မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြာစာပေတွေကို ငါဘယ်လို ရှောင်နိုင်မလဲ

အပြာစာပေတွေကို ငါဘယ်လို ရှောင်နိုင်မလဲ

လူငယ်များ​အမေး . . .

အ​ပြာ​စာပေ​တွေ​ကို ငါ​ဘယ်လို ရှောင်နိုင်​မလဲ

“ကျောင်း​က ကောင်လေး​တစ်ယောက်​ဟာ သူ့​ကျောင်း ဗီရို​တံခါး​အတွင်းပိုင်း​မှာ မိန်းကလေး​တစ်ယောက်​ရဲ့ ဝတ်​လ​စ်​စ​လ​စ်​ပုံ​ကို ကပ်​ထား​တယ်။ သူ့​ဗီရို​နဲ့ ကျွန်တော့်​ဗီရို​က သိပ်​မ​ဝေး​ဘူး။”—ရောဘတ်။ *

“ကျောင်း​သင်ခန်းစာ​တင်ဆက်မှု​အတွက် အင်တာနက်မှာ ရှာဖွေ​လေ့လာ​နေရင်း ကျွန်မ အ​ပြာ​စာပေ​ဝက်ဘ်ဆိုက် တစ်ခု​ကို ရုတ်တရက် တွေ့​သွားတယ်။”—အဲ​န်​နက်။

သင့်​မိဘများ သင့်​အသက်အရွယ်​ရှိ​စဉ်​က အ​ပြာ​စာပေ​ကြည့်ရှု​လို​သူများ​သည် ယင်းကို လိုက်ရှာ​ရ၏။ ယခု​ခေတ်တွင်​မူ အ​ပြာ​စာပေ​များ​က သင့်ကို လိုက်ရှာ​နေ​ပုံ​ရသည်။ အထက်တွင် ဖော်ပြ​ခဲ့​သော ရောဘတ်​ကဲ့သို့​ပင် သင့်​ကျောင်းနေ​ဖက်​တွင်ရှိသော ယင်း​ရုပ်ပုံကို သင် အမှတ်တမဲ့​တွေ့ရှိ​ခဲ့​ပေမည်။ သို့​မဟုတ်၊ အဲ​န်​နက်​ကဲ့သို့​ပင် ယင်းကို အွန်လိုင်း​တွင် အမှတ်တမဲ့​တွေ့ရှိ​နိုင်​သည်။ “တစ်ခါ​တ​လေ အင်တာနက်မှာ တခြား​ဆိုက်​တွေ​ကို​ဖွင့်​ကြည့်​တဲ့​အခါ ဒါမှ​မဟုတ် အင်တာနက်​ကနေ ဈေးဝယ်​တဲ့​အခါ ဒါမှ​မဟုတ် ဘဏ်​စာရင်း​စစ်ဆေး​တဲ့​အခါ​တွေ​မှာ အ​ပြာပုံ​တွေ ရုတ်တရက်​ကြီး​ပေါ်လာ​တယ်” ဟု အသက် ၁၉ နှစ်​ရှိ မိန်းကလေး​တစ်ဦး​က​ဆို​၏။ *

ယင်း​တို့သည် ထူးဆန်းသော​အရာများ​မဟုတ်ပေ။ လေ့လာမှု​တစ်ခု​တွင် အသက် ၈ နှစ်​မှ ၁၆ နှစ်အရွယ်​ရှိ လူငယ် ၉၀ ရာခိုင်နှုန်း​သည် အများအားဖြင့် မိမိတို့ အိမ်စာ​ပြုလုပ်​စဉ်​တွင် အွန်လိုင်း​၌ အ​ပြာ​စာပေ​များ​ကို အမှတ်မထင်​တွေ့ရှိ​ကြသည်​ဟု ပြော​ခဲ့​၏။ အမှန်​မှာ သန်းနှင့်ချီ​သော ဝက်ဘ်ဆိုက်​များ​တွင် လိင်​အကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြ​ထား​သည့်​စာမျက်နှာ​များ၊ အ​ပြာ​စာပေ​များ သန်း​ရာ​နှင့်​ချီ​ပါဝင်​ပြီး ယင်း​တို့ကို ယခင်​က​ထက်​ပို​၍ အလွယ်တကူ​ရရှိနိုင်​သည်။ ယင်း​တို့ကို ဆဲလ်ဖုန်း​မှ​ပင် ရရှိနိုင်​သည်။ အသက် ၁၆ နှစ်​ရှိ ဒင်း​နစ်​က ဤသို့​ပြောပြ​သည်– “ကျွန်မ​ရဲ့​ကျောင်း​မှာ​ဆိုရင် အဲဒါ​က အရမ်း​ရေပန်းစား​တယ်။ တနင်္လာ​နေ့မှာ​ဆိုရင် ‘စ​နေ၊ တနင်္ဂနွေ​နေ့​တွေ​တုန်း​က နင့်​ဆဲလ်ဖုန်း​ထဲ​ကို ဘာ​ပုံ​တွေ ကူး​ထည့်​ခဲ့​သေး​သလဲ’ ဆိုတာ​တွေ​ချည်း​ပဲ ပြော​နေ​ပုံ​ရတယ်။”

