သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသည့် အကြောင်းရင်းများ
၁။ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှု
တိကျမှန်ကန်စွာ မဖော်ပြထားသည့် စာအုပ်တစ်အုပ်ကို ယုံကြည်စိတ်ချရန် ခဲယဉ်းပေမည်။ ဒုတိယကမ္ဘာစစ်သည် ၁၈၀၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည်၊ အမေရိကန်သမ္မတကို ဘုရင်ဟုခေါ်သည်ဟူ၍ ဖော်ပြထားသော ခေတ်သစ်သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်ဟု တွေးကြည့်လိုက်ပါ။ ယင်းသို့သော မမှန်မကန်ဖော်ပြချက်များကြောင့် ဤစာအုပ်တစ်အုပ်လုံးအပေါ် ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်၍ သင့်စိတ်ထဲတွင် မေးစရာမေးခွန်းများ ပေါ်ပေါက်လာပေမည်။
သမ္မာကျမ်းစာ၏ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုနှင့်ပတ်သက်သော အငြင်းပွားမှုတွင် အောင်မြင်ခဲ့ဖူးသူမရှိချေ။ သမ္မာကျမ်းစာသည် အမှန်တကယ်ရှိခဲ့သောလူပုဂ္ဂိုလ်များ၊ ဖြစ်ရပ်မှန်များအကြောင်းကိုသာ ဖော်ပြ၏။
လူပုဂ္ဂိုလ်များ။
ယေရှုအား နှက်တိုင်တင်သတ်ရန် ထုတ်ပေးခဲ့သည့် ယုဒနယ်၏ ရောမဘုရင်ခံ ပုန္တိပိလတ် သက်ရှိထင်ရှားရှိခဲ့မှုကို သမ္မာကျမ်းစာဝေဖန်ရေးသမားများက သံသယဝင်ခဲ့ကြ၏။ (မဿဲ ၂၇:၁-၂၆) ပိလတ်သည် တစ်ချိန်တစ်ခါက ယုဒနယ်ကို အုပ်စိုးခဲ့သူဖြစ်ကြောင်း အထောက်အထားကို ၁၉၆၁ ခုနှစ်တွင် မြေထဲပင်လယ် စီစရီအာဆိပ်ကမ်းမြို့၌ တွေ့ရှိခဲ့သည့် ထုံးကျောက်စာ တွင် တွေ့နိုင်ပါသည်။
အစ္စရေးဘုရင်ဖြစ်လာသည့် ရဲစွမ်းသတ္တိရှိ သိုးကျောင်းသားလေး ဒါဝိဒ်၏ သမိုင်းဆိုင်ရာတိကျမှန်ကန်မှုကို ထောက်ခံသည့် သာဓကသည် ၁၉၉၃ ခုနှစ်မတိုင်မီကဆိုလျှင် သမ္မာကျမ်းစာအပြင် အခြားအထောက်အထားမရှိချေ။ သို့သော် ထိုနှစ်၌ ရှေးဟောင်းသုတေသနပညာရှင်များသည် အစ္စရေးမြောက်ပိုင်းတွင် ဘီစီ ကိုးရာစုက ဗဆော့ကျောက်တုံးတစ်တုံး ကို တူးဖော်တွေ့ရှိခဲ့ကြ၏။ ယင်းကျောက်တုံးတွင် “ဒါဝိဒ်၏အမျိုးအနွယ်” နှင့် “အစ္စရေးဘုရင်” ဟူသောစကားလုံးများ ပါရှိကြောင်း ပညာရှင်များကဆိုသည်။
ဖြစ်ရပ်များ။
ပညာရှင်များစွာသည် ဒါဝိဒ်ခေတ်တွင် အစ္စရေးလူမျိုးနှင့် ဧဒုံလူမျိုးတို့ တိုက်ပွဲဆင်နွှဲခဲ့သည့် ကျမ်းစာမှတ်တမ်း၏ တိကျမှန်ကန်မှုကို မကြာသေးမီအချိန်ကအထိ သံသယဝင်ခဲ့ကြသည်။ (၂ ဓမ္မရာဇဝင် ၈:၁၃၊ ၁၄) ထိုအချိန်က ဧဒုံလူမျိုးသည် သိုးထိန်းများသာဖြစ်ပြီး စနစ်တကျဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းဖြစ်မလာသေးကြောင်း၊ နောက်ပိုင်းတွင်လည်း အစ္စရေးလူမျိုးကို ခြိမ်းခြောက်နိုင်သည့် စွမ်းပကားမရှိကြောင်း ပညာရှင်များက စောဒကတက်ကြသည်။ သို့သော် မကြာသေးမီက တူးဖော်တွေ့ရှိချက်များအရ “သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဧဒုံသည် [ယခင်က တွေးထင်ထားသည်ထက်] ရာစုနှစ်ပေါင်းများစွာ ရှေးကျသည့် ရှုပ်ထွေးသောလူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်” ဟု Biblical Archaeology Review ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်ကဆိုသည်။
တိကျသောဘွဲ့အမည်များ။
သမ္မာကျမ်းစာကို ရေးသားခဲ့သည့် ရာစု ၁၆ ခုအတွင်းတွင် ကမ္ဘာကိုအုပ်စိုးခဲ့သူ များစွာရှိသည်။ အုပ်စိုးရှင်တစ်ပါးကို သမ္မာကျမ်းစာ ရည်ညွှန်းသည့်အခါ အမြဲပင် ၎င်း၏တိကျသောဘွဲ့အမည်ကို အသုံးပြုသည်။ ဥပမာ၊ ဟေရုဒ်အန္တိပကို “နယ်စားမင်း” ဟူ၍လည်းကောင်း၊ ဂါလျုန်ကို “ဘုရင်ခံ” ဟူ၍လည်းကောင်း တိကျမှန်ကန်စွာ ဖော်ပြထားသည်။ (လုကာ ၃:၁၊ ကဘ; တမန်တော် ၁၈:၁၂၊ ကဘ) ဧဇရ ၅:၆ တွင် တာတနဲကို ယူဖရေးတီးမြစ် “အနောက်ဘက်” ပါးရှားနယ်၏ မြို့ဝန်အဖြစ် ဖော်ပြထားသည်။ ဘီစီ လေးရာစုထုတ် ဒ င်္ဂါးပြားတစ်ပြားတွင် အလားတူဖော်ပြချက်တစ်ခု ပါရှိ၏။ ယင်းတွင် ပါးရှားမြို့ဝန် မာဇအပ်စ်ကို “မြစ်အနောက်ဘက်” ရှိ နယ်ပယ်ကိုအုပ်စိုးသူအဖြစ် ဖော်ပြထား၏။
တိကျမှန်ကန်မှုသည် အသေးအဖွဲဟုထင်ရသော အချက်အလက်များ၌ပင် အရေးပါ၏။ အသေးအဖွဲကိစ္စများ၌ပင် ကျမ်းရေးသူများကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်ဆိုလျှင် ၎င်းတို့ရေးသားခဲ့သော အခြားအကြောင်းအရာများကိုလည်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချသင့်ပေသည်။