မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း
စိတ်ထိန်းချုပ်တတ်လာအောင် ကလေးတွေကို သင်ပေးခြင်း
အခက်အခဲ
ကိုယ့်ရဲ့ ခြောက်နှစ်အရွယ်ကလေးက စောင့်ဆိုင်းတတ်ရကောင်းမှန်း နားမလည်ဘူး။ သူလိုချင်တာတွေ့ပြီဆိုရင် ချက်ချင်းရမှ ကျေနပ်တယ်။ စိတ်ဆိုးရင်လည်း သောင်းကျန်းပြတတ်တယ်။ ‘ဒါက ကလေးသဘာဝများလား။ ကြီးလာရင် လိမ္မာသွားမှာလား ဒါမှမဟုတ် စိတ်ထိန်းချုပ်တတ်လာအောင် ကလေးကို သင်ပေးရမယ့်အရွယ်ရောက်ပြီလား’ လို့ ကိုယ့်ဘာသာကိုယ် တွေးမိနိုင်တယ်။ *
သိသင့်သိထိုက်ရာ
ဒီနေ့ခေတ်ယဉ်ကျေးမှုကြောင့် စိတ်ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာတယ်။ “လွတ်လပ်မှုကို အရေးပေးလွန်းတဲ့ ယဉ်ကျေးမှုမှာ ကလေး၊ လူကြီး အားလုံးဟာ ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုပြီး အမြဲလိုလို အားပေးခံနေရတယ်” လို့ ဒေါက်တာ ဒေးဗစ် ဝဲ့လ်ရှ်က ရေးသားတယ်။ “စေတနာနဲ့ကူညီပေးချင်သူတွေကအစ အမြတ်ထုတ်ချင်တဲ့ စီးပွားရေးသမားတွေအဆုံး အားလုံးက ကိုယ်လိုချင်တာကို ရအောင်ယူဖို့ အမြဲလိုလို ဖိအားပေးနေကြတယ်။” *
စိတ်ထိန်းချုပ်တတ်လာအောင် ငယ်တဲ့အရွယ်ကတည်းက သင်ပေးဖို့လိုတယ်။ ကာလကြာရှည်လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် သုတေသီတွေက အသက်လေးနှစ်အရွယ် ကလေးတစ်စုကို မုန့်တစ်ခုစီပေးပြီး ရထားတဲ့ မုန့်ကို ချက်ချင်းစားချင်ရင်စား ဒါမှမဟုတ် ခဏစောင့်မယ်ဆိုရင် နောက်ထပ်မုန့်တစ်ခုပေးပြီး ဆုချမယ်လို့ ပြောခဲ့တယ်။ အထက်တန်းကျောင်းသားအရွယ် ရောက်တဲ့အခါ လေးနှစ်အရွယ်တုန်းက စောင့်ဆိုင်းနိုင်စွမ်းရှိခဲ့တဲ့ ကလေးတွေဟာ တခြားရွယ်တူတွေနဲ့စာရင် စိတ်ဓာတ်ရေး၊ လူမှုရေးနဲ့ ပညာရေးမှာ ပိုတော်ကြတာကို တွေ့ရတယ်။
ငယ်တဲ့အရွယ်ကတည်းက စိတ်ထိန်းချုပ်တတ်အောင် မသင်ပေးရင် ဆိုးကျိုးတွေရလာနိုင်တယ်။ ကလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်မှုစနစ်ဟာ သူတို့ကြုံတွေ့ခဲ့ရတာတွေကြောင့် ပြောင်းလဲနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြတယ်။ အဓိပ္ပာယ်ကတော့ “ကိုယ့်ရဲ့သားသမီးတွေကို အလိုလိုက်လွန်းပြီး စောင့်ဆိုင်းတတ်ဖို့၊ စိတ်ထိန်းချုပ်တတ်ဖို့နဲ့ သွေးဆောင်မှုတွေတွန်းလှန်တတ်ဖို့ မသင်ပေးရင် အရည်အသွေးကောင်းဖြစ်စေတဲ့ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးလာမှာ မဟုတ်တော့ဘူး” လို့ ဒေါက်တာ ဒန် ခင်ဒလန် ရှင်းပြခဲ့တယ်။ *
လုပ်ဆောင်နိုင်ရာ
ပုံသက်သေကောင်းပြပါ။ မိဘတွေကိုယ်တိုင်ရဲ့ စောင့်ဆိုင်းတတ်တဲ့သဘောထားကကော ဘယ်လိုလဲ။ ကားလမ်းပိတ်တဲ့အခါ စိတ်ဆိုးတာ၊ စတိုးဆိုင်မှာ ကြားဖြတ်တန်းစီတာ၊ တခြားသူတွေစကားပြောနေချိန်မှာ ကြားဖြတ်ပြောတာတွေ ကလေးရှေ့မှာ လုပ်သလား။ “သားသမီးတွေဆီမှာ စောင့်ဆိုင်းတတ်တဲ့သဘောထားရှိစေချင်ရင် ကိုယ်တိုင်က အရင်ဆုံး အဲဒီသဘောထား တင်ပြဖို့လိုတယ်” လို့ ခင်ဒလန် ရေးသားခဲ့တယ်။—ကျမ်းစာအကြံပြုချက်– ရောမ ၁၂:၉။