အ​ပြာ​စာပေ​များ​ကို လူအများစု ကြည့်ရှု​နေသည်​ကို သိရ​ခြင်း​ကြောင့် ‘အဲဒါ​တကယ်ပဲ အန္တရာယ်​ရှိသလား’ ဟု​သင်​စဉ်းစားမိ​ပေမည်။ အကြောင်းရင်း​များစွာ​ကြောင့် အဖြေ​မှာ အန္တရာယ်​ရှိပါ​သည်​ဟူ၍​ဖြစ်၏။ ယင်း​တို့​အထဲ​မှ အကြောင်းရင်း​သုံးခုကို​သာ သုံးသပ်ကြည့်​ပါ–

အ​ပြာ​စာပေ​များသည် ထုတ်လုပ်သူ​ကို​ရော ကြည့်ရှု​သူကို​ပါ ယုတ်ညံ့​သိ​မ်ဖျင်း​စေ​သည်။—၁ သက်သာလောနိတ် ၄:၃-၅

▪ အ​ပြာ​စာပေ​များ​ကို စိတ်ဝင်စားခြင်း​သည် လိင်​နှင့်​ပတ်သက်သော​အရာများ​ကို မတော်တရော်​စွဲလမ်း​သည့် နောဧခေတ်​မှ ကောင်းကင်တမန်​ဆိုး​များနှင့် တူ​၏။—ကမ္ဘာဦး ၆:၂; ယုဒ ၆၊ ၇

အ​ပြာ​စာပေ​များ​ကို ကြည့်ရှု​ခြင်း​သည် လိင်ဆိုင်ရာ​အပြစ်​များ​ကို ကျူးလွန်​ခြင်း​၏ လမ်းစ​ဖြစ်လေ့​ရှိသည်။—ယာကုပ် ၁:၁၄၊ ၁၅

အ​ပြာ​စာပေ​များ​၏​ထောင်ချောက်​တွင် ကျော့မိ​သူတို့သည် စိတ်ပျက်ဖွယ်​ဆိုးကျိုး​များ​ကို ခံစားရ​၏။ ဥပမာ​နှစ်ခု​ကို​သာ သုံးသပ်ကြည့်​ပါ–

“ကျွန်မ​ငယ်ငယ်​လေး​ထဲ​က အ​ပြာ​စာပေ​တွေ​ကို ကြည့်ရှု​ခဲ့​ပြီး အဲဒီ​အကျင့်ကို ဖျောက်​ဖို့ အတော်​ကြီး ကြိုးစား​ခဲ့​ရတယ်။ နှစ်​အတော်ကြာ​ခဲ့ပြီ​ဖြစ်​ပေမဲ့ အဲဒီ​ပုံရိပ်​တွေ​က ကျွန်မ​စိတ်​ထဲမှာ အရမ်း​ကို​စွဲထင်​နေတုန်းပဲ။ အဲဒီ​အတွေး​တွေ​က မသိမသာ​ပြန်​ပြန်​ပေါ်လာ​လို့ စိတ်​မ​သန့်​ဘူးလို့ ခံစား​ရတယ်။ အ​ပြာ​စာပေ​တွေ​က သင့်ရဲ့ ကိုယ့်​ကိုယ်ကို တန်ဖိုး​ထား​စိတ်​ကို ပျောက်ဆုံး​စေပြီး ညစ်ညမ်း​တယ်၊ ယုတ်ညံ့​တယ်​ဆို​တဲ့ ခံစားချက်​တွေ​ဝင်​စေနိုင်​တယ်။ အဲဒါ​က သင့်ကို အမြဲ​ဖိစီး​နေတယ်။”—အယ်​ရ​စ်​ကာ။

