မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီဂျစ်တယ်နည်းပညာကို ချင့်ချင့်ချိန်ချိန် အသုံးပြုနေသလား

ဒီဂျစ်တယ်နည်းပညာကို ချင့်ချင့်ချိန်ချိန် အသုံးပြုနေသလား

ဂျန်နီက ဗီဒီယိုဂိမ်းကစားတဲ့အကျင့် စွဲနေတယ်။ “ကျွန်မ တစ်နေ့ကို ရှစ်နာရီလောက် ဂိမ်းကစားတယ်။ အဲဒါဟာ တကယ့် ပြဿနာပဲ” ဆိုပြီး သူ ပြောပြတယ်။

ဒန်းနစ်စ်က အင်တာနက်၊ အီလက်ထရောနစ်ပစ္စည်းတွေမသုံးဘဲ တစ်ပတ်နေကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ နာရီ ၄၀ ပဲ ခံတယ်။

ဂျန်နီနဲ့ ဒန်းနစ်စ်ဟာ ဆယ်ကျော်သက်တွေ မဟုတ်ကြတော့ပါဘူး။ ဂျန်နီဟာ အသက် ၄၀ ဖြစ်ပြီး ကလေး လေးယောက်ရှိတယ်။ ဒန်းနစ်စ်က အသက် ၄၉ နှစ် ရှိပြီ။

သင်ကော ဒီဂျစ်တယ်နည်းပညာကို အသုံးပြုနေပါသလား။ * လူအများကတော့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးပါတယ်လို့ ဖြေကြမှာပါ။ အီလက်ထရောနစ် ပစ္စည်းကိရိယာတွေဟာ အလုပ်၊ လူမှုဘဝ၊ ဖျော်ဖြေရေးစတဲ့ ကဏ္ဍတွေမှာ အသုံးဝင်ပါတယ်။

ဒါပေမဲ့ ဂျန်နီနဲ့ ဒန်းနစ်စ်တို့လိုပဲ လူအတော်များများဟာလည်း နည်းပညာတွေကို စွဲနေကြပုံရတယ်။ အသက် ၂၀ ရှိပြီဖြစ်တဲ့ နီကိုးလ်က “ကျွန်မအတွက် ကျွန်မရဲ့ ဖုန်းဟာ အကောင်းဆုံး သူငယ်ချင်းလို ဖြစ်နေတယ်။ အမြဲလိုလို ကျွန်မ အနားမှာ ထားတယ်။ ဖုန်းလိုင်းပျောက်သွားပြီဆိုရင် ကျွန်မ ရူးတော့မလိုပဲ။ နာရီဝက်လောက်ကြာပြီဆိုရင် စာရောက်မရောက် စစ်ကြည့်ချင်နေပြီ။ စိတ်ပျက်ဖို့ ကောင်းနေပြီ။”

တချို့သူတွေဟာ ညနက်သန်းခေါင်အထိ စာတိုတွေ ရောက်မရောက်၊ အသစ်တွေတင်မတင် စစ်ကြည့်ကြတယ်။ သူတို့ဟာ အမြဲယူသွားလေ့ရှိတဲ့ ဒီဂျစ်တယ် ပစ္စည်းတွေ သူတို့နဲ့အတူမပါတော့ဘူးဆိုရင် ရင်ထဲမှာ ဟာတာတာ ခံစားကြရတယ်။ အဲဒီလိုခံစားရတာကို ဒီဂျစ်တယ်နည်းပညာ စွဲတဲ့ရောဂါ၊ ပိုပြီး သတ်သတ်မှတ်မှတ် ပြောရရင် အင်တာနက်၊ စမတ်ဖုန်း စွဲတဲ့ရောဂါဆိုပြီး တချို့သုတေသီတွေက ပြောကြတယ်။ တချို့သူတွေကတော့ “ရောဂါ” လို့ သုံးရမှာကို မဝံ့မရဲ ဖြစ်တဲ့အတွက် နည်းပညာစွဲတဲ့ ပြဿနာ၊ နည်းပညာ အရူးအမူး စွဲလမ်းမှုဆိုတဲ့စကားလုံးတွေနဲ့ ဖော်ပြကြပါတယ်။

ဘယ်စကားလုံးနဲ့ ခေါ်ဝေါ်သုံးစွဲပါစေ၊ ဒီဂျစ်တယ် နည်းပညာကို ချင့်ချိန်မှုမရှိဘဲ သုံးစွဲတာဟာ ပြဿနာတက်စေနိုင်တယ်။ တချို့မိသားစုမှာဆိုရင် မိသားစုဆက်ဆံရေးကိုတောင် ထိခိုက်စေတယ်။ ဥပမာ၊ အသက် ၂၀ ရှိပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်က ဒီလိုညည်းတွားတယ်– “ကျွန်မရဲ့ အဖေဟာ ကျွန်မအကြောင်း ဘာဆိုဘာမှ မသိတော့ဘူး။ ဧည့်ခန်းမှာထိုင်ပြီး ကျွန်မနဲ့ စကားပြောနေရင်း အီးမေးလ် ပို့ဖို့ စာရိုက်နေတယ်။ ဖုန်းကို လက်ထဲကနေ မချတော့ဘူး။ ကျွန်မအဖေက ကျွန်မကို ဂရုစိုက်ကောင်းစိုက်ပါလိမ့်မယ်၊ ဒါပေမဲ့ တစ်ခါတလေ ဂရုစိုက်တယ်လို့ မခံစားရတော့ဘူး။”

