ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့
ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့
“ထိုသို့သောအားဖြင့် ပရောဖက်တို့၏စကားတော်သည် ငါတို့အဖို့သာ၍မြဲမြံ၏။ . . . ထိုစကားတော်ကို . . . ဂရုပြုသင့်ကြ၏။”—၂ ပေတရု ၁:၁၉၊ သမ္မာ။
၁၊ ၂။ မေရှိယအတုအယောင်၏ အဘယ်နမူနာတစ်ခုကို သင်ပြောပြနိုင်မည်နည်း။
ရာစုနှစ်များတစ်လျှောက် မေရှိယအတုအယောင်တို့သည် အနာဂတ်ကိုဟောကိန်းထုတ်ရန် ကြိုးပမ်းခဲ့ကြ၏။ စီ.အီး. ငါးရာစုနှစ်တွင် မိမိကိုယ်ကိုမောရှေဟုခေါ်ဆိုသူတစ်ဦးက ကရေတေကျွန်းနေဂျူးများအား မိမိသည်မေရှိယဖြစ်ပြီး သူတို့ကိုဖိနှိပ်မှုအောက်မှ လွတ်မြောက်စေမည်ဟု ယုံကြည်စေခဲ့၏။ သူတို့ကိုလွတ်မြောက်ဖို့ ရာထားသောနေ့တွင် မြေထဲပင်လယ်ကို အထက်မှစီး၍မြင်နိုင်သောနေရာသို့ ထိုသူနောက်လိုက်သွားကြသည်။ ပင်လယ်ထဲသို့ သူတို့ခုန်ချလိုက်ရုံနှင့် ပင်လယ်နှစ်ခြမ်းကွဲသွားလိမ့်မည်ဟု သူပြောဆိုသည်။ ရေထဲခုန်ချခဲ့သူအတော်များများမှာ ရေနစ်သေဆုံးခဲ့ကြပြီး ထိုမေရှိယအတုအယောင်လည်း ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။
၂ ၁၂ ရာစုတွင် ယီမင်နိုင်ငံ၌ “မေရှိယ” တစ်ဦးပေါ်လာပြန်သည်။ ကဲလက်ဖ်ဟုခေါ်သောအုပ်စိုးရှင်က သူ၏မေရှိယအဖြစ်ကို သာဓကပြဖို့တောင်းဆိုခဲ့သည်။ ဤ “မေရှိယ” ကသူ၏ဦးခေါင်းကိုဖြတ်ပစ်ဖို့အဆိုပြုသည်။ ချက်ချင်းရှင်ပြန်ထမြောက်ခြင်းက သာဓကဖြစ်မည်ဟု သူပရောဖက်ပြုသည်။ ထိုအကြံကို ကဲလက်ဖ်သဘောတူခဲ့ရာ—ထို “မေရှိယ” ဇာတ်သိမ်းသွားခဲ့သည်။
၃။ စစ်မှန်သောမေရှိယကား မည်သူနည်း၊ ကိုယ်တော်၏အမှုဆောင်ခြင်းက အဘယ်အရာကိုသက်သေထူသနည်း။
၃ မေရှိယအတုအယောင်များနှင့် သူတို့၏ပရောဖက်ပြုချက်များသည် လုံးဝအထမမြောက်ခဲ့ကြသော်လည်း ဘုရားသခင့်ပရောဖက်ပြုစကားတော်ကို အာရုံစိုက်ခြင်းသည် ဘယ်အခါမျှ စိတ်ဓာတ်မကျစေပါ။ စစ်မှန်သောမေရှိယဖြစ်သည့် ယေရှုခရစ်တော်သည် ကျမ်းစာပရောဖက်ပြုချက်များစွာ၏ သက်ရှိပြည့်စုံချက်ဖြစ်သည်။ သာဓကအနေနှင့် ဟေရှာယ၏ပရောဖက်ပြုချက်ကိုကိုးကားလျက် ခရစ်ဝင်ကျမ်းရေးသူမဿဲက ဤသို့ရေးသားခဲ့သည်– “‘ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။’ ထိုအခါမှစ၍ ယေရှုက၊ ‘နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ’ ဟူသောတရားကို ဟောစပြုတော်မူ၏။” (မဿဲ ၄:၁၅-၁၇; ဟေရှာယ ၉:၁၊ ၂) ယေရှုသည် ထို “ကြီးစွာသောအလင်း” ဖြစ်ပြီး ကိုယ်တော်၏အမှုဆောင်ခြင်းက မောရှေတင်ကူးဟောထားသော ပရောဖက်ဖြစ်ကြောင်း သက်သေထူသည်။ ယေရှုစကားကိုနားထောင်ဖို့ ငြင်းပယ်သူတို့သည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။—တရားဟောရာ ၁၈:၁၈၊ ၁၉; တမန်တော် ၃:၂၂၊ ၂၃။
၄။ ဟေရှာယ ၅၃:၁၂ ကိုယေရှုမည်သို့ပြည့်စုံစေခဲ့သနည်း။
