မိသားစုတွေအတွက်အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း
ဝုန်းဒိုင်းကြဲတတ်တဲ့ အရွယ်ကလေးတွေကို ကိုင်တွယ်ခြင်း
ပြဿနာ
သင့်ရဲ့ နှစ်နှစ်အရွယ်ကလေး စိတ်အလိုမကျတဲ့အခါ ဆောင့်အောင့်အော်ဟစ်ပြီး ဝုန်းဒိုင်းကြဲတော့တယ်။ အဲဒီအခါ သင် ဒီလိုတွေးမိနိုင်တယ်– ‘ငါ့ကလေးက ပုံမှန်ကော ဟုတ်ရဲ့လား။ ငါ့ဘက်က တစ်ခုခုမှားနေလို့ သူ ဝုန်းဒိုင်းကြဲနေတာလား။ ဒီလိုဝုန်းဒိုင်းကြဲတာ ဘယ်တော့ရပ်သွားမှာလဲ။’
သင့်နှစ်နှစ်အရွယ်ကလေးရဲ့အပြုအမူတွေ ပြောင်းလဲလာအောင် သင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သူ ဘာကြောင့် ဝုန်းဒိုင်းကြဲနေတာလဲဆိုတာကိုတော့ အရင်ဆုံး သိဖို့လိုတယ်။ *
ဘာကြောင့် ဝုန်းဒိုင်းကြဲရတာလဲ
ကလေးငယ်လေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့နေရာမှာ မထိန်းချုပ်တတ်ကြသေးဘူး။ အဲဒီအချက်ကြောင့် ဝုန်းဒိုင်းကြဲတဲ့အဖြစ်ကို ရောက်သွားစေတယ်။ ဒါပေမဲ့ တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ကလေးငယ်တစ်ယောက် အသက်နှစ်နှစ်အရွယ်မှာ ကြုံတွေ့ရတဲ့အပြောင်းအလဲကို စဉ်းစားကြည့်ပါ။ မွေးစကတည်းက သူလိုအပ်ရာမှန်သမျှကို မိဘတွေ လုပ်ပေးခဲ့တယ်။ ဥပမာ၊ သူငိုတာနဲ့ ‘နေမကောင်းလို့လား။ နို့ဆာလို့လား။ ချော့ဖို့လိုတာလား။ အနှီးလဲပေးဖို့လိုတာလား’ ဆိုပြီး မိဘတွေ အပြေးအလွှား ရောက်လာတတ်တယ်၊ လုပ်စရာရှိတာအားလုံး လုပ်ပေးတတ်ကြတယ်။ လုပ်လဲလုပ်ပေးသင့်ပါတယ်။ အဲဒီအရွယ်မှာ ကလေးက သူ့မိဘတွေကို လုံးလုံးမှီခိုနေရလို့ပဲ။
ဒါပေမဲ့ အသက်နှစ်နှစ်လောက်ရောက်လာတဲ့အခါ မိဘတွေက တဖြည်းဖြည်းနဲ့ လိုချင်တာမှန်သမျှ မပေးတော့ဘူးဆိုတာ သူတွေ့လာရတယ်။ သူ့လိုအပ်ရာတွေကို လုပ်ပေးမယ့်အစား မိဘတွေရဲ့ဆန္ဒကို ကလေးလိုက်လျောဖို့ မိဘတွေ မျှော်လင့်လာကြတယ်။ အသက်နှစ်နှစ်အရွယ်မှာ အခြေအနေတွေ ပြောင်းလဲသွားတယ်၊ ဒီအပြောင်းအလဲကို ကလေးက သိပ်လက်မခံချင်တဲ့အတွက် ဝုန်းဒိုင်းကြဲပြီးတော့ဖြစ်ဖြစ် ဆန္ဒပြတယ်။
နောက်ပိုင်းမှာတော့၊ ကလေးက မိဘတွေကို သူလိုသမျှ လုပ်ပေးမယ့်သူတွေလောက်သာမဟုတ်ဘဲ သွန်သင်ပေးသူတွေအဖြစ် ပြောင်းလဲလက်ခံလာမှာဖြစ်တယ်။ “မိဘတို့ကို နာခံ” ရမယ်ဆိုတဲ့ သူ့ရဲ့တာ၀န်ကိုလည်းသိလာဖို့ မျှော်လင့်ရပါတယ်။ (ကောလောသဲ ၃:၂၀) ဒါပေမဲ့ ဒီအတောအတွင်း မိဘတွေရဲ့ စိတ်ရှည်မှုကို တစ်ခေါက်ပြီးတစ်ခေါက် ဝုန်းဒိုင်းကြဲပြီး စမ်းသပ်လိမ့်မယ်။
သင်လုပ်ဆောင်နိုင်ရာ
