ယေဟောဝါသည် ဆိုင်းတော်မူမည်မဟုတ်
ယေဟောဝါသည် ဆိုင်းတော်မူမည်မဟုတ်
“ထို [အဆင်းအာရုံ] သည် . . . ဆိုင်းသော်လည်းမျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” —ဟဗက္ကုတ် ၂:၃။
၁။ ယေဟောဝါ၏လူတို့သည် အဘယ်သို့စိတ်ပိုင်းဖြတ်ခဲ့ကြပြီး ယင်းကြောင့်အဘယ်သို့ပြုရန် သူတို့လှုံ့ဆော်ခံရသနည်း။
“ငါသည် ငါ့လင့်စင်ပေါ်မှာရပ်လျက် [နေမည်]။” ယင်းကား ဘုရားသခင့်ပရောဖက်ဟဗက္ကုတ်၏ အဓိဋ္ဌာန်ဖြစ်၏။ (ဟဗက္ကုတ် ၂:၁) ဤ ၂၀ ရာစုရှိ ယေဟောဝါ၏လူတို့သည်လည်း အလားတူစိတ်ပိုင်းဖြတ်မှုကို တင်ပြကြသည်။ ထို့ကြောင့် ၁၉၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သော မှတ်သားဖွယ်စည်းဝေးကြီးတစ်ခု၌ ဤဖိတ်ခေါ်ချက်ကို ဇွဲနပဲဖြင့်တုံ့ပြန်ခဲ့ကြသည်– “ဤကား နေ့ရက်တကာတို့၏နေ့ရက်ဖြစ်သည်။ ကြည့်ရှုလော့၊ ဘုရင်စိုးစံတော်မူလေပြီ! သင်တို့သည် ကိုယ်တော်၏ လူသိရှင်ကြားကိုယ်စားလှယ်များဖြစ်ကြ၏။ ထို့ကြောင့် ဘုရင်နှင့် ကိုယ်တော်၏နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။”
၂။ ပထမကမ္ဘာစစ်ပြီးနောက် တက်ကြွလှုပ်ရှားသောအခြေအနေသို့ ပြန်ရောက်ရှိလာသောအခါ ဘိသိက်ခံခရစ်ယာန်များသည် အဘယ်သို့ကြေညာနိုင်ခဲ့သနည်း။
၂ ပထမကမ္ဘာစစ်ပြီးနောက် ယေဟောဝါသည် သစ္စာရှိဘိသိက်ခံအကြွင်းအကျန်အား တက်ကြွလှုပ်ရှားသောအခြေအနေကို ပြန်ရရှိစေခဲ့သည်။ ထိုအခါ ဟဗက္ကုတ်နည်းတူ သူတို့တစ်ယောက်စီသည် ဤသို့ကြွေးကြော်နိုင်ခဲ့ကြသည်– “ငါသည် . . . ရဲတိုက်၌အမြဲနေလျက်၊ ငါ့အား အဘယ်သို့မိန့်တော်မူမည်ကို . . . ငါစောင့်၍ [“စောင့်ကြည့်၊” ကဘ] နေ” မည်။ “စောင့်ကြည့်” သည်နှင့် “စောင့်ကြပ်သည်” ဟူသော ဟေဗြဲစကားလုံးများသည် ပရောဖက်ပြုချက်များစွာတွင် ထပ်တလဲလဲပါရှိ၏။
“နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်”
၃။ ကျွန်ုပ်တို့အဘယ်ကြောင့်စောင့်နေကြရမည်နည်း။
၃ ဘုရားသခင့်သတိပေးချက်ကို ယနေ့ ယေဟောဝါသက်သေများ ကြေညာနေကြစဉ် သူတို့သည် ယေရှု၏ဤမဟာပရောဖက်ပြုချက်မှ နိဂုံးစကားများကိုနာခံဖို့ အမြဲပင်နိုးနိုးကြားကြားရှိရမည်– “အိမ်ရှင်သည်ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကိုတွေ့လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့အားငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်။” (မာကု ၁၃:၃၅-၃၇) ဟဗက္ကုတ်နည်းတူ၊ ယေရှု၏စကားများနှင့်အညီ ကျွန်ုပ်တို့ဆက်စောင့်နေကြရမည်!
