မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟိုမှာ၊ ဝေလငါးတွေ ရောက်လာကြပြီ

ဟိုမှာ၊ ဝေလငါးတွေ ရောက်လာကြပြီ

နှစ်တိုင်း ဇူလိုင်လဆန်း အချိန်ကစပြီး ကမ္ဘာ့တောင်ဘက်ခြမ်းက ရိုက်ဝေလငါး အမတွေ (southern right whales) ဟာ ဘရာဇီးနိုင်ငံ၊ ဆန်တာ ကက်ထရီးနာ တောင်ဘက်ကမ်းရိုးတန်းကို ရောက်လာကြတယ်။ သားပေါက်ဖို့နဲ့ သားပေါက်တွေကို ရေတိမ်မှာ မွေးမြူစောင့်ရှောက်ဖို့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာ့တောင်ဘက်စွန်း အန္တာတိတ်ကနေ ရောက်ရှိလာကြတာဖြစ်တယ်။ ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ ကမ်းခြေကနေ ဒါမှမဟုတ် ချောက်ကမ်းပါးပေါ်ကနေ မိခင်ဝေလငါးနဲ့ သားပေါက်လေး အေးအေးလူလူ ကူးခတ်နေတာ၊ မြူးထူးဆော့ကစားနေတာကို လအတော်ကြာ တွေ့မြင်နိုင်ကြတယ်။ *

ထူးခြားဆန်းကြယ်စွာ ကူးခတ်တတ်တဲ့ ရေနေသတ္တဝါကြီး

ဝေလငါးအမက ၅၂ ပေလောက်ရှည်ပြီး တန် ၈၀ လောက်လေးတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က အနက်ရောင်ဖြစ်ပြီး တစ်ခါတလေ ဝမ်းဗိုက်ပိုင်းမှာ အဖြူရောင်အကွက်ပါတယ်။ ခေါင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လေးပုံတစ်ပုံလောက် ရှိတယ်။ ပါးစပ်က ရှည်ပြီး မုခ်ခုံးနဲ့တူတယ်။ တချို့ငါးမျိုးစိတ်တွေလို ကျောဘက်ဆူးတောင် မရှိဘူး။ ရေကူးတဲ့အခါ ကြီးမားကျယ်ပြန့်တဲ့ အမြီးကို ငါးတွေလို ဘေးဘက်ကိုမယက်ဘဲ အပေါ်အောက်ယက်ပြီး ကူးခတ်သွားလာတယ်။ လမ်းကြောင်းပြောင်းဖို့အတွက် ရေယက်ပြားတွေကို အသုံးပြုတယ်။ အဲဒါက လေယာဉ် လမ်းကြောင်းပြောင်းတာနဲ့ ဆင်တူတယ်။

ရိုက်ဝေလငါးတွေဟာ ခန္ဓာကိုယ်ကြီးမားပေမဲ့ အတော်အသင့် ပျော့ပြောင်းပြီး အံ့ဖွယ်ကောင်းတာတွေ လုပ်ပြတတ်တယ်။ ရွက်လွှင့်နေသလို အချိန် အကြာကြီး ရေပေါ်မှာ အမြီးထောင်ထားတဲ့ ပုံစံမျိုး၊ အမြီးနဲ့ ရေပြင်ကိုရိုက်တဲ့ ပုံစံမျိုး လုပ်နိုင်တယ်။ ရေထဲကနေ ကြီးမားတဲ့ကိုယ်ခန္ဓာ ထိုးထွက်လာပြီး ရေပေါ် ပြန်ကျတဲ့အခါ ရေတွေဖြာထွက်လွင့်စင်သွားတာကို အဝေးကနေတောင် တွေ့နိုင်တယ်။

