ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်
ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်
ကျိုးနွံမှုကိုလူတိုင်းတင်ပြပါက ကမ္ဘာကြီးသာယာ ချမ်းမြေ့လိုက်မည်ဖြစ်ခြင်း။ လူတို့သည် မရမကတောင်းဆိုမှု လျော့နည်းခြင်း၊ မိသားစုရှိသူများ ရန်ဖြစ်မှုလျော့နည်းခြင်း၊ ကော်ပိုရေးရှင်းများ ပြိုင်ဆိုင်ခြင်းနှင့် နိုင်ငံများ စစ်ဖြစ်မှုလျော့နည်းခြင်းတို့ ဖြစ်ပေလိမ့်မည်။ ဤသို့သောကမ္ဘာမျိုးတွင် သင်နေထိုင်လိုပါသလော။
ယေဟောဝါဘုရားသခင်၏ ကျေးကျွန်စစ်များသည် ကတိထားရာကမ္ဘာသစ်အတွက် ပြင်ဆင်နေကြသည်၊ ထိုတွင် ကျိုးနွံခြင်းကို အားနည်းချက်တစ်ခုအဖြစ်မဟုတ်ဘဲ အထူးဂုဏ်ရည်နှင့် မွန်မြတ်သောအကျင့်အဖြစ် တစ်ကမ္ဘာလုံးယူမှတ်ကြပေမည်။ (၂ ပေတရု ၃:၁၃) အမှန်မှာ၊ သူတို့သည် ကျိုးနွံခြင်းအရည်အသွေးကို ယခုပင် မွေးမြူနေကြသည်။ အဘယ်ကြောင့်နည်း။ အထူးသဖြင့် ယင်းအရည်အသွေးကို သူတို့ထံမှ ယေဟောဝါတောင်းဆိုသောကြောင့်ပင်။ ကိုယ်တော်၏ပရောဖက်မိက္ခာက ဤသို့ရေးသားခဲ့သည်– “အချင်းလူ၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာ [ကြင်နာမှု] ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။”—မိက္ခာ ၆:၈။
ကျိုးနွံခြင်းဟူသည် ဘဝင်မြင့်ခြင်း သို့မဟုတ် ဝင့်ဝါခြင်းမရှိ၊ လူတစ်ဦး၏စွမ်းရည်များ၊ အောင်မြင်မှုများနှင့် ပိုင်ဆိုင်ရာများအကြောင်း ဝါကြွားပြောဆိုရန်မလိုလားခြင်းစသည့် အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။ ကိုးကားဖော်ပြချက်တစ်ခုအရ ကျိုးနွံခြင်း
ဟူသည် “ဘောင်များအတွင်းနေထိုင်ခြင်း” ဟူ၍လည်းအဓိပ္ပာယ်ရှိသည်။ ကျိုးနွံသူတစ်ဦးသည် ကောင်းသောအမူအကျင့်ဘောင်အတွင်းရှိသည်။ သူပြုလုပ်သင့်ရာနှင့် ပြုလုပ်နိုင်ရာ၌အကန့်အသတ်ရှိကြောင်းကိုလည်း သူအသိအမှတ်ပြုသည်။ သူရပိုင်ခွင့်မရှိသောအရာများရှိကြောင်း သူသိထားသည်။ ကျွန်ုပ်တို့သည် ကျိုးနွံသူများထံ အမှန်ပင်ဆွဲဆောင်ခံရကြသည်။ အင်္ဂလိပ်ကဗျာဆရာ ဂျိုးဇက်အက်ဒီဆင်က “စစ်မှန်သောကျိုးနွံမှုလောက် နှစ်လိုဖွယ်ကောင်းသောအရာမရှိ” ဟူ၍ရေးသားခဲ့သည်။ကျိုးနွံခြင်းသည် မစုံလင်သောလူသားများ၏ ပင်ကိုစရိုက်တစ်ခုမဟုတ်ပါ။ ဤအရည်အသွေးတိုးတက်စေရန် ကျွန်ုပ်တို့ကြိုးပမ်းပြုလုပ်ရပေမည်။ ကျိုးနွံခြင်းကို နည်းအမျိုးမျိုးဖြင့်သရုပ်ဖော်သည့် ဖြစ်ရပ်အချို့ကို ကျွန်ုပ်တို့အတွက်အားပေးချက်အနေနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ဖော်ပြထားသည်။
ကျိုးနွံသည့်ဘုရင်နှစ်ပါး
ယေဟောဝါ၏သစ္စာအရှိဆုံးကျေးကျွန်တစ်ပါးမှာ လူငယ်ဘဝတွင် ဣသရေလရှင်ဘုရင်လောင်းအဖြစ် ဘိသိက်ပေးခံရသော ဒါဝိဒ်ဖြစ်သည်။ ထို့နောက်တွင် နန်းစံဘုရင်ရှောလုသည် ဒါဝိဒ်ကိုသတ်ဖို့ကြိုးစားခဲ့ပြီး ဝရမ်းပြေးဘဝရောက်စေခြင်းဖြင့် အကြီးအကျယ်ဖိနှိပ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၆:၁၊ ၁၁-၁၃; ၁၉:၉၊ ၁၀; ၂၆:၂၊ ၃။
ထိုအခြေအနေများအောက်၌ပင် မိမိ၏အသက်ကိုကာကွယ်ရန် ပြုသင့်ရာတွင် အကန့်အသတ်များရှိကြောင်း ဒါဝိဒ်အသိအမှတ်ပြုခဲ့သည်။ တစ်ခါက တောကန္တာရတွင် ‘ယေဟောဝါ၏ဘိသိက်ခံသူကို ငါထိခိုက်ခြင်းသည် ယေဟောဝါ၏ရှုထောင့်မှ ငါ့အနေနှင့် မစဉ်းစားနိုင်ဖွယ်ဖြစ်၏’ ဟုဆိုလျက် စက်တော်ခေါ်နေသောဘုရင်ရှောလုကို အန္တရာယ်ပြုဖို့ အဘိရှဲအား ဒါဝိဒ်ခွင့်မပေးခဲ့ပေ။ (၁ ဓမ္မရာဇဝင် ၂၆:၈-၁၁) ရှောလုကို ဘုရင်ရာထူးမှဖယ်ရှားရန်မှာ မိမိတာဝန်မဟုတ်ကြောင်း ဒါဝိဒ်သိထား၏။ ထို့ကြောင့် ဒါဝိဒ်သည် ဤအချိန်အခါ၌ သင့်လျော်သောအမူအကျင့်ဘောင်အတွင်းနေထိုင်ခြင်းအားဖြင့် ကျိုးနွံခြင်းကိုပြသခဲ့သည်။ ထိုနည်းတူ သေရေးရှင်ရေးဖြစ်သည့်အခါ၌ပင် ‘ယေဟောဝါ၏ရှုထောင့်မှ’ မိမိတို့ပြုလုပ်၍မရနိုင်သောအရာများရှိကြောင်း ဘုရားသခင့်မျက်မှောက်ခေတ်ကျေးကျွန်များသိရှိကြသည်။—တမန်တော် ၁၅:၂၈၊ ၂၉; ၂၁:၂၅။
