သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရသည့်အကြောင်း
သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရသည့်အကြောင်း
ခေတ်မီ သွားဘက်ဆိုင်ရာပညာ မထွန်းကားမီအချိန်က လူတို့သည် အများအားဖြင့် ငယ်ရွယ်စဉ်မှစ၍ သွားကိုက်ခြင်း၊ သွားပျက်စီးခြင်းဝေဒနာတို့ကို ခံစားရလေ့ရှိသည်။ လူအများစုမှာ သွားမည်းခြင်း၊ သွားမညီခြင်း၊ သွားမရှိခြင်းတို့ကြောင့် အလှပျက်ရကြသည်။ သွားမရှိသော ရှေးလူကြီးများသည် အစာကို ဝါးမစားနိုင်သောကြောင့် အာဟာရပျက်ခြင်း၊ စောစီးစွာသေဆုံးခြင်းများ ဖြစ်ခဲ့ကြ၏။ ယနေ့ သွားကုသမှုခံယူသူများသည် သွားကိုက်ဝေဒနာမခံစားရဘဲ မိမိတို့သွားများကို တစ်သက်တာလုံး ထိန်းသိမ်းထားနိုင်ကာ ရှုချင်စဖွယ် ပြုံးအလှပိုင်ရှင်များ ဖြစ်နိုင်ကြပေပြီ။ ခေတ်မီသွားဘက်ဆိုင်ရာပညာသည် ဤထူးခြားသည့် စွမ်းဆောင်ချက်သုံးခုကို မည်သို့လုပ်ဆောင်နိုင်ခဲ့သနည်း။
သွားများကို ထိန်းသိမ်းကာကွယ်ရာတွင် သွားကိုက်ခြင်း၊ သွားပျက်စီးခြင်းမဖြစ်စေရန် ပညာပေးခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းတို့သည် အဓိကကျ၏။ ယေရှုက “ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၅: ၃၁) ထို့ကြောင့် လူအချို့သည် ခံတွင်းသန့်ရှင်းရေးပညာပေးခြင်းမှ အကျိုးများစွာရရှိကြသောကြောင့် သွားကုသမှုခံယူရန် မလိုအပ်သလောက်ဖြစ်သည်။ * သို့သော် ကုသမှုခံယူရန် လိုအပ်သူအများစုမှာ သွားဘက်ဆိုင်ရာဆရာဝန်ထံ မသွားကြချေ။ အချို့မှာ ယင်းကို အလေးမထားကြချေ။ အချို့မှာ အကုန်အကျမခံလိုကြချေ။ အချို့မှာမူ ကုသမှုခံယူရမည်ကို ကြောက်ရွံ့ ကြသည်။ သင့်အခြေအနေ မည်သို့ပင်ရှိပါစေ ဤသို့မေးသင့်ပေသည်– သွားဘက်ဆိုင်ရာဆရာဝန်သည် ကျွန်ုပ်အတွက် အဘယ်အရာလုပ်ပေးနိုင်သနည်း။ သွားဘက်ဆိုင်ရာဆရာဝန်ထံ သွားခြင်းက အကျိုးရှိပါသလော။ သွားများကိုထိန်းသိမ်းကာကွယ်ခြင်း၏ အရေးကြီးမှုကို သဘောပေါက်နားလည်ရန် သွားဘက်ဆိုင်ရာဆရာဝန်များသည် အဘယ်အရာကို ကြိုးစားကာကွယ်ပေးနေကြောင်း သိထားရန်လိုသည်။
သွားများပျက်စီးပုံ