ထူးခြားတဲ့ ကိုယ်ခန္ဓာ အသွင်အပြင်

ရိုက်ဝေလငါးရဲ့ ဦးခေါင်းပတ်ပတ်လည်မှာ ကြမ်းတမ်းမာကြောတဲ့ အဖြူရောင် ဒါမှမဟုတ် အဝါရောင်အကွက်တွေရှိတယ်။ အခွံမာရေနေသတ္တဝါငယ်လေးတွေ အစုလိုက် ကပ်နေကြတာဖြစ်ပြီး အဲဒါကို ဝေလငါးရဲ့ သန်းတွေလို့ ခေါ်ကြတယ်။ “လူတစ်ယောက်စီရဲ့ လက်ဗွေရာတွေ မတူသလိုဘဲ အဲဒီအကွက်ပုံစံတွေဟာ တစ်ကောင်နဲ့တစ်ကောင် မတူဘူး။ အဲဒီအကွက်ပုံစံကိုကြည့်ပြီး ရိုက်ဝေလငါးတစ်ကောင်စီကို ခွဲခြားနိုင်တယ်။ ဝေလငါးတွေ ကမ်းခြေဘက်ရောက်လာတဲ့အခါ သူတို့ရဲ့ အကွက်ပုံစံတွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် သိမ်းဆည်းထားတယ်” လို့ ဘရာဇီး ရိုက်ဝေလငါးစီမံကိန်း ညှိနှိုင်းရေးမှူး ကရီနာ ဂရော့ခ် ရှင်းပြတယ်။

ရိုက်ဝေလငါးတွေမှာ သွားမရှိတဲ့အတွက် သူတို့ သေဆုံးချိန်မှာ အသက်ကို ခန့်မှန်းရခက်တယ် ဆိုပြီး ဇီဝဗေဒပညာရှင်တွေ ပြောကြတယ်။ ပျမ်းမျှ သက်တမ်းက အနည်းဆုံး ၆၅ နှစ်လောက်ရှိမယ်ဆိုပြီး သူတို့ ခန့်မှန်းကြတယ်။ *

စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစာစားခြင်း အလေ့အထ

ရိုက်ဝေလငါးတွေက ရေနေသတ္တဝါငယ်လေးတွေကို စားသုံးကြတယ်။ အပေါ်မေးရိုးရဲ့ ဘေးတစ်ဖက်စီမှာ ဘီးပုံစံ အချောင်းငယ် ရာနဲ့ချီရှိပြီး အတွင်းပိုင်းမှာ သေးငယ်တဲ့အမွှေးအမျှင်တွေ ရှိတယ်။ ပါးစပ်ကိုဟထားပြီး ကူးခတ်သွားလာတဲ့အခါ ရေတွေက ဘီးပုံစံအချောင်းငယ်တွေကြားကနေ ထွက်သွားပေမဲ့ သားကောင်ငယ်လေးတွေက အတွင်းပိုင်းမှာရှိတဲ့ အမွှေးအမျှင်တွေမှာ ကပ်ကျန်ခဲ့တယ်။ ဒီနည်းနဲ့ ဝေလငါးတွေဟာ တစ်ရက်ကို ရေနေသတ္တဝါငယ် နှစ်တန်အထိ စားသုံးကြတယ်။

ရိုက်ဝေလငါးတွေဟာ နွေရာသီ (ဇန်နဝါရီ/ဖေဖော်ဝါရီ) ဆိုရင် အန္တာတိတ်သမုဒ္ဒရာထဲမှာ ကျက်စားပြီး ခန္ဓာကိုယ်ထဲမှာ အဆီတွေစုဆောင်းကြတယ်။ ဒီထူထပ်တဲ့ အဆီပြင်တွေကြောင့် ဝေလငါးတွေဟာ ရေအေးထဲမှာ နေနိုင်စွမ်းရှိတယ်။ ပြောင်းရွှေ့ကျက်စားချိန်မှာ အဲဒီအဆီကို အစာအဖြစ် ပြန်အသုံးပြုကြတယ်။

