မိသားစုတွေအတွက် အကူအညီ | လူငယ်များ
ရွယ်တူချင်း ဖိအားကို တွန်းလှန်နိုင်ပုံ
အခက်အခဲ
အလယ်တန်းကျောင်းသူဘဝတုန်းက ကျွန်မကို ဘယ်သူမှ အပေါင်းအသင်းမလုပ်ချင်ကြလို့ ဝမ်းနည်းခဲ့ရတယ်။ ဒါနဲ့ အထက်တန်းကျောင်းတက်တော့ ကျွန်မရဲ့အပြောအဆိုနဲ့ပုံစံကို ခပ်မိုက်မိုက်ဖြစ်အောင် ပြောင်းပစ်လိုက်တော့လဲ သိပ်မထူးဘူး။ သူငယ်ချင်းမရှိမှာကိုကြောက်လို့ ကျွန်မကိုသဘောကျအောင် သူငယ်ချင်းတွေအကြိုက် လိုက်လုပ်ခဲ့ရတယ်။—ဂျနီဖာ၊ ၁၆ နှစ်။ *
သင်လည်း ရွယ်တူတွေရဲ့ဖိအားပေးတာ ခံနေရပါသလား။ ခံနေရတယ်ဆိုရင် ဒီဆောင်းပါးက ရွယ်တူချင်းဖိအားကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။
ရွယ်တူတွေရဲ့အကြိုက်ကိုပဲ လိုက်လုပ်နေရင် သင်ဟာ အသိဉာဏ်မရှိတဲ့ စက်ရုပ်လိုဖြစ်သွားပါလိမ်မယ့်။ ဘာဖြစ်လိုလဲဆိုတော့ တခြားသူတွေ သင့်ကိုထိန်းချုပ်ဖို့ သင်ခွင့်ပြုလိုက်လို့ပဲ။ အဲဒီလို အဖြစ်မခံပါနဲ့။—ရောမ ၆:၁၆။
သိထားရမယ့်အရာ
ရွယ်တူချင်းဖိအားက လူကောင်းတွေကိုတောင် မကောင်းတာတွေ လုပ်မိစေနိုင်တယ်။
“မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေ တတ်၏”။—၁ ကောရိန္သု ၁၅:၃၃။
“တစ်ခါတလေ လုပ်ရပ်တစ်ခုဟာ မှားနေတယ်၊ မလုပ်သင့်ဘူးဆိုတာသိပေမဲ့ အပေါင်းအသင်းတွေက လုပ်ဖို့ဖိအားပေးတဲ့အခါသူတို့အကြိုက် လုပ်မိသွားတယ်။”—ဒိုင်နာ။
တခြားသူဆီကမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ဆီကလည်း လာနိုင်တယ်။
“ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။”—ရောမ ၇:၂၁။
“ကျွန်မသူငယ်ချင်းတွေ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောပြောနေတဲ့အရာတွေကို သူတို့ကလုပ်ဖို့ဖိအားမပေးရင်တောင် ကျွန်မက အဲဒါကို လုပ်ချင်နေတာ။ ဒါနဲ့ ဖိအားက ကိုယ်ကိုယ်တိုင်ဆီကလာသလို ဖြစ်သွားရော။”—ဒိုင်ယာနာ။
ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်တာက ဂုဏ်ယူစရာလုပ်ရပ်တစ်ခု ဖြစ်တယ်။
“ကြည်လင်သောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းထားလော့။”—၁ ပေတရု ၃:၁၆။
“အရင်တုန်းကတော့ ရွယ်တူချင်းဖိအားကို တွန်းလှန်ဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ အခုတော့ သူတို့တွေ ကိုယ့်ကို တစ်မျိုးထင်မှာကို တွေးမပူတော့ဘူး။ ကျွန်မရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြတ်ပြတ်သားသားလုပ်ဆောင်တယ်။ စိတ်ကြည်ကြည် လင်လင်နဲ့ အိမ်ရာဝင်ရတာကို ဘာနဲ့မှ မလဲနိုင်ဘူး။”—ခါလာ။
လုပ်ဆောင်နိုင်ရာ
ရွယ်တူချင်းတွေက မကောင်းတာလုပ်ဖို့ ဖိအားပေးလာတဲ့အခါ အောက်ပါအချက်တွေကို လုပ်ကြည့်ပါ။
အကျိုးဆက်ကို စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– “ရွယ်တူတွေရဲ့အကြိုက်ကို ငါလိုက်လုပ်နေရင် မိဘတွေ ငါ့ကိုဘယ်လိုထင်မလဲ။ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုထင်မလဲ။”—ကျမ်းစာလမ်းညွှန်ချက်၊ ဂလာတိ ၆:၇။