၄ ဟေရှာယ ၅၃:၁၂ မှပရောဖက်ပြုချက်စကားများကိုလည်း ယေရှုပြည့်စုံစေခဲ့၏—“မိမိအသက်ကိုသေခြင်း၌သွန်း၍၊ မတရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကိုဆောင်ရွက်၍၊ မတရားသောသူတို့အဖို့တောင်းပန် . . . မည်။” ရွေးနုတ်ဖိုးအဖြစ် မိမိ၏လူသားအသက်ကို မကြာမီပေးဆပ်ရမည်ဖြစ်ကြောင်း ယေရှုသိထားသောကြောင့် တပည့်တော်များ၏ယုံကြည်ခြင်းကို ကိုယ်တော်ခိုင်မာစေခဲ့သည်။ (မာကု ၁၀:၄၅) ယင်းကို ကိုယ်ယောင်ပြောင်းလဲခြင်းအားဖြင့် ကိုယ်တော်ထူးခြားစွာပြုလုပ်ခဲ့သည်။
ကိုယ်ယောင်ပြောင်းလဲခြင်းက ယုံကြည်ခြင်းကိုတည်ဆောက်
၅။ ကိုယ်ယောင်ပြောင်းလဲခြင်းကို သင့်ကိုယ်ပိုင်စကားဖြင့် မည်သို့ဖော်ပြမည်နည်း။
၅ ကိုယ်ယောင်ပြောင်းလဲခြင်းသည် ပရောဖက်ပြုချက်တစ်ရပ်ဖြစ်သည်။ ယေရှုကဤသို့ဆိုသည်– “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ . . . ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသောသူအချို့တို့သည်မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အားမိန့်တော်မူ၏။” (မဿဲ ၁၆:၂၇၊ ၂၈) ကိုယ်တော်၏နိုင်ငံတော်တည်လျက် ယေရှုကြွလာသည်ကို တမန်တော်အချို့ အမှန်ပင်တွေ့မြင်ခဲ့ကြသလော။ မဿဲ ၁၇:၁-၇ ကဤသို့ဖော်ပြသည်– “ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ ၏။ သူတို့ရှေ့ ၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်။” ရင်သပ်ရှုမောဖွယ်ဖြစ်ရပ်ပါတကား! “မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။ မောရှေနှင့်ဧလိယသည်ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။” ထို့ပြင် “ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊” “‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့’” ဟူသောဘုရားသခင့်အသံတော်ကို သူတို့ကြားခဲ့ရ၏။ “တပည့်တော်တို့သည်ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။ ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက် ‘ထကြ၊ မကြောက်ကြနှင့်’ ဟု မိန့်တော်မူ” ၏။
၆။ (က) ကိုယ်ယောင်ပြောင်းလဲခြင်းကို အဆင်းအာရုံဟု ယေရှုအဘယ်ကြောင့်ခေါ်ဆိုခဲ့သနည်း။ (ခ) ကိုယ်ယောင်ပြောင်းလဲခြင်းသည် အဘယ်အရာ၏ကြိုတင်မြင်ကွင်းဖြစ်သနည်း။
၆ ဤအံ့ဖွယ်ဖြစ်ရပ်သည် ယေရှုနှင့်တမန်တော်သုံးပါး တစ်ညလုံးနေခဲ့သည့် ဟေရမုန်တောင်၏ တောင်ကြောတစ်နေရာရာတွင် ဖြစ်ပျက်ခဲ့ပုံရှိသည်။ ကိုယ်ယောင်ပြောင်းလဲခြင်းသည် ညအချိန်၌ဖြစ်ပျက်ခဲ့ရာ ယင်းကိုအထူးပေါ်လွင်ထင်ရှားစေခဲ့သည်။ ၎င်းကို အဆင်းအာရုံဟုယေရှုခေါ်ဆိုခဲ့သည့်အကြောင်းတစ်ခုမှာ ကြာမြင့်စွာကတည်းကသေဆုံးသွားခဲ့ပြီးဖြစ်သော မောရှေနှင့် ဧလိယတို့သည် ပကတိအတိုင်း ထိုတွင်မရှိနေခြင်းကြောင့်ပင်။ ခရစ်တော်တစ်ပါးတည်းသာလျှင် ထိုတွင် အမှန်တကယ်ရှိနေသည်။ (မဿဲ ၁၇:၈၊ ၉) ထွန်းလင်းတောက်ပလှသည့် ဤထင်ရှားပြသခြင်းက ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့် ယေရှုရောက်ရှိခြင်း၏ ခမ်းနားသောကြိုတင်မြင်ကွင်းကို ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အား မြင်စေခဲ့၏။ မောရှေနှင့်ဧလိယတို့သည် ယေရှု၏ဘိသိက်ခံတွဲဖက်အမွေခံများကို ကောင်းစွာပုံတင်ပြပြီး ထိုအဆင်းအာရုံသည် ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏အနာဂတ်ရှင်ဘုရင်အဖြစ်နှင့်စပ်လျဉ်းသော သက်သေခံချက်ကို အခိုင်အမာခိုင်လုံစေသည်။
