မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့အကြောင်း အခြားသူတို့ ပြောဆိုရာများ

သူတို့အကြောင်း အခြားသူတို့ ပြောဆိုရာများ

ပြင်သစ် “ယေဟောဝါသက်သေတွေဟာ နိုင်ငံ့ဥပဒေကို လေးစားတဲ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ . . . သူတို့ဟာ အနှောင့်အယှက် လိုက်ပေးနေတဲ့သူတွေ မဟုတ်ဘူး။ သူတို့က အလုပ်လုပ်ကြတယ်၊ အခွန်ပေးကြတယ်၊ ဒီလိုနည်းနဲ့ စီးပွားရေး တိုးတက်မှုမှာ ပါ၀င်ပြီး ပေးကမ်းလှူဒါန်းကြတယ်။ လူမျိုးစုအမျိုးမျိုး ငြိမ်သက်အေးချမ်းစွာ အတူတကွ စည်းဝေးနေတာကို မြင်ရတာ စိတ်ကြည်နူးစရာပဲ။ လူတိုင်းသာ ယေဟောဝါသက်သေတွေ ဖြစ်ကြမယ်ဆိုရင် ကျွန်တော်တို့ ရဲသားတွေ အလုပ်ရှိတော့မှာ မဟုတ်ဘူး။”—ပြင်သစ်ရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ။

ယူကရိန်း “ယေဟောဝါသက်သေတွေဟာ သူတို့ကလေးတွေကို မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ စွဲမှတ်အောင် သင်ပေးကြတယ်။ ကလေးများကိုယ်တိုင်နဲ့ အခြားသူတွေကိုပါ ထိခိုက်စေတဲ့ အကျင့်အကြံ၊ အပြုအမူနဲ့ သဘောထားတွေဟာ ယနေ့ကမ္ဘာမှာ သာမန်လို့ ယူမှတ်ကြပေမဲ့လည်း ဒါတွေကို ရှောင်ဖို့ သူတို့ကလေးတွေကို သင်ပေးကြတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး၊ ဆေးလိပ်နဲ့ အရက် အလွဲသုံးခြင်းရဲ့ အန္တရာယ်အကြောင်း သတိပေးထားကြတယ်။ ရိုးသားခြင်းနဲ့ အလုပ်ကြိုးစားခြင်းရဲ့ အရေးကြီးမှုကို သူတို့ အသိအမှတ် ပြုကြတယ်။ . . . ယေဟောဝါသက်သေတွေက လူ့ကျင့်၀တ်တွေ၊ အာဏာပိုင်တွေ၊ တခြားသူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်ရာပစ္စည်းတွေကို လေးစားတန်ဖိုးထားဖို့၊ နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ သူတို့ကလေးတွေကို သင်ပေးကြတယ်။”—ပရောဖက်ဆာ ပက်ထရို ရာရိုရှီ တည်းဖြတ်သော စာအုပ်တစ်အုပ် (The History of Religion in Ukraine)။

အီတလီ “အိုလံပစ် အားကစားကွင်းမှာ လူသုံးသောင်းလောက်က တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြတယ်။ အမှိုက်သရိုက် မရှိဘူး၊ ဆူညံအော်ဟစ်သံလည်း မရှိဘူး။ ဒါက မနေ့က တွေ့ရတဲ့ အိုလံပစ်အားကစားရုံရဲ့ မြင်ကွင်းဖြစ်တယ်။ . . . မသင့်တော်တဲ့ အမူအရာတွေ မတွေ့ရဘူး၊ စီးကရက်လည်း မရှိဘူး၊ အရက်ယမကာ ဗူးခွံတွေလည်း မရှိဘူး။ ကျမ်းစာ ဖွင့်နေတာ၊ လူတွေ မှတ်စုလိုက်ယူနေတာ၊ ကလေးတွေ ငြိမ်သက်စွာ ထိုင်နေတာကိုပဲ တွေ့ရတယ်။”—ရောမရှိ ယေဟောဝါသက်သေများ၏ စည်းဝေးကြီးတစ်ခုအကြောင်း ဖော်ပြထားသော သတင်းစာတစ်စောင် (L’Unità)။

“ယေဟောဝါသက်သေတွေက လူ့ကျင့်၀တ်တွေ၊ . . . နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ သူတို့ကလေးတွေကို သင်ပေးကြ”

ဗြိတိန် “ချယ်တမ်ဟန်မြို့ရှိ ခရစ်ယာန်ဂိုဏ်းထောက်က [အင်္ဂလီကန်] တွင် ယေဟောဝါသက်သေများကဲ့သို့ ပြုမူနေထိုင်သော ဆက်ကပ်အပ်နှံထားသူများ လိုအပ်သည်ဟု ဆိုခဲ့သည်။”— ခရစ်ယာန်ဘုန်းတော်ကြီး အုပ်ချုပ်သော ဂလိုဆက်တာမှ စာစောင်တစ်စောင် (The Gazette)။

