ်လာစေဖို့ များစွာအထောက်အကူပြုခဲ့ပြီ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အပြင်းအထန်အတိုက်အခံပြုမှုကြား ‘ယေဟောဝါသည် လူမျိုးတော်ကို ကယ်တင်ခြင်းဖြင့် အသရေတင့်တယ်စေ’
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဘုရားသခင့်လူမျိုးတော်သည် စစ်မှန်သောဝတ်ပြုရေး တိုးတက်စေရန် တိုင်းနိုင်ငံများမှ အဖိုးတန်ဥစ္စာအင်ခွင်များကို အသုံးပြုကြ
[စာမျက်နှာ ၁၇ ပါပုံစာ]
ယေဟောဝါသည် လူမျိုးတော်ကို အဖွဲ့အစည်းဆိုင်ရာတိုးတက်မှုနှင့် ငြိမ်သက်မှုဖြင့် ကောင်းချီးပေးခဲ့ပြီ