၇။ ကိုယ်ယောင်ပြောင်းလဲခြင်းကို ပေတရုကွက်ကွက်ကွင်းကွင်းအမှတ်ရကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
၇ ကိုယ်တော်၏ကိုယ်ယောင်ပြောင်းလဲခြင်းသည် ခရစ်ယာန်အသင်းတော်အတွင်း ဦးဆောင်ရသောကဏ္ဍကိုထမ်းဆောင်ကြမည့် တမန်တော်သုံးပါး၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေဖို့ထောက်ကူပေးခဲ့သည်။ ခရစ်တော်၏အရောင်တောက်ပလျက်ရှိသောမျက်နှာ၊ တလက်လက်ဖြစ်သောဝတ်ရုံတော်နှင့် ယေရှုသည် တပည့်တော်တို့နားထောင်ရမည့် ကိုယ်တော်ချစ်မြတ်နိုးသော သားတော်ဖြစ်ကြောင်း ကြေညာခဲ့သည့် ဘုရားသခင့်အသံတော်တို့က ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်စေခဲ့သည်။ သို့သော် တမန်တော်များသည် ယေရှုမထမြောက်မီတိုင်အောင် ထိုအဆင်းအာရုံကို အဘယ်သူကိုမျှမပြောပြကြရချေ။ နောင် ၃၂ နှစ်ခန့်ကြာပြီးနောက် ဤအဆင်းအာရုံသည် ပေတရု၏စိတ်တွင် ကွက်ကွက်ကွင်းကွင်းရှိဆဲဖြစ်သည်။ ကိုယ်ယောင်ပြောင်းလဲခြင်းနှင့် ယင်း၏အရေးပါမှုကိုညွှန်ပြလျက် သူကဤသို့ရေးသားခဲ့သည်– “ငါတို့သခင်ယေရှုခရစ်၏တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း သင်တို့အားကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ‘ဤသူသည် ငါနှစ်၂ ပေတရု ၁:၁၆-၁၈။
သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည် ထူးမြတ်သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသောထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသောအခါ ကြားရ၏။”—၈။ (က) မိမိသားတော်နှင့်ပတ်သက်သော ဘုရားသခင့်ကြေညာချက်က အဘယ်အရာကို အာရုံစူးစိုက်စေသနည်း။ (ခ) ကိုယ်ယောင်ပြောင်းလဲခြင်း၌ ပေါ်လာသည့်မိုးတိမ်က အဘယ်အရာကိုဖော်ပြသနည်း။
၈ အရေးအပါဆုံးမှာ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟူသော ဘုရားသခင်၏ကြေညာချက်ဖြစ်၏။ ဤဖော်ပြချက်က ဝေနေယျသတ္တဝါအပေါင်းနာခံမှုပြရမည့် ယေရှုအား ဘုရားသခင့်နန်းထိုင်ဘုရင်အဖြစ် အာရုံစူးစိုက်စေသည်။ ဤအဆင်းအာရုံသည် မျက်မြင်မရနည်းဖြင့်ပြည့်စုံမည်ဖြစ်ကြောင်း လွှမ်းမိုးသောမိုးတိမ်ကညွှန်ပြ၏။ ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုးနှင့် ယေရှု၏အရူပရောက်ရှိနေခြင်း “နိမိတ်” ကိုအသိအမှတ်ပြုသူတို့၏ သိမြင်နားလည်မှုမျက်စိဖြင့်သာ ထိုပြည့်စုံချက်ကိုသတိပြုမိနိုင်ကြမည်ဖြစ်၏။ (မဿဲ ၂၄:၃) အမှန်ဆိုလျှင် ဤအဆင်းအာရုံကို မိမိသေခြင်းမှမထမြောက်မီ အဘယ်သူကိုမျှမပြောရန် ယေရှုသတိပေးခဲ့ခြင်းက ရှင်ပြန်ထမြောက်ပြီးနောက်မှ ကိုယ်တော့်ချီးမြှောက်ခြင်းနှင့် ဘုန်းတန်ခိုးထွန်းတောက်ခြင်းဖြစ်မည်ကို ဖော်ပြသည်။
၉။ ကိုယ်ယောင်ပြောင်းလဲခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အဘယ်ကြောင့်ခိုင်ခံ့စေသင့်သနည်း။