၄။ ကျွန်ုပ်တို့၏အခြေအနေသည် ဘီ.စီ.အီး. ၆၂၈ ခန့်က ဟဗက္ကုတ်၏အခြေအနေနှင့် မည်သို့ဆင်တူသနည်း။
၄ ဗာဗုလုန်သည် ကမ္ဘာ့အဓိကအာဏာစက်ဖြစ်မလာမီ ဘီ.စီ.အီး. ၆၂၈ ခုနှစ်ခန့်ကပင် ဟဗက္ကုတ်သည် သူ၏စာစောင်ကို ရေးသားပြီးပေမည်။ အယူဖောက်ပြန်သော ယေရုရှလင်မြို့အပေါ် ယေဟောဝါ၏တရားစီရင်ချက်ကို ထုတ်ပြန်ခဲ့သည်မှာ နှစ်ချီနေပြီ။ သို့တိုင် ထိုစီရင်ချက်ကို ဘယ်သောအခါဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းစွာမဖော်ပြထားချေ။ ၂၁ နှစ်သာလိုတော့ကြောင်းနှင့် ဗာဗုလုန်သည် ယေဟောဝါ၏ ပါးကွက်အာဏာသားဖြစ်မည်ကို မည်သူယုံမည်နည်း။ အလားတူ ယနေ့ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏အဆုံးကို သတ်မှတ်ထားသည့် ‘နေ့ရက်နှင့် အချိန်နာရီ’ ကိုမသိကြသော်လည်း ယေရှုက ကျွန်ုပ်တို့ကို ဤသို့ကြိုတင်သတိပေးထားသည်– “သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ မဿဲ ၂၄:၃၆၊ ၄၄။
သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။”—၅။ ဟဗက္ကုတ် ၂:၂၊ ၃ ၌မှတ်တမ်းတင်ထားသော ဘုရားသခင့်နှုတ်မြွက်စကားတော်သည် မည်သို့အထူးအားပေးချက်ဖြစ်သနည်း။
၅ အကြောင်းကောင်းရှိ၍ ဤစိတ်လှုပ်ရှားဖွယ်တာဝန်ကို ဟဗက္ကုတ်အားယေဟောဝါ အပ်နှင်းခဲ့သည်– “ဖတ်သောသူသည် ပြေးလျက်ဖတ်နိုင်အောင်၊ ဗျာဒိတ် . . . ကို သင်ပုန်းပေါ်မှာအက္ခရာတင်၍ရေးမှတ်လော့။ ထို [အဆင်းအာရုံ] သည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကိုဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်းမျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” (ဟဗက္ကုတ် ၂:၂၊ ၃) ယနေ့ ကမ္ဘာတစ်ဝန်းတွင် ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ တစ်ရှိန်ထိုးတိုး၍ဖြစ်နေခြင်းက ကျွန်ုပ်တို့သည် “ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ကြီး” ၏နှုတ်ခမ်းဝတွင်ရပ်နေကြကြောင်း ညွှန်ပြလေ၏။ (ယောလ ၂:၃၁၊ ကဘ) ယေဟောဝါကိုယ်တော်တိုင်၏ ဤစိတ်ချစေသောမိန့်တော်မူချက်က အမှန်ပင်အားပေးမှုဖြစ်စေသည်– “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်!”
၆။ ရောက်လာတော့မည့်တရားစီရင်ရာနေ့ကို ကျွန်ုပ်တို့မည်သို့လွတ်မြောက်နိုင်မည်နည်း။
၆ သို့ဖြစ်၍ ထိုတရားစီရင်ရာနေ့တွင် ကျွန်ုပ်တို့ မည်သို့လွတ်မြောက်နိုင်မည်နည်း။ ယေဟောဝါသည် ဖြောင့်မတ်သူနှင့် မဖြောင့်မတ်သူစပ်ကြား ဤကွာခြားချက်ကိုဖော်ထုတ်ခြင်းဖြင့် အဖြေပေးထားသည်– “စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။” (ဟဗက္ကုတ် ၂:၄) စိတ်နေမြင့်၍ လောဘကြီးသော အုပ်စိုးရှင်များနှင့် လူတို့သည် အထူးသဖြင့် ကမ္ဘာ့စစ်ကြီးနှစ်ခုနှင့် လူမျိုးစု အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့တွင် အပြစ်မဲ့သူများစွာ၏အသွေးဖြင့် မျက်မှောက်ခေတ်သမိုင်းစာမျက်နှာကို စွန်းထင်းစေခဲ့ကြသည်။ ယင်းနှင့်ခြားနားလျက် ငြိမ်သက်ခြင်းမြတ်နိုးသူ ဘုရားသခင့်ဘိသိက်ခံကျေးကျွန်တို့သည် သစ္စာရှိစွာမြဲမြံတည်ကြည်ခဲ့ကြ၏။ သူတို့သည် “သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုး” ဖြစ်ကြ၏။ ဤလူမျိုးသည် “အခြားသိုး” မှသူတို့၏အပေါင်းပါများနှင့်အတူ ဤသတိပေးချက်ကို လိုက်နာကြသည်– “ယေဟောဝါကို အစဉ်အမြဲ ယုံကြည်ကိုးစားကြလော့၊ အကြောင်းမှာ ဂျားယေဟောဝါသည် ကာလအစဉ်အဆက်ကျောက်ဖြစ်တော်မူ၏။”—ဟေရှာယ ၂၆:၂-၄၊ ကဘ; ယောဟန် ၁၀:၁၆။