နယ်သာလန် လာဗာဒါမြို့ရှိ နိုင်ငံတော်ခန်းမ ဝန်းကျင်မှ အိမ်နီးချင်းများက သက်သေခံများကို ဤသို့ဖော်ပြထားသော စာတစ်စောင် ပေးခဲ့သည်–“နောဒါဗက် [နောဒါလမ်း] ရဲ့ အသွင်အပြင်ပေါ် သင်တို့ရဲ့ ကောင်းတဲ့သြဇာလွမ်းမိုးမှုအတွက် သင်တို့ကို ချီးကျူးလိုပါတယ်။ သင်တို့ အသင်းသားတွေက အမြဲပဲ ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ကြပြီး အမူအကျင့်တွေကလည်း အရမ်းကောင်းတယ်။ ကလေးတွေကလည်း လိမ္မာယဉ်ကျေးကြပြီး လူကြီးတွေကလည်း သူတို့ရဲ့ကားတွေကို စည်းမဲ့ကမ်းမဲ့ ရပ်ထားတာမျိုး လုံးဝမရှိဘူး၊ လမ်းပေါ် အမှိုက်ပစ်တာမျိုး မရှိသလို ၀တ်ပြုရာခန်းမ၀န်းကျင်ကလည်း အမြဲ သပ်ရပ်သန့်ရှင်းနေတယ်။ သင်တို့ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေအဖြစ် နှစ်ပေါင်းများစွာ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်၊ သင်တို့ရှိနေတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။”

မက္ကဆီကို “မုဒိမ်းမှု၊ မိသားစုတွင်း မတော်မတရားပြုမှု၊ အရက်စွဲခြင်းနှင့် မူးယစ်ဆေးစွဲခြင်းကဲ့သို့သော စိုးရိမ်ဖွယ် မိသားစုအခြေအနေတွေကို အပြင်းအထန် ခံစား” နေရတဲ့သူတွေကို ယေဟောဝါသက်သေတွေက ကူညီပေးကြတယ် ဆိုပြီး မနုဿဗေဒနှင့် သမိုင်းဆိုင်ရာ အမျိုးသားကောလိပ် (National School of Anthropology and History) မှ ပါမောက္ခနှင့် သုတေသီတစ်ဦးဖြစ်သူ အယ်လ်ယို မက်စ်ဖာရာက ပြောသည်။ သူဒီလိုဆက်ပြောတယ်– သက်သေခံတွေရဲ့ သွန်သင်ချက်က “ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားနေရသူတွေကို ဂုဏ်တင်ပေးပြီး ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေတဲ့အရာတွေ ပြုလုပ်ခြင်းဖြင့် ပြဿနာကြီးတွေ မဖြစ်စေဘဲ” အသက်ရှင်နိုင်ဖို့အတွက် ကူညီပေးတယ်။—သတင်းစာတစ်စောင် (Excélsior)။

“. . . လူမျိုးစုအမျိုးမျိုး ငြိမ်သက်အေးချမ်းစွာ အတူတကွစည်းဝေး နေကြ . . .”

ဘရာဇီး သတင်းစာတစ်စောင်က ဤသို့ဖော်ပြသည်– “ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်းဟာ တကယ့်ကို ထူးခြားတယ်။ သူတို့စုဝေးတဲ့နေရာတွေက အမြဲတမ်းသန့်ရှင်းတယ်။ အရာအားလုံးကို စနစ်တကျ စီစဉ်ဖွဲ့စည်းထားတယ်။ . . . သူတို့ရဲ့ စုဝေးမှုတွေ ပြီးသွားပြီဆိုရင် အသုံးပြုတဲ့နေရာတွေက နဂိုကထက် ပိုသန့်ရှင်းသွားတယ်။ ဟောပြောနေချိန်မှာ လုံး၀ကို တိတ်ဆိတ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်တာမျိုးလည်း မရှိကြဘူး။ အားလုံးက အမူအကျင့်ကောင်းကြတယ်။ . . . တကယ့်ကို စနစ်ကျတဲ့ဘာသာ ဖြစ်တယ်။ ဘုရားသခင်ကို ၀တ်ပြုခြင်းက ဘာအဓိပ္ပာယ်လဲဆိုတာ သူတို့ သိထားကြတယ်။”—Comércio da Franca.

ဖန်ဆင်းရှင် ယေဟောဝါဟာ မိမိရဲ့ ဖန်ဆင်းခံလူသားတွေ လိုက်နာနေထိုင်သင့်တဲ့ မူတွေကို ဘယ်သူထက်မဆို ပိုသိကြောင်း ယေဟောဝါသက်သေတွေ အခိုင်အမာ ယုံကြည်ထားကြတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါ့ကြောင့် သက်သေခံတွေဟာ သူတို့ရဲ့အမူအကျင့်ကြောင့် တခြားသူတွေ အပြုသဘောဆောင်သည့် မှတ်ချက်တွေ ပေးလာတဲ့အခါ အဲဒီအတွက် ကိုယ်တော့်ကို ဂုဏ်တင်ကြတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့၏ ကောင်းသောအကျင့်များကို သူတစ်ပါးတို့သည် မြင်၍ ကောင်းကင်ဘုံရှိ သင်တို့အဖ၏ ဘုန်းတော်ကို ချီးမွမ်းစေရန် သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့။”—မဿဲ ၅:၁၆