မိဘတိုင်း စိုးရိမ်နေရသော အန္တရာယ်တစ်ခု
ဟက်သာနှင့် စကော့တ်တို့သည် ဖျတ်လတ်သွက်လက်၍ ပျော်ရွှင်သောဇနီးမောင်နှံဖြစ်ကာ ထက်မြက်ပြီး ကျန်းမာသော သုံးနှစ်အရွယ်သားလေး၏ မိဘများဖြစ်ကြသည်။ * သူတို့သည် သားကို အလွန် ဂရုစိုက်ကြ၏။ မျက်မှောက်လောကတွင် ယင်းသည် လွယ်ကူသောအလုပ်မဟုတ်ချေ။ ယင်းတွင် စိုးရိမ်ပူပန်မှုနှင့်တာဝန် များစွာပါဝင်သည်။ ကလေးများကို သွန်သင်ပေးရမည့်အရာများသည်လည်း အလွန်ပင်များပြားလှ၏။ အထူးသဖြင့် ဟက်သာနှင့် စကော့တ်တို့သည် တာဝန်တစ်ခုနှင့်ပတ်သက်၍ အလွန်စိတ်ပြင်းပြနေကြသည်– သူတို့သည် မိမိတို့၏ကလေးကို လိင်ဆိုင်ရာမတော်မတရားပြုသည့်အန္တရာယ်များမှ ကာကွယ်ပေးလိုကြ၏။ အဘယ်ကြောင့်နည်း။
“ကျွန်မအဖေဟာ အေးတိအေးစက်နိုင်ပြီး ဒေါသကြီးတဲ့ အရက်သမားတစ်ယောက်ဖြစ်တယ်။ ကျွန်မကို ရက်ရက်စက်စက် ရိုက်နှက်တယ်။ ပြီးတော့ ကျွန်မနဲ့ ကျွန်မရဲ့ညီမလေးတွေကို ဗလက္ကာရပြုတယ်” ဟုဟက်သာကဆို၏။ * ယင်းသို့သောမတော်မတရားပြုမှုသည် ပြင်းထန်သည့်စိတ်ဒဏ်ရာ ရရှိစေနိုင်ကြောင်း လူအများစုက လက်ခံထားကြသည်။ ဟက်သာသည် မိမိ၏သားလေးကို ကာကွယ်ပေးရန် ဆုံးဖြတ်ထားခြင်းက အံ့ဩစရာမဟုတ်ပေ။ စကော့တ်လည်း ထပ်တူပင်ခံစားရ၏။
မိဘများစွာသည် ကလေးမတော်မတရားပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေကြ၏။ သင်လည်း အလားတူဖြစ်ပေမည်။ သင်သည် မတော်မတရားပြုမှုနှင့် ယင်း၏အကျိုးဆက်ကို စကော့တ်နှင့်ဟက်သာတို့ကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးချင်မှကြုံဖူးမည်ဖြစ်သော်လည်း ဤစက်ဆုပ်ဖွယ်အမူအကျင့်သည် အလွန်ပျံ့နှံ့နေသည်ဟူသော တုန်လှုပ်ဖွယ်သတင်းများကို ကြားရမည်မှာ သေချာပါသည်။ ကမ္ဘာတစ်ဝန်း၌ ဂရုစိုက်တတ်သောမိဘများသည် မိမိတို့နေထိုင်ရာဒေသရှိ ကလေးသူငယ်များတွင် အဘယ်အရာဖြစ်ပျက်နေကြောင်း သိရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။
