နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော
သမ္မာကျမ်းစာရှုထောင့်
နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော
ဂုဏ်ယူဝင့်ကြွားသူ၊ မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းသူတို့ကို အတုယူရမည့်သူများအဖြစ် ဤလောက,က ဖော်ပြလေ့ရှိ၏။ နှိမ့်ချ၍ သိမ်မွေ့သူတို့ကိုမူ အားနည်းသူ၊ ရှက်ကြောက်တတ်သူ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်သူများအဖြစ် ယူမှတ်တတ်ကြသည်။ သို့သော် စစ်မှန်သောနှိမ့်ချမှုဟူသည် အမှန်ပင် ပျော့ညံ့မှုတစ်ခုလော။ ဝင့်ကြွားခြင်း သို့မဟုတ် မာနကြီးခြင်းဟူသည် ခိုင်မာသောအရည်အသွေးတစ်ခုလော။ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
အစပိုင်းတွင် သမ္မာကျမ်းစာက ဝင့်ကြွားခြင်းပုံစံတချို့ကို အကောင်းဘက်မှဖော်ပြပေမည်။ ဥပမာ၊ ယေဟောဝါသည် မိမိတို့၏ဘုရားသခင်ဖြစ်ပြီး မိမိတို့ကို ကိုယ်တော်သိတော်မူသောကြောင့် ခရစ်ယာန်များ ဂုဏ်ယူဝင့်ကြွားသင့်သည်။ (ဆာလံ ၄၇:၄; ယေရမိ ၉:၂၄; ၂ သက်သာလောနိတ် ၁:၃၊ ၄) မိမိတို့၏ကလေးများသည် ခရစ်ယာန်အမူအကျင့်တွင် ပုံသက်သေကောင်းပြီး စစ်မှန်သောဝတ်ပြုရေးအတွက် သတ္တိရှိရှိ၊ ခိုင်မြဲစွာရပ်တည်သောအခါ မိဘများ ဂုဏ်ယူဝင့်ကြွားနိုင်သည်။ (သု. ၂၇:၁၁) သို့သော် ဝင့်ကြွားခြင်း သို့မဟုတ် မာနကြီးခြင်းသည် မနှစ်မြို့ဖွယ်သဘောလည်းဆောင်၏။
မာနကြီးခြင်းနှင့် နှိမ့်ချခြင်းကို အသေအချာဆန်းစစ်ခြင်း
မာနကြီးခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ မိမိကိုယ်ကိုအထင်ကြီးခြင်းဖြစ်သည်။ ထိုသို့သောမာနက လူတစ်ဦးအား မိမိ၏အလှ၊ လူမျိုး၊ အဆင့်အတန်း၊ ပင်ကိုစွမ်းရည် သို့မဟုတ် စည်းစိမ်ဥစ္စာတို့ကြောင့် မိမိသည် အရေးပါသည်၊ သူတစ်ပါးထက်သာသည်ဟူသော မတော်လျော်သည့်ခံစားချက် ဖြစ်ပေါ်စေ၏။ (ယာကုပ် ၄:၁၃-၁၆) သမ္မာကျမ်းစာက “မာန်မာနနှင့်ယစ်မူးသောသူ” တို့အကြောင်းကို ဖော်ပြထား၏။ (၂ တိမောသေ ၃:၄) တစ်နည်းဆိုရလျှင် ထိုသူတို့သည် ခိုင်လုံသောအကြောင်းရင်းမရှိဘဲ မိမိကိုယ်ကို ထင်သင့်သည်ထက် ပိုထင်နေတတ်၏။