သွားကိုက်ခြင်း၊ သွားပျက်စီးခြင်းမဖြစ်ရန် သွားဘက်ဆိုင်ရာဆရာဝန်များက ကာကွယ်ပေးနိုင်သည်။ သွားဘက်ဆိုင်ရာဆရာဝန်များသည် သင်၏ပူးပေါင်းဆောင်ရွက်မှုဖြင့် သင့်သွားများတွင်ကပ်နေသော သွားချေးများမှ ဘက်တီးရီးယားများကို ကြိုးစား၍တိုက်ဖျက်ပေးသည်။ ဘက်တီးရီးယားသည် အစာအစအနများကို စားသုံး၍ရှင်သန်ကြသည်။ ယင်းတို့သည် သကြားကို အက်စစ်အဖြစ်သို့ ဓာတ်ပြောင်းစေပြီး သွားကြွေကို အပေါက်လေးများဖြစ်အောင် စားပစ်ကြသည်။ အဆုံးတွင် အပေါက်လေးများသည် အခေါင်းဖြစ်သွားသောအခါ သွားပိုးစားနာဖြစ်လာသည်။ ဤအဆင့်တွင် သင် မည်သို့မျှ ခံစားရမည်မဟုတ်သော်လည်း သွားပိုးစားနာသည် အသားနုသို့ရောက်သောအခါ စူးရှသောနာကျင်မှုကို ခံစားရပေမည်။
သွားချေးဖြစ်စေသည့် ဘက်တီးရီးယားများသည် သင့်ကို နောက်တစ်နည်းဖြင့် ဝေဒနာခံစားစေနိုင်သည်။ သွားချေးများကို စင်ကြယ်အောင် သေချာမတိုက်ပါက သွားချေးကျောက်အဖြစ် အနည်ထိုင်သွားပြီး ယင်းက သွားဖုံးများကို ရောင်ရမ်းစေကာ နိမ့်ဝင်သွားစေသည်။ အကျိုးဆက်အနေနှင့် သွားဖုံးနှင့် သွားကြားတွင် ဟသွားပြီး သင့်သွားဖုံးများကို ရောဂါကူးစက်စေနိုင်သည့် ဘက်တီးရီးယားပိုးများအတွက် ပွဲတော်တည်ရာနေရာ ဖြစ်လာသည်။ သွားကုဆရာဝန်သည် ယင်းအခြေအနေကို ကုသပေးနိုင်သော်လည်း ယင်းကို သင်ဂရုမစိုက်ပါက သင့်သွားကို ဝန်းရံထားသောတစ်ရှူးများ အလွန်အမင်းပျက်စီးလာကာ သွားများ ကျွတ်ထွက်သွားမည်ဖြစ်သည်။ သွားပိုးစားနာထက် ဤနည်းဖြင့် သွားများပိုဆုံးရှုံးရသည်။
သင့်တံတွေးသည် ဘက်တီးရီးယား၏ ဤတိုက်ခိုက်မှုနှစ်မျိုးစလုံးကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးသည်။ ထမင်းအဝစားသည်ဖြစ်စေ၊ မုန့်အနည်းငယ်ကိုသာ စားသည်ဖြစ်စေ သင့်တံတွေးသည် ကျန်နေသောအစာများကို ရှင်းလင်းရန်နှင့် သင့်သွားများတွင်ကပ်နေသော သွားချေးများမှ အက်စစ်များကို ဓာတ်ပြယ်စေရန် ၁၅ မိနစ်မှ ၄၅ မိနစ်အထိကြာသည်။ ထိုကြာချိန်သည် သင့်သွားများတွင်ကပ်နေသော စေးကပ်သည့်သကြား သို့မဟုတ် အစာအစအနများ၏ပမာဏအပေါ် မူတည်သည်။ ဤမိနစ်ပိုင်းအတွင်း၌ပင် သင့်သွားများ ပျက်စီးနေပုံရသည်။ ထို့ကြောင့် ပျက်စီးမှုပမာဏသည် သင်စားသောက်သော သကြားဓာတ်ပမာဏပေါ် မူမတည်ဘဲ အစားအစာနှင့် သကြားဓာတ်ပါဝင်သောမုန့်များကို စားသုံးသည့် အကြိမ်ပမာဏပေါ်မူတည်သည်။ အိပ်ပျော်နေစဉ်တွင် တံတွေးထွက်နည်းသောကြောင့် သကြားဓာတ်ပါဝင်သော အစားအသောက်များကို စားသောက်ပြီးနောက် သွားမတိုက်ဘဲ အိပ်ရာဝင်ပါက သွားပျက်စီးမှုပမာဏ ပိုကြီးမား၏။ သို့သော် အစာစားပြီးနောက် သကြားဓာတ်မပါသော ပီကေဝါးပါက တံတွေးပိုထွက်စေပြီး သင့်သွားများကို ကာကွယ်ရန် အကူအညီဖြစ်စေသည်ဟုဆို၏။
