ဘုရားသခင့်ဝိညာဉ်တော် ယနေ့ မည်သို့လုပ်ဆောင်နေသနည်း
ဘုရားသခင့်ဝိညာဉ်တော် ယနေ့ မည်သို့လုပ်ဆောင်နေသနည်း
သူသည် အမိဝမ်းတွင်းကပင် ခြေမစွမ်းသူဖြစ်၏။ နေ့စဉ် ဗိမာန်တော်အဝင်ဝ တင့်တယ်အမည်ရှိတံခါးအနီးတွင်ထိုင်၍ ဗိမာန်တော်သို့ဝင်လာသူတို့အား စွန့်ကြဲခြင်းငှာတောင်းလေသည်။ သို့သော် တစ်ချိန်တွင် ဤမသန်စွမ်းသောသူတောင်းစားသည် အကြွေအနည်းငယ်ထက် များစွာတန်ဖိုးရှိသည့်အရာကို စွန့်ကြဲခံခဲ့ရ၏။ သူသည် ရောဂါပျောက်ကင်းသွားသည်တကား!—တမန်တော် ၃:၂-၈။
သူ၏ “ခြေနှစ်ဖက်ဖမျက် . . . တို့သည် စွမ်းအား” ရရန် ‘သူ့ကို ကိုင်ဆွဲချီကြွ’ ပေးသူတို့မှာ တမန်တော်ပေတရုနှင့် ယောဟန်တို့ဖြစ်ကြသော်လည်း မိမိတို့ကုသပေးသည်ဟူ၍ ဂုဏ်မယူခဲ့ကြချေ။ အဘယ်ကြောင့်နည်း။ ပေတရုကိုယ်တိုင် ဤသို့ရှင်းပြသည်– “ဣသရေလလူတို့ အဘယ်ကြောင့်ဤအမှုကိုအံ့သြကြသနည်း။ ဤသူသည်လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့်ငါတို့ကိုစေ့စေ့ကြည့်ရှုကြသနည်း။” အမှန်မှာ ထိုသို့သောအမှုဖြစ်မြောက်သည်မှာ မိမိတို့၏တန်ခိုးအားဖြင့်မဟုတ်ဘဲ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်ကြောင်း ပေတရုနှင့် ယောဟန်တို့နှစ်ဦးစလုံး အသိအမှတ်ပြုခဲ့ကြသည်။—တမန်တော် ၃:၇-၁၆; ၄:၂၉-၃၁။
ထိုအချိန်က တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်ကို ဘုရားသခင်ကျောထောက်နောက်ခံပြုထားကြောင်း ဖော်ပြရန် ထိုသို့သော ‘အံ့ဖွယ်အမှုများ’ ပြုလုပ်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်၏။ (ဟေဗြဲ ၂:၄) သို့သော် ယင်းတို့၏ရည်ရွယ်ချက် ပြီးပြည့်စုံသွားသည့်နောက် ၎င်းတို့သည် “ကွယ်ပျောက်လိမ့်မည်” ဟုတမန်တော်ပေါလုဆိုခဲ့သည်။ * (၁ ကောရိန္သု ၁၃:၈) သို့ဖြစ်၍ စစ်မှန်သောခရစ်ယာန်အသင်းတော်တွင် ဘုရားသခင့်တန်ခိုးဖြင့်ကုသခြင်း၊ ပရောဖက်ပြုချက်ဆိုင်ရာသတင်းများပေးခြင်း၊ သို့မဟုတ် နတ်ဆိုးများကိုနှင်ထုတ်ခြင်း အစရှိသည့် အဘယ်အမှုကိုမျှ ယခု ကျွန်ုပ်တို့မပြုလုပ်ကြချေ။
သို့သော် ယင်းကြောင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် လုပ်ဆောင်မှုမရှိတော့ဟု ဆိုလိုနေခြင်းလော။ ဝေးလေစွ! ပထမရာစုနှစ်တွင်လည်းကောင်း၊ ယနေ့ ကျွန်ုပ်တို့အချိန်တွင်လည်းကောင်း ဘုရားသခင့်ဝိညာဉ်တော် လှုပ်ရှားနေသည့် အခြားနည်းလမ်းအချို့ကို ကျွန်ုပ်တို့ သုံးသပ်ကြည့်ကြစို့။