၇။ ဟဗက္ကုတ် ၂:၄ ကိုပေါလုအသုံးပြုပုံနှင့်အညီ ကျွန်ုပ်တို့အဘယ်အရာပြုရမည်နည်း။
၇ တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များထံစာရေးစဉ် ယေဟောဝါ၏လူမျိုးတော်ကို ဤသို့ပြောကြားရာ၌ ဟဗက္ကုတ် ၂:၄ ကိုကိုးကားသည်– “ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ‘ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီရောက်တော်မူလိမ့်မည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း ရွေ့လျော့လျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိ။’ ” (ဟေဗြဲ ၁၀:၃၆-၃၈) ယခုအချိန်သည် လျော့ပေါ့ရမည့်အချိန် သို့မဟုတ် စာတန်လောက၏ရုပ်ဝါဒ၊ အပျော်ကြူးသောလမ်းစဉ် များဖြင့် ကျော့ကွင်းထဲကျသွားရမည့်အချိန် မဟုတ်ချေ။ ဤ “မကြာမမြင့်မီ” အချိန်လွန်သွားသည်အထိ ကျွန်ုပ်တို့အဘယ်အရာပြုရမည်နည်း။ ပေါလုကဲ့သို့ပင် ယေဟောဝါ၏သန့်ရှင်းသောလူမျိုးတွင်ပါဝင်သည့် ကျွန်ုပ်တို့သည် ထာဝရအသက်ရခြင်းအလို့ငှာ ‘ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍ ပန်းတုံးတိုင်သို့ လိုက်ပြေးကြရမည်။’ (ဖိလိပ္ပိ ၃:၁၃၊ ၁၄) ထို့ပြင်ယေရှုနည်းတူ ‘ကျွန်ုပ်တို့ရှေ့၌ထားရှိသော ဝမ်းမြောက်ခြင်းအတွက် ခံနိုင်ရည်’ ရှိကြရမည်။—ဟေဗြဲ ၁၂:၂။
၈။ ဟဗက္ကုတ် ၂:၅ ၌ပါသော “သူ” ကားမည်သူနည်း၊ သူသည် အဘယ်ကြောင့်မအောင်မြင်ဘဲနေမည်နည်း။
၈ ဟဗက္ကုတ် ၂:၅ က ယေဟောဝါ၏ကျေးကျွန်များနှင့်မတူ “မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေ” လျက်နှင့် မိမိ၏ပန်းတုံးတိုင်သို့မရောက်သည့် “မာနထောင်လွှားသောသူ” ကို ဖော်ပြထားသည်။ “မပြေနိုင်သောစိတ်ရှိ” သည့်ဤသူကားမည်သူနည်း။ ဟဗက္ကုတ်အချိန်က ဗာဗုလုန်နည်းတူ ဤပေါင်းစပ်ထားသော “သူ” သည် အငမ်းမရစွာဖြင့် . . . အာဏာစက်များဖြင့်ဖွဲ့စည်းထားသည်—ဖက်စစ်၊ နာဇီ၊ ကွန်မြူနစ် သို့မဟုတ် ဒီမိုကရက်တစ်ဟု ခေါ်ဆိုကြသူတို့ပင်ဖြစ်စေ—နယ်ချဲ့ရန် စစ်များကိုတိုက်ခိုက်သူများဖြစ်ကြသည်။ သူသည် မရဏာနိုင်ငံ၊ သင်္ချိုင်းကို အပြစ်မဲ့သူများဖြင့်လည်း ပြည့်နှက်စေသည်။ သို့သော် စာတန်လောက၏ ဤစုပေါင်းထားသည့် စဉ်းလဲသော “သူ” သည် မိမိ၏အရေးပါမှုနှင့်မိမိမူးယစ်နေပြီး ‘တိုင်းနိုင်ငံအပေါင်းတို့ကို မိမိထံသို့ဆွဲငင်စုစည်းဖို့’ ကြိုးစားရာတွင် အောင်မြင်မှုမရချေ။ ယေဟောဝါဘုရားသခင်သာလျှင် လူသားအားလုံးကို စည်းလုံးစေနိုင်ပြီး ကိုယ်တော်သည် ၎င်းကို မေရှိယနိုင်ငံတော်အားဖြင့် ပြီးမြောက်အောင်မြင်စေတော်မူလိမ့်မည်။—မဿဲ ၆:၉၊ ၁၀။
ထူးခြားသောအမင်္ဂလာငါးခုမှပထမတစ်ခု
၉၊ ၁၀။ (က) ယေဟောဝါသည် ဟဗက္ကုတ်မှတစ်ဆင့် အဘယ်အရာကိုဆက်ကြေညာသနည်း။ (ခ) မတရားစီးပွားရှာခြင်းနှင့်ပတ်သက်၍ ယနေ့အဘယ်အခြေအနေရှိသနည်း။
၉ ယေဟောဝါသည် မိမိ၏သစ္စာရှိဝတ်ပြုကိုးကွယ်သူတို့ နေထိုင်ဖို့ ကမ္ဘာမြေကြီးကို အသင့်ပြင်ဆင်ရာတွင် အရေးယူဆောင်ရွက်ရမည့် ဆက်တိုက်စီရင်ချက်ဖြစ်သော အမင်္ဂလာငါးခုကို မိမိ၏ပရောဖက်ဟဗက္ကုတ်အားဖြင့် ကြေညာစေသည်။ ထိုသို့သော နှလုံးရိုးဖြောင့်သူတို့သည် ယေဟောဝါတင်ပြတော်မူသည့် “ပုံစကား” ကိုမြွက်ဆိုကြသည်။ ဟဗက္ကုတ် ၂:၆ ၌ဤသို့ဖတ်ရသည်– “ကိုယ်မပိုင်သောဥစ္စာကိုဆည်းပူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာကြွေးများကို တင်စေပါလိမ့်မည်နည်း!”
