မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးရဲ့ အလင်းထုတ်လွှတ်နိုင်စွမ်း

ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးရဲ့ အလင်းထုတ်လွှတ်နိုင်စွမ်း

ညမှာ ကျက်စားတတ်တဲ့ ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးဟာ တခြားသတ္တဝါတွေ မမြင်နိုင်အောင် ကိုယ်ပိုင်အလင်းထုတ်လွှတ်ပြီး ကြယ်တွေ၊ လတွေရဲ့အလင်းရောင်နဲ့ တစ်သားတည်းကျအောင် လုပ်နိုင်တယ်။ အဲဒီလိုအလင်းရောင်ထုတ်နိုင်တာဟာ သူ့ကိုယ်တွင်းမှာရှိတဲ့ ဗက်တီးရီးယားလေးတွေကြောင့်ဖြစ်တယ်။ အဲဒါက လူတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ရပေမဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် အကျိုးပြုနိုင်တယ်။

စဉ်းစားကြည့်ပါ– ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးဟာ ဟာဝိုင်ယီကျွန်းစုတွေရဲ့ ကမ်းရိုးတန်းက ရေကြည်တွေမှာ ကျက်စားကြတယ်။ ပုံမှန်ဆိုရင် လနဲ့ ကြယ်တွေရဲ့အလင်းရောင်ကြောင့် သားကောင်တွေကို ရေအောက်ဘက်မှာရှိတဲ့ သားကောင်ချောင်းနေတဲ့သတ္တဝါတွေက အရိပ်မည်းအနေနဲ့ တွေ့မြင်နိုင်တယ်။ ဒါပေမဲ့ ဘော့တေးလ် ပြည်ကြီးငါးကတော့ သူ့ရဲ့ ဝမ်းဗိုက်ပိုင်းကနေ ညအလင်းရောင်နဲ့ တစ်သားတည်းကျတဲ့ အလင်းရောင်ကို ထုတ်လွှတ်တယ်။ ဒါကြောင့် အရိပ်မည်းအနေနဲ့လည်း မမြင်ရဘူး၊ အရိပ်လည်း မပေါ်ဘူး။ ပြည်ကြီးငါးမှာရှိတဲ့ အလင်းထုတ်လွှတ်ပေးတဲ့ ဗက်တီးရီးယားလေးတွေက ပြည်ကြီးငါးကိုယ်ယောင်ဖျောက်နိုင်အောင် သင့်တော်တဲ့အလင်းရောင်ပမာဏကို ထုတ်လွှတ်ပေးတာဟာ “အံ့ဩစရာကောင်းတဲ့ နည်းပညာတစ်ရပ်” ပါပဲ။

အဲဒီဗက်တီးရီးယားလေးတွေဟာ ပြည်ကြီးငါးကို အိပ်ချိန်နိုးချိန် မှန်မှန် ဖြစ်အောင်လည်း လုပ်ဆောင်ပေးတယ်။ အဲဒါကို သုတေသီတွေ စိတ်ဝင်စားကြတယ်။ အကြောင်းကတော့ အိပ်ချိန်ထချိန်ပုံမှန် စည်းဝါးတကျ ဖြစ်နေတာ ဒါမှမဟုတ် နေ့စဉ်လုပ်ဆောင်မှုတွေက ဟန်ချက်ညီညီ ဖြစ်နေတာဟာ ဘော့တေးလ် ပြည်ကြီးငါးဆီမှာမှ မဟုတ်နိုင်ဘူးဆိုတာကို တွေ့ရလို့ဖြစ်တယ်။ ဥပမာ၊ နို့တိုက်သတ္တဝါတွေမှာ ဗက်တီးရီးယားတွေဟာ အစာခြေစနစ်ကို ပုံမှန် စည်းဝါးတကျ ဖြစ်အောင် အဓိကအနေနဲ့ လုပ်ဆောင်ပေးနေပုံရတယ်။ အဲဒီဖြစ်စဉ်ပုံမှန်မဟုတ်ဘူးဆိုရင် စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ အအိပ်မူမမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်။ ပြည်ကြီးငါးနဲ့ ဗက်တီးရီးယားလေးတွေကြားမှာရှိတဲ့ လုပ်ဆောင်မှုစနစ်ကို လေ့လာရာကနေ လူတွေရဲ့ကျန်းမာရေးအကြောင်းကို ပိုပြီးတော့ ထိုးထွင်းသိမြင်လာစေတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးတွေရဲ့ အလင်းထုတ်လွှတ်နိုင်စွမ်းက သူ့ အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။