ဘာဖြစ်လို့ ဖမ်းဆီးကြတာလဲ

၁၈ ရာစုကစပြီး ဝေလငါးဖမ်းသမားတွေဟာ ကမ္ဘာ့တောင်ဘက်ခြမ်းက ရိုက်ဝေလငါးတွေကို တရားလွန် ဖမ်းဆီးခဲ့ကြတယ်။ ရိုက်ဝေလငါးက ကူးခတ်သွားလာတာ နှေးတဲ့အတွက် ရိုးရိုးလှေတစ်စီး၊ မှိန်းတစ်ချောင်း ရှိရုံနဲ့တင် အလွယ်တကူ ဖမ်းဆီးလို့ရတယ်။ အဲဒီအပြင် တခြားဝေလငါးအမျိုးအစားနဲ့မတူဘဲ ရိုက်ဝေလငါးက အဆီပိုတွေ အမြောက်အမြားရှိတဲ့အတွက် သေတဲ့အခါ မနစ်မြုပ်ဘဲ ရေပေါ်မှာပေါ်နေတယ်။ ဒါကြောင့် သူတို့ကို ကမ်းခြေအထိ အလွယ်တကူ ဆွဲသွားနိုင်တယ်။

ဒါ့အပြင် ဝေလငါးအဆီနဲ့ မေးရိုးမှာရှိတဲ့ ဘီးပုံစံအချောင်းတွေကို လူ့အသုံးအဆောင်အနေနဲ့ တစ်ချိန်က အသုံးပြုခဲ့တယ်။ အဆီကို လမ်းမီးတိုင်နဲ့ ချောဆီအဖြစ် အသုံးပြုပြီး ဘီးပုံစံအချောင်းတွေကို ကိုယ်လုံးလှ အတွင်းခံအင်္ကျီတွေမှာ၊ ကြာပွတ်တွေမှာ၊ ထီးကိုင်းတွေမှာ အသုံးပြုခဲ့တယ်။ ဝေလငါးတစ်ကောင်တည်းကရတဲ့ ဘီးပုံစံအချောင်းတွေက ငါးဖမ်းခရီးစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကို ကာမိနိုင်တယ်။

၂၀ ရာစု အစောပိုင်းမှာ ဝေလငါးအလွန်အကျွံ ဖမ်းဆီးမှုကြောင့် ရိုက်ဝေလငါးတွေ အလွန်လျော့နည်းလာပြီး ဝေလငါးဖမ်းလုပ်ငန်းက စီးပွားမဖြစ်တော့ဘူး။ ဘရာဇီးမှာရှိတဲ့ နောက်ဆုံးဝေလငါးဖမ်းစက်ရုံကို ၁၉၇၃ ခုနှစ်မှာ ပိတ်လိုက်တယ်။ တချို့မျိုးစိတ်တွေက တဖြည်းဖြည်း ပြန်များလာပေမဲ့ တချို့ကတော့ မျိုးသုဉ်းလုနီးနီး ဖြစ်နေတုန်းပဲ။

ထူးခြားဆန်းပြားတဲ့ သက်ရှိသတ္တဝါတွေထဲမှာ ရိုက်ဝေလငါးဟာ တစ်မျိုးအပါအဝင် ဖြစ်တယ်။ အဲဒါက အရာအားလုံးကို ဖန်ဆင်းတဲ့ ယေဟောဝါဘုရားသခင်ရဲ့ အံ့ဖွယ်ကောင်းလှတဲ့ ဉာဏ်ပညာနဲ့ တန်ခိုးကို အထင်အရှား ဖော်ပြနေတယ်။—ဆာလံ ၁၄၈:၇

^ စာပိုဒ်၊ 2 သားပေါက်တဲ့ တခြားဒေသတွေကတော့ အာဂျင်တီးနား၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဥရုဂွေး နဲ့ အော့ကလန်ကျွန်း ကမ်းရိုးတန်း အနီးတဝိုက်တို့ ဖြစ်ပါတယ်။

^ စာပိုဒ်၊ 8 ရိုက်ဝေလငါးထဲမှာ မတူညီတဲ့မျိုးစိတ် ၃ မျိုးရှိတယ်လို့ သိပ္ပံပညာရှင်တွေ စာရင်းပြုစုထားတယ်။