မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

“ရုရှားနိုင်ငံတစ်ဝန်း ပြတိုက်များတွင် ပြသ ထားသောပစ္စည်းပေါင်း ၁၆၀,၀၀၀ ခန့်ပျောက်ဆုံး နေသည်။”—RIA NOVOSTI ရုရှား။

“နာဆာ၏ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သော ဖီးနစ်အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏တိမ်တိုက်များမှ ဆီးနှင်းများကျဆင်းနေသည်ကို တွေ့ ရှိခဲ့သည်။”—“NASA MISSION NEWS” အမေရိကန်။

“ဂရိနိုင်ငံ၏ လမ်းမများပေါ်တွင် အသက်ဆုံးရှုံးသော ယာဉ်မောင်းနှင့်ခရီးသည် ၆၅ ရာခိုင်နှုန်းသည် ထိုင်ခုံခါးပတ်များမပတ်ထား သို့မဟုတ် ဆိုင်ကယ်စီး ဦးထုပ်များ မဆောင်းထားကြချေ။”—EIKONES ဂရိ။

ခရီးဆောင်အိတ်များ ပျောက်ဆုံးနေ

လူတို့သည် လေကြောင်းဖြင့် ခရီးသွားသည့်အခါ ၎င်းတို့၏ခရီးဆောင်အိတ်များ ပျောက်ဆုံးလေ့ရှိ၏။ ၂၀၀၇ ခုနှစ်တွင် “အိတ်ပေါင်း ၄၂ သန်းပျောက်ဆုံးခဲ့ပြီး ၂၀၀၆ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း ပိုများသည်” ဟု ပြင်သစ်သတင်းစာတစ်စောင် (International Herald Tribune) ကသတင်းပို့သည်။ ပျောက်ဆုံးသွားသော အိတ်အများစုကို ၎င်းတို့၏ပိုင်ရှင်များထံ ၄၈ နာရီအတွင်း ပြန်ပို့ပေးနိုင်သော်လည်း ၃ ရာခိုင်နှုန်းဖြစ်သော “ခရီးသည် ၂,၀၀၀ လျှင် အိတ်တစ်လုံးမှာ ပြန်ရှာမတွေ့တော့ချေ။” ၂၀၀၇ ခုနှစ်တွင် လေကြောင်းကုမ္ပဏီများသည် ခရီးဆောင်အိတ်များ ပျောက်ဆုံးမှုကြောင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ဆုံးရှုံးခဲ့သည်။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများထဲတွင် “ခရီးသည်အရေအတွက် တိုးများလာခြင်းကြောင့် လူကျပ်ခြင်း၊ လေယာဉ်ခေါက်ပြန်ခရီးစဉ်ကျပ်ခြင်း၊ ခရီးဆောင်အိတ်များကို မှားယွင်းစွာစီမံခန့်ခွဲခြင်းနှင့် ပိုင်ရှင်အမည်များတပ်ရာတွင် လွဲမှားခြင်းတို့ကြောင့်ဖြစ်သည်။

လက်မထပ်ဘဲအတူနေထိုင်သော ကက်သလစ်များ

လူတို့သည် မည်သည့်ဘာသာဝင်များပင်ဖြစ်ပါစေ ဘာသာတရားသည် ၎င်းတို့၏ဘဝအသက်တာအပေါ် အကျိုးသက်ရောက်မှု လျော့နည်းလာသည်ဟု ပြင်သစ်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ဖော်ပြခဲ့ကြောင်း ပြင်သစ်သတင်းစာတစ်စောင် (Population & Sociétés) ကဆိုသည်။ ဥပမာ၊ ပြင်သစ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၂၄ နှစ်ကြား လူငယ် ၈၈ ရာခိုင်နှုန်းခန့်သည် ကက်သလစ်ဘာသာဝင်များဖြစ်သည်ဟု ပြောကြသော်လည်း ယင်းတို့ထဲမှ ၈၀ ရာခိုင်နှုန်းမှာ မင်္ဂလာဆောင်များ၊ နှစ်ခြင်းမင်္ဂလာများ သို့မဟုတ် ဈာပနအခမ်းအနားများမှလွဲ၍ ချာ့ခ်ျသို့ မသွားကြပါ။ အဆက်ဆက်ခံယူကျင့်သုံးလာသော ကိုယ်ကျင့်တရားစံနှုန်းများ ကျဆင်းလာမှုသည် မိသားစုဘဝတွင် ပေါ်လွင်ထင်ရှားသည်။ လွန်ခဲ့သော အနှစ်လေးဆယ်က စုံတွဲ ၁၀ တွဲလျှင် ၁ တွဲမှာ လက်မထပ်မီအတူနေထိုင်ခဲ့ကြသည်။ ယနေ့တွင် ၁၀ တွဲလျှင် ၉ တွဲဖြစ်သည်။ “ချာ့ခ်ျပုံမှန်တက်သူ ကက်သလစ်အများစုတွင် ၇၅ ရာခိုင်နှုန်းမှာ လက်မထပ်မီအတူနေထိုင်ခဲ့ကြ” ကြောင်း လေ့လာမှုကဖော်ပြသည်။