‘အမှန်တရားဆိုင်ရာဝိညာဉ်တော်’
ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်သည့်နည်းတစ်နည်းမှာ အမှန်တရားကိုသိစေခြင်း၊ အလင်းဆောင်ခြင်း၊ ဖော်ပြခြင်းတို့ဖြစ်သည်။ ယေရှုမကွယ်လွန်မီ အချိန်တိုလေးတွင် ကိုယ်တော်က မိမိ၏တပည့်တော်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည်ယခုမခံနိုင်ကြ။ [အမှန်]တရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည်ရောက်လာသောအခါ၊ [အမှန်]တရားကိုသင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။”—ယောဟန် ၁၆:၁၂၊ ၁၃။
ယေရုရှလင်မြို့ရှိ အထက်ခန်းမတစ်ခုတွင် စုဝေးနေကြသောတပည့်တော် ၁၂၀ သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှစ်ခြင်းပေးခံရသော စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ‘အမှန်တရားဆိုင်ရာဝိညာဉ်တော်’ သွန်းလောင်းခြင်းခံခဲ့ရသည်။ (တမန်တော် ၂:၁-၄) ထိုနှစ်ပတ်လည်ပွဲတော်ကို တက်ရောက်ကြသူတို့တွင် တမန်တော်ပေတရုပါဝင်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်၍ ပေတရု “ထလျက်” ယေရှုနှင့်ပတ်သက်သော အမှန်တရားတို့ကို အကျယ်တဝင့် ရှင်းလင်းဖော်ပြခဲ့၏။ ဥပမာ၊ သူက “နာဇရက်မြို့သားယေရှု” ကို “ဘုရားသခင်သည် လက်ယာလက်တော်နှင့်ချီးမြှောက်တော်မူ” ပြီဖြစ်ကြောင်း ပြန်ပြောပြခဲ့သည်။ (တမန်တော် ၂:၁၄၊ ၂၂၊ ၂၃) ဘုရားသခင့်ဝိညာဉ်တော်သည် တရားနာသူဂျူးလူမျိုးတို့ကို ဤသို့ရဲရင့်စွာကြွေးကြော်ရန်လည်း ပေတရုအားလှုံ့ဆော်ပေးခဲ့သည်– “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည်ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” (တမန်တော် ၂:၃၆) ပေတရု၏ဝိညာဉ်တော်မှုတ်သွင်းခံသတင်းကြောင့် “ထိုစကားကိုအသင့်နှလုံးသွင်းမိသောသူ” သုံးထောင်ခန့်သည် နှစ်ခြင်းယူခဲ့ကြသည်။ ဤနည်းအားဖြင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် အမှန်တရားသို့ သူတို့ကိုပို့ဆောင်ပေးခဲ့သည်။—တမန်တော် ၂:၃၇-၄၁။
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ဆရာသမားတစ်ဦးနှင့် သတိရစေသူတစ်ဦးအဖြစ်လည်း လုပ်ဆောင်နေသည်။ ယေရှုက ဤသို့ဆိုသည်– “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္စျယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။”—ယောဟန် ၁၄:၂၆။