၉ ကိုယ်ယောင်ပြောင်းလဲခြင်းကို ရည်ညွှန်းပြီးနောက် ပေတရုကဤသို့ဆိုခဲ့သည်– “ထိုသို့သောအားဖြင့် ပရောဖက်တို့၏စကားတော်သည် ငါတို့အဖို့ သာ၍မြဲမြံ၏။ သင်တို့စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည့်ကာလတိုင်အောင်၊ ထိုစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ ဂရုပြုသင့်ကြ၏။ ကျမ်းစာ၌ပါသောပရောဖက်စကားမည်သည်ကား၊ လူ့အလိုအလျောက်အနက်မပေါ်ဟု ရှေးဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ ပရောဖက်စကားသည် လူ့အလိုအားဖြင့် ရောက်လာဖူးသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ လူတို့သည်ဘုရားသခင့်အထံတော်မှ တစ်ဆင့်ဟောပြောကြ၏။” (၂ ပေတရု ၁:၁၉-၂၁၊ သမ္မာ) ကိုယ်ယောင်ပြောင်းလဲခြင်းက ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်ကို ယုံကြည်အားထားနိုင်ကြောင်း လေးနက်စေခဲ့သည်။ ဘုရားသခင့်ကျောထောက်နောက်ခံမှု သို့မဟုတ် မျက်နှာသာတော်ကို မရရှိသော “ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကား” ကိုမဟုတ်ဘဲ ထိုစကားတော်ကိုအာရုံစူးစိုက်ကြရမည်။ ကြိုတင်မြင်ခဲ့ရသော ယေရှု၏ဘုန်းတော်နှင့် ဘုရားသခင့်နိုင်ငံတော်တန်ခိုးဆိုင်ရာ ထိုအဆင်းအာရုံသည် အမှန်ဖြစ်ပျက်လာပြီဖြစ်ရာ ကိုယ်ယောင်ပြောင်းလဲခြင်းကြောင့် ပရောဖက်ပြုချက်ဆိုင်ရာစကားတော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်ခံ့သင့်သည်။ မှန်ပါသည်၊ ခရစ်တော်သည် တန်ခိုးရှိသောကောင်းကင်ဘုရင်အဖြစ် ယနေ့ရောက်ရှိနေကြောင်း မငြင်းနိုင်သောသက်သေအထောက်အထား ကျွန်ုပ်တို့ရရှိထား၏။
ကြယ်နီပေါ်ထွက်လာပုံ
၁၀။ ပေတရုဖော်ပြသော “ကြယ်နီ” ကားအဘယ်သူ သို့မဟုတ် အဘယ်အရာနည်း၊ ထိုသို့သင်အဘယ်ကြောင့်ဖြေသနည်း။
၁၀ ပေတရုကဤသို့ရေးသားခဲ့သည်– “သင်တို့စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍ ဂရုပြုသင့်ကြ၏။” “ကြယ်နီ” ကားအဘယ်သူ သို့မဟုတ် အဘယ်အရာနည်း။ “ကြယ်နီ” ဟူသောစကားလုံးသည် ကျမ်းစာ၌တစ်ကြိမ်သာပါရှိပြီး “မိုးသောက်ကြယ်” နှင့်အဓိပ္ပာယ်ဆင်တူသည်။ ဗျာဒိတ် ၂၂:၁၆ ၌ယေရှုခရစ်ကို “ထွန်းတောက်သောမိုးသောက်ကြယ်” ဟုခေါ်ထားသည်။ နှစ်တစ်နှစ်၏အချို့ရာသီများတွင် ထိုကြယ်မျိုးသည် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းတွင် နောက်ဆုံးပေါ်ထွက်လေ့ရှိသည်။ နေမထွက်မီလေး၌ ပေါ်ထွက်တတ်ပြီး နေ့သစ်၏မိုးသောက်ချိန်ကို ကြေညာပေးသည်။ ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုးကို ယေရှုရရှိပြီးနောက် “ကြယ်နီ” ဟူသောစကားလုံးကို ပေတရုအသုံးပြု၍ ယေရှုအားရည်ညွှန်းခဲ့၏။ ထိုအချိန်၌ ယေရှုသည် ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးအပါအဝင် စကြဝဠာတစ်ခွင်လုံး၌ ပေါ်ထွက်လာခဲ့သည်! ကိုယ်တော်သည် မေရှိယဆိုင်ရာကြယ်နီအဖြစ် နာခံမှုရှိသောလူသားတို့အတွက် နေ့ သို့မဟုတ် ခေတ်ကာလ အသစ်တစ်ခုကို ကြေညာပေးလေသည်။