နှိမ့်ချသူများမူ မိမိတို့၏မစုံလင်မှုနှင့် ဘုရားသခင်ရှေ့ မိမိတို့၏နိမ့်ကျသောအခြေအနေကို အသိအမှတ်ပြုကာ မိမိတို့ကိုယ်ကို ရိုးသားစွာ၊ အရှိအတိုင်းရှုမြင်ရန် ကြိုးစားကြသည်။ (၁ ပေတရု ၅:၆) ထို့ ပြင် သူတို့သည် အခြားသူများ၌ရှိသည့် ထူးကဲသောအရည်အသွေးများကို အသိအမှတ်ပြုရုံမက ယင်းအတွက် ဝမ်းမြောက်ကြ၏။ (ဖိလိပ္ပိ ၂:၃) ယင်းကြောင့် သူတို့သည် မနာလိုဝန်တိုစိတ်၏ လွှမ်းမိုးမှုကို မခံကြချေ။ (ဂလာတိ ၅:၂၆) ထို့ကြောင့် စစ်မှန်သောနှိမ့်ချမှုသည် အခြားသူများနှင့် ကောင်းမွန်သောဆက်ဆံရေး တိုးတက်စေရုံမက ပူပင်သောကကင်းဝေးစေကာ စိတ်ငြိမ်သက်မှုရရှိစေသည်မှာ ထင်ရှား၏။
ယေရှု၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကမ္ဘာပေါ်သို့ မကြွလာမီ ကိုယ်တော်သည် ကောင်းကင်တွင် တန်ခိုးရှိသော ဝိညာဉ်သတ္တဝါတစ်ပါးဖြစ်၏။ ကမ္ဘာပေါ်ရှိစဉ်တွင်လည်း ကိုယ်တော်သည် စုံလင်ပြီး အပြစ်ကင်းသောလူသားတစ်ဦးဖြစ်၏။ (ယောဟန် ၁၇:၅; ၁ ပေတရု ၂:၂၁၊ ၂၂) ကိုယ်တော်၌ ပြိုင်ဘက်ကင်းသောစွမ်းရည်၊ ဉာဏ်ရည်နှင့် အသိပညာရှိတော်မူ၏။ သို့သော် ကိုယ်တော်သည် မည်သည့်အခါမျှ ကြွားလုံးမထုတ်ဘဲ အစဉ် နှိမ့်ချမှုပြခဲ့သည်။ (ဖိလိပ္ပိ ၂:၆) တစ်ကြိမ်တွင် မိမိတမန်တော်များ၏ခြေကိုပင် ဆေးပေးခဲ့သည်။ ကလေးငယ်များကိုလည်း အမှန်တကယ်စိတ်ဝင်စားတော်မူ၏။ (လုကာ ၁၈:၁၅၊ ၁၆; ယောဟန် ၁၃:၄၊ ၅) အမှန်ဆိုလျှင် မိမိ၏ဘေးတွင် ကလေးတစ်ယောက်ကိုထားကာ ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။” (မဿဲ ၁၈:၂-၄) မှန်ပါသည်၊ ယေရှုနှင့် ကိုယ်တော့်ခမည်းတော်၏အမြင်တွင် စစ်မှန်သောကြီးမြတ်မှုဟူသည် မာနကြီးခြင်းမှမဟုတ်ဘဲ နှိမ့်ချခြင်းမှ ပေါ်ပေါက်လာရာဖြစ်၏။—ယာကုပ် ၄:၁၀။
နှိမ့်ချခြင်းသည် ခိုင်မာသောအရည်အသွေးတစ်ခုဖြစ်
ယေရှုသည် နှိမ့်ချမှုပြရာတွင် စံပြဖြစ်သော်လည်း မျက်နှာလိုမျက်နှာရလုပ်တတ်သူ သို့မဟုတ် အသည်းငယ်သော ပျော့ညံ့သူတစ်ဦး လုံးဝမဟုတ်ပေ။ ကိုယ်တော်သည် အမှန်တရားကို သတ္တိရှိရှိပြောဆိုကာ လူကိုကြောက်ရွံ့ ခြင်း လုံးဝမရှိခဲ့ပေ။ (မဿဲ ၂၃:၁-၃၃; ယောဟန် ၈:၁၃၊ ၄၄-၄၇; ၁၉:၁၀၊ ၁၁) ထို့ကြောင့် ကိုယ်တော်သည် အတိုက်အခံပြုသူတချို့၏ လေးစားမှုကိုပင် ရရှိခဲ့၏။ (မာကု ၁၂:၁၃၊ ၁၇; ၁၅:၅) သို့သော် ယေရှုသည် မည်သည့်အခါမျှ ဗိုလ်ကျစိုးမိုးခြင်းမပြုခဲ့ချေ။ ယင်းအစား နှိမ့်ချမှု၊ ကရုဏာ၊ မေတ္တာဖြင့် လူတို့ကိုဆွဲဆောင်ခဲ့ပြီး မာနကြီးသူတစ်ဦး မည်သည့်အခါမျှ မရရှိနိုင်သောနည်းဖြင့် လူတို့၏ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; ယောဟန် ၁၃:၁; ၂ ကောရိန္သု ၅:၁၄၊ ၁၅) ယနေ့အချိန်၌ပင် သန်းနှင့်ချီသောသူတို့သည် ခရစ်တော်အား သစ္စာရှိစွာလက်အောက်ခံကြခြင်းမှာ ကိုယ်တော်အား အမှန်တကယ်ချစ်မြတ်နိုးကာ အလွန်လေးစားကြသောကြောင့်ဖြစ်သည်။—ဗျာ. ၇:၉၊ ၁၀။