သန့်ရှင်းသောဝိညာဉ်တော်သည် ဆရာတစ်ပါးအဖြစ် မည်သို့လုပ်ဆောင်တော်မူသနည်း။ တပည့်တော်များသည် ယေရှုထံတော်မှ ယခင်က ကြားသိခဲ့ရ၍ အပြည့်အဝနားမလည်ခဲ့သောအရာများကို သိရှိရန် ဘုရားသခင်၏ဝိညာဉ်တော်က သူတို့၏စိတ်နှလုံးများကိုဖွင့်ပေးခဲ့သည်။ ဥပမာ၊ ယေရှုအား အမှုစစ်ဆေးချိန်တွင် ကိုယ်တော်က “ငါ၏နိုင်ငံသည် ယောဟန် ၁၈:၃၆; တမန်တော် ၁:၆) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပြီးနောက်မှ တမန်တော်များသည် ယေရှုမိန့်မြွက်ခဲ့သောစကားများ၏အဓိပ္ပာယ်ကို အပြည့်အဝနားလည်နိုင်ခဲ့ပုံရှိသည်။
ဤလောကနှင့်မစပ်ဆိုင်” ဟုယုဒပြည်၏ရောမဘုရင်ခံ ပုန္တိပိလတ်ကိုမိန့်တော်မူခဲ့ကြောင်း တမန်တော်များ သိထားခဲ့ကြသည်။ သို့တိုင် ယေရှု ကောင်းကင်သို့တက်ကြွပြီး ရက်ပေါင်း ၄၀ အကြာအထိ တမန်တော်များက ဘုရားသခင်၏နိုင်ငံတော်သည် ဤကမ္ဘာမြေကြီးပေါ်တွင် တည်ထောင်လိမ့်မည်ဟု တလွဲယူမှတ်ကြဆဲဖြစ်သည်။ (ယေရှု၏သွန်သင်ချက်အမျိုးမျိုးကို ပြန်မှတ်မိစေခြင်းအားဖြင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် သတိရစေသူတစ်ဦးလည်းဖြစ်သည်။ ဥပမာ၊ ခရစ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းဆိုင်ရာ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် အဓိပ္ပာယ်အသစ်ကိုဆောင်လေသည်။ (မဿဲ ၁၆:၂၁; ယောဟန် ၁၂:၁၆) ယေရှု၏သွန်သင်ချက်များကို မှတ်မိသတိရခြင်းဖြင့် တမန်တော်များသည် ရှင်ဘုရင်များ၊ ဝန်မင်းများနှင့် ဘာသာရေးခေါင်းဆောင်များရှေ့တွင် မိမိတို့၏ရပ်တည်မှုကို ရဲရင့်စွာထုချေရှင်းလင်းနိုင်ခဲ့ကြသည်။—မာကု ၁၃:၉-၁၁; တမန်တော် ၄:၅-၂၀။
ထို့ပြင် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် အမှုတော်ဆောင်ရာတွင် အသီးသီးပွင့်သောရပ်ကွက်သို့ အစောပိုင်းခရစ်ယာန်များကို လမ်းညွှန်ကူညီပေးခဲ့သည်။ (တမန်တော် ၁၆:၆-၁၀) သန့်ရှင်းသောဝိညာဉ်တော်သည် လူသားအားလုံး၏အကျိုးကျေးဇူးအတွက် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို ရေးသားရာတွင်လည်း ကနဦးခရစ်ယာန်များကို လှုံ့ဆော်ပေးခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ထို့ကြောင့် ပထမရာစုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် နည်းအမျိုးမျိုးဖြင့်လှုပ်ရှားနေကြောင်းထင်ရှားပါသည်။ အံ့ဖွယ်အမှုများကိုပြုလုပ်ရန်အတွက်သာ ၎င်းကို ပေးအပ်ထားခြင်း မဟုတ်ပါ။