သွားများကို ထိန်းသိမ်းကာကွယ်ခြင်း
သင့်သွားအခြေအနေပေါ်မူတည်၍ သွားများကို တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် မှန်မှန်စစ်ဆေးသင့်ကြောင်း သွားဘက်ဆိုင်ရာဆရာဝန်များက အကြံပြုကြသည်။ စစ်ဆေးနေစဉ်တွင် သွားဘက်ဆိုင်ရာဆရာဝန်သည် ဓာတ်မှန်ရိုက်ခြင်းနှင့် သွားများ ပိုးစားထားခြင်းရှိမရှိ သေချာစစ်ဆေးခြင်းတို့ကို ပြုလုပ်ပေလိမ့်မည်။ သွားဘက်ဆိုင်ရာဆရာဝန်သည် သွားဖုံးအတွက် သတ်မှတ်ထားသောထုံဆေးနှင့် အရှိန်မြှင့်ဖောက်စက်ကိုသုံး၍ သင့်အား မနာကျင်စေဘဲ သူတွေ့ရှိသည့် သွားပေါက်များကို ဖာပေးနိုင်သည်။ ယခုအခါတွင် သွားဘက်ဆိုင်ရာဆရာဝန်အချို့သည် ကြောက်တတ်သူများအတွက် လေဆာရောင်ခြည်သုံး၍ဖာခြင်း၊ ပျက်စီးနေသောသွားများကိုပြုပြင်ရန် အမီနိုအက်စစ်ပါသော ဂျယ်လ်သုံးခြင်းတို့ဖြင့် ကုသပေးလျက်ရှိသည်။ ယင်းနည်းများသည် သွားဖုံးအတွက် သတ်မှတ်ထားသော ထုံဆေးသုံးခြင်း၊ အရှိန်မြှင့်ဖောက်စက်သုံးခြင်းတို့ကို လျော့နည်းစေသည် သို့မဟုတ် လုံးဝသုံးစရာပင်မလိုအပ်ချေ။ ကလေးသူငယ်များအတွက်မူ သွားဘက်ဆိုင်ရာဆရာဝန်များသည် အသစ်ပေါက်လာသော အံသွားများကို အထူးဂရုစိုက်သည်။ သွား၏ ဝါးသည့်မျက်နှာပြင်တွင် သွားပွတ်တံဖြင့် တိုက်ရခက်မည့် အက်ကြောင်း သို့မဟုတ် အချိုင့်ရှိမရှိစစ်ဆေးကြသည်။ သွားပိုးစားခြင်းကိုကာကွယ်ရန် သွားဘက်ဆိုင်ရာဆရာဝန်များသည် သွား၏မျက်နှာပြင် ညီသွားပြီး တိုက်ရလွယ်ကူစေရန် ယင်းသို့သောအချိုင့်များကို ဖာလိုက်ဖို့ ပြောပေမည်။
လူကြီးများအတွက်မူ သွားဘက်ဆိုင်ရာဆရာဝန်များသည် သွားဖုံးရောဂါကို ကာကွယ်ရန် အထူးဂရုစိုက်ပေးကြသည်။ ထို့ကြောင့် သွားဘက်ဆိုင်ရာဆရာဝန်သည် သွားချေးကျောက်များစွဲကပ်နေသည်ကို တွေ့ရှိပါက ယင်းတို့ကို ခြစ်ထုတ်ပစ်မည်။ လူအများစုသည် သွားတိုက်သည့်အခါတိုင်း မတိုက်မိသောနေရာများရှိရာ သင့်သွားတိုက်နည်းစနစ်ကို မည်သို့တိုးတက်စေနိုင်ကြောင်း ဆရာဝန်က ပြသပေးမည်။ သွားကုဆရာဝန်အချို့သည် လူနာများအား ဤအရေးကြီးသည့် လုပ်ဆောင်မှုအတွက် အထူးလေ့ကျင့်ပေးထားသော သွားကျန်းမာရေးပါရဂူများထံသွားရန် လမ်းညွှန်ပါလိမ့်မည်။
