လျှို့ဝှက်ဆန်းကြယ်တဲ့အတတ် နောက်ကွယ်မှာ အမှန်တကယ် ဘယ်သူရှိသလဲ
လျှို့ဝှက်ဆန်းကြယ်တဲ့အတတ် နောက်ကွယ်မှာ အမှန်တကယ် ဘယ်သူရှိသလဲ
ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီး ကျမ်းစာက ခုလိုဆိုတယ်– “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ကိုယ်တော်ထံ၌ မှောင်မိုက် လုံးဝမရှိ။” (၁ ယောဟန် ၁:၅) ဘုရားသခင်ဟာ ကောင်းတဲ့အရာအားလုံးရဲ့ရင်းမြစ်ဖြစ်ပြီး မကောင်းတာလုံးဝမလုပ်ဘူးလို့ ဆိုလိုနေခြင်းဖြစ်တယ်။ ဒါဆိုရင် ဆန်းကြယ်တဲ့အတတ်ရဲ့ နောက်ကွယ်ကစွမ်းအားဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်နိုင်မလား။ ဒါမှမဟုတ် ဆိုးညစ်ယုတ်မာတဲ့အင်အားစု ပါဝင်ပတ်သက်နေမလား။
လျှို့ဝှက်ဆန်းကြယ်တဲ့ပညာရပ်တွေထဲမှာ နက္ခတ်ဗေဒင်၊ ကိန်းဂဏန်းဗေဒင်၊ လက္ခဏာဗေဒင်နဲ့ မှော်အတတ်အပြင် လူသေတွေနဲ့ဆက်သွယ်တယ်လို့ပြောတာတွေ၊ ပြုစားတာတွေပါဝင်တဲ့ ဂမ္ဘီရပညာနဲ့ နတ်ဝိဇ္ဇာအတတ်တွေ ထိပ်ဆုံးကပါဝင်တယ်။ ဒီပညာရပ်အများစုက ရှေးခေတ်ဗာဗုလုန်ကစတင်ခဲ့တဲ့အတွက် ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်၊ ဗာဗုလုန်မြို့ရဲ့အပျက်အယွင်းတွေက အီရတ်နိုင်ငံမှာရှိတယ်။ (ဟေရှာယ ၄၇:၁၊ ၁၂၊ ၁၃) လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ပညာဟာ ဗာဗုလုန်ကနေစပြီး ရှေးခေတ်ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့တဲ့အပြင် ယဉ်ကျေးမှုတော်တော်များများနဲ့ လူ့အဖွဲ့အစည်းတွေမှာ နက်ရှိုင်းစွာအမြစ်တွယ်သွားတယ်။
ရှေးခေတ်မက်ဆီဒိုးနီးယားနိုင်ငံ၊ ဖိလိပ္ပိမြို့မှာဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ အဲဒီမှာ တမန်တော်ပေါလုနဲ့ ဆရာဝန်လုကာပါဝင်တဲ့ ခရစ်ယာန်ဓမ္မအမှုဆောင်အုပ်စုငယ်က လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ခဲ့တယ်။ တမန်တော် ၁၆:၁၆-၁၈။
သူ့စွမ်းအားနောက်ကွယ်ကရင်းမြစ်အကြောင်း ကျမ်းရေးသူလုကာ ဘာဖော်ပြခဲ့သလဲဆိုတာ သတိပြုကြည့်ပါ– “ဗေဒင်ဟောနိုင်သောနတ်ဝင်သည် အစေခံမလေးသည် ငါတို့ကို ဆီးကြိုလေ၏။ သူသည် ရှေ့ဖြစ်ဟော၍ မိမိသခင်တို့အတွက် စီးပွားများစွာ ဖြစ်စေတတ်၏။”—မှန်ပါတယ်၊ မိန်းကလေးရဲ့စွမ်းအားတွေက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါဆီကလာတာမဟုတ်ဘဲ ကောင်းကင်တမန်ဆိုးဆီက လာတာဖြစ်တယ်။ ဒါကြောင့် ပေါလုနဲ့အပေါင်းအဖော်တွေက သူ့စကားနားမထောင်ခဲ့ကြဘူး။ သင်အခု ဒီလိုမေးကောင်းမေးမယ်– “ကောင်းကင်တမန်ဆိုးတွေက ဘယ်သူတွေလဲ။ သူတို့ ဘယ်လိုလုပ် ဖြစ်ပေါ်လာသလဲ။” အခုလည်း ကျမ်းစာအဖြေကို ကြည့်ကြရအောင်။
