လူငယ်များအမေး
အိမ်ထောင်ပြုမယ်ဆိုရင် ဘာတွေကို ငါ မျှော်လင့်ထားသင့်သလဲ—အပိုင်း ၂
ပြီးခဲ့တဲ့လက ဆောင်းပါးမှာ အိမ်ထောင်ပြုမယ်ဆိုရင် မျှော်လင့်ထားနိုင်တဲ့ အကျိုးကျေးဇူးနဲ့ အခက်အခဲတချို့ကို သုံးသပ်ထားပါတယ်။
ဒီဆောင်းပါးမှာ မျှော်လင့်မထားရာတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားဖို့ ဘာကြောင့် လိုအပ်ရသလဲဆိုတာ သုံးသပ်ကြပါမယ်။
ပထမအကွက်ထဲမှာ သင်မျှော်လင့်တဲ့အချက်ကို ✔ လုပ်ပါ။ ဘေးအကွက်မှာ သင့်အတွက် ဘယ်အချက်က အရေးကြီးဆုံးလဲဆိုတာ ဆန်းစစ်ပြီး နံပါတ်စဉ် တပ်ကြည့်ပါ။
ငါလက်ထပ်မယ့်သူက . . .
-
ရုပ်ရည်ချောမောရမယ်
-
ငါ့ကို ပျော်ရွှင်စေတဲ့သူ ဖြစ်ရမယ်
-
ငါနဲ့ ပန်းတိုင်တူရမယ်
-
ငါနဲ့ ဝါသနာတူရမယ်
သင်ဟာ အိမ်ထောင်ဖက်ရှာနေသူ ဖြစ်မယ်ဆိုရင် ရှေ့စာမျက်နှာမှာ ဖော်ပြထားတာတွေကို မျှော်လင့်တာက မမှားပါဘူး။ အဲဒီအချက်တွေအားလုံးနဲ့ ပြည့်စုံတဲ့သူကိုတောင် သင် တွေ့ကောင်းတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကာလကြောင့် လူတွေဟာ ပြောင်းလဲတတ်သလို အခြေအနေတွေလည်း ပြောင်းလဲတတ်တယ်။
အဓိကအချက်– ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ဖြစ်ဖို့ မျှော်လင့်မထားရာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားရပါမယ်။
ဝမ်းသာစရာကတော့ အိမ်ထောင်မှာ မမျှော်လင့်ဘဲ ဖြစ်လာတာတချို့က ကောင်းနေတတ်တယ်။
“မာရီးယား *မှာ ဟာသဉာဉ်ရှိတာကို သိတော့သိပေမဲ့ အိမ်ထောင်ပြုပြီးနောက်မှာ ကျွန်တော့်အတွက် ပိုအဖိုးတန်လာတယ်။ သူ့ရဲ့ ဟာသဉာဉ်ကြောင့် အခုဆို ကျွန်တော်တို့ ပြဿနာတွေကို အစိုးရိမ်လွန်တာမျိုးမရှိဘဲ ပိုပြီး မျှမျှတတ မြင်တတ်လာတယ်။”—မာ့ခ်။
စိတ်မကောင်းစရာကတော့ အိမ်ထောင်မှာ မမျှော်လင့်ဘဲ ဖြစ်လာတာတချို့က မနှစ်သက်စရာ ဖြစ်နိုင်တယ်။ ဥပမာ၊
သင်နဲ့ သင့်အိမ်ထောင်ဖက်လောင်းက အချိန်ပြည့်အမှုဆောင်မယ်လို့ ပန်းတိုင်ထားတယ် ဆိုပါစို့။ လက်ထပ်ပြီးနောက် သင့်အိမ်ထောင်ဖက်က ကျန်းမာရေး မကောင်းဖြစ်ပြီး ပန်းတိုင်ထားတဲ့အတိုင်း မဖြစ်နိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ “လူတိုင်းဟာ အဖြစ်ဆိုးတွေနဲ့ ကြုံရတတ်တယ်” လို့ သမ္မာကျမ်းစာမှာ ပြောထားတဲ့အတွက် အဲဒီလို ဖြစ်နိုင်ပါတယ်။ (ဒေ. ၉:၁၁၊ Holy Bible—Easy-to-Read Version) သင့်အိမ်ထောင်ဖက်ရဲ့ အခြေအနေကြောင့်၊ သင်တို့ ပန်းတိုင်ကို မမီနိုင်တော့တဲ့အတွက်ကြောင့် သင် စိတ်ကြေကွဲ၊ စိတ်ပျက်မိမှာဖြစ်တယ်။ ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရတယ်ဆိုရင် အဖြစ်မှန်ကို လက်ခံပြီး ပြုပြင်ပြောင်းလဲရုံသာ ရှိပါတယ်။ သင်ဟာ ပန်းတိုင်တစ်ခုနဲ့မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ သတိရပါ။