၁၀ ဤတွင် မတရားစီးပွားရှာခြင်းကို အလေးအနက်ဖော်ပြသည်။ ကျွန်ုပ်တို့ဝန်းကျင်လောကတွင် ကြွယ်ဝသူတို့မှာ ကြွယ်ဝသည်ထက်ကြွယ်ဝပြီး ဆင်းရဲသူတို့မှာ ပို၍ဆင်းရဲနေကြ၏။ မူးယစ်ဆေးဝါးရောင်းဝယ်သူတို့နှင့် လူလိမ်တို့သည် ငွေကြေးအမြောက်အမြားကို စုပုံ၍ရရှိနေစဉ် လက်လုပ်လက်စားများမှာမူ ငတ်မွတ်နေကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံသည် ဆင်းရဲသည်ဟူ၍ သတ်မှတ်ထားသည့်အဆင့်အောက်တွင် နေထိုင်ကြရသည်ဟုဆို၏။ နိုင်ငံများစွာတွင် လူနေမှုအခြေအနေများမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြောင့်မတ်ခြင်းရှိစေလိုသူတို့ကား ဤသို့ကြွေးကြော်ကြသည်– ဤဒုစရိုက်မကောင်းမှုများ “အဘယ်မျှကာလပတ်လုံး” တိုးများနေပြီတကား! သို့တိုင် အဆုံးနီးလိုက်လေခြင်း! အဆိုပါအဆင်းအာရုံသည် အမှန်ပင် “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။”
၁၁။ လူ့အသွေးသွန်းခြင်းနှင့်ပတ်သက်၍ ဟဗက္ကုတ်အဘယ်သို့ဆိုသနည်း၊ ယနေ့ မြေကြီးပေါ်တွင် ကြီးမားသောသွေးပြစ်ရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၁ ဆိုးယုတ်သူကို ပရောဖက်က ဤသို့ပြောသည်– “သင်သည် များစွာသောလူမျိုးတို့ကိုလုယူသောကြောင့်၊ ကျန်ကြွင်းသောလူမျိုးအပေါင်းတို့သည် သင့်ကိုလုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့်ပြုကြလိမ့်မည်။” (ဟဗက္ကုတ် ၂:၈) ယနေ့ ကမ္ဘာပေါ်တွင် သွေးသွန်းခြင်းအပြစ် တကယ်ပင်ကြီးမားလှသည်တကား! ယေရှုက ဤသို့ရိုးရိုးရှင်းရှင်းဖော်ပြသည်– “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) သို့တိုင် ဤနှစ်ဆယ်ရာစုတစ်ခုတည်း၌ပင် သွေးသွန်းခြင်းအပြစ်ပြုသောနိုင်ငံများနှင့် လူမျိုးစုအုပ်စုများသည် သန်းတစ်ရာကျော်မကသော လူသားများကို ရက်စက်စွာအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီ။ ဤသို့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲများတွင် ပါဝင်သူတို့ အမင်္ဂလာရှိကြသည်တကား!