ကောင်းကင်တမန်ဆိုးတွေက ဘယ်သူတွေလဲ
ယေဟောဝါက လူသားတွေကိုမဖန်ဆင်းခင် ကြာမြင့်စွာကတည်းက မရေတွက်နိုင်အောင်များပြားတဲ့ အသိဉာဏ်ရှိ ကောင်းကင်တမန်တွေကို ကောင်းကင်မှာ ဖန်ဆင်းခဲ့တယ်။ (ယောဘ ၃၈:၄၊ ၇) လူသားတွေလိုပဲ သူတို့မှာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး အားလုံးဟာ အချိန်အတော်ကြာ ဘုရားသခင်အပေါ်သစ္စာရှိခဲ့တယ်။ ဒါပေမဲ့ ဒီပျော်စရာကောင်းတဲ့အခြေအနေဟာ ရုတ်တရက်အဆုံးသတ်သွားတယ်။ ဘယ်လိုနည်းနဲ့လဲ။
လူသားတွေကို ဘုရားသခင်ဖန်ဆင်းပြီးတဲ့နောက် ဝိညာဉ်သတ္တဝါတစ်ဦးက သူ မရထိုက်တဲ့အရာကို အငမ်းမရလိုချင်ခဲ့တယ်၊ အဲဒါက ဝတ်ပြုကိုးကွယ်ခံလိုခြင်းပဲ။ ကျွမ်းကျင်သူတစ်ဦးက ရုပ်သေးရုပ် စကားပြောသယောင်ဖန်တီးသလို ဒီဆိုးညစ်တဲ့ကောင်းကင်တမန်က မြွေစကားပြောသယောင်ဖန်တီးပြီး ပထမဆုံးမိန်းမဧဝကို သူ့ဖန်ဆင်းရှင်စကားနားမထောင်အောင် ဖြားယောင်းခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၆) ဒီပုန်ကန်တဲ့ကောင်းကင်တမန်ကို ကျမ်းစာက “စာတန်ခေါ် မူလမြွေ” လို့ခေါ်ဆိုထားတယ်။ (ဗျာ. ၁၂:၉) ယေရှုက သူ့ကို “အမှန်တရား၌ မတည်မနေ” တဲ့ “လူ့အသက်ကို သတ်သောသူ” လို့ဖော်ပြပြီး ဒီလိုထပ်ပြောတယ်– ‘သူသည် မုသာစကားကိုပြောသောအခါ မိမိ၏စိတ်ရင်းအတိုင်းပြောတတ်၏။ အကြောင်းမူကား သူသည် မုသာကောင်ဖြစ်၏။ မုသာ၏အဖလည်းဖြစ်၏။’—ယောဟန် ၈:၄၄။
စစ်မှန်တဲ့ဘုရားသခင်ရဲ့ တခြားကောင်းကင်တမန်တွေလည်း နောက်ပိုင်း စာတန်နဲ့ပူးပေါင်းပြီး ပုန်ကန်ကြတယ်။ (ကမ္ဘာဦး ၆:၁၊ ၂) သူတို့ကိုနောက်ပိုင်းမှာ “ပြစ်မှားသောကောင်းကင်တမန်များ၊” “မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ် (ဒါမှမဟုတ် သူတို့နေရမယ့်နေရာဖြစ်တဲ့ ကောင်းကင်) ကို စွန့်ခွာသည့် ကောင်းကင်တမန်များ” ဆိုပြီးခေါ်ဆိုတယ်။ (၂ ပေတရု ၂:၄; ယုဒ ၆) နောက်ပိုင်းမှာ သူတို့ဟာ ကောင်းကင်တမန်ဆိုးတွေဆိုတဲ့နာမည်ရလာတယ်။ (ယာကုပ် ၂:၁၉) ဒီအပြင် ကျမ်းစာခေတ်က အစ္စရေးလူတွေကိုလုပ်ခဲ့သလို လူများနိုင်သမျှများများကို စစ်မှန်တဲ့ဝတ်ပြုရေးကနေ ဝေးသွားအောင်လုပ်ဖို့ သူတို့ဆုံးဖြတ်ထားကြတယ်။ (တရားဟောရာ ၃၂:၁၆၊ ၁၇) ရှေးခေတ်ကလိုပဲ ယနေ့အချိန်မှာလည်း စာတန်နဲ့သူ့နောက်လိုက်တွေဟာ ဘာသာရေးလိမ်လည်မှုကို ပါးနပ်စွာအသုံးပြုနေတယ်။—၂ ကောရိန္သု ၁၁:၁၄၊ ၁၅။