အဓိကအချက်– သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်း အိမ်ထောင်ပြုတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ “ဆင်းရဲ” ခက်ခဲမှု ကြုံရမှာဖြစ်တယ်။ (၁ ကောရိန္သု ၇:၂၈) တစ်ခါတလေ အဲဒီဆင်းရဲခက်ခဲမှုဟာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ခံစားရတာဖြစ်တယ်။
မမျှော်လင့်ထားတဲ့အရာအတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ။ သင် အိမ်ထောင်ပြုမယ်ဆိုရင် အချက်နှစ်ချက်ကို လုပ်ဆောင်ဖို့ လိုပါတယ်–
၁။ အရှိကိုအရှိအတိုင်း လက်ခံပါ
သင်နဲ့ သင့်အိမ်ထောင်ဖက်လောင်းက ဘယ်လောက်ပဲ လိုက်ဖက်တယ်လို့ ထင်ရပါစေ ဒါတွေကို မျှော်လင့်ထားသင့်ပါတယ်–
-
အရာအားလုံးကို အမြဲသဘောတူမှာမဟုတ်
-
ဦးစားထားရာတွေ အမြဲတူမှာမဟုတ်
-
လုပ်ဆောင်ချင်တာတွေ အမြဲတူမှာမဟုတ်
-
သမီးရည်းစား စဖြစ်တုန်းက အချစ်လို အမြဲချစ်နိုင်မှာမဟုတ်
အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေတွေဟာ သာမန်ဖြစ်နေကျအရာတွေ ဖြစ်တယ်။ သင်သာ ခွင့်မပြုဘူးဆိုရင် အဲဒါတွေကြောင့် သင့်အိမ်ထောင် မပျက်စီးနိုင်ဘူး။ “မေတ္တာသည် အရာရာကို သည်းခံတတ်၏။” “မေတ္တာသည် အစဉ်တည်၏” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတာကို သတိရပါ။—၁ ကောရိန္သု ၁၃:၄၊ ၇၊ ၈။
သိထားသင့်ရာ– သင့်အိမ်ထောင် ခိုင်မြဲတယ်၊ ပြိုကွဲတယ်ဆိုတာက သင်တို့ ကြုံတွေ့ရတဲ့ ပြဿနာတွေအပေါ် မမူတည်ဘူး၊ အဲဒီပြဿနာကို သင်တို့ ဘယ်လိုဖြေရှင်းသလဲ ဆိုတဲ့အပေါ် မူတည်တယ်။—ကောလောသဲ ၃:၁၃။
၂။ အိမ်ထောင်ကတိသစ္စာကို စိတ်စွဲမှတ်ထားပါ
သင်နဲ့ သင့်အိမ်ထောင်ဖက်က ဘယ်လို အခြေအနေတွေပဲ ကြုံလာရပါစေ အတူလက်တွဲမယ်လို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် မျှော်လင့်မထားဘဲ ဖြစ်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။—မဿဲ ၁၉:၆။
အိမ်ထောင်ကတိသစ္စာက ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ တချို့သူတွေ ဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ ဝန်ထုပ် လုံးဝမဟုတ်ပါဘူး။ အိမ်ထောင်ကတိသစ္စာက သင်တို့ရဲ့ ဆက်ဆံရေးကို တည်ငြိမ်စေတယ်။ မျှော်လင့်မထားတာတွေ ဖြစ်လာရင်တောင် သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ထွက်ပေါက်ရှာမှာ မဟုတ်ဘဲ ဖြေရှင်းဖို့ ကြိုးစားမှာဖြစ်တယ်။