ဘုရင်ဒါဝိဒ်၏သားရှောလမုန်သည်လည်း လူငယ်တစ်ဦးအနေနှင့် အနည်းငယ်ခြားနားသည့်နည်းဖြင့် ကျိုးနွံခြင်းကိုတင်ပြခဲ့သည်။ ရှောလမုန်နန်းတက်သောအခါ ဘုရင်တစ်ပါး၏ကြီးလေးသောရာထူးကို မစွမ်းဆောင်နိုင်ဟု သူခံစားခဲ့ရသည်။ သူကဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာမတတ်နိုင်ပါ။” ရှောလမုန်သည် မိမိမှာအရည်အချင်းနှင့် အတွေ့အကြုံနည်းသည်ကို သိထားကြောင်းထင်ရှား၏။ ထိုစဉ်ကသူသည် ကျိုးနွံ၍ ဘဝင်မြင့်ခြင်း သို့မဟုတ် ဝင့်ဝါခြင်းမတင်ပြခဲ့ချေ။ ရှောလမုန်သည် ယေဟောဝါထံမှ ပိုင်းခြားသိမြင်ခြင်းကိုတောင်းဆိုခဲ့ပြီး ရရှိခဲ့သည်။—၃ ဓမ္မရာဇဝင် ၃:၄-၁၂။
မေရှိယနှင့် ကိုယ်တော်၏ရှေ့ပြေး
ရှောလမုန်ခေတ်ပြီးနောက် အနှစ် ၁,၀၀၀ ကျော်တွင် နှစ်ခြင်းဆရာယောဟန်သည် မေရှိယအတွက်လမ်းပြင်ဆင်ပေးသောလုပ်ငန်းကို လုပ်ဆောင်ခဲ့၏။ ဘိသိက်ခံတစ်ဦး၏ရှေ့ပြေးအနေနှင့် ယောဟန်သည် ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေနေသည်။ သူ့အခွင့်အရေးအကြောင်း သူဝါကြွားနိုင်ခဲ့သည်။ ထို့ပြင် သူသည် မေရှိယနှင့်ဆွေမျိုးတော်စပ်သောကြောင့် မိမိကိုယ်ကိုဂုဏ်တင်ဖို့ကြိုးစားနိုင်၏။ သို့သော် ယောဟန်က မိမိသည် ယေရှု၏ခြေနင်းတော်ကြိုးကို ဖြေခြင်းငှာပင် မထိုက်တန်ဟုပြောပြခဲ့သည်။ နှစ်ခြင်းခံဖို့ယော်ဒန်မြစ်သို့ ယေရှုကြွရောက်လာသောအခါ ယောဟန်က “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော” ဟုဆိုခဲ့သည်။ ယောဟန်သည် ဝါကြွားသူတစ်ဦးမဟုတ်ကြောင်း ယင်းကဖော်ပြ၏။ သူသည် ကျိုးနွံခဲ့၏။—မဿဲ ၃:၁၄; မာလခိ ၄:၅၊ ၆; လုကာ ၁:၁၃-၁၇; ယောဟန် ၁:၂၆၊ ၂၇။
ယေရှုနှစ်ခြင်းခံပြီးသည့်နောက် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုကြေညာသည့် အချိန်ပြည့်ခရစ်ယာန်အမှုတော်ကို စတင်ထမ်းဆောင်ခဲ့သည်။ ယေရှုသည် စုံလင်သောလူသားတစ်ဦးဖြစ်သော်လည်း ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ . . . ငါသည်ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။” ထို့ထက်ကား ယေရှုသည် လူတို့ရှေ့ဂုဏ်တင်ခံရခြင်းကို မရှာယူခဲ့ဘဲ မိမိပြုလုပ်သမျှအတွက် ယေဟောဝါအားဂုဏ်တင်ခဲ့သည်။ (ယောဟန် ၅:၃၀၊ ၄၁-၄၄) တကယ့်ကျိုးနွံမှုပါတကား!
