မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး

ဆန္ဒပြခြင်းက ပြဿနာဖြေရှင်းနည်းလား

ဆန္ဒပြခြင်းက ပြဿနာဖြေရှင်းနည်းလား

ဒီမဂ္ဂဇင်းကို ထုတ်ဝေတဲ့ ယေဟောဝါ သက်သေတွေက နိုင်ငံရေးမှာ ကြားနေသူတွေ ဖြစ်တယ်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) ဒါကြောင့် ဆောင်းပါးမှာ ဆူပူအုံကြွတဲ့ နမူနာတွေကို ဖော်ပြတဲ့အခါ လူတစ်မျိုးကို တစ်မျိုးထက်ချီးမြှောက်နေခြင်းမဟုတ်ပါ၊ နိုင်ငံရေးကိစ္စတွေမှာ တစ်ဖက်ဖက်ကို ထောက်ခံနေခြင်းမဟုတ်ပါ။

တူနီးရှားနိုင်ငံက မိုဟာမက် ဘိုအာဇီဇီ ဟာ ၂၀၁၀၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့တယ်။ လမ်းဘေးဈေးသည်တစ်ယောက်ဖြစ်တဲ့ သူဟာ အသက် ၂၆ နှစ်ရှိပြီး အလုပ်အကိုင်ကောင်းကောင်းမရလို့ အစကတည်းက စိတ်ရှုပ်နေသူဖြစ်တယ်။ အကျင့်ပျက်တဲ့ အစိုးရအရာရှိတွေက လာဘ်စားတတ်တာကိုလည်း သူသိထားတယ်။ အဲဒီမနက်မှာတော့ စစ်ဆေးရေးအရာရှိတွေက မိုဟာမက်ရောင်းနေတဲ့ သစ်တော်သီး၊ ငှက်ပျောသီးနဲ့ ပန်းသီးတွေကို သိမ်းယူခဲ့တယ်။ အရာရှိတွေက သူ့ရဲ့ချိန်ခွင်ကို သိမ်းဖို့လုပ်တော့ သူကမပေးဘူး၊ အဲဒီအခါ ရဲမေတစ်ယောက်က သူ့ကိုပါးရိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတချို့က ထွက်ဆိုကြတယ်။

ရှက်လည်းရှက်၊ ဒေါသလည်းထွက်နေတဲ့ မိုဟာမက်ဟာ အနီးအနားက အစိုးရရုံးကိုသွားပြီး သူ့အဖြစ်အပျက်ကို တိုင်ကြားပေမဲ့ သူ့ပြောတာကို ဘယ်သူမှနားမထောင်ကြဘူး။ ဒါနဲ့သူဟာ ရုံးရှေ့မှာ “ငါ့မိသားစုကို ငါဘယ်လိုရှာကျွေးရမလဲ” လို့ အော်ခဲ့တယ်ဆိုပြီး ပြောကြတယ်။ အဲဒီနောက် သူ့ကိုယ်သူ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်။ ဒီမီးလောင်ဒဏ်ရာနဲ့ သုံးပတ်မပြည့်ခင် သေဆုံးသွားခဲ့တယ်။

မိုဟာမက် ဘိုအာဇီဇီရဲ့ ထိတ်လန့်ဖွယ် လုပ်ရပ်ဟာ တူနီးရှားနဲ့ ဝန်းကျင်နိုင်ငံမှာရှိတဲ့ လူတွေကိုပါ ဂယက်ရိုက်ခဲ့တယ်။ ဒီအဖြစ်အပျက်ကြောင့် နောက်ဆုံးမှာ အဲဒီနိုင်ငံရဲ့ အစိုးရစနစ်ပြိုလဲခဲ့ပြီး ဆန္ဒပြမှုတွေက တခြားအာရပ်နိုင်ငံတွေကိုပါ ကူးစက်ခဲ့တယ်လို့ လူများစွာ ယူဆကြတယ်။ ဥရောပပါလီမန်က လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ရဖို့ ကြိုးစားကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ်ပေးအပ်တဲ့ (Prize for Freedom of Thought) ဆုကို ၂၀၁၁ ခုနှစ်အတွက် မိုဟာမက်နဲ့ တခြားသူလေးယောက်ကို ပေးအပ်ခဲ့တယ်၊ လန်ဒန် တိုင်းမ်မဂ္ဂဇင်းက သူ့ကို ၂၀၁၁ ခုနှစ်ရဲ့ အထူးခြားဆုံးလူသားအဖြစ် မှတ်တမ်းတင်ခဲ့တယ်။