နားလည်ပေးပါ။ သင့်ကလေးဟာ လူကြီးအသေးစားလေးမဟုတ်ဘူး။ သူဟာ စိတ်ခံစားချက်ကို မထိန်းချုပ်တတ်သေးတော့ စိတ်အလိုမကျတာနဲ့ တရားလွန်တုံ့ပြန်ပါလိမ့်မယ်။ ဒါကို နားလည်အောင် ကြိုးစားပါ။—ကျမ်းစာမူ– ၁ ကောရိန္သု ၁၃:၁၁။
စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ သင့်ကလေး ဝုန်းဒိုင်းကြဲတဲ့အခါ သင် ဒေါသပေါက်ကွဲတာက အကျိုးမရှိပါဘူး။ ဖြစ်နိုင်သရွေ့ ဝုန်းဒိုင်းကြဲတာကို လျစ်လျူရှုပါ၊ ဒေါသနဲ့ မတုံ့ပြန်ပါနဲ့။ ဘာကြောင့် ဝုန်းဒိုင်းကြဲတယ်ဆိုတာ သတိရတာက သင့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။—ကျမ်းစာမူ– သုတ္တံ ၁၉:၁၁။
အလျှော့မပေးပါနဲ့။ သင့်ကလေး ဝုန်းဒိုင်းကြဲပြီးတောင်းဆိုရာမှန်သမျှကို သင် လိုက်လျောမယ်ဆိုရင် နောက်တစ်ကြိမ် သူလိုချင်တာရှိရင် နောက်ထပ် ဝုန်းဒိုင်းကြဲပါလိမ့်မယ်။ သင်ဟာ ပြောတဲ့အတိုင်း လုပ်တယ်ဆိုတာကို သင့်ကလေးသိအောင် တည်တည်ငြိမ်ငြိမ် ဖော်ပြပါ။—ကျမ်းစာမူ– မဿဲ ၅:၃၇။
ဘာကြောင့် ဝုန်းဒိုင်းကြဲတယ်ဆိုတာ သတိရတာက သင့်စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေ
စိတ်ရှည်ပါ။ ဝုန်းဒိုင်းကြဲတဲ့အကျင့်က နေ့ချင်းညချင်းပျောက်သွားလိမ့်မယ်လို့မမျှော်လင့်ပါနဲ့။ အထူးသဖြင့် ဝုန်းဒိုင်းကြဲတိုင်း အလိုလိုက်ခံရမယ်ဆိုတာ ကလေးသိထားမယ်ဆိုရင် ဒီအကျင့်က တော်တော်နဲ့ ပျောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ တော်လျော်ပြီး တစ်သမတ်တည်းတုံ့ပြန်မယ်ဆိုရင် ဝုန်းဒိုင်းကြဲတဲ့အကျင့်က တဖြည်းဖြည်းနည်းလာမယ်၊ နောက်ဆုံး လုံးဝပျောက်သွားပါလိမ့်မယ်။ သမ္မာကျမ်းစာက “မေတ္တာသည် စိတ်ရှည်တတ်၏” လို့ ဆိုထားတယ်။—၁ ကောရိန္သု ၁၃:၄။
ဒီအချက်တွေကိုလည်း ကြိုးစားကြည့်ပါ-
-
စပြီး ဝုန်းဒိုင်းကြဲလာပြီဆိုရင် သင့်ကလေး ဆူပူဆောင့်အောင့်တာမျိုး မလုပ်နိုင်အောင် ကလေးကို (ဖြစ်နိုင်ရင်) သင့်လက်နဲ့ သူ့ကိုမနာကျင်စေဘဲ ချုပ်ထားပါ။ သင့်ကလေးကို မအော်ငေါက်ပါနဲ့။ ငြိမ်သွားတဲ့အထိ စောင့်ပါ။ ဝုန်းဒိုင်းကြဲတာက ဘာမှအရာမရောက်ဘူးဆိုတာ ကလေး သိလာပါလိမ့်မယ်။
-
ဝုန်းဒိုင်းကြဲတဲ့အခါ သင့်ကလေးကို ထားရမယ့်နေရာတစ်ခု သတ်မှတ်ထားပါ။ ဝုန်းဒိုင်းမကြဲတော့ဘူးဆိုရင် ထွက်ခွင့်ပေးမယ်လို့ပြောပြီး အဲဒီနေရာမှာ ထားခဲ့ပါ။
-
သင့်ကလေးက လူတွေရှေ့မှာ ဝုန်းဒိုင်းကြဲတယ်ဆိုရင် မမြင်ကွယ်ရာကို ခေါ်သွားပါ။ လူရှေ့သူရှေ့ ဝုန်းဒိုင်းကြဲတာနဲ့ပဲ အလျှော့မပေးလိုက်ပါနဲ့။ အလျှော့ပေးမယ်ဆိုရင် သင့်ကလေးဟာ ဝုန်းဒိုင်းကြဲတိုင်း လိုချင်တာရနိုင်တယ်လို့ ယူမှတ်သွားပါလိမ့်မယ်။
^ အပိုဒ်၊ 5 ဒီဆောင်းပါးပါမူတွေက သားအတွက်ရော သမီးအတွက်ပါ သက်ဆိုင်ပါတယ်။