သင့်လုံခြုံမှုသည် အဘယ်နေရာတွင်နည်း
သင့်လုံခြုံမှုသည် အဘယ်နေရာတွင်နည်း
အနောက်အာဖရိက ရွာငယ်လေးတစ်ရွာ၌ ဇိုဇဝါလေးသည် သူ၏မိသားစုနှင့်မိတ်ဆွေများကို နှုတ်ခွန်းဆက်နေ၏။ * ထို့နောက် သူသည် ငွေကြေးလုံခြုံမှုအတွက် ရှာပုံတော်ဖွင့်ရန် မြို့ကြီးသို့ ထွက်ခွာသွားသည်။ သို့ရာတွင် မြို့ကြီးသို့ရောက်ပြီး များမကြာမီပင် သူထင်သည့်အတိုင်း မြို့တွင်အလွယ်တကူ ချမ်းသာနိုင်သည်မဟုတ်ကြောင်း သိမြင်လာရာ သူ၏မျှော်လင့်ချက်များ ဝိုးတိုးဝါးတားဖြစ်သွားလေ၏။
မြို့တွင်နေသားကျဖို့ အတော်ကလေးကြိုးစားသော်လည်း အလွန်စိတ်ပျက်ခဲ့ရလေသည်။ မြို့ကြီးမှာ သူစိတ်ကူးယဉ်ထားခဲ့သည့်အတိုင်း လုံးဝမဟုတ်ပေ။ ဇိုဇဝါ၏စိတ်ထဲတွင် သူထွက်လာခဲ့သည့် ရွာကလေးမှ မိသားစုနှင့်မိတ်ဆွေများထံ ပြန်သွားချင်စိတ်သာ တစ်ချိန်လုံးရှိနေသည်။ သို့သော် ရွာသားအချို့ သူ့ကိုပြောင်လှောင်မည်ကို စိုးရိမ်မိသည်။ ‘မြို့မှာ မအောင်မြင်ခဲ့တဲ့အတွက် ကျွန်တော့်ကို အထမမြောက်သူလို့ ခေါ်ကြတော့မယ်’ ဟုသူစိုးရိမ်နေသည်။
သူ့အတွက် ထိုထက်ဝန်လေးစရာမှာ သူ့မိဘများ၏ စိတ်ထိခိုက်မှုပင်ဖြစ်၏။ စားဝတ်နေရေး အထောက်အကူရဖို့အတွက် သူတို့က သူ့ကိုအားကိုးနေကြသည်။ ဤသို့စိတ်ပူပင်နေစဉ် ဇိုဇဝါသည် အထင်သေးခံရသည့်အလုပ်တစ်ခုတွင် နာရီပေါင်းများစွာ အလုပ်လုပ်ရပြီး ဝင်ငွေမှာ ထင်သလောက်မရချေ။ သူ့ခမျာ အလုပ်ပိခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေ၏။ ထို့အပြင် သူအလွန်တန်ဖိုးထားသည့် ခရစ်ယာန်လုပ်ငန်းဆောင်တာများအတွက် ကျန်ကြွင်းချိန်မှာလည်း ရက်သတ္တပတ်တစ်ပတ်ပြီးတစ်ပတ် နည်းသည်ထက်နည်းသွားလေသည်။ သူ့မိသားစုနှင့် မိတ်ဆွေဟောင်းများ၏ နွေးထွေးပျူငှာမှုမှ အလွန်ဝေးကွာနေသောကြောင့် သူ့ခမျာ ဝမ်းနည်းပြီး အထီးကျန်ဆန်လာလေသည်။ သူအလွန်မျှော်လင့်တောင့်တခဲ့သော လုံခြုံမှုကို မြို့ကြီးကမပေးနိုင်ကြောင်း သူတွေ့ရှိသွား၏။
အမည်များနှင့် နေရာဒေသများ ကွဲပြားကြမည်ဖြစ်သော်လည်း ဇိုဇဝါ၏ ဝမ်းနည်းစရာကောင်းသောတွေ့ကြုံမှုမျိုးသည် ထပ်တလဲလဲဖြစ်ပျက်လေ့ရှိ၏။ မြို့သို့ ဇိုဇဝါပြောင်းရွှေ့လိုခြင်းသည် တစ်ကိုယ်ကောင်းဆန်၍မဟုတ်ပေ၊ လုံခြုံမှုကို သူရှာဖွေနေခြင်းသာဖြစ်သည်။ တောရွာကလေးထက် မြို့ကြီးတွင် အခွင့်အရေးပိုကောင်းသည်ဟု စိတ်ရင်းမှန်ဖြင့် သူယုံကြည်ခဲ့၏။ ရံဖန်ရံခါ လူတစ်ဦးသည် ငွေကြေးဥစ္စာအရ တိုးတက်နိုင်သော်လည်း ယင်းက စစ်မှန်သောလုံခြုံမှုဟု မဆိုလိုချေ။ ဇိုဇဝါအတွက်သာမက အလားတူအကြံရှိခဲ့ကြသူအများစုအတွက်လည်း မအောင်မြင်ချေ။ ယင်းကြောင့် ‘လုံခြုံမှုဟူသည်အဘယ်နည်း’ ဟုမေးစရာရှိသည်။
လူအသီးသီးသည် လုံခြုံမှုကို တစ်မျိုးစီ သဘောပေါက်ကြ၏။ လုံခြုံမှုဟူသည် “အန္တရာယ်လွတ်ကင်းခြင်း” သို့မဟုတ် “ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု လွတ်ကင်းခြင်း” ဖြစ်၏ဟု အဘိဓာန်တစ်ခုကဆိုသည်။ ယနေ့ လုံးဝ “အန္တရာယ်ကင်း” သည့်အဖြစ်မျိုးမရှိဟု လူအများ အသိအမှတ်ပြုကြသည်။ စိုးရိမ်စရာအခြေအနေများ ဝန်းရံနေသည့်တိုင် လုံခြုံ၏ဟုခံစားနေရသ၍ သူတို့ကျေနပ်ကြသည်။
အသင်ကော။ လုံခြုံမှုရရှိရန် အဘယ်နေရာတွင် သင်ရှာဖွေသနည်း။ ဇိုဇဝါထင်သည့်အတိုင်း ရွာတွင်မဟုတ် မြို့၌ရှိသလော။ သို့မဟုတ် မည်သည့်နေရာ၊ မည်သည့်နည်းဖြင့်မဆိုရရှိစေကာမူ ငွေ၌ လုံခြုံမှုရှိသလော။ လူမှုတိုးတက်ရေးလမ်းကြောင်း အဆင့်ဆင့်တက်ခြင်းတွင် ယင်းကိုတွေ့နိုင်မည်လော။ အရာတစ်ခုခုအပေါ်မူတည်၏ဟု ယူမှတ်သည့်တိုင် သင်နှင့်သင့်မိသားစုအတွက် ထိုလုံခြုံမှု မည်မျှတည်တံ့မည်နည်း။
လုံခြုံမှုရှိဖို့ လူအများရှာဖွေကြသည့် နည်းသုံးနည်းဖြစ်သော နယ်မြေဒေသ၊ ငွေ၊ ရာထူး သို့မဟုတ် လူမှုအဆင့်အတန်းစသည်တို့ကို သုံးသပ်ကြည့်ကြစို့။ ထို့နောက် စစ်မှန်၍တည်မြဲသောလုံခြုံမှု အမှန်တည်ရှိသည့်နေရာကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်ပြောင်းထားသည်။