“အ​ပြာ​စာပေ​တွေ​ကို ကျွန်တော် ၁၀ နှစ်​ကြာ​စွဲလမ်း​ခဲ့​ပြီး အဲဒါတွေကို ဖြတ်လိုက်​တာ ၁၄ နှစ်​ရှိပြီ။ အခုထိ ကြည့်​ချင်စိတ်​ကို နေ့တိုင်း ကြိုးစား​ချိုးနှိမ်​နေရ​တုန်း​ပဲ။ အဲဒီ​စိတ်​ကို အတော်လေး ချိုးနှိမ်​နိုင်​ခဲ့​ပေမဲ့ အခုထိ​ရှိနေသေး​တယ်။ စပ်စု​ချင်စိတ် ရှိနေတုန်းပဲ။ အဲဒီ​ပုံရိပ်​တွေ​က စိတ်ထဲ​မှာ​စွဲ​နေ​သေး​တယ်။ ဒီ​ယုတ်ညံ့တဲ့​အရာ​တွေ​ကို အစ​က မကြည့်​ခဲ့​မိရင် အကောင်း​သားလို့​တွေးမိ​တယ်။ အစပိုင်း​မှာ​တော့ အဲဒါ​က အန္တရာယ်​မရှိဘူးလို့ ထင်​ခဲ့​တယ်။ အခုတော့ အန္တရာယ်​ရှိတယ်ဆိုတာ သဘောပေါက်​လာပြီ။ အ​ပြာ​စာပေ​တွေ​က လူကို​ထိခိုက်​စေပြီး အကျင့်​ယိုယွင်း​စေတယ်။ ကြည့်​သူကို​ရော၊ ပြုလုပ်​သူကို​ပါ ယုတ်ညံ့​သိ​မ်ဖျင်း​စေတယ်။ ထောက်ခံသူ​တွေ​က ဘယ်လိုပဲ​ပြောပြော အ​ပြာ​စာပေ​တွေ​က နည်းနည်းမှ ကောင်းကျိုး​မပေးဘူး။”—ဂျက်ဖ်။

ဝေဖန်​ဆန်းစစ်ခြင်း

အ​ပြာ​စာပေ​များ​ကို မတော်တဆ​ပင် မကြည့်မိအောင် မည်သို့ ရှောင်နိုင်​သနည်း။ ဦးစွာ အခြေအနေ​ကို ဆန်းစစ်​ပါ။

သင်သည် အ​ပြာ​စာပေ​များ​ကို အကြိမ်​မည်မျှ အမှတ်မထင်​တွေ့​မိ​သနည်း။

ဘယ်တော့​မျှ တစ်ခါတစ်ရံ

ပတ်စဉ် နေ့စဉ်

ယင်း​တို့ကို မည်သည့်​နေရာတွင် အများဆုံး​တွေ့ရ​သနည်း။

အင်တာနက်​တွင် ကျောင်းတွင်

တီဗွီ​တွင် အခြား​နေရာတွင်

ယင်း​တို့ကို အမှတ်မထင် တွေ့မြင်​နိုင်​စ​ရာ​အကြောင်း ရှိသလော

အောက်ပါ​ဥပမာ​များ​ကို သုံးသပ်ကြည့်​ပါ–

သင့်​ကျောင်းနေ​ဖက်​တချို့​သည် သင့်​အား အ​ပြာ​ရုပ်ပုံများ​ကို အီးမေးလ် သို့​မဟုတ် ဆဲလ်ဖုန်း​မှ​တစ်ဆင့် ပို့ပေး​နေ​ပုံ​ရ​သလော။ ထိုသို့​သိထားခြင်း​ဖြင့် ယင်း​တို့ကို ဖွင့်​မကြည့်​ဘဲ ဖျက်​ပစ်လိုက်​နိုင်​စေ​သည်။

သင် အွန်လိုင်း​တွင် အချက်အလက်​များ​ရှာဖွေ​နေစဉ် ဖန်သားပြင်​ပေါ်​တွင် စာ​များ သို့​မဟုတ် ရုပ်ပုံများ ရုတ်တရက်​ပေါ်လာ​သလော။ ထိုသို့​ဖြစ်​နိုင်​ကြောင်း သိထားခြင်း​ဖြင့် အချက်အလက်​များ​ရှာဖွေ​ရာ​တွင် ပို​၍ သတ်သတ်မှတ်မှတ်​ဖြစ်သော​စကားလုံး​များ ရိုက်သွင်း​ရန် သင့်ကို ကူညီ​ပေး​နိုင်​သည်။