ဖြစ်လာမယ့်အကျိုးဆက်တွေအကြောင်း သင်ပေးပါ။ ကလေးရဲ့ အသက်အရွယ်အပေါ်မူတည်ပြီး ကိုယ်ဖြစ်ချင်တာကို တဇွတ်ထိုး မလုပ်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ လုပ်ခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို သိမြင်လာအောင် ပြောပြပေးပါ။ ဥပမာ၊ ကိုယ့်ရဲ့ကလေးက တစ်ယောက်ယောက်ကြောင့် စိတ်ဆိုးနေတဲ့အခါ ခဏလောက်ရပ်ပြီး စဉ်းစားတတ်အောင် ကူညီပေးပါ– ‘လက်တုံ့ပြန်တာက ကောင်းလား၊ ဆိုးလား။ တစ်ကနေ တစ်ဆယ်အထိရေပြီး စိတ်ပြေအောင် လုပ်နိုင်မလား။ အဲဒီကနေ လှည့်ထွက်သွားတာက ပိုကောင်းမလား။’—ကျမ်းစာအကြံပြုချက်– ဂလာတိ ၆:၇။
အားပေးတိုက်တွန်းပါ။ ကလေးက ချုပ်တည်းခြင်းသဘောကို တင်ပြတဲ့အခါ ချီးမွမ်းပေးပါ။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း တဇွတ်ထိုးမလုပ်မိအောင် ကြိုးစားရတာ အမြဲတမ်း မလွယ်ကြောင်း၊ ဒါပေမဲ့ ကလေးက စိတ်ကိုထိန်းချုပ်နိုင်တယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ကြောင်း ပြောပြထားပါ။ “ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (သုတ္တံ ၂၅:၂၈) ဒါပေမဲ့ ‘ဒေါသထွက်ခဲတဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်။’—သုတ္တံ ၁၆:၃၂၊ ကဘ။
လေ့ကျင့်ပေးပါ။ “ငါသာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ၊” “ကောင်းတဲ့တုံ့ပြန်မှုက ဘာလဲ၊ မကောင်းတဲ့တုံ့ပြန်မှုကဘာလဲ” ဆိုပြီး ဆွေးနွေးကြည့်ပါ။ ကြုံရနိုင်တဲ့ အခြေအနေ၊ တုံ့ပြန်မိနိုင်တဲ့အခြေအနေကို သရုပ်ဆောင်ကြည့်ပြီးနောက် “ကောင်း၊ မကောင်း” သတ်မှတ်ပါ။ အရုပ်သုံးတာ၊ ရုပ်ပုံဆွဲတာ ဒါမှမဟုတ် တခြားနည်းလမ်းတစ်မျိုးမျိုးသုံးပြီး ပျော်စရာကောင်းအောင်၊ သင်ပေးရာလည်းရောက်အောင် လုပ်ပါ။ ကိုယ့်ရဲ့ပန်းတိုင်က ဒေါသတကြီးတုံ့ပြန်တာထက် စိတ်ထိန်းချုပ်နိုင်စွမ်းက ပိုကောင်းတယ်ဆိုတာ ကလေးသိအောင် ကူညီပေးဖို့ဖြစ်တယ်။ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၉:၁၁။
စိတ်ရှည်ပါ။ ‘ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်’ လို့ ကျမ်းစာမှာ ပြောတယ်။ (သုတ္တံ ၂၂:၁၅၊ ကဘ) ဒါကြောင့် ကလေးဟာ နေ့ချင်းညချင်း စိတ်ထိန်းချုပ်တတ်လာမယ်လို့ မမျှော်လင့်ပါနဲ့။ “တဖြည်းဖြည်း သင်သွားပေးရမယ့်အလုပ်၊ ကျရှုံးသွားရင်တောင် ပြန်တိုးတက်လာအောင် သင်ပေးရမယ့်အလုပ်ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Teach Your Children Well) မှာ ဆိုထားပါတယ်။ ကြိုးစားရကျိုးတော့နပ်ပါတယ်။ “စိတ်ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကလေးက ဆယ့်နှစ်နှစ်အရွယ်မှာ ဆေးချမှာမဟုတ်ဘူး၊ ဆယ့်လေးနှစ်အရွယ်မှာ လိင်ဆက်ဆံတာမျိုး လုပ်မှာမဟုတ်ဘူး” လို့ အဲဒီစာအုပ်မှာ ဆက်ပြောထားပါတယ်။
^ စာပိုဒ်၊ 4 ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက သားအတွက်ရော သမီးအတွက်ပါ သက်ဆိုင်ပါတယ်။
^ စာပိုဒ်၊ 6 Why Kids—of All Ages—Need to Hear It and Ways Parents Can Say It စာအုပ်ကနေ ကောက်နုတ်ထားပါတယ်။
^ စာပိုဒ်၊ 8 Too Much of a Good Thing—Raising Children of Character in an Indulgent Age စာအုပ်မှ ကောက်နုတ်ထားပါတယ်။