အိမ်ထောင်ကတိသစ္စာကို စိတ်စွဲမှတ်ထားနိုင်ဖို့ဆိုရင် သင်ဟာ အိမ်ထောင်ကို စိတ်ကူးယဉ်ဆန်ဆန် ရှုမြင်မယ့်အစား လက်တွေ့ကျကျ မြင်ဖို့လိုတယ်။ ဘယ်လို ကွာခြားသလဲဆိုတာ သိနိုင်ဖို့ ဖော်ပြထားတဲ့ ကွက်လပ်တွေကို ဖြည့်ကြည့်ပါ။
၁။ ကမ္ဘာပေါ်က ဘယ်ဒေသကိုမဆို အခမဲ့သွားနိုင်တဲ့ လေယာဉ်လက်မှတ်တစ်စောင် ရထားတယ်ဆိုပါစို့။ ဘယ်နေရာကိုသွားဖို့ သင်ရွေးချယ်မလဲ၊ ဘာကြောင့်လဲ။
သွားလိုတဲ့ဒေသ–
အကြောင်းရင်း–
-
ရှုခင်းသာယာ
-
ယဉ်ကျေးမှုကိုနှစ်သက်
-
ရာသီဥတုကိုကြိုက်
-
အပန်းဖြေလို့ကောင်း
-
တခြား
၂။ ဒီအချက်ကို ပြန်မြင်ယောင်ကြည့်ပါ၊ သင်ရထားတဲ့ လေယာဉ်လက်မှတ်က အသွားလက်မှတ်ပဲဖြစ်ပြီး သင်သွားတဲ့နေရာမှာ အမြဲနေရမယ်ဆိုရင်ကော။
အခု သင်ဘယ်နေရာကို သွားဖို့ ရွေးချယ်မလဲ။
-
သွားလိုတဲ့နေရာ–
-
ဒါမှမဟုတ်
ကိုယ်နေတဲ့နေရာမှာပဲ နေချင်တယ်။
ဒီနှစ်ခုကို သင်လုပ်ဆောင်တဲ့အခါ ပထမသွားလိုတဲ့နေရာနဲ့ ဒုတိယသွားလိုတဲ့နေရာက ကွဲနေနိုင်ပါတယ်။ သွားလိုတဲ့နေရာ တူနေခဲ့မယ်ဆိုရင်တောင် ဒုတိယတစ်ခုကို သင်ရွေးချယ်တဲ့အခါ သင့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းက ကွဲနေမှာဖြစ်တယ်။ ကမ်းခြေမှာ အေးအေးလူလူ နားနေသူ၊ တောင်တန်းခရီးစဉ် သွားနေသူ စသဖြင့် အားလပ်ရက်ခရီးသွားနေသူတစ်ယောက်လို စဉ်းစားမယ့်အစား နေ့စဉ်ဘဝအသက်တာရဲ့ အကျိုးကျေးဇူးတွေကော၊ အခက်အခဲတွေပါ ကြုံတွေ့ခံစားရမယ့် အတည်တကျ နေထိုင်သူအဖြစ် သင့်ကိုယ်သင် မြင်ယောင်မိပါလိမ့်မယ်။
အိမ်ထောင်ပြုတာကိုလည်း အဲဒီလိုပဲ သင် စဉ်းစားဖို့လိုတယ်။ အချိန်ကြာလာတာနဲ့အမျှ အခြေအနေတွေ ပြောင်းနိုင်ပါတယ်။ သင်နဲ့ သင်အိမ်ထောင်ဖက်လည်း အလားတူ ပြောင်းလဲနိုင်ပါတယ်။ မမျှော်လင့်ထားတာတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လာတဲ့အခြေအနေကို နည်းမှန်လမ်းကျ ဖြေရှင်းသွားမယ်ဆိုရင် အောင်မြင်ဖို့ အကြောင်းများပါတယ်။
စဉ်းစားစရာအချက်က အခု လောလောဆယ် တစ်ကိုယ်ရေဘဝမှာ မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါ သင် ဘယ်လိုဖြေရှင်းနေသလဲ။
^ အပိုဒ်၊ 15 ဒီဆောင်းပါးမှာပါတဲ့ နာမည်တချို့ကို ပြောင်းထားပါတယ်။
သင့်မိဘတွေကိုမေးကြည့်ပါ
သင့်မိဘတွေ လက်ထပ်ခါစက မျှော်လင့်မထားတဲ့ ဘယ်ကောင်းချီးတွေ၊ ဘယ်အခက်အခဲတွေ ကြုံခဲ့ရသလဲ။ ကျွန်တော်/ကျွန်မသာ လက်ထပ်ခဲ့ရင် မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့အရာတွေအတွက် ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။