ကျွန်ုပ်တို့အချိန်၌ သန့်ရှင်းသောဝိညာဉ်တော်
ကျွန်ုပ်တို့အချိန်၌လည်း စစ်မှန်သောခရစ်ယာန်များ၏အကျိုးအလို့ငှာ သန့်ရှင်းသောဝိညာဉ်တော်သည် အလားတူလုပ်ဆောင်လျက်ရှိ၏။ ယောဟန် ၈:၃၂; ၁၆:၁၃။
ယင်းကို ၁၉ ရာစုအကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ အလဂေနီရှိ ကျမ်းစာကျောင်းသားအုပ်စုငယ်တစ်စုက သိမြင်လာခဲ့သည်။ ဤစိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများသည် ‘အမှန်တရား’ ကိုသိရှိရန် စိတ်ဆန္ဒပြင်းပြခဲ့ကြသည်။—ဤအုပ်စုမှတစ်ဦးဖြစ်သော ချားလ်စ် တေ့ဇ် ရပ်စယ်လ်ဆိုသူသည် သမ္မာကျမ်းစာအမှန်တရား ရှာပုံတော်ဖွင့်ခြင်းနှင့်ပတ်သက်၍ ဤသို့ပြောပြခဲ့သည်– “အတားအဆီးဖြစ်စေမယ့် ကျွန်တော်ရဲ့စိတ်နှလုံးထဲက ဘယ်စိတ်စွန်းကွက်မှုကိုမဆို ဖယ်ရှားပစ်နိုင်ဖို့နဲ့ မှန်ကန်တဲ့နားလည်မှုရရှိဖို့ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ညွှန်ကြားပေးဖို့ . . . ကျွန်တော်ဆုတောင်းခဲ့တယ်။” ဤသို့နှိမ့်ချစွာဆုတောင်းခြင်းကို ဘုရားသခင်ကောင်းချီးပေးခဲ့၏။
ရပ်စယ်လ်နှင့် သူ၏အပေါင်းပါတို့သည် သမ္မာကျမ်းစာကို လုံ့လဝီရိယဖြင့်သုတေသနပြုကြစဉ် အကြောင်းအရာအတော်များများကို သိနားလည်လာခဲ့ကြသည်။ “ဂိုဏ်းဂဏနဲ့ အဖွဲ့အသီးသီးတို့ဟာ ရာစုနှစ်ချီပြီး သမ္မာကျမ်းစာအယူဝါဒတွေကို သူတို့ဘာသာ ခွဲခြမ်းစိတ်ဖြာပြီး လူ့ထင်မြင်ချက်နဲ့ အမှားတွေကို အနည်းနဲ့အများ ရောယှက်ပေါင်းစပ်ထားကြမှန်း ကျွန်တော်တို့ တွေ့ရှိခဲ့ကြရတယ်” ဟုရပ်စယ်လ်ကရှင်းပြခဲ့သည်။ ယင်းကြောင့် သူခေါ်ဆိုခဲ့သည့်အတိုင်း “အမှန်တရား အထားအသိုမှားခြင်း” ဖြစ်ပေါ်လာသည်။ အမှန်မှာ၊ ရာစုနှစ်များတစ်လျှောက် ခရစ်ယာန်ဘောင်အတွင်းသို့ စိမ့်ဝင်လာသည့် အယူမှားသွန်သင်မှုမြောက်မြားစွာက သမ္မာကျမ်းစာဆိုင်ရာအမှန်တရားကို ကွယ်ဝှက်မြှုပ်နှံထားခြင်းဖြစ်သည်။ သို့သော် ရပ်စယ်လ်သည် အမှန်တရားကိုသိရှိရန်နှင့် ကြွေးကြော်ရန်စိတ်ပိုင်းဖြတ်ထား၏။
ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိခြင်းသံတော်ဆင့်စာမျက်နှာများမှတစ်ဆင့် ရပ်စယ်လ်နှင့် သူ၏အပေါင်းပါတို့သည် ဘုရားသခင်အားအထင်လွဲအမြင်မှားစေခဲ့ကြသည့် မှားယွင်းသောဘာသာ၏အယူဝါဒများကို ရဲရင့်စွာအတိအလင်းဖော်ပြခဲ့ကြသည်။ သူတို့သည် ရေပန်းစားသော ဘာသာရေးအယူအဆများနှင့်ဆန့်ကျင်လျက် စိုလ်းသေနိုင်သည်၊ သေသောအခါ ကျွန်ုပ်တို့ သင်္ချိုင်းသို့ရောက်သွားသည်၊ ယေဟောဝါသည် စစ်မှန်သောဘုရားတစ်ဆူတည်းဖြစ်တော်မူသောကြောင့် သုံးပါးပေါင်းတစ်ဆူမဟုတ် စသည်တို့ကို ပိုင်းခြားဝေဖန်ပြခဲ့ကြ၏။
သို့သော် ဤသို့ မှားယွင်းသည့်သွန်သင်ချက်များကို ဖော်ထုတ်ပြခြင်းကြောင့် ခရစ်ဘောင်ဓမ္မဆရာတို့ ဒေါသထွက်စရာဖြစ်ခဲ့သည်ကို သင်စဉ်းစားကြည့်နိုင်ပါသည်။ ကက်သလစ်နှင့် ပရိုတက်စတင့်ဓမ္မဆရာများစွာသည် သူတို့၏ ဩဇာအရှိန်ရှိသောရာထူးများကို စွဲကိုင်ထားရန် စိတ်ထက်သန်မှုနှင့်အညီ ရပ်စယ်လ်ကို အကျိုးပျက်စေရန်ရည်ရွယ်၍ ကင်ပိန်းများစွာကိုဖွဲ့စည်းခဲ့ကြ၏။ သို့သော် သူနှင့် သူ၏အပေါင်းပါတို့သည် အလျှော့မပေးခဲ့ကြချေ။ သူတို့သည် ယုံကြည်စိတ်ချစွာဖြင့် ဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုကို မျှော်ကိုးအားထားခဲ့ကြ၏။ “ကျွန်တော်တို့အရှင်သခင်က . . . ခမည်းတော်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ အာမခံနှင့် ဦးခေါင်းဖြစ်တဲ့ ယေရှုအတွက်ကြောင့်နဲ့ ကိုယ်တော်ရဲ့အမိန့်တော်ကြောင့် ကျွန်တော်တို့ကို ညွှန်ကြားပေးပေလိမ့်မယ်လို့ အာမခံတော်မူတယ်” ဟုရပ်စယ်လ်ပြောခဲ့သည်။ အမှန်တကယ်လည်း ညွှန်ကြားခဲ့ပြီတကား! ဤစိတ်ရင်းမှန်သော ကျမ်းစာကျောင်းသားများသည် သမ္မာကျမ်းစာမှ စင်ကြယ်သောအမှန်တရားရေ ဆက်လက်ဆည်းပူးကြပြီး ယင်းကို ကမ္ဘာချီကြွေးကြော်ခဲ့ကြ၏။—ဗျာဒိတ် ၂၂:၁၇။
ယေဟောဝါသက်သေများ၏ ခေတ်သစ်အဖွဲ့အစည်းသည် ယခု ရာစုနှစ်တစ်ခုကျော် ဘုရားသခင့်ဝိညာဉ်တော်၏ဦးဆောင်မှုကို လက်သင့်ခံတုံ့ပြန်လျက်ရှိနေပေပြီ။ ယေဟောဝါ၏ဝိညာဉ်တော်သည် သူတို့၏ဝိညာဉ်ရေးအမြင်အာရုံကို တဖြည်းဖြည်းထွန်းလင်းနေစေစဉ် သက်သေခံများသည် နောက်ဆုံးနားလည်မှုနှင့်လျော်ညီရန် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို တလိုတလားပြုလုပ်နေကြပါသည်။—သု. ၄:၁၈။
“သင်တို့သည် . . . ငါ၏သက်သေဖြစ်ကြလိမ့်မည်”
ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့မိန့်တော်မူသောအခါ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ အခြားပေါ်လွင်ထင်ရှားချက်တစ်ခုကို ကိုယ်တော်ဖော်ပြပေးသည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုးကိုခံရ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) ဘုရားသခင်အပ်နှင်းထားသည့်လုပ်ငန်းကို တပည့်တော်တို့ ဆက်လက်ဆောင်ရွက်နိုင်ရန် “တန်ခိုး” နှင့် “ဝိညာဉ်တော်” သွန်းလောင်းပေးမည် ဟူသော ယေရှု၏ကတိပြုချက်ကား ယနေ့အချိန်အထိ သက်ဆိုင်လျက်ရှိသည်။
အုပ်စုလိုက်အနေဖြင့် ဟောပြောခြင်းလုပ်ငန်းများပြုလုပ်ခြင်းကြောင့် ယေဟောဝါသက်သေများကို လူအများသိကြသည်။ (လေးထောင့်ကွက်ရှု။) အမှန်မှာ၊ နိုင်ငံပေါင်း ၂၃၀ ကျော်နှင့် ကျွန်းစုများတွင် ယေဟောဝါသက်သေတို့သည် အမှန်တရားသတင်းကို ဟောပြောလျက်ရှိကြသည်။ သူတို့သည် စစ်ဖြစ်နေသည့်နယ်မြေများအပါအဝင် တွေးတော၍မရနိုင်သောအခြေအနေအမျိုးမျိုးတွင် သက်စွန့်စံဖျားရဲရင့်စွာဖြင့် ဘုရားသခင့်နိုင်ငံတော်ကိုထောက်ခံပံ့ပိုးကြောင်း သူတို့ကြွေးကြော်လျက်ရှိ၏။ ခရစ်ယာန်အမှုတော်ဆောင်ခြင်းအတွက် သူတို့၏ဇွဲလုံ့လက ယနေ့ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ဆောင်နေခြင်း၏ တန်ခိုးကြီးမားသောသာဓကဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် သူတို့၏ကြိုးစားအားထုတ်မှုများကို ကောင်းချီးပေးနေတော်မူကြောင်း ထင်ရှားပါသည်။
ဥပမာ၊ လွန်ခဲ့သောနှစ်က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းအတွက် နာရီပေါင်းဘီလီယံတစ်သန်းကျော် အကုန်ခံခဲ့ကြသည်။ ရလဒ်ကားအဘယ်နည်း။ လူပေါင်း ၃၂၃,၄၃၉ ဦးခန့်သည် ဘုရားသခင်ထံ မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကို တင်ပြသည့်အနေဖြင့် ရေတွင်နှစ်ခြင်းယူခဲ့ကြသည်။ ထို့အပြင် စိတ်ဝင်စားခါစလူသစ်များနှင့် အပတ်စဉ်အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၄,၄၃၃,၈၈၄ ခုကို ကျင်းပခဲ့ကြသည်။ စုစုပေါင်းလျှင် စာအုပ် ၂၄,၆၀၇,၇၄၁ အုပ်၊ မဂ္ဂဇင်း ၆၃၁,၁၆၂,၃၀၉ စောင်၊ ဘရိုရှာနှင့် စာအုပ်ငယ် ၆၃,၄၉၅,၇၂၈ အုပ်တို့ကို ဝေငှခဲ့ကြသည်။ ဘုရားသခင့်ဝိညာဉ်တော်လုပ်ဆောင်နေခြင်း၏ တန်ခိုးကြီးမားသည့်သက်သေခံချက်ပါတကား!