ပျက်စီးနေသောသွားများကိုပြန်ပြုပြင်ပေးခြင်း
အကယ်၍ သင်၏သွားများ ပျက်စီးနေမည်၊ ကျိုးနေမည် သို့မဟုတ် မညီမညာဖြစ်နေမည်ဆိုပါက ယင်းတို့ကိုပြန်ပြုပြင်ရန် သွားဘက်ဆိုင်ရာဆရာဝန်များတွင် နည်းလမ်းသစ်များရှိသည်ကို သိရသည့်အတွက် သင်ဝမ်းသာပေလိမ့်မည်။ သို့သော် ယင်းသည် ငွေကုန်ကြေးကျများလွန်းသောကြောင့် သင်တတ်နိုင်သည့်ငွေကြေးပမာဏကို သတိပြုသင့်သည်။ သို့သော်လည်း အများစုက ပြုပြင်ကုသမှုသည် ငွေကုန်ရကျိုးနပ်သည်ဟု ယူဆကြ၏။ သွားကုဆရာဝန်သည် သင်အစာပြန်ဝါးနိုင်အောင် ပြုလုပ်ပေးကောင်း ပြုလုပ်ပေးနိုင်ပေမည်။ သို့မဟုတ် သင့်အပြုံးများကို ပို၍ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနိုင်ပေမည်။ ယင်းသည် သင့်ဘဝအရည်အသွေးအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သောကြောင့် အသေးအဖွဲကိစ္စမဟုတ်ပေ။
ကျိုးနေသော သို့မဟုတ် မလှမပဖြစ်နေသော ရှေ့သွားများကို သဘာဝသွားကြွေနှင့်အလွန်တူသော အလင်းမှုန်ကြွေဖြင့်ကွပ်ရန် သွားကုဆရာဝန်က အကြံပြုပေမည်။ အကွပ်သည် ပျက်စီးနေသောသွားကို အပေါ်ယံကွပ်ထားခြင်းဖြင့် ပုံစံအသစ်ဖြစ်စေသည်။ အလွန်ပျက်စီးနေသော သွားများအတွက်မူ အပေါ်မှစွပ်လိုက်ရန် သွားကုဆရာဝန်က အကြံပြုပေမည်။ ယင်းသည် ကျန်နေသောသွားအစိတ်အပိုင်း၏အပေါ်မှ အပြည့်စွပ်လိုက်ခြင်းဖြင့် အပေါ်ယံလွှာကို အသစ်ဖြစ်စေမည်။ ယင်းအစွပ်များကို ရွှေ သို့မဟုတ် သဘာဝသွားနှင့်တူသောအရာများဖြင့် ပြုလုပ်ထားသည်။
နုတ်ထားသောသွားများအတွက် သွားကုဆရာဝန်က မည်သို့ ပြုလုပ်ပေးနိုင်သနည်း။ ဖြုတ်၍တပ်၍ရသောအံကပ်ကို တပ်ပေးနိုင်သည်။ သို့မဟုတ် လပ်နေသောနေရာ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ သွားများတွင်စွပ်ရန် သွားဆက်ကူးတစ်ခု လုပ်ပေးနိုင်သည်။နောက်ရွေးချယ်စရာတစ်ခုမှာ ခေတ်စားနေသော သွားအသေစိုက်ခြင်းဖြစ်သည်။ ဆရာဝန်သည် သွားကျိုးနေသောနေရာရှိ မေးရိုးထဲသို့ တိုင်တေနီယမ်သတ္တုချောင်းစိုက်ထည့်လိုက်ပြီးနောက် ယင်းနေရာတွင် အရိုးနှင့်သွားဖုံးများ ပြန်ပြည့်လာသောအခါ ယင်းသတ္တုချောင်းပေါ်၌ သွားတုကို တပ်လိုက်သည့်နည်းဖြစ်သည်။ ယင်းသည် တကယ့်သွားအစစ်နှင့်တူ၏။