သို့ဖြစ်၍ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များဖြစ်သော ဒါဝိဒ်၊ ရှောလမုန်၊ နှစ်ခြင်းဆရာယောဟန်နှင့် စုံလင်သောလူသားယေရှုခရစ်ပင်လျှင် ကျိုးနွံမှုပြခဲ့ကြသည်။ သူတို့သည် ဝါကြွားခြင်း၊ ပလွှားဝင့်ဝါခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်းမရှိခဲ့ကြဘဲ သင့်လျော်သောဘောင်အတွင်းရှိခဲ့ကြသည်။ သူတို့၏ပုံသက်သေများက ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များ ကျိုးနွံခြင်းကိုမွေးမြူတင်ပြဖို့အတွက် လုံလောက်သောအကြောင်းရင်းများဖြစ်သည်။ သို့သော် ထိုသို့ပြုဖို့ အခြားအကြောင်းရင်းများလည်းရှိသေးသည်။
လူ့သမိုင်း၌ ကသောင်းကနင်းဖြစ်နေသည့် ဤအချိန်တွင် ကျိုးနွံခြင်းသည် ခရစ်ယာန်စစ်များအတွက် အလွန်အဖိုးတန်သည့်အရည်အချင်းတစ်ခုဖြစ်၏။ ယင်းသည် လူတစ်ဦးကို ယေဟောဝါဘုရားသခင်နှင့်၊ လူသားချင်းနှင့် ကိုယ်တိုင်ငြိမ်သက်မှုခံစားစေနိုင်သည်။
ယေဟောဝါဘုရားသခင်နှင့်ငြိမ်သက်မှု
စစ်မှန်သောဝတ်ပြုရေးအတွက် ကိုယ်တော်ချမှတ်ထားသောဘောင်အတွင်း ကျွန်ုပ်တို့ရှိနေမှသာလျှင် ယေဟောဝါနှင့်ငြိမ်သက်မှုရနိုင်ပေမည်။ ကျွန်ုပ်တို့၏ကနဦးမိဘဖြစ်ကြသည့် အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ချမှတ်သော ကန့်သတ်ချက်များကိုကျော်လွန်ခဲ့ကြပြီး ကျိုးနွံမှုမရှိသည့် ပထမဆုံးလူသားများဖြစ်လာခဲ့ကြသည်။ ယေဟောဝါနှင့်ကောင်းသောအနေအထားကိုသာမက သူတို့၏နေအိမ်၊ သူတို့၏အနာဂတ်နှင့် သူတို့၏အသက်ကိုပါ လက်လွတ်ဆုံးရှုံးခံခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၆-၁၉) ကြီးမားသောအခကို ပေးခဲ့ကြသည်တကား!
စစ်မှန်သောဝတ်ပြုရေးသည် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်ရန် ကန့်သတ်ချက်များချပေးထားသောကြောင့် အာဒံနှင့်ဧဝတို့၏ပျက်ကွက်မှုမှ သင်ယူကြပါစို့။ ဥပမာ၊ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မတရားသောမေထုန်၌မှီဝဲသော [ကာမစပ်ယှက်] သူ၊ ရုပ်[ပုံ]ကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ပြု [ကာမစပ်ယှက်] သောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) ယေဟောဝါသည် ဤကန့်သတ်ချက်များကို ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ပညာရှိစွာချမှတ်ပေးပြီး ၎င်းဘောင်များအတွင်း ကျွန်ုပ်တို့နေထိုင်ခြင်းဖြင့် ဉာဏ်ပညာကိုတင်ပြကြသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏” ဟုနယပုံပြင် ၁၁:၂ ကဆိုသည်။