၁၁။ (က) ၂ ပေတရု ၁:၁၉ က “ကြယ်နီတစ်လုံး” သည်ပကတိလူ့နှလုံးထဲ၌ပေါ်ထွက်လာသည်ဟု အဘယ်ကြောင့်မဆိုလိုသနည်း။ (ခ) ၂ ပေတရု ၁:၁၉ ကို သင်မည်သို့ရှင်းပြမည်နည်း။
၁၁ ဘာသာပြန်ကျမ်းများစွာက ၂ ပေတရု ၁:၁၉ ၌မှတ်တမ်းတင်ထားသော တမန်တော်ပေတရု၏စကားများသည် လူ၏ပကတိနှလုံးကိုရည်ညွှန်းသည့်သဘော သက်ရောက်စေသည်။ အရွယ်ရောက်သူတစ်ဦး၏နှလုံးသည် ၉ အောင်စမှ ၁၁ အောင်စအထိ အလေးချိန်ရှိသည်။ ယခု ကောင်းကင်၌ ဘုန်းတန်ခိုးရှိသည့် မသေနိုင်သောနာမ်ဝိညာဉ်သတ္တဝါဖြစ်သည့် ယေရှုခရစ်သည် ဤမျှသေးငယ်လှသော လူ့အင်္ဂါအစိတ်အပိုင်းထဲ၌ အဘယ်သို့ပေါ်ထွက်လာနိုင်မည်နည်း။ (၁ တိမောသေ ၆:၁၆) ဤကိစ္စ၌ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးများ ပါဝင်ပတ်သက်သည်၊ အကြောင်းမှာ ၎င်းတို့နှင့်သာ ဘုရားသခင့်ပရောဖက်ပြုချက်စကားကို ကျွန်ုပ်တို့အာရုံစူးစိုက်ကြသောကြောင့်ဖြစ်သည်။ သို့သော် ၂ ပေတရု ၁:၁၉ ကိုအသေအချာကြည့်လျှင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းက “ကြယ်နီပေါ်ထွက်သည့်ကာလတိုင်အောင်” ဟူသောစကားစုကို ထိုအခန်းငယ်ပါ အစောပိုင်းစကားလုံးများနှင့် “သင်တို့စိတ်နှလုံးထဲ၌” ဟူသောဖော်ပြချက်အကြား ကော်မာများအသုံးပြု၍ ဖြတ်တောက်ပြထားသည်ကို တွေ့ရပါလိမ့်မည်။ ဤအခန်းငယ်ကို ဤသို့ဖော်ပြနိုင်ပေမည်– ‘ပရောဖက်တို့၏စကားတော်သည် ငါတို့အဖို့သာ၍မြဲမြံ၏။ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုစကားတော်ကို သင်တို့စိတ်နှလုံး ထဲဖြစ်သော မှောင်မိုက်အရပ်၌ထွန်းလင်းသည့် ဆီမီးကဲ့သို့ဂရုပြုကြခြင်းမှာ လျော်ကန်လှ၏။’
၁၂။ ယေဘုယျအားဖြင့် လူ့နှလုံးများ၏အခြေအနေကားအဘယ်နည်း၊ သို့သော် ခရစ်ယာန်စစ်များနှင့်ပတ်သက်၍ အဘယ်အရာသည် မှန်ကန်သနည်း။
၁၂ အပြစ်သားအများစု၏ ပုံဆောင်နှလုံးများ၏အခြေအနေကား အသို့နည်း။ သူတို့၏စိတ်နှလုံးများသည် ဝိညာဉ်ရေးအမှောင်ထုတွင်ရှိသည်တကား! သို့သော် ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်များဖြစ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏နှလုံးများထဲ၌ မီးအိမ်ထွန်းလင်းထားသည့်အလားဖြစ်သည်၊ ယင်းသို့သာမဟုတ်လျှင် မှောင်မိုက်နေမည်သာဖြစ်သည်။ ပေတရု၏စကားများဖော်ပြသကဲ့သို့ ခရစ်ယာန်စစ်များသည် ဘုရားသခင်၏ဉာဏ်အလင်းပေးသော ပရောဖက်ပြုချက်ဆိုင်ရာစကားကို အာရုံစူးစိုက်ခြင်းအားဖြင့် နိုးနိုးကြားကြားရှိ၍ နေ့သစ်၏အရုဏ်ဦးချိန်အတွက် အသိဉာဏ်ပွင့်နေပေလိမ့်မည်။ ကြယ်နီသည် လူ့အသွေးအသားနှလုံးများထဲတွင်မဟုတ်ဘဲ ဖန်ဆင်းရာအားလုံးရှေ့ ပေါ်ထွက်ပြီဖြစ်ကြောင်း သူတို့သိရှိကြလိမ့်မည်။
၁၃။ (က) ကြယ်နီပေါ်ထွက်ပြီးပြီဖြစ်ကြောင်း အဘယ်ကြောင့်သေချာနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ခေတ်နှင့်စပ်လျဉ်း၍ ယေရှုကြိုတင်ပြောခဲ့သော ခဲယဉ်းသည့်အခြေအနေများကို ခရစ်ယာန်များ အဘယ်ကြောင့်ခံရပ်နိုင်သနည်း။