လိင်ဆိုင်ရာမတော်မတရားပြုမှုကို လေ့လာသည့် သုတေသီတစ်ဦးက ကလေးမတော်မတရားပြုသည့်နှုန်းကို “ကျွန်ုပ်တို့ခေတ်ရှိ စိတ်ပျက်ဖွယ်အကောင်းဆုံး ရှာဖွေတွေ့ရှိမှုတစ်ခု” ဟုခေါ်ဆိုခဲ့ခြင်းက အံ့ဩစရာမဟုတ်ချေ။ ယင်းသည် အမှန်ပင် သတင်းဆိုးဖြစ်သော်လည်း ကလေးမတော်မတရားပြုမှု တိုးများပျံ့နှံ့လာခြင်းသည် အံ့ဩစရာလော။ သမ္မာကျမ်းစာလေ့လာသူများအတွက်မူ အံ့ဩစရာမဟုတ်ချေ။ လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ” နှင့် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” များဖြစ်ကြမည့်ကာလ၊ “ပြင်းထန်သော” အမူအကျင့်များပျံ့နှံ့မည့် “နောက်ဆုံးသောနေ့ရက်များ” ဟု ခေါ်ဆိုသည့် ခဲယဉ်းကျပ်တည်းသောကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေရကြောင်း သမ္မာကျမ်းစာက ရှင်းပြထားသည်။—၂ တိမောသေ ၃: ၁- ၅၊ သမ္မာ။
လိင်ဆိုင်ရာမတော်မတရားပြုမှုသည် ထိတ်လန့်တုန်လှုပ်ဖွယ် ပြဿနာတစ်ခုပင်။ အမှန်ဆိုရလျှင် လိင်ဆိုင်ရာမတော်မတရားပြုရန် ကလေးများအား ရှာဖွေနေကြသူတို့၏ ကမ်းကုန်အောင် ဆိုးသွမ်းမိုက်မဲမှုကို အလေးထားစဉ်းစားကြည့်သောအခါ မိဘတချို့မှာ စိတ်ပူပန်ရလေတော့၏။ သို့သော် ဤပြဿနာသည် မိဘများမကိုင်တွယ်နိုင်လောက်အောင် ကြီးမားလွန်းနေပါသလော။ သို့မဟုတ် မိမိတို့၏သားသမီးများကို ဘေးအန္တရာယ်ကင်းစေရန် မိဘများလုပ်ဆောင်နိုင်သည့် လက်တွေ့ကျခြေလှမ်းများရှိပါသလော။ အဆိုပါမေးခွန်းများကို နောက်ဆောင်းပါးများတွင် သုံးသပ်ပါမည်။
^ အပိုဒ်၊ 2 ဤအခန်းဆက်ဆောင်းပါးများတွင် အမည်များကို ပြောင်းထားပါသည်။
^ အပိုဒ်၊ 3 လူကြီးတစ်ဦးသည် ကလေးတစ်ဦးကို အသုံးပြု၍ မိမိ၏သွေးသားဆန္ဒကို အာသာဖြေခြင်းသည် ကလေးမတော်မတရားပြုခြင်းဖြစ်၏။ ယင်းတွင် သမ္မာကျမ်းစာ၌ဖော်ပြထားသော မတရားမေထုန် သို့မဟုတ် ပေါ်နီယာ ပါဝင်လေ့ရှိ၏။ ယင်းတွင် အင်္ဂါဇာတ်ကိုပွတ်သပ်ခြင်း၊ သံဝါသပြုခြင်း၊ ပါးစပ် သို့မဟုတ် စအိုဖြင့် သံဝါသပြုခြင်းတို့ ပါဝင်နိုင်ပါသည်။ သားမြတ်ကိုပွတ်သပ်ခြင်း၊ အကျင့်ယိုယွင်းရန် ဗြောင်တိုက်တွန်းခြင်း၊ ကလေးကို အပြာစာပေရုပ်ရှင်ပြသခြင်း၊ သူတစ်ပါး၏လိင်ကိစ္စကို ချောင်းကြည့်၍အာသာဖြေခြင်းနှင့် မဖွယ်မရာလှစ်ပြခြင်းကဲ့သို့သော မတော်မတရားပြုကျင့်သည့် လုပ်ရပ်အချို့ကို သမ္မာကျမ်းစာတွင် “အကျင့်ပျက်ခြင်း” သို့မဟုတ် ‘အာသာငမ်းငမ်းတက်ကျင့်သည့် ညစ်ညမ်းမှု’ အဖြစ် ပြစ်တင်ရှုတ်ချထားသည်။—ဂလာတိ ၅:၁၉-၂၁၊ ကဘ; ဧဖက် ၄:၁၉၊ ကဘ။