ဤကန့်သတ်ချက်များကိုလျစ်လျူရှုလျက် ဘုရားသခင်နှင့်ငြိမ်သက်မှုရနိုင်ဆဲဖြစ်သည်ဟု ဘာသာရေးအဖွဲ့အစည်းတစ်ခုက ပြောလာလျှင်ကော။ ထိုအဖွဲ့အစည်းသည် ကျွန်ုပ်တို့လမ်းမှားအောင် ကြိုးစားနေသည်။ အခြားတစ်ဖက်တွင်မူ ကျိုးနွံခြင်းသည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် ထောက်ကူပေးသည်။
လူသားချင်းတို့နှင့်ငြိမ်သက်မှု
ထို့ပြင် ကျိုးနွံခြင်းသည် အခြားသူများနှင့် ငြိမ်းချမ်းသောဆက်ဆံရေးကိုမြှင့်တင်ပေး၏။ ဥပမာ၊ မိဘများက မိမိတို့ရှိရာနှင့်ရောင့်ရဲပြီး ဝိညာဉ်ရေးကို ဦးစားထားသည့် ပုံသက်သေပြသောအခါ သူတို့၏ကလေးများသည် အလားတူသဘောထားမျိုးကို ခံယူရန်အကြောင်းပိုများမည်။ ထိုအခါ အငယ်လေးများက မိမိတို့လိုချင်သည့်အရာကို အမြဲမရသည့်တိုင် တင်းတိမ်ရောင့်ရဲဖို့လွယ်ကူပါလိမ့်မည်။ သို့ဖြင့် ကျိုးနွံစွာနေထိုင်ဖို့ သူတို့အထောက်အကူရပြီး မိသားစုဘဝသည် ပို၍သာယာပေမည်။
ကြီးကြပ်ရသူတို့သည် ကျိုးနွံ၍ မိမိတို့အခွင့်အာဏာကိုအလွဲမသုံးမိဖို့ အထူးဂရုပြုရန်လိုသည်။ ဥပမာ၊ ခရစ်ယာန်များအား ဤသို့ညွှန်ကြားထားသည်– “ကျမ်းစာကိုလွန်၍” မပြုကြနှင့်။ (၁ ကောရိန္သု ၄:၆) အသင်းတော်အကြီးအကဲများသည် မိမိတို့ကိုယ်ပိုင်အကြိုက်များကို သူတစ်ပါးလိုက်ဖို့ အတင်းအကျပ်မပြုရကြောင်း သိထားကြသည်။ ယင်းအစား အကျင့်အကြံ၊ အဝတ်အစား၊ ဖြီးလိမ်းပုံ သို့မဟုတ် အပန်းဖြေသည့်ကိစ္စတို့တွင် လမ်းမှန်ကိုလိုက်ရန်တိုက်တွန်းပေးဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အခြေခံအဖြစ် သူတို့အ သုံးပြုကြသည်။ (၂ တိမောသေ ၃:၁၄-၁၇) ကျမ်းစာဘောင်များအတွင်း အကြီးအကဲများနေထိုင်သည်ကို အသင်းတော်သားများသတိပြုမိကြသောအခါ ဤအမျိုးသားများကို လေးစားစေပြီး အသင်းတော်အတွင်း နွေးထွေး၊ ချစ်ခင်၍ ငြိမ်သက်သည့်စိတ်သဘောထားကို ဖြစ်ပေါ်စေသည်။
ကိုယ်တိုင်ငြိမ်သက်မှုရှိခြင်း
ကျိုးနွံစိတ်ရှိသူတို့သည် စိတ်ငြိမ်သက်မှုရှိကြသည်။ ကျိုးနွံသူတစ်ဦးသည် ရည်မှန်းချက်မကြီးပါ။ ယင်းကြောင့် သူ့မှာ ကိုယ်ပိုင်ပန်းတိုင်များမရှိဟုမဆိုလိုပါ။ ဥပမာ၊ ဘုရားသခင့်လုပ်ငန်းတော်ဆိုင်ရာ ထပ်ဆင့်အခွင့်အရေးများကို သူလိုလားမည်ဖြစ်သော်လည်း ဘုရားသခင်ကိုသူစောင့်ဆိုင်း၍ သူရရှိသည့် မည်သည့်ခရစ်ယာန်အခွင့်အရေးများမဆိုသည် ယေဟောဝါကြောင့်ဟူ၍ ကိုယ်တော်အားဂုဏ်တင်မည်ဖြစ်သည်။ ၎င်းတို့ကို ကိုယ်ပိုင်အောင်မြင်မှုများအဖြစ် ရှုမြင်မည်မဟုတ်။ ယင်းက ကျိုးနွံစိတ်ရှိသူကို “ငြိမ်သက်ခြင်း၏အရှင်” ယေဟောဝါနှင့်သာ၍ရင်းနှီးစေသည်။—ဖိလိပ္ပိ ၄:၉။