ဒီဂျစ်တယ်နည်းပညာစွဲနေတာကို ဖြတ်ခြင်း

နည်းပညာတလွဲအသုံးပြုတာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တရုတ်၊ တောင်ကိုရီးယား၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဒီဂျစ်တယ်နည်းပညာစွဲနေတာကို ဖြတ်ပေးတဲ့ဌာနတွေကို တည်ထောင်ထားကြပြီး အဲဒီကိုသွားတဲ့သူတွေက အင်တာနက်၊ ဒီဂျစ်တယ်နည်းပညာသုံး ပစ္စည်းတွေကို ရက်အတော်အတန်ကြာ အသုံးမပြုရဘူး။ ဥပမာ၊ အင်တာနက် ဂိမ်းကို တစ်နေ့ကို ၁၆ နာရီကြာ ကစားခဲ့သူ လူငယ်လေး ဘရတ်အကြောင်း စဉ်းစားကြည့်ပါ။ “အင်တာနက် အသုံးပြုနေရင် ကျွန်တော်ဟာ ဆေးအရှိန်တက်ပြီး ဈာန်ဝင်နေသူနဲ့တူတယ်” လို့ ပြောပြတယ်။ ဒီဂျစ်တယ်နည်းပညာစွဲနေတာကို ဖြတ်ပေးတဲ့ဌာနကို ရောက်တဲ့အချိန်မှာတော့ သူက အလုပ်လက်မဲ့၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိ၊ အပေါင်းအသင်းမရှိတဲ့သူတစ်ယောက်တောင် ဖြစ်နေပြီ။ ဒီလို ဝမ်းနည်းဖွယ် ရလဒ်ဆိုးတွေ မရအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ။

နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပါ။ နည်းပညာတွေဟာ ကိုယ့်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးနေသလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေကို မေးပါ–

  • ငါဟာ အီလက်ထရောနစ်ပစ္စည်း၊ အင်တာနက် သုံးလို့မရတဲ့အချိန်ဆိုရင် စိတ်အနှောင့်အယှက် ဖြစ်လာသလား၊ ဒေါသထွက်တဲ့အထိ ဖြစ်သလား။

  • ငါသတ်မှတ်ထားတဲ့ အင်တာနက်အသုံးပြုတဲ့အချိန်ကို ကျော်ပြီး သုံးနေသလား။

  • ဝင်လာတဲ့ စာတိုတွေကို မရပ်မနား စစ်နေတာကြောင့် ငါ အိပ်ရေးပျက်နေသလား။

  • နည်းပညာကိုပဲအသုံးပြုနေတာကြောင့် ငါ့မိသားစုကို ဂရုမစိုက်မိတာမျိုး ဖြစ်သွားသလား။ ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ငါ့ရဲ့ အဖြေကို မိသားစုဝင်တွေ လက်ခံရဲ့လား။

နည်းပညာသုံးစွဲတာကြောင့် မိသားစုနဲ့ တခြားတာဝန်တွေအပါအဝင် “သာ၍အရေးကြီးသောအရာ” တွေကို လျစ်လျူရှုမိတာမျိုးဖြစ်နေတယ်ဆိုရင် အခုအချိန်ဟာ ပြုပြင်ပြောင်းလဲရမယ့် အချိန်ပါ။ (ဖိလိပ္ပိ ၁:၁၀) ဘယ်လို ပြုပြင်ပြောင်းလဲနိုင်မလဲ။

မျှမျှတတ ကန့်သတ်ထားပါ။ တန်လျှင် ဆေး၊ လွန်လျှင်ဘေး ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ ဒီဂျစ်တယ် နည်းပညာကို လုပ်ငန်းအတွက် သုံးတာပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုအတွက် သုံးတာပဲဖြစ်ဖြစ် တော်ရုံ သင့်ရုံ သုံးနိုင်ဖို့ ကန့်သတ်ထားပါ၊ အဲဒီလို ကန့်သတ်ထားတဲ့အတိုင်း လုပ်ဆောင်ပါ။

အကြံပြုချက်– ကိုယ့်ကိုကူညီပေးနိုင်မယ့် မိသားစုဝင်တစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကို ရယူပါ။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေသနာ ၄:၉၊ ၁၀

ကြိုက်တဲ့အဆင့်ကနေ စွဲတဲ့အဆင့်အထိတော့ မဖြစ်ပါစေနဲ့

နောက်ဆုံးပေါ်ပစ္စည်းတွေဟာ အချက်အလက်၊ အကြောင်းအရာတွေကို လွယ်ကူ၊ မြန်ဆန်စွာ ပေးပို့၊ ရယူနိုင်တဲ့အတွက် မဆင်မခြင် အသုံးပြုမှုတွေများလာနိုင်ပါတယ်။ ဒါပေမဲ့ ကြိုက်တဲ့အဆင့်ကနေ စွဲတဲ့အဆင့်အထိတော့ မဖြစ်ပါစေနဲ့။ “သင်တို့သည် အချိန်ကို ကောင်းစွာ အသုံးချ” ခြင်းဖြင့် ဒီဂျစ်တယ်နည်းပညာကို လွဲမှားစွာ အသုံးမိပြုခြင်းကို ရှောင်ရှားနိုင်ကြပါတယ်။—ဧဖက် ၅:၁၆ကက်သလစ် ကျမ်းစာတော်မြတ်။

^ အပိုဒ်၊ 5 ဒီဆောင်းပါးမှာ “ဒီဂျစ်တယ်နည်းပညာ” ဆိုတဲ့ အသုံးအနှုန်းဟာ အီးမေးလ်၊ ဖုန်း၊ ဗီဒီယို၊ တေးဂီတ၊ ဂိမ်း၊ ဓာတ်ပုံ၊ စာတိုပို့ခြင်းတွေ အပါအဝင် ဒီဂျစ်တယ် ဒေတာတွေကို ရယူ ဒါမှမဟုတ် ပေးပို့နိုင်တဲ့ ပစ္စည်းကိရိယာတွေကို ရည်ညွှန်းပါတယ်။