ဒီဥပမာဖော်ပြသလိုပဲ ဆန္ဒပြခြင်းက များစွာသြဇာသက်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ ဘာအကြောင်းရင်းရှိပါသလဲ။ တခြားဖြေရှင်းနည်းကော ရှိပါသလား။

ဘာကြောင့် ဆန္ဒပြကြတာလဲ

ဆန္ဒပြမှုများစွာက အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တယ်–

  • အစိုးရနဲ့ စီးပွားရေးစနစ်တွေကို မကျေနပ်ခြင်း။ ဒေသခံအစိုးရစနစ်နဲ့ စီးပွားရေးစနစ်ဟာ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတယ်လို့ လူအများယူမှတ်ထားကြတဲ့အခါ ဆန္ဒပြလိုစိတ်မရှိကြဘူး။ တည်ရှိနေတဲ့ ဥပဒေအတွင်းမှာပဲ ပြဿနာတွေကို ဖြေရှင်းကြတယ်။ ဒါပေမဲ့ အဲဒီစနစ်တွေဟာ အကျင့်ပျက်ခြစားမှုရှိတယ်၊ မမျှတဘူး၊ လူနည်းစုပဲ အကျိုးခံစားရတယ်လို့ ယူဆကြတဲ့အခါ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာလေ့ရှိတယ်။

  • အစပျိုးမီးပွား။ ကြိတ်မှိတ်ခံနေရာကနေ တစ်ခုခုလုပ်ဖို့လိုပြီလို့ ယုံကြည်စေတဲ့ အဖြစ်အပျက်တစ်ခုခုက လူတွေကို လှုပ်ရှားလာစေတယ်။ ဥပမာ၊ မိုဟာမက် ဘိုအာဇီဇီရဲ့ အဖြစ်အပျက်က တူနီးရှားမှာ အကြီးအကျယ်ဆန္ဒပြမှုတွေ ဖြစ်ပွားစေခဲ့တယ်။ အိန္ဒိယနိုင်ငံမှာ၊ လူမှုလှုပ်ရှားရေးမှာ ဦးဆောင်ဦးရွက်ပြုသူ အန်နာ ဟာဇာရီက အကျင့်ပျက်ခြစားမှုကို အစာငတ်ခံဆန္ဒပြရာကနေ မြို့ရွာပေါင်း ၄၅၀ မှာရှိတဲ့ သူ့ကိုထောက်ခံတဲ့သူတွေလည်း ဆန္ဒပြလာကြတယ်။

“အကျိုးပျက်အောင် တစ်ယောက်ကို တစ်ယောက် အုပ်စိုး” နေတဲ့လောကမှာ ကျွန်ုပ်တို့ အသက်ရှင်နေရတယ်လို့ သမ္မာကျမ်းစာမှာ ဟိုးအရင်ကတည်းက ဖော်ပြထားတယ်။ (ဒေသနာ ၈:၉) အကျင့်ပျက်ခြစားမှု၊ မတရားမှုတွေဟာ ကျမ်းစာခေတ်ကနဲ့စာရင် အခုခေတ်မှာ ပိုပိုများလာတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်က လူတွေကို ဘယ်လောက်ကျၡုံးစေတယ်ဆိုတာ အခုချိန်မှာ ပိုပိုထင်ရှားလာတယ်။ စမတ်ဖုန်း၊ အင်တာနက်နဲ့ ၂၄ နာရီထုတ်လွှင့်နေတဲ့ သတင်းတွေက သီးသန့်နေရာတစ်ခုမှာဖြစ်တဲ့ အဖြစ်အပျက်ကို လူများစွာတွေ့ မြင်ပြီး တုံ့ပြန်စေနိုင်တယ်။