ဒုတိယအမင်္ဂလာ
၁၂။ ဟဗက္ကုတ်မှတ်တမ်းတင်ထားသော ဒုတိယအမင်္ဂလာကားအဘယ်နည်း၊ မရိုးမသားစီးပွားရှာခြင်းသည် အကျိုးရှိမည်မဟုတ်ကြောင်း အဘယ်ကြောင့်သေချာနိုင်သနည်း။
၁၂ ဟဗက္ကုတ် ၂:၉-၁၁ ၌မှတ်တမ်းတင်ထားသော ဒုတိယအမင်္ဂလာမှာ “မိမိအသိုက်ကို မြင့်သောအရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှာ၊ မကောင်းသောအဓမ္မစီးပွားကို မိမိအမျိုးအဖို့ရှာသောသူ” တို့အပေါ်ကျရောက်မည်ဖြစ်သည်! မရိုးမသားစီးပွားရှာခြင်းသည် ဆာလံဆရာဤသို့ရှင်းလင်းစွာဖော်ပြထားသကဲ့သို့ အကျိုးရှိမည်မဟုတ်– “သူတစ်ပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ်အသရေတိုးပွားသောအခါ သင်သည်မစိုးရိမ်နှင့်။ ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှမပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့မဆင်းသက်ရ။” (ဆာလံ ၄၉:၁၆၊ ၁၇) သို့ဖြစ်၍ ပေါလု၏ ဤပညာရှိအကြံပြုချက်ကို ကျွန်ုပ်တို့သတိပြုထိုက်ပေသည်– “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်အကြောင်း” ပညတ်ထားလော့။—၁ တိမောသေ ၆:၁၇။
၁၃။ ဘုရားသခင်၏သတိပေးချက်ကို အဘယ်ကြောင့်ဆက်ကြေညာသင့်သနည်း။
၁၃ ယနေ့ ဘုရားသခင့်တရားစီရင်ချက်သတင်းများကို ကြွေးကြော်ရန် အလွန်အရေးကြီးပါသည်တကား! လူအုပ်များက ယေရှုအား “ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောရှင်ဘုရင်” အဖြစ်ကြိုဆိုခြင်းကို ဖာရိရှဲများက ကန့်ကွက်ကြသောအခါ ကိုယ်တော်က “ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၉:၃၈-၄၀) ထိုနည်းတူ ယနေ့ ဘုရားသခင့်လူတို့သည် လောကတွင်ရှိသော ဆိုးသွမ်းမှုကိုမဖော်ထုတ်ပါက “ကျောက်တစ်လုံးသည်ကျောက်ထရံထဲက ဟစ်ခေါ်” ပါလိမ့်မည်။ (ဟဗက္ကုတ် ၂:၁၁) ထို့ကြောင့် ရဲစွမ်းသတ္တိဖြင့် ဘုရားသခင့်သတိပေးချက်ကို ဆက်၍ကြေညာကြပါစို့!
တတိယအမင်္ဂလာနှင့် သွေးပြစ်ကိစ္စ
၁၄။ အဘယ်သွေးပြစ်အတွက် ကမ္ဘာ့ဘာသာတရားတို့ တာဝန်မကင်းဖြစ်သနည်း။
၁၄ ဟဗက္ကုတ်ကြေညာခဲ့သည့် တတိယအမင်္ဂလာသည် သွေးပြစ်ကိစ္စနှင့်ပတ်သက်သည်။ ဟဗက္ကုတ် ၂:၁၂ ကဤသို့ဆိုသည်– “လူအသက်ကိုသတ်သောအပြစ်နှင့် ရွာကိုတည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကိုခိုင်ခံ့စေသောသူသည် အမင်္ဂလာရှိ၏။” ဤအစီအစဉ်စနစ်တွင် မဖြောင့်မတ်မှုနှင့်သွေးသွန်းမှုမှာ ဒွန်တွဲလျက်ရှိသည်။ သမိုင်းတွင် စက်ဆုပ်ဖွယ်အကောင်းဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအတွက် ကမ္ဘာ့ဘာသာတရားတို့ တာဝန်မကင်းပါ။ ခရစ်ယာန်အခေါ်ခံသူတို့နှင့် မွတ်စလင်တို့ ဆိုင်ပြိုင်တိုက်ခိုက်ကြသော ခရူးဆိတ်စစ်ပွဲများ; စပိန်နှင့် လက်တင်အမေရိကရှိ ကက်သလစ်တို့၏ ဘာသာရေးစစ်ကြောမေးမြန်းခန်းများ; ပရိုတက်စတင့်နှင့် ကက်သလစ်စပ်ကြား အနှစ်သုံးဆယ်ကြာ ဥရောပစစ်ပွဲ; နှင့် အားလုံးအနက် သွေးသွန်းမှုအများဆုံးဖြစ်သည့် ကျွန်ုပ်တို့ရာစုနှစ်တွင် ခရစ်ယာန်နိုင်ငံများမှ စတင်ဖြစ်ပွားခဲ့သော ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတို့ဖြစ်သည်။
၁၅။ တိုင်းနိုင်ငံများသည် ချာ့ခ်ျ၏ထောက်ခံမှု သို့မဟုတ် ခွင့်ပြုချက်ဖြင့် အဘယ်အရာကိုဆက်ပြုလုပ်ကြသနည်း။ (ခ) ယူအဲန်သည် ဤလောက၏စစ်လက်နက်တပ်ဆင်ခြင်းကို ရပ်စဲစေနိုင်သလော။
