သင့်ကလေး၏ ခံစားချက်များကို ဂရုပြုပါ
အဆင့် ၆
သင့်ကလေး၏ ခံစားချက်များကို ဂရုပြုပါ
ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ ကလေးများသည် ၎င်းတို့၏ဘဝတွင် အရေးအပါဆုံးပုဂ္ဂိုလ်များဖြစ်သည့် မိဘများအား မိမိတို့မည်သို့ခံစားနေရသည်ကို သိစေလိုကြပြီး ထိုသို့သိဖို့လည်း လိုအပ်ကြသည်။ မိဘများသည် သားသမီးများပြောဆိုရာကို လက်မခံတတ်သည့် အလေ့အထရှိမည်ဆိုလျှင် သားသမီးများသည် မိဘများနှင့် ပွင့်ပွင့်လင်းလင်း စကားပြောဆိုကြတော့မည်မဟုတ်ဘဲ မိမိတို့တွင် ခံစားတွေးတောနိုင်စွမ်းရှိသည်ကိုပင် သံသယစဝင်လာပေလိမ့်မည်။
အဘယ်အရာက ခက်ခဲစေသနည်း– ကလေးများသည် မိမိတို့၏သဘောထားများ၊ စိတ်လှုပ်ရှားမှုများကို စကားကြီးစကားကျယ်သုံး၍ ဖော်ပြတတ်ကြသည်။ မှန်ပါသည်၊ ကလေးများပြောဆိုသည့် စကားအချို့မှာ မိဘများအတွက် နားစိမ်းနေပေမည်။ ဥပမာ၊ စိတ်အလိုမကျဖြစ်နေသည့် ကလေးတစ်ဦးက “အသက်ရှင်ရတာကို မုန်းလိုက်တာ” ဟုဆိုပေမည်။ * ထိုအခါ မိဘတစ်ဦးက အလိုလိုပင် “အဲလိုမပြောရဘူး” ဟုတုံ့ ပြန်ပေမည်။ ကလေးတစ်ဦး၏ အပျက်သဘောထားများကို အသိအမှတ်ပြုခြင်းက ၎င်းတို့ကို လက်ခံခွင့်ပြုထားရာရောက်မည်ဟု မိဘများစိတ်ပူကြပေမည်။
အဘယ်အရာက ကူညီပေးနိုင်သနည်း– “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဟူသောကျမ်းစာဆုံးမစကားကို ကျင့်သုံးပါ။ (ယာကုပ် ၁:၁၉) ယေဟောဝါဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များစွာ၏ အပျက်သဘောထားများကို အသိအမှတ်ပြုကာ ယင်းတို့ကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်စေခဲ့ကြောင်း သတိပြုပါ။ (ကမ္ဘာဦး ၂၇:၄၆; ဆာလံ ၇၃:၁၂၊ ၁၃) ဥပမာ၊ ယောဘသည် စမ်းသပ်မှုများနှင့် အပြင်းအထန်ရင်ဆိုင်ရသောအခါ သေလိုကြောင်း ပြောဆိုခဲ့၏။—ယောဘ ၁၄:၁၃။
ယောဘ၏အတွေးအခေါ်တချို့နှင့် ခံစားချက်တချို့ကို ပြုပြင်တည့်မတ်ပေးဖို့လိုသည်မှာ ထင်ရှား၏။ သို့သော် ယေဟောဝါသည် ယောဘ၏ခံစားချက်များကို ငြင်းဆန်ခြင်း သို့မဟုတ် စကားပြောဆိုမှုကို ရပ်တန့်ခြင်းပြုမည့်အစား ရင်ဖွင့်ရန် စိတ်ရှည်စွာခွင့်ပြုခြင်းဖြင့် ယောဘကို ဂုဏ်တင်ခဲ့သည်။ ထို့နောက်မှသာ ယေဟောဝါသည် သူ့ကို ကြင်နာစွာ ပြုပြင်တည့်မတ်ပေးခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဖခင်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “ယေဟောဝါဟာ ကျွန်တော့်ကို ရင်ဖွင့်ခွင့်၊ ဆုတောင်းခွင့်ပြုတဲ့အတွက် ကျွန်တော့်ကလေးတွေကိုလည်း သူတို့ရဲ့အပြုသဘောနဲ့ အပျက်သဘောထားတွေကို ကျွန်တော့်ဆီ ရင်ဖွင့်ခွင့်ပြုတာက တရားနည်းလမ်းကျမယ်လို့ ကျွန်တော်ယူဆတယ်။”
နောင်တစ်ကြိမ်တွင် သင်သည် “မင်း အဲလိုခံစားမနေနဲ့” သို့မဟုတ် “မင်းအဲလို မစဉ်းစားရဘူး” ဟူ၍ ပြောလိုစိတ်ပေါ်လာခဲ့သော် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ ပြုကြလော့” ဟူသည့် ယေရှု၏ ကျော်ကြားသောစည်းမျဉ်းကို သတိရပါလေ။ (လုကာ ၆:၃၁) ဥပမာ၊ သင်သည် လုပ်ငန်းခွင်တွင် သင့်အမှားကြောင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံခဲ့ရသည်၊ သို့မဟုတ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်ကို မြင်ယောင်ကြည့်ပါ။ မိမိ၏စိတ်အလိုမကျမှုကို ရင်းနှီးသောမိတ်ဆွေတစ်ဦးအား ဖော်ပြကာ မိမိ၏အလုပ်ကို နိုင်နိုင်နင်းနင်းမလုပ်ကိုင်နိုင်ခဲ့ကြောင်း ပြောပြသည်။ သင့်မိတ်ဆွေအား မည်သို့ ပြုမူစေလိုမည်နည်း။ သင့်မိတ်ဆွေအား ခင်ဗျား အဲလိုခံစားမနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် ဒီပြဿနာက ခင်ဗျားအမှားကြောင့်ဖြစ်ရတာဟု ချက်ချင်းထောက်ပြစေလိုမည်လော။ သို့မဟုတ် သင့်မိတ်ဆွေက “ခင်ဗျား အခက်တွေ့ခဲ့ရမှာပေါ့နော်။ ခင်ဗျားအတွက် ပင်ပန်းခဲ့ရတဲ့နေ့တစ်နေ့ကိုး” ဟူ၍ ပြောဆိုခြင်းကို သင်နှစ်သက်ပါမည်လော။
ကလေးများကော လူကြီးများပါ မိမိတို့နှင့် မိမိတို့ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည်ပေးသူဟုယူဆရသည့် ပုဂ္ဂိုလ်တစ်ဦးထံမှပေးလှာသောအကြံဉာဏ်ကို သာ၍လက်ခံလိုကြသည်။ “ပညာရှိသောသူ၏စိတ်နှလုံးသည် နှုတ်ကိုသွန်သင်၍ သူ၏နှုတ်စကား၌ သွေးဆောင်ခြင်းတန်ခိုးကို ထပ်လောင်းတတ်၏” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်ကဆိုသည်။—သု. ၁၆:၂၃၊ သမ္မာ။
သင်ပေးသမျှသော အကြံဉာဏ်ကို အလေးအနက်ထားကြောင်း မည်သို့သေချာစေနိုင်သနည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 မိမိဘဝကို အဆုံးစီရင်ရန်ပြောလှာသည့် ကလေးတစ်ဦး၏ မည်သည့်စကားကိုမဆို အလေးအနက်ထားပါ။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
‘အကျိုးအကြောင်းကိုမစစ်မီအမှုစီရင်သောသူသည်မိုက်သောအပြစ်ရှိ၏။’—သု. ၁၈:၁၃။