လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်စီစဉ်ကာ ယင်းအတိုင်းလုပ်ဆောင်စေပါ
အဆင့် ၅
လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်စီစဉ်ကာ ယင်းအတိုင်းလုပ်ဆောင်စေပါ
ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ လုပ်ရိုးလုပ်စဉ်များသည် လူကြီးဘဝ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ အလုပ်၊ ကိုးကွယ်ဝတ်ပြုမှုနှင့် အားလပ်ရက်အပန်းဖြေမှုတို့သည်ပင် အများအားဖြင့် လုပ်ရိုးလုပ်စဉ်များဖြစ်ကြသည်။ မိဘများသည် သားသမီးများအား ၎င်းတို့၏အချိန်ကို စနစ်တကျစီစဉ်ရန်၊ ဇယားအတိုင်းလိုက်ရန် မသွန်သင်ပေးပါက သားသမီးများအား အကျိုးနည်းစေမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် “စည်းကမ်းများချမှတ်ကာ စနစ်တကျစီစဉ်ထားခြင်းက သားသမီးများကို ဘေးကင်းလုံခြုံသည်ဟု ခံစားရစေပြီး စိတ်ချုပ်တည်းရန်၊ ကိုယ့်အားကိုယ်ကိုးရန် သွန်သင်ပေးကြောင်း လေ့လာမှုများက ဖော်ပြသည်” ဟုစိတ်ပညာပါမောက္ခ ဒေါက်တာလောရင့်စတင်းဘာ့ဂ် ကဆို၏။
အဘယ်အရာက ခက်ခဲစေသနည်း– ဘဝဟူသည် အလွန်ဗျာများလှ၏။ မိဘများစွာသည် နာရီနှင့်ချီ၍ အလုပ်လုပ်ကြရာ သားသမီးများကို မှန်မှန်အချိန်မပေးနိုင်ဘဲ ဖြစ်နေပေမည်။ လုပ်ရိုးလုပ်စဉ်များကို သတ်မှတ်စီစဉ်ကာ ယင်းအတိုင်းလုပ်ဆောင်ရာတွင် ကိုယ့်ကိုယ်ကိုကြပ်မတ်ခြင်းနှင့် လုပ်ရိုးလုပ်စဉ်များကိုလုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်သောကလေးအား အောင်မြင်စွာ ကိုင်တွယ်မည်ဟူသော ဆုံးဖြတ်ချက်ချခြင်းတို့ပါဝင်သည်။
အဘယ်အရာက ကူညီပေးနိုင်သနည်း– “ခပ်သိမ်းသောအမှုများကို လျောက်ပတ်စွာ အစီအစဉ်အတိုင်း စီရင်ကြလော့” ဟူသော ကျမ်းစာဆုံးမစကားကို မူအရ ကျင့်သုံးပါ။ (၁ ကောရိန္သု ၁၄:၄၀၊ သမ္မာ) ဥပမာ၊ သားသမီးများ အလွန်ငယ်သေးသော်လည်း မိဘများစွာသည် ပုံမှန်အိပ်ရာဝင်ချိန် အတိအကျကို ပညာရှိရှိသတ်မှတ်ပေးကြသည်။ သို့သော် အိပ်ရာဝင်ချိန်များကို နှစ်လို့ဖွယ်ဖြစ်စေသင့်၏။ ဂရိနိုင်ငံတွင်နေထိုင်ပြီး သမီးငယ်နှစ်ဦး၏မိခင်ဖြစ်သူ တာတျာနာက ဤသို့ဆို၏– “ကလေးတွေ အိပ်ရာဝင်တဲ့အခါ သူတို့ကို ကြင်နာစွာပွတ်သပ်ပြီး သူတို့ ကျောင်းသွားနေချိန်မှာ ကျွန်မဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြောပြတယ်။ ပြီးတော့ အဲဒီနေ့မှာ သူတို့လုပ်ခဲ့တဲ့အရာတချို့ ကျွန်မကိုပြောပြနိုင်မလားဆိုပြီး သူတို့ကိုမေးတယ်။ သူတို့ဟာ သက်သောင့်သက်သာရှိပြီး အများအားဖြင့် သူတို့ရဲ့ခံစားချက်တွေ၊ တွေ့ကြုံမှုတွေကို ရင်ဖွင့်ပြောပြကြတယ်။”