၁၃ ကြယ်နီပေါ်ထွက်နေပြီ! ယေရှုရောက်ရှိနေခြင်းဆိုင်ရာ မဟာပရောဖက်ပြုချက်ကို ကျွန်ုပ်တို့အာရုံစူးစိုက်ခြင်းအားဖြင့် ထိုသို့ဖြစ်နေကြောင်း ကျွန်ုပ်တို့အသေအချာသိနိုင်ပါသည်။ ယနေ့ ၎င်း၏ပြည့်စုံချက်အနေနှင့် ကျွန်ုပ်တို့သည် မဖြစ်စဖူးသည့်စစ်ပွဲများ၊ ငတ်မွတ်ခြင်း၊ မြေငလျင်လှုပ်ခြင်းနှင့် ကမ္ဘာချီသတင်းကောင်းဟောပြောခြင်း စသည့်ဖြစ်ရပ်များကို ကြုံတွေ့နေကြရသည်။ (မဿဲ ၂၄:၃-၁၄) ယေရှုကြိုတင်ပြောခဲ့သော ခဲယဉ်းသည့်အခြေအနေများသည် ခရစ်ယာန်များဖြစ်သည့် ကျွန်ုပ်တို့ကိုပါထိခိုက်နေသော်လည်း စိတ်ငြိမ်သက်ရွှင်လန်းမှုဖြင့် ကျွန်ုပ်တို့ခံရပ်နိုင်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို ကျွန်ုပ်တို့အာရုံစူးစိုက်ကြပြီး အနာဂတ်အတွက် ကိုယ်တော်ကတိထားရာများကို ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် “အမှုကုန်” သည့်ကာလ၏ တကယ့်အဆုံးပိုင်းတွင် အသက်ရှင်နေကြသောကြောင့် အကောင်းတကာ့အကောင်းဆုံးအချိန်ကာလ၏ တံခါးဝတွင်ရောက်ရှိနေကြပြီ။ (ဒံယေလ ၁၂:၄) “ကြည့်ရှုလော့။ မှောင်မိုက်သည်မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်” ဟုဟေရှာယ ၆၀:၂ တွင် တင်ကူးဟောထားသည့်အတိုင်း ဤလောကသည် ဘေးကျပ်နံကျပ်ဖြစ်လျက်ရှိသည်။ ဤအမှောင်ထုတွင် မိမိ၏လမ်းကို မည်သူရှာတွေ့နိုင်မည်နည်း။ နောက်မကျလွန်းမီ ဘုရားသခင့်ပရောဖက်ပြုချက်စကားကို ယခုပင် နှိမ့်ချစွာ အာရုံစူးစိုက်ရပေမည်။ စိတ်ရိုးဖြောင့်သူတို့သည် အသက်နှင့်အလင်း၏ရင်းမြစ်ဖြစ်သော ယေဟောဝါထံသို့လှည့်လာဖို့လိုသည်။ (ဆာလံ ၃၆:၉; တမန်တော် ၁၇:၂၈) ဤသို့ပြုမှသာလျှင် နာခံသောလူသားတို့အတွက် ဘုရားသခင်ကတိထားရာ စစ်မှန်သောအလင်းဖြာမှုနှင့် အံ့ဖွယ်အနာဂတ်၌ပျော်မွေ့နိုင်ရန်မျှော်လင့်ချက်ကို ရရှိနိုင်မည်ဖြစ်သည်။—ဗျာဒိတ် ၂၁:၁-၅။
“အလင်းသည် ဤလောကသို့ဝင်” လာပြီ
၁၄။ သမ္မာကျမ်းစာ၏အံ့ဖွယ်ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ကျွန်ုပ်တို့ကြုံတွေ့ရဖို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၁၄ ယခု ယေရှုခရစ်သည် ဘုရင်အဖြစ်စိုးစံလျက်ရှိကြောင်း ကျမ်းစာကအထင်အရှားဖော်ပြသည်။ ၁၉၁၄ ခုနှစ်တွင် ကိုယ်တော်အာဏာရသောကြောင့် အံ့ဖွယ်ပရောဖက်ပြုချက်များ ပြည့်စုံလာရဦးမည်။ ၎င်းပြည့်စုံချက်များကို ကျွန်ုပ်တို့ကြုံတွေ့နိုင်ကြဖို့ ယေရှုခရစ်ကိုယုံကြည်သော စိတ်နှိမ့်ချသူများဖြစ်ကြောင်း သက်သေထူ၍ အပြစ်ရှိသောအမှုများနှင့် မသိဘဲလျက်ပြုမိသောအပြစ်များကို နောင်တယူကြရမည်ဖြစ်သည်။ အမှောင်ကိုကြိုက်သူများမူ အမှန်ပင် ထာဝရအသက်ရကြမည်မဟုတ်။ ယေရှုက ဤသို့ဆိုခဲ့သည်– “အပြစ်စီရင်ခြင်းကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။ သမ္မာတရားကိုကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်။”—ယောဟန် ၃:၁၉-၂၁။
၁၅။ ကိုယ်တော်၏သားတော်အားဖြင့် ဘုရားသခင်ဖြစ်ပေါ်စေသော ကယ်တင်ခြင်းကို ကျွန်ုပ်တို့လျစ်လျူရှုမည်ဆိုလျှင် အဘယ်သို့ဖြစ်မည်နည်း။