အ​ပြာ​စာပေ​များ​ကို သင်​မြင်တွေ့​နိုင်​သည့် မည်သည့် အခြေအနေ​ကို​မဆို အောက်တွင် ရေးပါ။

․․․․․

အထက်ပါ​အခြေအနေ​များ​ကို သုံးသပ်​၍ အ​ပြာ​စာပေ​ကို အမှတ်တမဲ့​မြင်တွေ့​နိုင်​သည့် အကြိမ်ရေ​ကို လျော့နည်းစေ​ရန် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (သင့်​အမြင်ကို ဤ​တွင်​ရေးပါ)

․․․․․

အ​ပြာ​စာပေ​ရုပ်ပုံကို အမှတ်မထင် မြင်တွေ့​မိ​သောအခါ သင်​မည်သို့ တုံ့ပြန်​သနည်း။

ကျွန်ုပ် ချက်ချင်း​လှည့်ထွက်​သွား​သည်။

စပ်စု​လို​၍ ယင်းကို ခေတ္တ စူးစိုက်​ကြည့်မိ​သည်။

ယင်း​တို့ကို ဆက်​ကြည့်ရှု​ပြီး ကျွန်ုပ် ထပ်၍​ပင်​ရှာဖွေ​သည်။

သင်သည် ဒုတိယ သို့​မဟုတ် တတိယ​အခြေအနေ​ဖြင့် တုံ့ပြန်​မိ​ကြောင်း တွေ့ရှိ​ပါ​က ဤကိစ္စနှင့်​ပတ်သက်​၍ သင်​အဘယ် ပန်းတိုင်​ချ​နိုင်​သနည်း။

․․․․․

အကျင့်ကို​ဖျောက်​ပါ

အ​ပြာ​စာပေ​ရုပ်ပုံများ​ကို မရည်ရွယ်​ဘဲ တွေ့​မိ​သူ​အချို့​သည် စပ်စု​လို​စိတ်​ပေါက်​လာ​ကာ အချိန်​ကြာ​လာ​သော် ယင်းကို ကြည့်ရှု​သည့်​အကျင့်ပါ​သွား​သည်။ ဤ​အကျင့်ကို​ဖျောက်ဖျက်​ရန်​မှာ မလွယ်ကူ​ပါ။ အထက်တွင် ဖော်ပြ​ခဲ့​သော ဂျက်ဖ်​က ဤသို့​ပြော​သည်– “သမ္မာကျမ်းစာ​ကို​မ​လေ့လာ​ခင်​က နာမည်ကြီး မူးယစ်​ဆေးဝါး​အားလုံး​နီး​နီး​ကို ကျွန်တော် အများကြီး​စမ်းသုံး​ကြည့်ဖူး​တယ်။ ကျွန်တော် စွဲ​ခဲ့​သမျှ​အထဲမှာ အ​ပြာ​စာပေ​ရုပ်ပုံ​ကြည့်​တာ​ကို ဖြတ်​ရတာ​အခက်ဆုံး​ပဲ။”

အ​ပြာ​စာပေ​ရုပ်ပုံ​ကြည့်​သည့်​အကျင့် စွဲ​နေပါက စိတ်ဓာတ်​မကျ​ပါ​နှင့်။ အကူအညီ ရနိုင်​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။

အ​ပြာ​စာပေ​သည် အဘယ်​အတွက်​ဖြစ်​ကြောင်း သိမြင်​နားလည်​ပါ။ ယင်းသည် ဂုဏ်​သိက္ခာ​ရှိသည့်​အရာ​အဖြစ် ယေဟောဝါ​ဖန်ဆင်း​ထား​ရာ​ကို ရှုတ်ချ​လို​သော စာတန့်​ကြိုးစား​မှု အမှန်ပင်​ဖြစ်သည်။ အ​ပြာ​စာပေ​ကို ဤ​ရှုထောင့်​မှ သိမြင်​နားလည်ခြင်း​ဖြင့် “မကောင်းမှုကို​ရွံရှာ​ရန်” သင့်​အား ထောက်ကူ​လိမ့်​မည်။—ဆာလံ ၉၇:၁၀