၁၅ ဒုတိယကမ္ဘာစစ်၏ အဆိုးရွားဆုံးကြန်အင်လက္ခဏာတစ်ခုမှာ ဥရောပရှိ သန်းပေါင်းများစွာသောဂျူးများနှင့် အခြားအပြစ်မဲ့သူတို့ကို ဝါးမျိုခဲ့သည့် နာဇီတို့၏မီးလောင်တိုက်သွင်းခြင်းပင်ဖြစ်သည်။ ပြင်သစ်ကက်သလစ်အာဏာပိုင်အဖွဲ့သည် ထောင်နှင့်သောင်းနှင့်ချီသောသူတို့အား နာဇီတို့၏လူသတ်ခန်းများသို့ ပို့ဆောင်ခြင်းကို မတားဆီးခဲ့ကြောင်း မကြာသေးမီကမှ ဝန်ခံသည်။ သို့တိုင် တိုင်းနိုင်ငံများသည် ချာ့ခ်ျ၏ထောက်ခံမှု သို့မဟုတ် ခွင့်ပြုချက်ဖြင့် သွေးသွန်းဖို့ ဆက်လက်ပြင်ဆင်နေကြသည်။ မကြာသေးမီက ရုရှားသြသဒေါက်ချာ့ခ်ျနှင့်ပတ်သက်၍ (အပြည်ပြည်ဆိုင်ရာထုတ်ဝေသော) တိုင်းမ်မဂ္ဂဇင်းမှ ဤသို့ဖော်ပြသည်– “ပြန်ရှင်သန်လာသောချာ့ခ်ျသည် တစ်ချိန်ကလုံးဝမတွေးမိသည့် နယ်ပယ်ဖြစ်သော ရုရှားနိုင်ငံ၏စစ်ယန္တရားအပေါ်လည်း အတော်အတန်သြဇာလွှမ်းမိုးလာလေပြီ။ . . . ဂျက်တိုက်လေယာဉ်များနှင့် စစ်တန်းလျားများကို ကောင်းချီးပေးခြင်းသည် လုပ်ရိုးလုပ်စဉ်မျှဖြစ်လာပြီ။ . . . ။” နိုဝင်ဘာလတွင် မော်စကိုမြို့၏ ဒန်နီလော့ဖ်စကီးဘုန်းတော်ကြီးကျောင်းရှိ ရုရှားဂိုဏ်းအုပ်ဘုန်းတော်ကြီးကျောင်းဌာနီတွင် ရုရှားအော်သိုဒေါက်ချာ့ခ်ျသည် ရုရှား၏အဏုမြူလက်နက်တိုက်ကို ကောင်းချီးပေးသည့်အထိပြုသည်။” ဤလောကသည် ရက်စက်ကြမ်းကြုတ်သော စစ်လက်နက်များ ပြန်တပ်ဆင်ခြင်းကို ကုလသမဂ္ဂက ရပ်စဲနိုင်မည်လော။ ဝေးလေစွ! နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ ဂါးဒီးယန်း သတင်းစာတွင် ဤသို့ဝေဖန်ခဲ့သည်– “အမှန်ပင် စိတ်ချောက်ချားစေသည်မှာ ယူအဲန်လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံသည် ကမ္ဘာ့လက်နက်များ အဓိကထောက်ပံ့ပေးသည့်နိုင်ငံများဖြစ်နေခြင်းတည်း။”
၁၆။ ယေဟောဝါသည် စစ်ဖြစ်ဖို့နှိုးဆော်သောနိုင်ငံများကို အဘယ်သို့ပြုမည်နည်း။
၁၆ ယေဟောဝါသည် စစ်ဖြစ်ဖို့နှိုးဆော်သောနိုင်ငံများကို အပြစ်ဒဏ်စီရင်လိမ့်မည်လော။ ဟဗက္ကုတ် ၂:၁၃ ကဤသို့ဖော်ပြသည်– “လူများတို့သည် မီးထဲမှာလုပ်ဆောင်၍၊ အမျိုးမျိုးတို့သည် အချည်းနှီးသောအမှု၌ ပင်ပန်းစေခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] စီရင် တော်မူပြီ။” ‘ဗိုလ်ခြေများ၏အရှင်ယေဟောဝါ’ ဖြစ်သတည်း! မှန်ပါသည်၊ စစ်ဆင်နွှဲလိုသူများနှင့် တိုင်းနိုင်ငံများကိုအချည်းနှီးဖြစ်စေရန် ယေဟောဝါအသုံးပြုတော်မူမည့် ကောင်းကင်ဗိုလ်ခြေများ ကိုယ်တော်၌ရှိတော်မူ၏။
၁၇။ အကြမ်းဖက်တိုင်းနိုင်ငံများမှအုပ်စုများကို ယေဟောဝါတရားစီရင်ပြီးနောက် မြေကြီးပေါ်တွင် ကိုယ်တော်အားသိကျွမ်းခြင်းပညာသည် အဘယ်အတိုင်းအတာအထိ ပြည့်စုံမည်နည်း။
ဟဗက္ကုတ် ၂:၁၄ ကဤသို့ဖြေဆိုသည်– “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” တကယ်ထူးမြတ်သောအလားအလာ ပါတကား! အာမဂေဒုန်၌ ယေဟောဝါ၏ပိုင်သအုပ်စိုးမှုသည် ထာဝစဉ် သင်္ကာယနကင်းရှင်းပါလိမ့်မည်။ (ဗျာဒိတ် ၁၆:၁၅) ကိုယ်တော်သည် ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာဖြစ်သည့် ‘ကိုယ်တော့်ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေ’ လိမ့်မည်ဖြစ်ကြောင်း အာမခံထားသည်။ (ဟေရှာယ ၆၀:၁၃) လူသားအားလုံး ဘုရားသခင်နှစ်သက်ရာ ဘဝလမ်းစဉ်ကို သင်ကြားခံကြရမည်ဖြစ်ရာ ပင်လယ်မြစ်ဝှမ်းများကို သမုဒ္ဒရာရေပြင်ဖုံးလွှမ်းသကဲ့သို့ ယေဟောဝါ၏မြင့်မြတ်သောရည်ရွယ်တော်မူချက်များကိုသိကျွမ်းခြင်းပညာသည် ပြည့်စုံလိမ့်မည်။
