ဆက်သွယ်မှု ကွန်ရက်ကမ္ဘာမှာ အထီးကျန်နေခြင်း
ဆက်သွယ်မှု ကွန်ရက်ကမ္ဘာမှာ အထီးကျန်နေခြင်း
ဆဲလ်ဖုန်းခေါ်ဆိုမှု၊ ဖုန်းဖြင့်စာတိုပေးပို့မှု၊ အီးမေးလ်၊ အွန်လိုင်းလူမှုဆက်သွယ်ရေးကွန်ရက်၊ အီလက်ထရွန်းနစ်စကားဝိုင်းစတဲ့ ဆက်သွယ်မှုပစ္စည်းတွေ အရမ်းများပြားလှပြီး အလွယ်တကူရရှိနိုင်တဲ့ အခုလိုအခြေအနေမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ ဒါပေမဲ့ ဆက်သွယ်မှုကွန်ရက်ကမ္ဘာမှာ လူငယ်၊ လူကြီးအတော်များများဟာ အထီးကျန်ဆန်လိုက်တာလို့ ခံစားကြရတယ်။ ဘာကြောင့် အဲဒီလိုခံစားကြရတာလဲ။
သုတေသီ ဂျွန် တီ. ကာချိုပိုနဲ့ ဝီလျံပတ်ထရစ်တို့က သူတို့ရေးတဲ့ အထီးကျန်ခြင်းဆိုင်ရာစာအုပ်တစ်အုပ် (Loneliness—Human Nature and the Need for Social Connection) မှာ အထီးကျန်ခြင်းအကြောင်းကို အသေးစိတ်ဖော်ပြထားတယ်။ “ပိုပြီးတိုက်ရိုက်ကျတဲ့ပုံစံနဲ့ပြောဆိုဆက်သွယ်ရမယ့်နေရာမှာ အင်တာနက်ပိုအသုံးပြုလာခြင်းက စိတ်ကျဝေဒနာနဲ့ တစ်သီးပုဂ္ဂလဖြစ်မှုကို ပိုလို့တောင်ဖြစ်စေနိုင်တယ်” ဆိုတဲ့လေ့လာမှုတစ်ခုကို သူတို့ ရည်ညွှန်းဖော်ပြတယ်။
ခေတ်သစ်လူ့အဖွဲ့အစည်းကြောင့်ဖြစ်ပေါ်လာတဲ့ ဗျာများတဲ့ဘဝက လူသားချင်း နွေးထွေးတဲ့ပြောဆိုဆက်ဆံမှုကို မရှိသလောက်ဖြစ်စေတယ်။ လူတစ်ဦးရဲ့မျက်ဝန်းထဲက ပီတိအပြုံးနဲ့ ချစ်ခင်ကြင်နာမှုတွေကို ဖုန်း ဒါမှမဟုတ် ကွန်ပျူတာဖန်သားပြင်က စာတိုလေးမှတစ်ဆင့် ဖော်ပြနိုင်လေ့မရှိပါ။
အထက်ဖော်ပြပါအချက်တွေဟာ လုပ်ငန်းခွင်မှာ မှန်ကန်နိုင်တဲ့အပြင် မိသားစုအသိုင်းအဝန်းမှာဆိုရင် ပိုလို့တောင် မှန်ကန်ပါတယ်။ အိမ်ထောင်စုအတော်များများမှာ မိသားစုဝင်တွေဟာ ထမင်းအတူတူစားတာ ဒါမှမဟုတ် စကားစမြည်ပြောဆိုတာတွေမရှိဘဲ ရောက်လာလိုက် ပြန်ထွက်သွားလိုက်ဖြစ်နေကြတယ်။ ဆယ်ကျော်သက်လူငယ်တွေဟာ ကိုယ်ပိုင်ကွန်ပျူတာတွေရှိလာကြပြီး ကျန်မိသားစုဝင်တွေနဲ့ ပြောဆိုဆက်သွယ်မှုမရှိသလောက်ဖြစ်လာကြတယ်။ သူတို့မှာ အီလက်ထရွန်နစ်ဆက်သွယ်ရေးပစ္စည်းတွေရှိပေမဲ့ လူငယ်အတော်များများဟာ အထီးကျန်တယ်လို့ ခံစားနေကြတာ အံ့ဩစရာပဲ။
ယနေ့အချိန်မှာ အထီးကျန်တယ်ဆိုတဲ့ခံစားချက်က အိမ်ထောင်ရေးနှောင်ကြိုးကိုတောင် ခြိမ်းခြောက်နိုင်တယ်။ အိမ်ထောင်ဖက်တွေကြားမှာ ပြောဆိုဆက်သွယ်မှုကင်းမဲ့ခြင်းက အနေနီးနေပေမဲ့ ကမ္ဘာခြားသလိုခံစားရတဲ့အခြေအနေကို ဖြစ်ပေါ်စေနိုင်တယ်။ အိမ်ထောင်ဖက်တစ်ဦးနဲ့အတူနေရစဉ်မှာ အထီးကျန်တယ်လို့ခံစားရခြင်းဟာ ခံရအခက်ဆုံးဝေဒနာတွေထဲက တစ်ခုဖြစ်တယ်။
အထူးသဖြင့် ကြင်ဖော်မဲ့မိဘတွေဟာ အထီးကျန်တယ်ဆိုတဲ့ခံစားချက်ကို ရင်ဆိုင်ရနိုင်တယ်။ တခြားအရာများစွာရှိတဲ့ထဲက ဆက်သွယ်မှုကွန်ရက်ကမ္ဘာမှာရှိတဲ့ ပစ္စည်းကိရိယာတွေက မိဘနဲ့ကလေးတွေကြား အပြန်အလှန်ပြောဆိုဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်ပြီး အထီးကျန်တယ်ဆိုတဲ့ခံစားချက်ကို တိုးများစေနိုင်တယ်။ ဒါ့အပြင် ကြင်ဖော်မဲ့မိဘအတော်များများဟာ လက်တွဲဖော်ကို လိုချင်တမ်းတကြပေမဲ့လည်း သူတို့ရဲ့စိတ်လှုပ်ရှားမှုပိုင်းလိုအပ်ချက်တွေ မပြည့်စုံနိုင်ဘဲ ဖြစ်နေတတ်တယ်။
အထီးကျန်မှုက အရက်စွဲခြင်း၊ စားကြူးခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ လူတကာနဲ့လိင်ဆက်ဆံတတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းအထိ ဖြစ်စေနိုင်တဲ့ စိုးရိမ်ရတဲ့လူမှုရေးပြဿနာတစ်ခုဖြစ်လာနေတယ်။ ဒါကြောင့် အထီးကျန်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ခွဲခြားသိမြင်ဖို့ အရေးကြီးတယ်။ ဒီဦးဆုံးလုပ်ဆောင်မှုက ပြဿနာကိုရင်ဆိုင်ဖြေရှင်းရာမှာ အောင်မြင်စေနိုင်ပါတယ်။