မညီမညာဖြစ်နေသောသွားများသည် စိတ်အနှောင့်အယှက်ဖြစ်စေပြီး သန့်ရှင်းရခက်သောကြောင့် ရောဂါဖြစ်လွယ်၏။ သွားများ အစီအစဉ်တကျပေါက်မနေပါက နာကျင်နိုင်ပြီး အစာဝါးရခက်စေနိုင်သည်။ ဝမ်းသာစရာမှာ ဆရာဝန်များသည် များသောအားဖြင့် ဤသို့သောပြဿနာကို သွားချုပ်တံသုံး၍ ဖြေရှင်းပေးနိုင်ကြသည်။ မကြာသေးမီက ဒီဇိုင်းများ ခေတ်မီတိုးတက်လာသည့်အတွက် သွားချုပ်တံများမှာ သိပ်မမြင်သာဘဲ မကြာခဏ ညှိပေးဖို့လည်း သိပ်မလိုတော့ချေ။
ဆရာဝန်အချို့သည် ခံတွင်းအနံ့ဆိုးခြင်းကို ပို၍ဂရုစိုက်လာကြသည်။ လူအများစုသည် တစ်ခါတစ်ရံမှ ခံတွင်းအနံ့ဆိုးတတ်သော်လည်း အချို့မှာမူ အမြဲလိုလိုပင် အနံ့ဆိုးနေတတ်သည်။ ယင်းသို့ ဖြစ်ရသည့်အကြောင်းရင်း များစွာရှိနိုင်သည်။ ဆရာဝန်အချို့သည် ယင်းသို့ ဖြစ်ရသည့်အကြောင်းရင်းကို အတိအကျရှာဖွေနိုင်ကြသည်။ အများအားဖြင့် ယင်းသည် လျှာအရင်းပိုင်းတွင် ခိုအောင်းနေသော ဘက်တီးရီးယားပိုးများကြောင့်ဖြစ်၏။ သကြားဓာတ်မပါသောပီကေကို ဝါးခြင်းဖြင့် တံတွေးကို ပိုထွက်စေနိုင်သကဲ့သို့ လျှာကို သွားပွတ်တံဖြင့် ပွတ်တိုက်ပေးခြင်း၊ ခြစ်ပေးခြင်းဖြင့်လည်း အကူအညီဖြစ်စေနိုင်သည်။ နို့ထွက်ပစ္စည်းများ၊ အသားနှင့်ငါးများကို စားသုံးပြီးနောက် ခံတွင်းကို သန့်ရှင်းရေးလုပ်ပေးရန် အထူးအရေးကြီးသည်။
ကြောက်ရွံ့မှုကို ဖြေရှင်းခြင်း
သွားဘက်ဆိုင်ရာဆရာဝန်ထံသွားဖို့ သင်စိုးရိမ်နေပါက ဆရာဝန်က မကြောက်ရန် သင့်အား ကူညီပေးပေမည်။ ထို့ကြောင့် သင်မည်သို့ခံစားနေရသည်ကို သူ့အားပြောပြပါ။ ကုသမှုခံယူစဉ် သင်နာကျင်လာပါက သို့မဟုတ် ကြောက်လာပါက သင့်လက်ဖြင့် မည်သို့အချက်ပြမည်ကို ကြိုတင်ပြောထားပါ။ ယင်းသို့ ပြုလုပ်ခြင်းက ပို၍စိတ်ချလက်ချဖြစ်စေကြောင်း လူနာအများ တွေ့ရှိခဲ့ကြသည်။
သင့်သွားနှင့်ပတ်သက်၍ ပြစ်တင်ခံရမည်ကို ကြောက်ရွံ့နေခြင်းဖြစ်ပေမည်။ သွားများကို သေချာဂရုမစိုက်သောကြောင့် ဆရာဝန်က သင့်အား အထင်သေးမည်ကို စိုးရိမ်ပေမည်။ သို့သော် ယင်းသို့သောအပြောအဆိုမျိုးက သူတို့၏လုပ်ငန်းကို ထိခိုက်စေနိုင်သောကြောင့် သင်ထင်သည့်အတိုင်း ပြစ်တင်ခံရချင်မှ ပြစ်တင်ခံရပေမည်။ ဆရာဝန်အများစုသည် သူတို့၏ဖောက်သည်လူနာများကို ကြင်နာစွာ စကားပြောဆိုလိုကြသည်။