၁၇ ဤအကြမ်းဖက်တိုင်းနိုင်ငံများမှအုပ်စုများကို ယေဟောဝါတရားစီရင်ပြီးနောက် မည်သို့ဖြစ်မည်နည်း။စတုတ္ထနှင့်ပဉ္စမအမင်္ဂလာများ
၁၈။ ဟဗက္ကုတ်မှတစ်ဆင့်ကြေညာသော စတုတ္ထအမင်္ဂလာကားအဘယ်နည်း၊ မျက်မှောက်ခေတ်လောက၏ ကိုယ်ကျင့်တရား၌ မည်သို့ထင်ရှားသနည်း။
၁၈ စတုတ္ထအမင်္ဂလာကို ဟဗက္ကုတ် ၂:၁၅ တွင် ဤစကားများဖြင့် ဖော်ပြထားသည်– “မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကိုမြင်လို၍၊ သူ့ကိုယစ်မူးစေခြင်းငှာ သေရည်သေရက်ကိုလောင်း၍ သောက်စေသောသူသည် အမင်္ဂလာရှိ၏။” ယင်းက မျက်မှောက်ခေတ် အကျင့်ပျက် ထင်ရာစိုင်းသောအခြေအနေကို ဖော်ပြသည်။ ဘာသာရေးအုပ်စုများကပင် ထောက်ခံအားပေးသော ၎င်း၏အကျင့်ယိုယွင်းခြင်းသည် သာ၍ပင်ယုတ်ညံ့လာလေပြီ။ အေအိုင်ဒီအက်စ်နှင့် လိင်ဆိုင်ရာအခြားရောဂါများဖြစ်သော ကပ်ရောဂါအမျိုးမျိုးသည် ကမ္ဘာနှင့်အဝန်း ထကြွသောင်းကျန်းနေသည်။ “ယေဟောဝါ၏ဘုန်းတော်” ကိုရောင်ပြန်ဟပ်မည့်အစား ယခုခေတ် ငါသာပဓာနလူမျိုးဆက်သည် သာ၍ယုတ်ညံ့ကျဆင်းလာရာ ဘုရားသခင်၏အပြစ်ဒဏ်စီရင်ခြင်းကိုခံရဖို့ သာရှိသည်။ အပြစ်ကြီးလေးသောဤလောကသည် “အသရေအစား အရှက်နှင့်ပြည့်ဝ” နေသောကြောင့် ယေဟောဝါအလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏အမျက်ဒေါသခွက်ဖလားကို သောက်သုံးအံ့ဆဲဆဲရှိသည်။ ‘အသရေပေါ်တွင် အရှက်လွှမ်းမိုးလိမ့်မည်။’—ဟဗက္ကုတ် ၂:၁၆၊ သမ။
၁၉။ ဟဗက္ကုတ်ကြေညာသော ပဉ္စမမြောက်အမင်္ဂလာ၏နိဒါန်းသည် အဘယ်အရာနှင့်သက်ဆိုင်သနည်း၊ ထိုစကားများသည် ယနေ့ အဘယ်ကြောင့်အဓိပ္ပာယ်ရှိသနည်း။
၁၉ ပဉ္စမမြောက်အမင်္ဂလာ၏နိဒါန်းက သွန်းထုထားသောရုပ်ပုံများကို ဝတ်မပြုရဟု တင်းကျပ်စွာသတိပေးထား၏။ ယေဟောဝါသည် ဤတန်ခိုးပါသောစကားများကို ပရောဖက်အားကြွေးကြော်စေသည်– “သစ်သားအား၊ နိုးတော်မူပါဟူ၍လည်းကောင်း၊ စကားအသောကျောက်အား ထတော်မူပါဟူ၍လည်းကောင်းဆိုသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့်မည်လော။ ရွှေငွေနှင့်မွမ်းမံလျက်ရှိ၏။ အတွင်း၌အသက်အလျှင်းမရှိပါတကား။” (ဟဗက္ကုတ် ၂:၁၉) ယနေ့တိုင် ခရစ်ယာန်ဘောင်နှင့် သာသနာပဘောင်ဟုခေါ်ကြသည့်အုပ်စု နှစ်စုစလုံးသည် မိမိတို့၏လက်ဝါကားတိုင်များ၊ မာရိရုပ်ပုံများ၊ ရုပ်ပုံများအပြင် လူနှင့် သားရဲ၏ပုံတူများကို ဦးညွှတ်ကြသည်။ ယေဟောဝါ အပြစ်ဒဏ်စီရင်သည့်အခါ ၎င်းတို့၏ဝတ်ပြုကိုးကွယ်သူတို့ကို ကယ်တင်ရန် မည်သူမျှနိုးထလာနိုင်လိမ့်မည်မဟုတ်ချေ။ ချီးမွမ်းခြင်းနှင့်ပြည့်စုံသည့် ထာဝရဘုရားသခင်ယေဟောဝါ၊ ကိုယ်တော်၏သက်ရှိသတ္တဝါများ၏ ဘုန်းအသရေတို့နှင့်နှိုင်းယှဉ်ကြည့်လျှင် သူတို့၏ရွှေငွေဖြင့်မွမ်းမံထားသောအရာတို့သည် အဓိပ္ပာယ်မဲ့အသေကောင်များဖြစ်ကြသည်။ ကိုယ်တော်၏ပြိုင်ဘက်မရှိသောနာမတော်ကို ထာဝစဉ်ချီးမွမ်းနိုင်ကြပါစေ!