၁၅ ဝိညာဉ်ရေးအလင်းသည် ယေရှုအားဖြင့် ဤလောကသို့ဝင်လာခဲ့ပြီး ကိုယ်တော်ကိုနားထောင်ခြင်းသည် အရေးပါလှသည်။ ပေါလုက “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသောဘုရားသခင်သည်၊ ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏” ဟုရေးသားခဲ့သည်။ (ဟေဗြဲ ၁:၁၊ ၂) ကိုယ်တော်၏သားတော်အားဖြင့် ဘုရားသခင်ဖြစ်ပေါ်စေသော ကယ်တင်ခြင်းကို ကျွန်ုပ်တို့လျစ်လျူရှုကြမည်ဆိုလျှင် အဘယ်သို့ဖြစ်မည်နည်း။ ပေါလုကဤသို့ဆက်ပြောသည်– “ကောင်းကင်တမန်များအားဖြင့်ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့သည် ခံထိုက်သောအပြစ်ဒဏ်ကိုခံရသည်မှန်လျှင်၊ အစအဦး၌ သခင်ဘုရားဟောတော်မူ၍ [တရား] စကားတော်ကိုကြားရသောသူတို့သည်၊ ယုံလောက်သောသက်သေအားဖြင့် ငါတို့အားဆင့်ဆို၍ဟောပြောသော၊ ဤမျှလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့်အဘယ်သို့လွတ်ကြလိမ့်မည်နည်း။ ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအားဖြင့်လည်းကောင်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းဝေငှသော ဆုကျေးဇူးအားဖြင့်လည်းကောင်း သက်သေခံတော်မူပြီ။” (ဟေဗြဲ ၂:၂-၄) မှန်ပါသည်၊ ယေရှုသည် ပရောဖက်ပြုချက်စကားကြွေးကြော်ရာတွင် အခရာဖြစ်၏။—ဗျာဒိတ် ၁၉:၁၀။
၁၆။ ယေဟောဝါဘုရားသခင်၏ ပရောဖက်ပြုချက်အားလုံးကို ကျွန်ုပ်တို့အဘယ်ကြောင့်အပြည့်အဝယုံကြည်နိုင်သနည်း။
၁၆ ဖော်ပြခဲ့သည့်အတိုင်း ပေတရုကဤသို့ဆိုခဲ့သည်– “ကျမ်းစာ၌ပါသောပရောဖက်စကားမည်သည်ကား၊ လူ့အလိုအလျောက်အနက်မပေါ်ဟု ရှေးဦးစွာသိမှတ်ကြလော့။” လူသည် မိမိဘာသာ စစ်မှန်သောပရောဖက်ပြုချက်ကို ဖော်ပြနိုင်မည်မဟုတ်ပါ၊ သို့သော် ဘုရားသခင့်ပရောဖက်ပြုချက်အားလုံးကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။ ၎င်းတို့ကို ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်စတင်ခဲ့သည်။ ကျမ်းစာပရောဖက်ပြုချက်များသည် မည်သို့ပြည့်စုံလာကြောင်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ကျေးကျွန်များကို သိနားလည်စေတော်မူ၏။ အမှန်မှာ ၁၉၁၄ ခုနှစ်ကတည်းက ယင်းသို့သောပရောဖက်ပြုချက်များစွာ ပြည့်စုံလာသည်ကို ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသောကြောင့် ယေဟောဝါအားကျေးဇူးတင်ကြသည်။ ဤအစီအစဉ်စနစ်ဆိုး၏ဆုံးခန်းနှင့်ဆိုင်သော ကျန်ကြွင်းသည့်ပရောဖက်ပြုချက်များသည် ပြည့်စုံလာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့လုံးဝယုံကြည်စိတ်ချကြသည်။ ကျွန်ုပ်တို့၏အလင်းကို ထွန်းလင်းနေစဉ် ဘုရားသခင်၏တင်ကူးဟောပြောချက်များကို ဆက်၍အာရုံစူးစိုက်နေဖို့ အရေးကြီးလှ၏။ (မဿဲ ၅:၁၆) ယနေ့ “မှောင်မိုက်” ဖုံးလွှမ်းနေသောကမ္ဘာတွင် ယေဟောဝါ ‘အလင်းထွန်းလင်းစေ’ သောကြောင့် ကျွန်ုပ်တို့အမှန်တကယ်ကျေးဇူးတင်ထိုက်သည်တကား!—ဟေရှာယ ၅၈:၁၀။
၁၇။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ရေးအလင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်သနည်း။