ဘုရားသခင့်ဝိညာဉ်တော်နှင့် အသင်
တစ်ဦးတစ်ယောက်သည် သတင်းကောင်းကိုနှစ်သက်လက်ခံ၍ သူ၏ဘဝကို ဘုရားသခင့်စံနှုန်းများနှင့်ကိုက်ညီစေကာ ရွေးနုတ်ဖိုးအစီအစဉ်ကိုယုံကြည်ကြောင်း တင်ပြသည့်အခါ ဘုရားသခင့်ရှေ့တော်၌ သန့်ရှင်းသောအနေအထားရှိရာလမ်းသည် သူ့အတွက်ဖွင့်ထားလျက်ရှိသည်။ ထိုသူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– ‘ဘုရားသခင်သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူ၏။’—၁ သက်သာလောနိတ် ၄:၇၊ ၈; ၁ ကောရိန္သု ၆:၉-၁၁။
ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းက အလွန်ကောင်းမွန်သောကောင်းချီးများကို ခံစားစေသည်။ အဘယ်ကောင်းချီးမျိုးနည်း။ တစ်ခုအနေဖြင့် ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်က ဤသို့ဆိုသည်– “ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။” (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်၍ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းမှုအတွက် တန်ခိုးပါသောတွန်းအားတစ်ခုဖြစ်ရာ ဘုရားသခင့်ရေးရာအရည်အချင်းများကို တင်ပြစေခြင်းငှာ တတ်စွမ်းနိုင်စေသည်။
ထို့အပြင် သမ္မာကျမ်းစာကို သင်ဖတ်ရှု၍ သင်သိရှိရာတို့ကို ကျင့်သုံးမည်ဆိုလျှင် ဘုရားသခင့်ဝိညာဉ်တော်သည် ဉာဏ်ပညာ၊ အသိပညာ၊ ထိုးထွင်းသိမြင်ခြင်း၊ ချင့်ချိန်သုံးသပ်နိုင်စွမ်းနှင့် ဆင်ခြင်တွေးခေါ်မှုစွမ်းရည် တိုးပွားလာစေရန် ကူညီပေးနိုင်သည်။ ရှောလမုန်ဘုရင်သည် လူထက် ဘုရားသခင်၏အလိုနှင့်တွေ့ရန် ရှာကြံခြင်းကြောင့် “များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း” ရရှိခဲ့သည်။ (၃ ဓမ္မရာဇဝင် ၄:၂၉) ယေဟောဝါသည် ရှောလမုန်ကို သန့်ရှင်းသောဝိညာဉ်တော်ပေးခဲ့သည်နည်းတူ ယနေ့ ကိုယ်တော်၏အလိုနှင့်တွေ့လိုသူများအပေါ် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို မသွန်းလောင်းဘဲနေမည်မဟုတ်သည်မှာ အမှန်ပင်။
ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်တို့အား စာတန်နှင့် သူ၏နတ်ဆိုးများကို ဆိုင်ပြိုင်တွန်းလှန်စေရန်လည်း ကူညီပေးသည်။ မည်သို့ဖြစ်နိုင်သနည်း။ တမန်တော်ပေါလုက ဤသို့အဖြေပေးသည်– ‘ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ကိုယ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။’ (ဖိလိပ္ပိ ၄:၁၃) သန့်ရှင်းသောဝိညာဉ်တော်က စမ်းသပ်မှုများ သို့မဟုတ် သွေးဆောင်မှုများကို ဖယ်ရှားပေးပေလိမ့်မည်မဟုတ်သော်လည်း ယင်းက ၎င်းတို့ကိုခံရပ်နိုင်ဖို့ သင့်အား ကူညီပေးပါမည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုအားထားခြင်းဖြင့် မည်သည့်ပြဿနာ သို့မဟုတ် စိတ်ဆင်းရဲမှုကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ရန် “တန်ခိုးတော်၏ဂုဏ်အသရေ” ကို ကျွန်ုပ်တို့ရရှိနိုင်ကြသည်။—၂ ကောရိန္သု ၄:၇; ၁ ကောရိန္သု ၁၀:၁၃။
