နယ်သာလန်နိုင်ငံရှိ လူအမျိုးမျိုးတို့ကို ကူညီပေးခြင်း
ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
နယ်သာလန်နိုင်ငံရှိ လူအမျိုးမျိုးတို့ကို ကူညီပေးခြင်း
အာဗြဟံသည် အံ့မခန်းဖွယ်ယုံကြည်ခြင်းရှိသူတစ်ဦး ဖြစ်သည်။ “ခေါ်တော်မူသောအခါ” အာဗြဟံသည် ဘုရားသခင့်စကားကိုနာခံ၍ “ဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် . . . ထွက်သွားလေ၏” ဟုတမန်တော်ပေါလုကဆိုသည်။ မိသားစုတစ်စုလုံး ပြောင်းရွှေ့သွားကြပြီးနောက် သူသေသည်အထိ “ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့်စပ်ဆိုင်သောပြည်၌” အနှစ်တစ်ရာနေထိုင်ခဲ့၏။—ဟေဗြဲ ၁၁:၈၊ ၉။
အလားတူပင် ယနေ့လည်း သာ၍လိုအပ်သည့်နေရာ၌ အမှုတော်ဆောင်ရန် စိန်ခေါ်ချက်ကို ယေဟောဝါသက်သေများစွာသည် လက်ခံခဲ့ကြပြီး အခြားနိုင်ငံတစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ အခြားသူတို့မှာမူ ဘာသာခြားစကားကိုသင်ယူခဲ့ကြပြီး သူတို့၏နိုင်ငံသို့ ဝင်ရောက်နေထိုင်လာကြသော တိုင်းတစ်ပါးသားများကို သက်သေခံနိုင်ခဲ့ကြသည်။ အောက်ပါဥပမာများက ဖော်ပြသကဲ့သို့ ဤမွန်မြတ်သောစိတ်ဓာတ်က ပြည်သူ ၁၅ သန်းတွင် တိုင်းတစ်ပါးမှလာရောက်သူ တစ်သန်းရှိသော နယ်သာလန်နိုင်ငံ၌ “အလွန်ကြီးစွာသောတံခါး” ကိုပွင့်စေခဲ့သည်။—၁ ကောရိန္သု ၁၆:၉။
□ ယခင်ကကွန်ဖူးနည်းပြဖြစ်သူ ဘာရမ်သည် အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံမှ ပြောင်းရွှေ့လာခဲ့သည်။ ကျမ်းစာတစ်အုပ်နှင့် ကင်းမျှော်စင်စာပေအချို့ကို သူလက်ခံရရှိခဲ့သည်။ တစ်လအတွင်း ဘာရမ်သည် အမှန်တရားကိုတွေ့ ရှိခဲ့ပြီးဖြစ်ကြောင်း သိလာခဲ့သည်။ သူနှင့် သူ့ဇနီးသည် ကျမ်းစာသင်အံမှုကိုစတင်လိုက်သော်လည်း အခက်အခဲတစ်ရပ်မှာ သူတို့ကိုကျမ်းစာသင်ပေးသူသည် သူတို့၏ဘာသာစကားကို မပြောဆိုတတ်ခြင်းပင်ဖြစ်သည်။ သူတို့သည် အမူအယာဖြင့်ဆက်သွယ်ခဲ့ကြပြီး၊ “ခြေဟန်လက်ဟန်များ” နှင့်ပြောဆိုခဲ့ကြရကြောင်း ပြန်ပြောပြသည်။ အချိန်တန်သော် ဘာရမ်နှင့် သူ့ဇနီးသည် သူတို့၏ဘာသာစကားပြောဆိုသော အသင်းတော်တစ်ခုကိုတွေ့ ရှိခဲ့ကြပြီး လျင်မြန်စွာတိုးတက်လာခဲ့သည်။ ယခု ဘာရမ်သည် နှစ်ခြင်းခံပြီးသောသက်သေခံတစ်ဦး ဖြစ်လေပြီ။