ငွေကုန်ကြေးကျများသောကြောင့် လူအများစုက သွားကုဆရာဝန်ထံသွားရန် ဝန်လေးကြသည်။ သို့သော် သင်ယခု စစ်ဆေးမှုများပြုလုပ်မည်ဆိုလျှင် နောင်တွင်ကြုံတွေ့ရနိုင်သော ငွေကုန်ကြေးကျများသည့် ကုသမှုမျိုးကို ရှောင်နိုင်ပေလိမ့်မည်။ ဒေသအများစုတွင် လူတို့တတ်နိုင်သောငွေအင်အားနှင့် သင့်တော်သည့် သွားဘက်ဆိုင်ရာဆေးခန်းအမျိုးမျိုး ရှိပါသည်။ ဈေးအသက်သာဆုံး သွားဘက်ဆိုင်ရာဆေးခန်းများ၌ပင် ဓာတ်မှန်နှင့် အရှိန်မြှင့်ဖောက်စက်များရှိပေမည်။ သွားဘက်ဆိုင်ရာဆရာဝန်များသည် လူနာများကို နာကျင်မှုအသက်သာဆုံးနည်းဖြင့် ကုသပေးနိုင်ကြပါသည်။ ထုံဆေးများသည် ဈေးသက်သာ၍ ဝင်ငွေနည်းသူများပင် တတ်နိုင်၏။
သွားကုဆရာဝန်များ၏ရည်ရွယ်ချက်မှာ နာကျင်စေရန်မဟုတ်ဘဲ နာကျင်မှုကို သက်သာစေရန်ဖြစ်၏။ သွားရောဂါကုသမှုသည် သင့်ဘိုးဘွားများခေတ်က အခြေအနေနှင့်မတူတော့ဘဲ အလွန်တိုးတက်နေပြီဖြစ်သည်။ ကျန်းမာသောသွားများသည် သင့်အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး သင့်ဘဝကိုလည်း ပို၍အပြည့်အဝ ပျော်မွေ့စေနိုင်သောကြောင့် သွားဘက်ဆိုင်ရာဆရာဝန်ထံ သွား၍ပြကြည့်ပါလေ။ သင် အံ့သြကျေနပ်သွားပေမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် သွားဘက်ဆိုင်ရာဆရာဝန်မှ လူနာအား မည်သို့ကူညီပေးနိုင်ကြောင်းကို အလေးပေးဖော်ပြထားပါသည်။
[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကျန်းမာသောသွား၏တည်ဆောက်ပုံ
သွားကြွေ
သွားထည်
သွားဖုံးအသားမျှင် (သွားဖုံး)
နဗ်ကြောများရှိသည့် အသားနုများနှင့် သွေးကြောများ
အရိုး
အစွပ်
သွားမြစ်
[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သွားပိုးစားခြင်း
သွားအခေါင်း
သွားဖာခြင်း က သွားအခေါင်းများကျယ်ခြင်းကို တားဆီးပေး
[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သွားဖုံးရောဂါ
သွားချေးများ ကို သွားပွတ်တံဖြင့် တိုက်ချွတ်သင့် သို့မဟုတ် ကြိုးဖြင့် ရှင်းလင်းသင့်
သွားချေးကျောက်များ သည် ဖယ်ရှားရခက်ပြီး သွားဖုံးများကို နိမ့်ဝင်သွားစေ
သွားဖုံးများနိမ့်ဝင်သွားခြင်း
[စာမျက်နှာ ၂၁ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သွားများပြုပြင်ခြင်း
သွားကွပ်ခြင်း
အစွပ်
သွားစိုက်ခြင်း
သွားဆက်ကူးဖြင့် လပ်နေသောနေရာ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ သွားများတွင်စွပ်ပေး