ထိုသာဓကအားလုံးကို သင်ဆင်ခြင်သုံးသပ်ကြည့်လိုက်သောအခါ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ အလုပ်လုပ်ဆောင်နေကြောင်း ယုံမှားဖွယ်မရှိချေ။ ယေဟောဝါ၏ဝိညာဉ်တော်သည် ကိုယ်တော်၏ ကြီးမြတ်သောရည်ရွယ်တော်မူချက်များအကြောင်း သက်သေခံရန် ကိုယ်တော့်ကျေးကျွန်များကို အင်အားနှင့်ပြည့်စုံစေတော်မူသည်။ ယင်းက ဝိညာဉ်ရေးရာအလင်းများကို ဆက်လက်ထွန်းလင်းဖော်ပြ၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အပေါ် သစ္စာမြဲစေရန် ကျွန်ုပ်တို့ကို ကူညီပေးနေပါသည်။ ယနေ့ ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို သန့်ရှင်းသောဝိညာဉ်တော်ဆက်ပေးနေခြင်းအားဖြင့် ကိုယ်တော်သည် ကတိတော်တည်လျက်ရှိသည့်အတွက် ဘုရားသခင်အား ကျွန်ုပ်တို့ အမှန်တကယ်ကျေးဇူးတင်နိုင်လိုက်လေခြင်း!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ၁၉၇၁၊ ဩဂုတ် ၁၅ ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၅၀၁-၅ ရှိ “ဝိညာဉ်တော်၏အံ့ဖွယ်ဆုကျေးဇူးများ အဘယ်ကြောင့်ရပ်စဲသွားသနည်း” ဆောင်းပါးရှု။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အခြားသူတို့ပြောဆိုရာ
“အခြားချာ့ခ်ျများသည် ဘုရားရှိခိုးကျောင်းရှိခုံတန်းရှည်တွင် လူပြည့်ဖို့ဆွဲဆောင်ရန် သို့မဟုတ် လိင်တူမေထုန်နှင့် ကိုယ်ဝန်ဖျက်ချခြင်းကဲ့သို့သော ယနေ့ခေတ်အရေးကိစ္စများကို ကိုင်တွယ်ရန် အတိုင်ပင်ခံများကိုငှားရမ်းကြစဉ် သက်သေခံများသည် ပြောင်းလဲနေသောကမ္ဘာကြီးကို အလျှော့ပေးလိုက်လျောကြခြင်းမရှိပေ။ သူတို့သည် ကမ္ဘာတစ်ဝန်း စနစ်တကျဖြင့်ဟောပြောဆဲရှိ၏။”—ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယားပြည်နယ် ဩရင်ဂျ်ကောင်တီ၏ ဩရင်ဂျ်ကောင်တီရက်ဂျစ္စတာသတင်းစာ။
“ယုံကြည်ခြင်းကိုဖြန့်ချိရာတွင် ယေဟောဝါသက်သေများကဲ့သို့ . . . စိတ်အားထက်သန်သော ဂိုဏ်းဂဏများ မရှိသလောက်ဖြစ်သည်။—ယူ.အက်စ်.အေ.၊ အင်ဒီယန်းနား၊ ကိုလမ်ဘတ်စ်၏ သည်ရီပတ်ဘလစ်သတင်းစာ။
“သူတို့သည်သာ သမ္မာကျမ်းစာမူများကိုကျင့်သုံး၍ ‘သတင်းကောင်း’ နှင့်တစ်အိမ်မှတစ်အိမ်သွားကြသူများဖြစ်ကြ၏။—ပိုလန်၊ ဇီချီလစ်တာရစ်ကီသတင်းစာ။
“သိရှိခဲ့သမျှ အကြီးမားဆုံးပြောဟောခြင်းကင်ပိန်းတွင် ယေဟောဝါသက်သေများသည် ယေဟောဝါ၏သတင်း တရားကို ကမ္ဘာတစ်ခွင် သယ်ဆောင်လျက်ရှိကြသည်။”—ယူ.အက်စ်.အေ.၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ တမာကွာ၊ သတင်းများလေ့လာသူသတင်းစာ။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘုရားသခင့်သန့် ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ အလင်းထွန်းလင်းစေ၊
. . . ခရစ်ယာန်အရည်အသွေးမွန်များကို တိုးမြှင့်ပေး၊
. . . ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ကို ထောက်ပံ့ပေးသည်