အကျိုးဆက်ကို စဉ်းစားပါ။ အ​ပြာ​စာပေ​က အိမ်ထောင်​ကို ပြိုပျက်​စေ​သည်။ အမျိုးသမီးများ​၏​တန်ဖိုး​ကို နိမ့်ကျ​စေ​သည်။ ယင်းကို ကြည့်ရှု​သူများ​အား ယုတ်ညံ့​စေ​သည်။ အကြောင်းကောင်း​ရှိ၍ သမ္မာကျမ်းစာ​က ‘စဉ်းစားဉာဏ်​ရှိသူ​သည် မိမိတို့ ကြုံတွေ့​ရမည့်​ဘေး​ကို ကြိုတင်​တွေ့ မြင်​၍ ရှောင်ရှား​တတ်ကြ​၏’ ဟု​ဆို​သည်။ (သု. ၂၂:၃ခ​မ) အကယ်၍ သင် အ​ပြာ​စာပေ​ရုပ်ပုံကို ကြည့်ရှု​သည့်​အကျင့်​ရှိပါက သင်​ကြုံ​ရနိုင်​သည့်​ဘေး​တစ်ခု​ကို ဥပမာ​အဖြစ် အောက်တွင်​ရေးပါ။

․․․․․

ကတိ​တစ်ခု​ပြု​ပါ။ “ငါသည် မိန်းမပျို​ကို ဘယ်တော့​မျှ တပ်မက်​စိတ်​နှင့်​မကြည့်​ဟု အလေးအနက်​ကတိပြု​သည်” ဟု​သစ္စာရှိ​ယောဘ ပြောဆို​ခဲ့​၏။ (ယောဘ ၃၁: ၁Today’s English Version) အောက်ပါ​တို့​မှာ သင့်ကိုယ်​သင် ‘အလေးအနက် ကတိပြု’ နိုင်​သည့်​အချက်​အနည်းငယ်​ဖြစ်သည်–

ကျွန်ုပ်​သည် အခန်း​ထဲ​တွင် တစ်ယောက်တည်း ရှိနေ​သောအခါ အင်တာနက်​ကို အသုံးမပြု​တော့​ပါ။

ကျွန်ုပ်​သည် လိင်​အကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြ​သော ရုတ်တရက်​ပေါ်လာ​သည့်​အရာများ သို့​မဟုတ် မည်သည့်​ဆိုက်​ကို​မဆို ချက်ချင်း ပိတ်​လိုက်ပါမည်။

ကျွန်ုပ်​သည် ဒုံရင်း​အခြေအနေ​သို့ ပြန်ရောက်​သွားပါ​က ရင့်ကျက်သော​မိတ်ဆွေ​တစ်ဦး​နှင့် ပြောဆို​မည်။

အ​ပြာ​စာပေ​ရုပ်ပုံကို​မကြည့်မိအောင် တိုက်လှန်​ရာ​တွင် သင့်အတွက် အထောက်အကူ​ဖြစ်စေ​မည့် အခြား သန္နိ​ဋ္ဌာန်​တစ်ခု သို့​မဟုတ် နှစ်ခု​ကို သင်​စဉ်းစား​နိုင်​သလော။ ရှိလျှင် ယင်း​တို့ကို အောက်တွင် ရေးချ​ပါ။

․․․․․

ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ ဆုတောင်း​ပါ။ ဆာလံဆရာ​သည် “အကျိုးမရှိ​သည့်​အရာများ​ကို အာရုံပြု​မှု​နှင့် ကင်းဝေး​စေတော်မူ” ပါ​ဟု ယေဟောဝါ​ထံ ဆုတောင်း​ခဲ့​သည်။ (ဆာလံ ၁၁၉:၃၇ခ​မ) အပြစ်သား​များ​အား ဆွဲဆောင်​သော​အရာ​တစ်ခုခု​ကို တွန်းလှန်​ရန်​မှာ အမှန်ပင် ခက်ခဲ​နိုင်​သည်။ သို့သော် ယေဟောဝါ​ဘုရားသခင်​သည် သင့်​အား အောင်မြင်​စေလို၍ “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ကို​ပေးခြင်း​ဖြင့် မှန်ရာကို သင်​ပြုလုပ်​နိုင်​ပါ​သည်။—၂ ကောရိန္သု ၄:၇က​ဘ။