တာတျာနာ၏ခင်ပွန်းဖြစ်သူ ကော့စတပ်စ်သည် သူ၏သမီးလေးများကို ပုံပြင်များ ဖတ်ပြလေ့ရှိသည်။ “ပုံပြင်တွေနဲ့ပတ်သက်ပြီး သူတို့ဝေဖန်ကြတယ်။ ပြီးတော့ သူတို့စိတ်ဝင်စားစရာ၊ စိုးရိမ်စရာတွေဘက်ကို ဖြည်းဖြည်းချင်း စကားလမ်းကြောင်းပြောင်းလိုက်တယ်။ သမီးတို့မှာ စိုးရိမ်စရာရှိတယ်ဆိုရင် အဖေ့ကိုပြောပြစမ်းလို့ တောင်းဆိုမယ်ဆိုရင်တော့ သူတို့ဘယ်တော့မှ ရင်ဖွင့်မှာမဟုတ်ဘူး” ဟုသူကဆို၏။ မှန်ပါသည်၊ ကလေးများ အရွယ်ရောက်လာသည်နှင့်အမျှ သူတို့၏အိပ်ရာဝင်ချိန်ကို သင့်တော်သလို ပြုပြင်ပေးလိုပေမည်။ သို့သော် သင်သည် လုပ်ရိုးလုပ်စဉ်ကို ထိန်းထားမည်ဆိုလျှင် သင်၏သားသမီးများကလည်း ထိုအချိန်ကို သင်နှင့်စကားပြောဆိုရန် ဆက်လက်အသုံးပြုသွားနိုင်ဖွယ်ရှိပေမည်။
ထို့ ပြင် မိသားစုများသည် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် အတူတကွစားသောက်သောအလေ့အထကို ပညာရှိရှိ ပြုလုပ်ပေမည်။ ဤအလေ့အထ တည်မြဲရန်မှာ စားသောက်ချိန်များသည် ပြောင်းသာလဲသာရှိဖို့တော့လိုပေမည်။ “ကျွန်တော် တစ်ခါတလေ အလုပ်ကနေ အိမ်ပြန်နောက်ကျတတ်တယ်။ ကျွန်တော့်ကို သူတို့စောင့်နေတဲ့အချိန်မှာ ကျွန်တော့်ဇနီးက ကလေးတွေ ဗိုက်သိပ်မဆာအောင် အဆာပြေမုန့်တွေကျွေးထားတတ်တယ်။ ကျွန်တော်တို့မိသားစု အတူတကွ ထမင်းလက်ဆုံစားနိုင်အောင် အမြဲ အဲလိုစောင့်ထားခိုင်းတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့ ပြောဆိုဆွေးနွေးကြတယ်။ ကျမ်းချက်တစ်ချက်ကို ပြန်လည်သုံးသပ်ကြတယ်။ ပြဿနာတွေကို ပြောပြကြတယ်၊ အတူတူရယ်မောကြတယ်။ ကျွန်တော်တို့မိသားစု ပျော်ရွှင်ရေးအတွက် ဒီလုပ်ရိုးလုပ်စဉ်ဟာ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်တော်အလေးအနက် ပြောလိုပါတယ်” ဟုသမီးလေးနှစ်ဦး၏ဖခင် ချားလ်စ်ကဆိုသည်။
ဤအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ဆောင်နိုင်ရန် မိသားစုလုပ်ရိုးလုပ်စဉ်များတွင် ရုပ်ပစ္စည်းလိုက်စားခြင်းကို နေရာမပေးလိုက်ပါနှင့်။ “သာ၍အရေးကြီးသောအရာတို့ကို သေချာစေပါ” ဟူသောကျမ်းစာဆုံးမစကားကို ကျင့်သုံးပါလေ။—ဖိလိပ္ပိ ၁:၁၀၊ ကဘ။
မိမိတို့သားသမီးများနှင့်ဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန် အခြားမည်သည့်အရာများကိုလည်း မိဘများလုပ်ဆောင်နိုင်သနည်း။
[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]
“ခပ်သိမ်းသောအမှုများကို လျောက်ပတ်စွာ အစီအစဉ်အတိုင်း စီရင်ကြလော့။”—၁ ကောရိန္သု ၁၄:၄၀၊ သမ္မာ။