သင့်ကိုယ်သင် ကာကွယ်ပါ
ကောင်းကင်တမန်ဆိုးတွေဟာ လူတွေထက်တန်ခိုးကြီးပေမဲ့ သူတို့ကို ဘုရားသခင့်အကူအညီနဲ့ “ဆန့်ကျင်” ပြီးအနိုင်ယူနိုင်တယ်။ (၁ ပေတရု ၅:၉) ဒါပေမဲ့ အကူအညီရရှိနိုင်ဖို့ ဘုရားသခင့်တောင်းဆိုရာတွေကိုသင်ယူပြီး ကျင့်သုံးဖို့လိုတယ်။ တမန်တော်ပေါလုက သူ့ခေတ်ကခရစ်ယာန်တွေနဲ့ပတ်သက်ပြီး ခုလိုရေးခဲ့တယ်– “သင်တို့အတွက် မပြတ်ဆုတောင်းပေးပါ၏။ သင်တို့တွင် ဘုရားသခင်ထံမှရသော သိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးရှိ၍ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာ ပြည့်ဝစေရန် တောင်းလျှောက်ပေးပါ၏။ သို့ဖြင့် သင်တို့သည် ယေဟောဝါဘုရားသခင်၏ နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိလျက် ကိုယ်တော်နှင့် ထိုက်တန်စွာ လျှောက်လှမ်းကြလိမ့်မည်။”—ကောလောသဲ ၁:၉၊ ၁၀။
ဒီ “တိကျမှန်ကန်သောအသိပညာ” ရတဲ့သူတွေထဲမှာ မှော်အတတ်လိုက်စားခဲ့တဲ့ ဧဖက်မြို့ကလူအတော်များများလည်းပါတယ်။ အမှန်တရားကိုသိရှိခြင်းက သူတို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။ ကျမ်းစာက ဒီလိုဖော်ပြတယ်– “မှော်အတတ်လိုက်စားသူ အများတို့သည်လည်း မိမိတမန်တော် ၁၉:၁၇-၁၉) ဒီအားရှိစေတဲ့နမူနာဟာ ကျွန်တော်တို့အကျိုးအတွက် ရေးသားထားတာဖြစ်တယ်။—၂ တိမောသေ ၃:၁၆။
တို့စာစောင်များကို ယူလာပြီးလျှင် လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ၏။” စကားမစပ်၊ ဒီစာအုပ်တွေရဲ့တန်ဖိုးက “ငွေအသပြာငါးသောင်း” ရှိတယ်၊ နည်းတဲ့ပမာဏမဟုတ်ဘူး။ (ကာကွယ်ပေးတဲ့မူများ
ကောင်းကင်တမန်ဆိုးတွေရန်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကျွန်တော်တို့ နောက်ထပ်လုပ်နိုင်ရာတွေရှိသေးတယ်။ ဒီကျမ်းစာလမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ပါ။
“ဘုရားသခင်ထံမှလာသည်ဟု ထင်ရသော သတင်းစကားတိုင်းကို မယုံကြနှင့်။ ဘုရားသခင်၏သတင်းစကား ဟုတ်မဟုတ်သိမြင်ခြင်းငှာ စစ်ဆေးကြလော့။” (၁ ယောဟန် ၄:၁) နက္ခတ်ဗေဒင်ဆရာ၊ အကြားအမြင်ရသူ၊ နတ်ကတော်နဲ့ ပယောဂဆရာတွေရဲ့ ဖော်ပြချက်တချို့ဟာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဥပမာ၊ ဖိလိပ္ပိမြို့က နတ်ဝင်သည်မိန်းကလေးက ပေါလုနဲ့ သူ့အပေါင်းအပါတွေအကြောင်း ဒီလိုမှန်ကန်စွာပြောခဲ့တယ်– “ဤသူတို့ကား ကယ်တင်ခြင်းလမ်းကို သင်တို့အား ဟောပြောသော အမြင့်ဆုံးဘုရားသခင်၏ ကျွန်များ ဖြစ်ကြသည်။” (တမန်တော် ၁၆:၁၇) ဒါပေမဲ့ ပေါလုနဲ့အပေါင်းအပါတွေက သူ့ကို အပေါင်းအသင်းဝင်အဖြစ် လက်မခံခဲ့ကြဘူး။ အဲဒီအစား သူ့ထဲက ကောင်းကင်တမန်ဆိုးထွက်သွားဖို့ ပေါလုအမိန့်ပေးခဲ့တယ်။ ဒါကြောင့် ဘာသာတရားတွေကဖော်ပြရာတွေကို ကျမ်းစာပြောရာနဲ့နှိုင်းယှဉ်စစ်ဆေးပါ။—တမန်တော် ၁၇:၁၁။
‘သို့ဖြစ်၍ ဘုရားသခင်ကို လက်အောက်ခံကြလော့။ စာတန်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။’ (ယာကုပ် ၄:၇) ကောင်းကင်တမန်ဆိုးတွေက ဘုရားသခင့်ရန်သူတွေဖြစ်ပြီး သင့်ရန်သူလည်းဖြစ်တယ်။ သူတို့ရဲ့ဆန်းကြယ်တဲ့နည်းတွေကို သိလိုစိတ်တောင် မရှိပါနဲ့။ အဲဒီအစား ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဘုရားသခင့်မေတ္တာပါတောင်းဆိုချက်တွေကို ဂရုပြုလိုက်နာခြင်းဖြင့် ကိုယ်တော့်လက်အောက်ခံပါ။ (၁ ယောဟန် ၅:၃) ဥပမာ၊ ရှေးခေတ်အစ္စရေးလူတွေကို ဘုရားသခင် ဒီလိုပြောတယ်– ‘သင်တို့တွင် ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကိုကြည့်သောသူ၊ မကောင်းသောအတတ်ကိုပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ပြုတတ်သောသူအပေါင်းတို့ကို ယေဟောဝါစက်ဆုပ်ရွံရှာတော်မူ၏။’ (တရားဟောရာ ၁၈:၁၀-၁၂) ဘုရားသခင့်ရှုမြင်ပုံ မပြောင်းလဲပါ။—ဂလာတိ ၅:၁၉၊ ၂၀။
“[ယေဟောဝါရဲ့ကျေးကျွန်တွေကို] ထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။” (တောလည်ရာ ၂၃:၂၃) ဘုရားသခင့်စိတ်တော်နဲ့တွေ့လိုသူအားလုံး ကောင်းကင်တမန်ဆိုးတွေကို ကြောက်စရာမလိုပါ။ တကယ်တော့၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့မဟာတန်ခိုးတော်နဲ့ ဖျက်ဆီးခံရမယ်ဆိုတာသိထားလို့ ကောင်းကင်တမန်ဆိုးတွေဟာ ဘုရားသခင်ရှေ့ “ကြောက်ရွံ့တုန်လှုပ်” နေကြတယ်။ (ယာကုပ် ၂:၁၉) ဘုရားသခင်ဟာ ‘ပြည့်ဝစုံလင်သောနှလုံးရှိသူတို့ဘက်၌ ခိုင်ခံ့စွာနေ’ ပြီး ‘ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေမှာမဟုတ်ဘူး။’—၂ ရာဇဝင်ချုပ် ၁၆:၉; ဆာလံ ၅၅:၂၂။
“အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေ. ၉:၅) သေလွန်သူတွေဟာ အသက်မရှိ၊ မလှုပ်ရှားနိုင်တဲ့သူများသာဖြစ်တယ်လို့ ကျမ်းစာကသွန်သင်တယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်တော့လို့ သူတို့ကိုကြောက်စရာမလိုဘူး။ (ဟေရှာယ ၂၆:၁၄) ကောင်းကင်တမန်ဆိုးတွေက လူတွေကိုလှည့်စားဖို့ လူသေတွေရဲ့ ဝိညာဉ်အဖြစ် ဟန်ဆောင်ကြတယ်၊ ဒီအချက်က ကြင်နာတတ်တဲ့လူတစ်ဦးသေဆုံးသွားတဲ့အခါ သူရဲ့ဝိညာဉ်လို့ဆိုရာက လူတွေသိထားတဲ့ အသက်ရှင်စဉ်ကစရိုက်နဲ့ ဘာကြောင့်မတူတော့တာလည်းဆိုတာကို နားလည်စေနိုင်တယ်။
‘‘ယေဟောဝါဘုရားသခင်၏စားပွဲ’ နှင့် ကောင်းကင်တမန်ဆိုးတို့၏စားပွဲ နှစ်မျိုးလုံးတွင် သင်တို့ မသုံးဆောင်နိုင်ကြ။’ (၁ ကောရိန္သု ၁၀:၂၁၊ ၂၂) လျှို့ဝှက်ဆန်းကြယ်ပညာရပ်တွေကို အခြေခံထားတဲ့ (သို့) ဒါတွေကို ယုံကြည်ဖို့၊ လိုက်စားဖို့ အားပေးတဲ့ စာအုပ်၊ ရုပ်ရှင်နဲ့ ကွန်ပျူတာဂိမ်းတွေကို ယေဟောဝါကိုအမှန်ချစ်မြတ်နိုးသူတွေ ဝေးဝေးရှောင်ကြပါလိမ့်မယ်။ * ‘အဓမ္မအမှုကို မျက်မှောက်မပြုပါ’ လို့ ဆာလံ ၁၀၁:၃ ကဆိုတယ်။ ဒါ့အပြင် ဒီလိုဖျော်ဖြေမှုတွေက ‘ယေဟောဝါဘုရားကိုချစ်သောသူတို့’ ငြင်းပယ်ရမယ့် အကြမ်းဖက်မှုနဲ့ အကျင့်ယိုယွင်းမှုတွေကို ဂုဏ်တင်လေ့ရှိတယ်။—ဆာလံ ၉၇:၁၀။
ကောင်းကင်တမန်ဆိုးတွေဟာ သူတို့ရဲ့ပင်ကိုစရိုက်ကို လူတွေမသိအောင်ဖုံးကွယ်ဖို့ အမြဲကြိုးစားနေတယ်။ ဒါပေမဲ့ သူတို့ အပြည့်အဝ မအောင်မြင်ကြပါ။ ယေဟောဝါက သမ္မာကျမ်းစာအားဖြင့် သူတို့ရဲ့ ဇာတိရုပ်အစစ်ဖြစ်တဲ့ မလိုတမာစိတ်ဖြင့်လိမ်ညာသူ၊ လူသားတွေရဲ့ ရက်စက်တဲ့ရန်သူဆိုတာကို ဖော်ထုတ်ပြတယ်။ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နဲ့ ဘယ်လောက်ကွာခြားလိုက်သလဲ။ ကိုယ်တော်ဟာ ကျွန်တော်တို့ကို ချစ်ကြောင်း၊ အမြဲအမှန်တရားကိုပြောကြောင်းနဲ့ ကျွန်တော်တို့ကိုထာဝစဉ်ပျော်ရွှင်စေချင်ကြောင်း နောက်ဆောင်းပါးမှာတွေ့ရပါလိမ့်မယ်။—ယောဟန် ၃:၁၆; ၁၇:၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 လူတစ်ဦးရဲ့ ဘာသာရေးနောက်ခံ၊ ခရစ်ယာန်ရင့်ကျက်မှုပေါ်မှုတည်ပြီး ကိုယ့်ကိုယ်ကိုယ်သိစိတ် (သို့) အမှားအမှန်ပိုင်းခြားသိစိတ်ရဲ့တုံ့ပြန်ပုံက ကွဲပြားခြားနားပါလိမ့်မယ်။ အရေးကြီးဆုံးက ဘုရားသခင်ရှေ့ ကြည်လင်တဲ့ကိုယ့်ကိုယ်ကိုယ်သိစိတ်ကို ထိန်းသိမ်းထားဖို့နဲ့ မိသားစုဝင်တွေအပါအဝင် တခြားသူတွေရဲ့ကိုယ့်ကိုယ်ကိုယ်သိစိတ်ကို မထိခိုက်စေဖို့ဖြစ်တယ်။ “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်” လို့ ရောမ ၁၄:၁၀၊ ၁၂ မှာဆိုထားတယ်။