□ ဒတ်ခ်ျလူမျိုး ရှေ့ဆောင်မောင်နှံစုံသည် ကုန်ပဒေသာဆိုင်တစ်ဆိုင်အရှေ့တွင် ရပ်နေသောအင်ဒိုနီးရှားအမျိုးသားတစ်ဦးကို ချဉ်းကပ်ခဲ့ကြသည်။ အဆိုပါ ဇနီးမောင်နှံက ထိုသူ၏ဘာသာစကားဖြင့် စကားပြောဆိုလိုက်ကြသောအခါ သူသည်နှစ်သက်သဘောကျစွာဖြင့် အံ့အားသင့်ခဲ့၏။ သူ၏အိမ်သို့ လည်ပတ်ကြဖို့ ချက်ချင်းပင်စီစဉ်ခဲ့ကြသည်။ သူသည် ရုရှားနိုင်ငံတွင် အနှစ် ၂၀ ကျော်နေထိုင်ခဲ့ပြီး ထိုအတောအတွင်း မီးယပ်ဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးဖြစ်လာခဲ့ကြောင်း သိခဲ့ကြရ၏။ သူ့ကိုယ်သူ ဘုရားမဲ့ဝါဒီတစ်ဦးဟု ဆိုခဲ့သော်လည်း သူသည် ကလေးမီးဖွားပေးချိန်တိုင်းတွင် “လူ့ကိုယ်ခန္ဓာမှာ စုံလင်လှပါတကား! အံ့အားသင့်စရာပါပဲ!” ဟူ၍မအံ့သြဘဲမနေနိုင်ခဲ့ကြောင်းကို ဝန်ခံခဲ့သည်။ သမ္မာကျမ်းစာကို လေ့လာရန် သဘောတူညီလိုက်ပြီး လူသားတစ်ရပ်လုံးကို ဂရုစိုက်တော်မူသည့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်းကို မကြာမီတွင် သူယုံကြည်လက်ခံလာခဲ့သည်။ (၁ ပေတရု ၅:၆၊ ၇) ယခု သူသည် နှစ်ခြင်းယူပြီးသော ညီအစ်ကိုတစ်ဦးဖြစ်နေပြီး အမ်စတာဒမ်မြို့ရှိ အင်ဒိုနီးရှားဘာသာစကားပြော အသင်းတော်တွင် အမှုဆောင်လျက်ရှိသည်။
□ ကမ္ဘာတစ်ခွင်ရှိ အကြီးဆုံးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ရော့တာဒမ်မြို့တွင် ရှေ့ဆောင်အုပ်စုတစ်စုသည် ကုန်တင်ကုန်ချဆိပ်ကမ်းသို့ နေ့စဉ်ရောက်လာသည့် ဘာသာစကားအမျိုးမျိုးပြောသူတို့ကို ကျွမ်းကျင်စွာဟောပြောတတ်လာကြသည်။ ဤစိတ်အားထက်သန်သောအုပ်စုမှ တက်တက်ကြွကြွဟောပြောသူတို့ကြောင့် သင်္ဘောကပ္ပတိန်တစ်ဦး၊ ရေကြောင်းဆိုင်ရာအရာရှိတစ်ဦး၊ ယခင်ကသက်တော်စောင့်တစ်ဦး အပါအဝင် သင်္ဘောသားများစွာသည် အမှန်တရားကိုလက်ခံခဲ့ကြပြီ။ ယခု သူတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေရန် ကူညီပေးနေကြပြီ။—မဿဲ ၂၄:၁၄။
ကမ္ဘာ့အခြားဒေသအသီးသီး၌ကဲ့သို့ပင် နယ်သာလန်နိုင်ငံရှိ ယေဟောဝါသက်သေများသည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား” ထာဝရသတင်းကောင်းကို ကြေညာရာ၌ သူတို့၏အပိုင်းကဏ္ဍကို လုပ်ဆောင်ကြရန် စိတ်ပိုင်းဖြတ်ထားကြသည်။—ဗျာဒိတ် ၁၄:၆။