မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပြုမိရာ

ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဆေးပညာနယ်ပယ်မှာ တိုးတက်လာပေမဲ့ ရောဂါဘယတွေကလည်း ထူပြောလာတယ်။ တကယ်တော့ ရောဂါအတော်များများကို မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။

ကမ္ဘာ့သတင်း

၂၀၃၅ ခုနှစ်ကျရင် ကင်ဆာရောဂါဖြစ်နိုင်သူဦးရေ ၂၄ သန်းရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတယ်။ လက်ရှိအရေအတွက်က ၁၄ သန်းကျော်ရှိတာကြောင့် အဲဒီကိန်းဂဏန်းက ၇၀ ရာခိုင်နှုန်းခန့် တိုးလာတာ ဖြစ်တယ်။ အဲဒီအရေအတွက်ရဲ့ ထက်ဝက်လောက်က အရက်သေစာ အလွန်အကျွံသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာနဲ့ ဓာတ်ရောင်ခြည်ထိမှန်တာတွေကြောင့် ကင်ဆာရောဂါ ရတာဖြစ်တယ်။

ဗြိတိန်

ဗြိတိသျှအစိုးရရဲ့ စစ်ဆေးတွေ့ရှိချက်အရ သွေးသွင်းခြင်းလို ကုထုံးကနေ နွားရူးရောဂါ ကူးစက်နိုင်တယ်ဆိုတာ သိရတယ်။ “တွေ့ရှိချက်အရ ကုလို့မရတဲ့ ဒီရောဂါက ပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေဆဲပဲဆိုတာသိရလို့ အရမ်းစိုးရိမ်မိတယ်။ ဒီရောဂါဟာ သွေးနဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသတာတွေကနေ ကူးစက်နိုင်တယ်လို့ ပြောကြတယ်” ဆိုပြီး လွှတ်တော်အဖွဲ့ဝင်ဖြစ်တဲ့ အန်ဒရူး မီလာက ပြောခဲ့တယ်။

နော်ဝေး

စိတ်ကျဝေဒနာဟာ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိ တိုးလာစေနိုင်ကြောင်း နော်ဝေးနိုင်ငံသား ၆၃,၀၀၀ လောက်ကို ၁၁ နှစ်ကြာ လေ့လာချက်အရ သိရတယ်။ အဲဒီဟော်မုန်းတစ်ခုကြောင့်ပဲ မဟုတ်ဘူး၊ စိတ်ကျဝေဒနာသည်တွေဟာ ကျန်းမာရေးကောင်းလာဖို့ ပေးတဲ့အကြံဉာဏ်အတိုင်း လိုက်မလုပ်ကြတဲ့အတွက်လည်းဖြစ်တယ်ဆိုပြီး လေ့လာမှုပြုသူထဲ ပါဝင်သူတစ်ယောက်ပြောတာကို နှလုံးရောဂါကုထုံးဆိုင်ရာ ဥရောပအဖွဲ့က ကိုးကားဖော်ပြခဲ့တယ်။

အမေရိကန်

ယာဉ်တွေ၊ ဟိုတယ်အခန်းတွေ၊ တိုက်ခန်းတွေရဲ့ မျက်နှာပြင်နဲ့ ဖုန်မှုန့်တွေထဲမှာရှိတဲ့ ဆေးလိပ်အစအနတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိမရှိကို သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာနေကြပါတယ်။ ကြာလာတဲ့အခါ ဆေးလိပ်အစအနတွေဟာ အဆိပ်အတောက် ပိုပြင်းလာနိုင်တယ်။