ဆန္ဒပြခြင်းက ဘာတွေကို ဖြစ်မြောက်စေခဲ့ပြီလဲ

လူထုဆူပူအုံကြွမှုကို ထောက်ခံသူတွေက ဆန္ဒပြခြင်းအားဖြင့် အောက်ပါအချက်တွေ ဖြစ်မြောက်ခဲ့ပြီလို့ ပြောကြတယ်။

  • ဆင်းရဲသားတွေကို သက်သာစေခဲ့။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာဖြစ်ခဲ့တဲ့ စီးပွားရေးကပ်အတွင်း အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် မြို့အာဏာပိုင်တွေဟာ မြေယာကနေ နှင်ထုတ်တဲ့ဥပဒေကို ဆိုင်းငံ့လိုက်ပြီး ဆူပူအုံကြွမှုမှာ ပါဝင်သူတချို့ကို အလုပ်ပြန်ရအောင် စီစဉ်ပေးခဲ့တယ်။ အလားတူ ဆန္ဒပြမှုတွေကြောင့် နယူးယောက်မှာ လူပေါင်း ၇၇,၀၀၀ ဟာ နေအိမ်တွေ ပြန်ရရှိခဲ့တယ်။

  • မတရားမှုတွေကို ဖြေရှင်းနိုင်ခဲ့။ ၁၉၅၅/၁၉၅၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ သပိတ်မှောက်မှုကြောင့် အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်၊ မောန့်ဂေါ်မရီမြို့ မှာ ဘတ်စကားထိုင်ခုံနဲ့ပတ်သက်တဲ့ လူမျိုးရေးခွဲခြားတဲ့ ဥပဒေကို ပယ်ဖျက်နိုင်ခဲ့တယ်။

  • ဆောက်လုပ်ရေးစီမံကိန်းတွေ ရပ်တန့်သွားခဲ့။ ဟောင်ကောင်အနီးမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမှု အကြောင်းပြချက်နဲ့ ၂၀၁၁၊ ဒီဇင်ဘာမှာ လူသောင်းနဲ့ချီ ကန့်ကွက်ဆန္ဒပြတဲ့အတွက် စီမံကိန်းရပ်ဆိုင်းသွားတယ်။

တချို့ဆန္ဒပြမှုတွေက ရည်ရွယ်ချက် အထမြောက်ပေမဲ့ ဘုရားသခင့်နိုင်ငံတော်ကသာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်

ဒါပေမဲ့ ဆန္ဒပြမှုတိုင်းက အောင်မြင်တာတော့ မဟုတ်ဘူး။ ဥပမာ၊ တချို့ခေါင်းဆောင်တွေက လိုက်လျောမယ့်အစား လူတွေကို ပြစ်ဒဏ်ပေးတတ်ကြတယ်။ သိပ်မကြာသေးခင်က အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုမှာ သမ္မတက ဆန္ဒပြသူတွေကို မှတ်လောက်သားလောက်အောင် ဆုံးမရမှာဖြစ်ကြောင်း ပြောခဲ့တယ်။ အဲဒီဆူပူအုံကြွမှုမှာ လူထောင်နဲ့ချီသေဆုံးခဲ့တယ်။

ဆန္ဒပြသူတွေက သူတို့ရဲ့ ပန်းတိုင်ကို ရရှိတယ်ဆိုရင်တောင် နောက်ပိုင်းတခြားပြဿနာတွေကို ကြုံရတယ်။ အာဖရိကနိုင်ငံတစ်ခုမှာ အစိုးရစနစ်ကို ဖြုတ်ချရာမှာ ကူညီခဲ့သူတစ်ယောက်က အသစ်တက်လာတဲ့ အစိုးရနဲ့ပတ်သက်ပြီး တိုင်းမ်မဂ္ဂဇင်းကို ဒီလိုပြောတယ်– “ပထမတော့ လုံးဝအဆင်ပြေသွားပြီလို့ ထင်ရပေမဲ့ မကြာခင်မှာပဲ ပြဿနာအများကြီးပေါ်လာတယ်။”