အိန္ဒိယလယ်သမားများကြားတွင် ကိုယ့်ကိုကိုယ်သတ်သေခြင်း ပျံ့နှံ့နေ

အိန္ဒိယနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစ၍ နှစ်စဉ် လယ်သမား ၁၇,၀၀၀ ကျော်သည် များသောအားဖြင့် ပိုးသတ်ဆေးများစားကာ ကိုယ့်ကိုကိုယ်သတ်သေခဲ့ကြသည်ဟု အွန်လိုင်းသတင်းစာတစ်စောင် (The Hindu) ကဆိုသည်။ လယ်သမားများကြုံတွေ့ရသည့် အခက်အခဲများထဲတွင် မိုးခေါင်ခြင်း၊ ကောက်ပဲသီးနှံ ဈေးနှုန်းကျဆင်းခြင်း၊ စိုက်ပျိုးစရိတ် တိုးများလာခြင်းနှင့် ဘဏ်ချေးငွေထုတ်ယူရာတွင် ခက်ခဲခြင်းတို့ပါဝင်သည်။ ရလဒ်အနေနှင့် လယ်သမားများစွာသည် အလွန့်အလွန်မြင့်မားသော အတိုးနှုန်းဖြင့် ငွေတိုးချသူများထံ ဦးလှည့်သွားကြကာ ငွေချေးယူသူများမှာ အကြွေးနွံနစ်သည့်ဘဝသို့ ရောက်သွားကြသည်။ အချို့သောလယ်သမားများသည် ကြွေးမြီများကို ကာမိစေရန် ၎င်းတို့၏ကိုယ်အင်္ဂါများကိုပင် ရောင်းစားကြရသည်။ သို့သော်၊ ယင်းသို့ပြုခြင်းက အရာမရောက်သောအခါ သို့မဟုတ် ဘယ်အရာမှ အောင်မြင်ပုံမပေါက်သောအခါ ထောင်နှင့်ချီသောသူတို့သည် တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည့် ကိုယ့်ကိုကိုယ်သတ်သေခြင်းဘက်သို့ ဦးလှည့်သွားကြသည်။

နိုင်းလ်မြစ်မှမိကျောင်းများ ဥထဲတွင်ပင် ဆက်သွယ်ကြ

“မိကျောင်းပေါက်များသည် ဥထဲ၌ရှိနေစဉ်တွင်ပင် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်” ပြီး တစ်ပြိုင်တည်း ဥမှပေါက်လာကြသည်ဟု လန်ဒန်မှသတင်းစာတစ်စောင် (The Times) ကဆိုသည်။ နိုင်းလ်မြစ်မိကျောင်းသားပေါက်များ ဥထဲတွင်ရှိစဉ် အော်မြည်သံများကို အသံသွင်းထားလိုက်သည်။ ထို့နောက် ယင်းအော်မြည်သံကို မိကျောင်းဥ အစုအဝေးတစ်ခုကို ဖွင့်ပြခဲ့သည်။ ယင်းအော်မြည်သံကို မကြားသော ဥထဲမှသားပေါက်များထက် အော်မြည်သံကြားသော သားပေါက်များသည် တုံ့ပြန်သည့်အနေနှင့် ၎င်းတို့၏ဥများကို မကြာခဏလှုပ်ရှားကြသည်။ “ဥထဲက တခြားမိကျောင်းပေါက်တွေရဲ့ အော်မြည်သံကိုကြားတဲ့သားပေါက်တွေဟာ ဆယ်မိနစ်အတွင်းမှာ တစ်ကောင်ပြီးတစ်ကောင် တစ်ပြိုင်တည်း ဥထဲကနေ ပေါက်လာကြတယ်” ဟု မှတ်တမ်းကဆိုသည်။ တိတ်ဆိတ်သည့်နေရာတွင်ထားသော ဥများ သို့မဟုတ် ကြုံရာအသံများကို ကြားသောဥများသည် ဥထဲမှ ပြိုင်တူမပေါက်လာကြပါ။