တစ်ယောက်ယောက်​နှင့်​ပြောဆို​ပါ။ သင်​အခက်တွေ့​နေ​သလော။ တွေ့​နိုင်​ပါ​သည်။ သို့သော် သင့်​စိတ် မည်မျှ​ပေါ့ပါး​သွား​မည်​ကို စဉ်းစား​ကြည့်​ပါ။ သင် ရင်ဖွင့်​ပြောဆို​သော​သူသည် ‘ဘေးရောက်​ချိန်​၌ ရိုင်းပင်း​ကူညီ​တတ်​သည့်’ ညီအစ်ကို​နှင့်​တူ​နိုင်​ပါ​သည်။ (သု. ၁၇:၁၇ခ​မ) အကျင့်​တစ်ခု​ကို တစ်ကြိမ်​တည်း​နှင့်​အပြီး ဖျောက်ဖျက်​ရာ​တွင် ယုံကြည်​စိတ်ချ​ရသူ​တစ်ဦး​နှင့် ဆွေးနွေး​ပြောဆိုခြင်း​က အရေးကြီး​သည်။

သင့်​တွင် အ​ပြာ​စာပေ​ကြည့်ရှု​သည့်​အကျင့်​ရှိပါက သင်​ချဉ်းကပ်​ရလွယ်​သည်​ဟု ထင်​သော ရင့်ကျက်သူ​တစ်ဦး၏​အမည်​ကို အောက်တွင်​ရေးပါ။

․․․․․

အ​ပြာ​စာပေ​ကြည့်ရှု​ခြင်း​ကို တိုက်လှန်​ရာ​တွင် သင်​အောင်မြင်​နိုင်​သည်ကို ယုံကြည်​စိတ်ချ​ပါ။ အမှန်​မှာ ယင်း​မှ သင်​တစ်ခါ​လှည့်ထွက်​သွား​တိုင်း အရေးပါသည့် အောင်မြင်မှု​တစ်ခု ရရှိ​သွားခြင်း​ဖြစ်သည်။ အောင်မြင်မှု​အတွက် ယေဟောဝါ​အား ပြောပြ​ကာ သင့်​အား ခွန်​အားပေး​သည့်​အတွက် ကိုယ်တော့်​ကို ကျေးဇူး​တင်​ပါ။ အ​ပြာ​စာပေ​ကို သင်​ရှောင်ခြင်း​ဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်လန်း​စေ​ကြောင်း အမြဲ​သတိရပါ။—သု. ၂၇:၁၁

“လူငယ်များ​အမေး . . .” အခန်းဆက်​များ​မှ ထပ်ဆင့်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​မှ အမည်များ​ကို ပြောင်း​ထား​သည်။

^ အပိုဒ်၊ 5 အ​ပြာ​စာပေ​ဟူသော​ဝေါဟာရ​မှာ လိင်​အကြောင်း ကွင်းကွင်းကွက်ကွက် ဖော်ပြ​ထားပြီး ယင်းကို ကြည့်ရှု​သူ၊ ဖတ်ရှု​သူ၊ သို့​မဟုတ် နားထောင်သူ​ကို စိတ်ကြွ​လာ​စေရန် ရည်ရွယ်​ပြုလုပ်​ထား​ရာ​များ​ကို ရည်ညွှန်း​သည်။ ယင်း​တို့​တွင် ရုပ်ပုံများ​အပြင် ဖတ်​စ​ရာ​နှင့် နားထောင်​စ​ရာ​များလည်း ပါဝင်​နိုင်​သည်။

ချ​င့်​တွေးစရာ

▪ အ​ပြာ​စာပေ​သည် ဂုဏ်​သိက္ခာ​ရှိသည့်​အရာ​ကို မည်သို့ ယုတ်ညံ့​စေ​သနည်း။

▪ အဘယ်​လက်တွေ့ကျ လုပ်ဆောင်မှုများ​က အ​ပြာ​ရုပ်ပုံ​ကြည့်ရှု​ခြင်း​မှ သင့်​အား ကာကွယ်​ပေး​နိုင်​သနည်း။

▪ အ​ပြာ​ရုပ်ပုံ​ကြည့်ရှု​သည့်​ပြဿနာ​ရှိသော သင့်​မွေးချင်း​တစ်ဦး​အား မည်သို့ ကူညီ​ပေး​နိုင်​သနည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ကျောင်းနေ​ဖက်​အချို့​သည် အ​ပြာ​ရုပ်ပုံကို ဆဲလ်ဖုန်း​မှ​တစ်ဆင့် ပေး​ပို့​တတ်​သလော