ပိုကောင်းတဲ့ ဖြေရှင်းနည်းရှိပါသလား

နာမည်ကြီးတဲ့လူများစွာက ဖိနှိပ်တဲ့စနစ်ကို တွန်းလှန်ဖို့ လူတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ ခံစားကြတယ်။ ဥပမာ၊ ကွယ်လွန် သွားပြီဖြစ်တဲ့ ချက်သမ္မတဟောင်း ဗာ့လော့ဖ် ဟာဗလ်က ၁၉၈၅ ခုနှစ်မှာ အခုလိုရေးခဲ့တယ်– “ဆန္ဒပြသူတစ်ယောက်က မှန်တယ်လို့ ယူဆထားရာအတွက် ဘာမဆို ပေးလိုတဲ့စိတ်ရှိရမယ်။ အသက်ကိုတောင် စတေးလိုတဲ့စိတ်ရှိရမယ်။”

ဗာ့လော့ဖ် ဟာဗလ်ရဲ့စကားတွေက မိုဟာမက် ဘိုအာဇီဇီနဲ့ တခြားသူတွေရဲ့လုပ်ဆောင်မှုတွေကို ရှေ့ပြေးပုံဖော်ခဲ့တယ်။ မကြာသေးခင်က အာရှနိုင်ငံတစ်ခုမှာ ဘာသာရေးနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့သူတွေက သူတို့ကိုယ်သူတို့ မီးရှို့ခဲ့ကြတယ်။ ဒီလိုထိတ်လန့်ဖွယ်အပြုအမူတွေ လုပ်ဆောင်စေတဲ့ခံစားချက်အကြောင်း လူတစ်ယောက်က နယူးစ်ဝိခ်မဂ္ဂဇင်းကို အခုလိုပြောပြတယ်– “ကျွန်တော်တို့ဆီမှာ သေနတ်တွေမရှိဘူး။ တခြားသူတွေကို နာကျင်အောင် မလုပ်ချင်ဘူး။ ဒီတော့ တခြားဘာများလုပ်နိုင်ဦးမှာလဲ။”

သမ္မာကျမ်းစာက မတရားမှု၊ အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်မှုတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းတစ်ခုကို ဖော်ပြထားတယ်။ ဆန္ဒပြမှုတွေဖြစ်ပေါ်စေတဲ့ အောင်မြင်မှုမရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်တွေနေရာမှာ ကောင်းကင်မှာ အခြေစိုက်မယ့် ဘုရားသခင့်နိုင်ငံတော်က အစားထိုးမှာဖြစ်တယ်။ အဲဒီနိုင်ငံတော်ရဲ့ အုပ်စိုးရှင်အကြောင်း သမ္မာကျမ်းစာက အခုလိုကြိုပြောတယ်– ‘မင်းကြီးက အော်ဟစ်အကူအညီတောင်းနေတဲ့ ဆင်းရဲသားတွေ၊ နိမ့်ကျသူတွေနဲ့ ကူကယ်ရာမဲ့သူတိုင်းကို ကယ်ဆယ်မယ်။ . . . သူတို့ကို ဖိနှိပ်မှုနဲ့အကြမ်းဖက်မှုတွေကနေ ကယ်ဆယ်လိမ့်မယ်။’—ဆာလံ ၇၂:၁၂၊ ၁၄ကဘ။

ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်လာဖို့ ဘုရား သခင့်နိုင်ငံတော်ကသာ လူသားတွေရဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ဖြစ်တယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ (မဿဲ ၆:၉၊ ၁၀) ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ဆန္ဒပြမှုတွေမှာ မပါဝင်ကြဘူး။ ဒါပေမဲ့ ဘုရားသခင် အုပ်စိုးမယ့်အစိုးရက ဆန္ဒပြစရာအကြောင်းရင်းတွေအားလုံးကို ဖယ်ရှားပေးမယ်ဆိုတာက လက်တွေ့မကျပုံ ပေါက်နေသလား။ အဲဒီလို ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ လူများစွာက ဘုရားသခင့်အစိုးရကို ယုံကြည်အားထားကြတယ်။ အကြောင်းရင်းကို သင်ကိုယ်တိုင်ဆန်းစစ်ကြည့်ပါ။