တစ်ခါတစ်ရံ အခြားသူတို့၏လျစ်လျူရှုမှုကိုခံရသည်ဟုဆိုကြပါစို့။ ရောင့်တက်စွာဖြင့် ကိုယ့်ကိုအာရုံပြုစေခြင်းထက် ကျိုးနွံသောကြောင့် လျစ်လျူရှုခံရခြင်းသည် ပိုမကောင်းပေလော။ ကျိုးနွံသူတို့သည် ရည်မှန်းချက်ကြီးလွန်းခြင်းဖြင့် စိတ်နှလုံးပင်ပန်းမနေပါ။။ ထို့ကြောင့် သူတို့သည် စိတ်ပိုင်းနှင့် ကာယပိုင်းကို အကျိုးပြုသည့် စိတ်ငြိမ်သက်မှုခံစားရကြသည်။
ကျိုးနွံခြင်းကိုမွေးမြူ၍ ထိန်းသိမ်းခြင်း
အာဒံနှင့်ဧဝတို့သည် ရောင့်တက်ခဲ့ကြပြီး ထိုစရိုက်ကို သူတို့၏သားမြေးများထံလက်ဆင့်ကမ်းပေးခဲ့ကြသည်။ ကျွန်ုပ်တို့၏ကနဦးမိဘများပြုခဲ့သည့်အမှားကိုရှောင်ရန် အဘယ်အရာကထောက်ကူပေးနိုင်သနည်း။ ကျိုးနွံခြင်းဆိုင်ရာအရည်အသွေးကောင်းကို မည်သို့မွေးမြူနိုင်သနည်း။
ဦးဆုံးအနေနှင့် စကြဝဠာဖန်ဆင်းရှင် ယေဟောဝါနှင့်ဆက်ဆံရေးတွင် ကျွန်ုပ်တို့၏အနေအထားကို တိကျမှန်ကန်စွာသိရှိထားခြင်းက ထောက်ကူပေးပါလိမ့်မည်။ ဘုရားသခင့်ပြီးမြောက်အောင်မြင်မှုများနှင့် ကျွန်ုပ်တို့၏အဘယ်ကိုယ်ပိုင်အောင်မြင်မှုများကို နှိုင်းယှဉ်နိုင်မည်နည်း။ မိမိ၏သစ္စာရှိကျေးကျွန် ယောဘအား ယေဟောဝါကဤသို့မေးမြန်းခဲ့သည်– “မြေကြီးအမြစ်ကိုငါတည်သောအခါ၊ သင်သည်အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြလော့။” (ယောဘ ၃၈:၄) ယောဘအဖြေမပေးနိုင်ခဲ့ချေ။ အလားတူစွာ ကျွန်ုပ်တို့သည် အသိပညာ၊ စွမ်းရည်နှင့် အတွေ့အကြုံတွင် အကန့်အသတ်ရှိသည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏ကန့်သတ်မှုများကို အသိအမှတ်ပြုခြင်းသည် အကျိုးမရှိပေလော။
ထို့ပြင် သမ္မာကျမ်းစာကဤသို့ဆို၏– “ထာဝရဘုရားသည် မြေကြီးနှင့်မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏။” ထိုတွင် “တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သောတောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့” ပါဝင်သည်။ “ရွှေနှင့်ငွေကိုငါပိုင်သည်” ဟုယေဟောဝါဆိုနိုင်သည်။ (ဆာလံ ၂၄:၁; ၅၀:၁၀; ဟဂ္ဂဲ ၂:၈) ယေဟောဝါ၏ပိုင်ဆိုင်ရာများနှင့်ယှဉ်၍ အဘယ်ပိုင်ဆိုင်ရာများကို ကျွန်ုပ်တို့ပြနိုင်သနည်း။ အချမ်းသာဆုံးလူသားပင်လျှင် သူ၏ပိုင်ဆိုင်ရာများ၌ ဝါကြွားစရာအကြောင်းမရှိချေ! ထို့ကြောင့် ရောမမြို့ရှိခရစ်ယာန်များထံ ပေါလု၏မှုတ်သွင်းခံ ဤအကြံပေးချက်ကို လိုက်နာခြင်းသည်ပညာရှိ၏– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင် . . . ရမည်အကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။”—ရောမ ၁၂:၃။
ကျိုးနွံခြင်းကိုပျိုးထောင်လိုသည့် ဘုရားသခင့်ကျေးကျွန်များအနေနှင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချုပ်တည်းခြင်းစသည့် ဝိညာဉ်အသီးများသီးရန် ကျွန်ုပ်တို့ဆုတောင်းသင့်သည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃) အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ဤအရည်အချင်းတစ်ခုစီက ကျိုးနွံဖို့လွယ်ကူစေမည်ဖြစ်သောကြောင့်တည်း။ ဥပမာအနေနှင့် လူသားချင်းကိုချစ်သည့်မေတ္တာက ဝါကြွားလိုစိတ် သို့မဟုတ် ဘဝင်မြင့်လိုစိတ်ကိုတွန်းလှန်ရန် ကျွန်ုပ်တို့ကိုကူညီပေးမည်ဖြစ်သည်။ ချုပ်တည်းခြင်းက ရောင့်တက်စွာမပြုမူမီ ဆင်ခြင်သုံးသပ်စေမည်ဖြစ်သည်။
ကျွန်ုပ်တို့သတိထားကြပါစို့! ရောင့်တက်ခြင်းအန္တရာယ်များကို ကျွန်ုပ်တို့မပြတ်သတိပြုနေဖို့လိုသည်။ အစောပိုင်းတွင်ဖော်ပြထားသော ဘုရင်နှစ်ပါးသည် အချိန်တိုင်းမကျိုးနွံခဲ့ကြချေ။ ဘုရင်ဒါဝိဒ်သည် ယေဟောဝါ၏အလိုတော်နှင့်ဆန့်ကျင်သောအရာတစ်ခုဖြစ်သည့် ဣသရေလလူမျိုးကို သန်းခေါင်စာရင်းကောက်ခြင်းဖြင့် မဆင်မခြင်ပြုမူခဲ့သည်။ ရှောလမုန်ဘုရင်သည် မှားယွင်းသောဝတ်ပြုရေး၌ပါဝင်သည့်အထိ ရောင့်တက်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၂၄:၁-၁၀; ၃ ဓမ္မရာဇဝင် ၁၁:၁-၁၃။
ဘုရားတရားမဲ့သည့် ဤအစီအစဉ်စနစ်တည်ရှိနေသမျှကာလပတ်လုံး ကျိုးနွံခြင်းရှိရန် အမြဲသတိရှိဖို့လိုသည်။ သို့သော် ကြိုးစားရကျိုးနပ်ပါသည်။ ဘုရားသခင့်ကမ္ဘာသစ်တွင် ကျိုးနွံစိတ်ရှိသူများသာလျှင် လူ့ဘောင်အဖွဲ့အစည်း၌ပါဝင်ကြလိမ့်မည်။ ကျိုးနွံခြင်းကို အားနည်းချက်တစ်ခုအဖြစ်မဟုတ်ဘဲ အထူးဂုဏ်ရည်တစ်ခုအဖြစ် သူတို့ယူမှတ်ကြပါလိမ့်မည်။ လူတိုင်း၊ မိသားစုတိုင်း ကျိုးနွံခြင်းမှဖြစ်ပေါ်လာသော ငြိမ်သက်ခြင်းကောင်းချီးခံစားရသောအခါ မည်မျှဝမ်းသာကြမည်ပါတကား!
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှုသည် ကျိုးနွံစွာဖြင့် ပြုလေရာရာအတွက် ယေဟောဝါအားဂုဏ်တင်ခဲ့