၁၇ ပကတိအလင်းရောင်ကြောင့် ကျွန်ုပ်တို့မြင်နိုင်သည်။ ယင်းကြောင့်လည်း သီးနှံပင်အမျိုးမျိုး ရှင်သန်ကြီးထွားလာသည်။ ပကတိအလင်းရောင်မရှိဘဲ ကျွန်ုပ်တို့ဆက်အသက်မရှင်နိုင်ကြပါ။ ဝိညာဉ်ရေးအလင်းနှင့်ပတ်သက်၍ကော။ ယင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၌တင်ကူးဟောထားသည့်အတိုင်း ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးပြီး အနာဂတ်ကိုဖော်ပြသည်။ (ဆာလံ ၁၁၉:၁၀၅) ယေဟောဝါဘုရားသခင်သည် မေတ္တာရှိစွာဖြင့် ‘ကိုယ်တော်၏အလင်းတော်နှင့် သစ္စာတော်ကိုစေလွှတ်တော်’ မူ၏။ (ဆာလံ ၄၃:၃) ဤသို့သောပြင်ဆင်ပေးမှုများကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားလေးမြတ်ကြောင်း အမှန်တင်ပြသင့်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို အလင်းဖြာစေဖို့ “ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်” အလင်းကိုခံယူရန် အတတ်နိုင်ဆုံးကြိုးစားကြပါစို့။—၂ ကောရိန္သု ၄:၆; ဧဖက် ၁:၁၈။
၁၈။ ယခု ယေဟောဝါ၏ကြယ်နီသည် အဘယ်အရာကိုပြုဖို့အသင့်ရှိနေသနည်း။
၁၈ ၁၉၁၄ ခုနှစ်တွင် ကြယ်နီဖြစ်သော ယေရှုခရစ်သည် စကြဝဠာတစ်ခွင်ပေါ်ထွန်းလာပြီး ကိုယ်ယောင်ပြောင်းလဲခြင်းအဆင်းအာရုံကို စတင်ပြည့်စုံစေကြောင်းသိရှိရခြင်းသည် ကြီးမားလှသည့်ကောင်းချီးပါတကား! ယေဟောဝါ၏ကြယ်နီသည် ယခုပေါ်ထွန်းလျက်ရှိပြီး ဘုရားသခင့်ရည်ရွယ်ချက်ကို ဖြစ်မြောက်စေရန် ထိုအဆင်းအာရုံ၏ နောက်ထပ်ပြည့်စုံချက်ဖြစ်သည့် ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး’ စတင်စေရန် အသင့်ရှိနေတော်မူပြီ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဤစနစ်ဟောင်းဖယ်ရှားခံရပြီးနောက် စကြဝဠာ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်နှင့် စစ်မှန်သောပရောဖက်ပြုချက်၏ ဘုရားသခင်အဖြစ် ယေဟောဝါအား ကျွန်ုပ်တို့ထာဝစဉ်ချီးမွမ်းနိုင်မည့် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကတိတော်ကို ကိုယ်တော်ပြည့်စုံစေပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) ထိုနေ့ရက်ကြီးရောက်သည့်တိုင် ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်ခြင်းဖြင့် ဘုရားသခင့်အလင်းရောင်အောက်တွင် ဆက်၍လျှောက်လှမ်းနေကြပါစို့။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေရှု၏ကိုယ်ယောင်ပြောင်းလဲခြင်းကို သင်မည်သို့ဖော်ပြမည်နည်း။
• ကိုယ်ယောင်ပြောင်းလဲခြင်းက ယုံကြည်ခြင်းကိုမည်သို့တည်ဆောက်ပေးသနည်း။
• ယေဟောဝါ၏ကြယ်နီကား အဘယ်သူ သို့မဟုတ် အဘယ်အရာဖြစ်ပြီး ယင်းသည် အဘယ်အချိန်၌ပေါ်ထွက်ခဲ့သနည်း။
• ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို အဘယ်ကြောင့်အာရုံစူးစိုက်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကိုယ်ယောင်ပြောင်းလဲခြင်း၏အဓိပ္ပာယ်ကို သင်ရှင်းပြနိုင်သလော
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကြယ်နီပေါ်ထွက်ပြီးနေပြီ။ အဘယ်နည်းဖြင့်၊ အဘယ်အချိန်၌ ပေါ်ထွက်ခဲ့ကြောင်း သင်သိပါသလော