“ကျွန်မမိဘတွေက ဒီလိုမျိုးမေးခွန်းတွေ မေးတတ်တယ်– ‘ရွယ်တူတွေရဲ့အကြိုက် လိုက်လုပ်နေရင် သမီးဘာဖြစ်သွားမလဲ။’ ရွယ်တူတွေဖိအားပေးတာကို လျှောက်လုပ်နေရင် ကိုယ့်အနာဂတ်ကို ထိခိုက်နိုင်တယ်ဆိုတာကိုလည်း သိမြင်လာအောင် ကျွန်မမိဘတွေ ကူညီပေးတယ်။”—အိုလစ်ဗီယား။
သင့်ခံယူချက် ခိုင်မာပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီလုပ်ရပ်က မကောင်းဘူးလို့ ငါဘာကြောင့် ယူမှတ်တာလဲ။ တခြားသူပြောလို့လား၊ ငါ့ရဲ့ခံယူချက် အစစ်လား။’—ကျမ်းစာလမ်းညွှန်ချက်၊ ဟေဗြဲ ၅:၁၄။
“ငယ်ငယ်တုန်းကတော့ ရွယ်တူတွေဖိအားပေးတဲ့အခါ မလုပ်ဘူးလို့ပြောပြီး ငြင်းလိုက် တယ်။ ဒါပေမဲ့ အခုတော့ မလုပ်ရတဲ့အကြောင်းကို ရှင်းပြပေးနိုင်ပြီ။ မလုပ်ရတဲ့အကြောင်းရင်းက တခြားသူကြောင့်မဟုတ်ဘဲ ကိုယ်တိုင်ရဲ့ခံယူချက် ဖြစ်လို့ပါ။”—အနီးတာ။
ကိုယ်ရှိချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိအောင်လုပ်ပါ။ ‘ငါဘယ်လိုလူစားမျိုး ဖြစ်ချင်သလဲ’ ဆိုပြီး သင့်ကိုယ်သင်မေးပါ။ ပြီးတဲ့နောက် သင်ကြုံနေရတဲ့ဖိအားကိုစဉ်းစားပြီး ‘ငါဖြစ်ချင်တဲ့လူစားမျိုးက ဒီလိုအခြေအနေမျိုးကြုံရင် ဘယ်လိုတုံ့ပြန်မလဲ’ ဆိုပြီးမေးပါ။—ကျမ်းစာလမ်းညွှန်ချက်၊ ၂ ကောရိန္သု ၁၃:၅။
“ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေးကို မကြိုက်တဲ့သူရှိပေမဲ့ ကျွန်မကတော့ကြိုက်တယ်။ အများစုကတော့ ကျွန်မရဲ့လုပ်ရပ်ကို သဘောကျကြပါတယ်။”—အဲလက်စီယာ။
ရေရှည်ကိုစဉ်းစားပါ။ သင်ဟာ ကျောင်းတက်နေတဲ့သူဖြစ်မယ်ဆိုရင် နောက်နှစ်အနည်းငယ် ဒါမှမဟုတ် နောက်လအနည်းငယ်ကြာတဲ့အခါမှာ ကျောင်းမှာ သင်အထင်ကြီးသဘောကျခဲ့တဲ့သူတွေဟာ သင် မှတ်တောင်မမှတ်မိတဲ့သူတွေ ဖြစ်သွားနိုင်တယ်။
“ကျောင်းနေဖက်တွေ အတူရိုက်ထားတဲ့ဓာတ်ပုံကို ပြန်ကြည့်တဲ့အခါ တချို့သူတွေကိုဆိုရင် နာမည်ကိုတောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကျောင်းတက်တုန်းကတော့ ကျွန်မရဲ့ခံယူချက်အတိုင်းနေဖို့ထက် သူတို့ရဲ့သဘောထားတွေက ပိုအရေးကြီးတယ်လို့ ထင်ခဲ့တာ။ တကယ့်ကို ရူးသွပ်ခဲ့တာပဲ။”—ဒေါန်၊ ယခု အသက် ၂၂ နှစ်။
ကြိုတင်ပြင်ဆင်ပါ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင် . . . ပါစေ။”—ကောလောသဲ ၄:၆။
“မိဘတွေက ကျွန်မနဲ့ညီမလေး ကြုံရနိုင်တဲ့ အခြေအနေတွေကို မေးတယ်။ ပြီးတော့ အဲဒီအခြေအနေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို သရုပ်ဆောင်ခိုင်းတယ်။ ဒါနဲ့ပဲ တကယ်ကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလာတယ်။” —ခရစ္စတင်း။
^ စာပိုဒ်၊ 4 ဒီဆောင်ပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။