၂၀။ ကျွန်ုပ်တို့သည် အဘယ်ဗိမာန်တော်အစီအစဉ်တွင် ပျော်ရွှင်စွာအမှုထမ်းခွင့်ရထားကြသနည်း။
၂၀ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဘုရားသခင်၊ ယေဟောဝါသည် ချီးမွမ်းထောမနာရှိရှိသမျှကို ခံထိုက်ပေ၏။ ကိုယ်တော့်အားအလွန် ကြည်ညိုလေးမြတ်စွာဖြင့် ရုပ်ပုံမကိုးကွယ်ရဟူသော အတင်းအကျပ်သတိပေးထားချက်ကို ကျွန်ုပ်တို့လိုက်နာကြစို့။ သို့သော် နားစွင့်ပါ! ယေဟောဝါသည် မိန့်မှာနေဆဲရှိ၏– “ထာဝရဘုရားမူကား၊ သန့်ရှင်းသောဗိမာန်တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ငြိမ်ဝပ်စွာနေကြလော့။” (ဟဗက္ကုတ် ၂:၂၀) ထိုပရောဖက်သည် ယေရုရှလင်ဗိမာန်တော်ကို ရည်စူးပြောဆိုနေကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ သို့သော် ယနေ့ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်အား ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခန့်အပ်ထားသည့် သာ၍ကြီးကျယ်ခမ်းနားသော ဝိညာဉ်ရေးဗိမာန်အစီအစဉ်တွင် ဝတ်ပြုကိုးကွယ်ခွင့်ရရှိထားကြသည်။ ကျွန်ုပ်တို့သည် ဤဗိမာန်တော်၏မြေကြီးဆိုင်ရာတံတိုင်းတော်အတွင်း စည်းဝေးကြ၊ အမှုတော်ထမ်းဆောင်ကြနှင့် ဆုတောင်းကြကာ ယေဟောဝါ၏ ဘုန်းတန်ခိုးကြီးမားသောနာမတော်နှင့်ထိုက်တန်စွာ ကိုယ်တော်အား ဂုဏ်တင်လေးစားကြသည်။ ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်အား လှိုက်လှိုက်လှဲလှဲဝတ်ပြုကိုးကွယ်ရခြင်းမှ တကယ့်ပျော်ရွှင်မှုရရှိကြသည်တကား!
သင်မှတ်မိသလော
● “နောက်မကျဘဲဧကန်အမှန်ရောက်လိမ့်မည်” ဟူသောယေဟောဝါ၏စကားတော်ကို သင်မည်သို့ရှုမြင်သနည်း။
● ဟဗက္ကုတ်မှတစ်ဆင့်ကြေညာခဲ့သော အမင်္ဂလာတို့၏ မျက်မှောက်ခေတ်အဓိပ္ပာယ်ကား အဘယ်နည်း။
● ယေဟောဝါ၏သတိပေးချက်ကို ကျွန်ုပ်တို့အဘယ်ကြောင့်ဆက်ကြေညာသင့်သနည်း။
● အဘယ်ဗိမာန်တော်တံတိုင်းအတွင်း အမှုထမ်းရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေဟောဝါသည် ဆိုင်းတော်မူမည် မဟုတ်ကြောင်းကို ဟဗက္ကုတ်နည်းတူ ဘုရားသခင်၏မျက်မှောက်ခေတ်ကျေးကျွန်များသိထားကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါ၏ ဝိညာဉ်ရေးဗိမာန်တော် တံတိုင်းအတွင်း ဝတ်ပြုနေရသည့်အခွင့်ထူးကို သင်လေးမြတ်ပါသလော
[Picture Credit Line on page 16]
U.S. Army photo