သမ္မာကျမ်းစာက နှိမ့်ချမှုပြရန် တိုက်တွန်း၏၊ အကြောင်းမှာ စိတ်နှိမ့်ချသူများသည် သွန်သင်ချက်ကို တလိုတလားလက်ခံရာ သူတို့ကို သွန်သင်ပေးရသည်မှာ နှစ်သက်စရာဖြစ်၏။ (လုကာ ၁၀:၂၁; ကောလောသဲ ၃:၁၀၊ ၁၂) အဟောအပြောကောင်းသည့် ကနဦးခရစ်ယာန်သွန်သင်သူတစ်ဦးဖြစ်သူ အာပေါလုကဲ့သို့သော သူတို့ပင်လျှင် တိကျမှန်ကန်သော အချက်အလက်သစ်များရရှိသည့်အခါ မိမိတို့၏ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြသည်။ (တမန်တော် ၁၈:၂၄-၂၆) ထို့ ပြင် စိတ်နှိမ့်ချသူတို့သည် မေးခွန်းများမေးရန် မကြောက်ရွံ့ ကြချေ။ မာနကြီးသူတို့မူ မိမိတို့၏မသိနားမလည်မှု ထုတ်ဖော်ခံရမည်စိုး၍ မေးခွန်းများမေးခြင်းကို ရှောင်လေ့ရှိကြသည်။
ကျမ်းပိုဒ်အချို့ကို နားမလည်သည့် ပထမရာစုမှ အဲသယောပိအမတ်၏ ပုံသက်သေကို သတိပြုကြည့်ပါ။ ခရစ်တော်၏တပည့် ဖိလိပ္ပုက သူ့အား “ဖတ်သောအရာကို နားလည်ပါ၏လော” ဟုမေး၏။ အဲသယောပိအမတ်က “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း” ဟုပြန်ဖြေသည်။ အထူးသဖြင့် ထိုအမတ်သည် သူ၏တိုင်းပြည်တွင် အရေးပါသူတစ်ဦးဖြစ်နိုင်ဖွယ်ရှိသည်ကို ထောက်ရှုသော် ယင်းသည် ထူးခြားသောနှိမ့်ချမှုဖြစ်၏! သူ၏နှိမ့်ချမှုကြောင့် ကျမ်းစာဆိုင်ရာ နက်နဲသောထိုးထွင်းသိမြင်မှုကို ရရှိခဲ့သည်။—တမန်တော် ၈:၂၆-၃၈။
အဲသယောပိအမတ်သည် ဂျူးကျမ်းတတ်များ၊ ဖာရိရှဲများနှင့် အလွန်ကွာခြား၏။ ထိုသူတို့သည် ထိုအချိန်က ဘာသာရေးအကျော်အမော်များအဖြစ် မိမိတို့ကိုယ်ကို ယူမှတ်ခဲ့ကြသည်။ (မဿဲ ၂၃:၅-၇) ယေရှုနှင့် ကိုယ်တော့်နောက်လိုက်များ၏စကားကို နှိမ့်ချစွာနားထောင်မည့်အစား အထင်သေးကာ အပြစ်ရှာဖို့ကြိုးစားခဲ့ကြသည်။ သို့နှင့် သူတို့၏မာန်မာနကြောင့် ဘုရားသခင်၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်များကို သိနားလည်ခွင့်မရခဲ့ကြချေ။—ယောဟန် ၇:၃၂၊ ၄၇-၄၉; တမန်တော် ၅:၂၉-၃၃။
သင်သည် ရွှံ့စေးပျော့လော၊ ရွှံ့စေးမာလော
သမ္မာကျမ်းစာက ယေဟောဝါအား အိုးထိန်းသည်၊ လူသားတို့အား ရွှံ့စေးဟူ၍ ပုံဆောင်ပြသည်။ (ဟေရှာယ ၆၄:၈၊ ခမ) နှိမ့်ချမှုသည် လူတစ်ဦးအား ဘုရားသခင်၏လက်တော်တွင် နှစ်လို့ဖွယ်အိုးတစ်လုံးအဖြစ် ပုံသွင်းနိုင်သော ရွှံ့စေးပျော့ဖြစ်ရန် ကူညီပေး၏။ မာနထောင်လွှားသူမှာမူ ကျိုးပဲ့ကြေမွသွားနိုင်သည့် ခြောက်သွေ့သော ရွှံ့စေးမာနှင့်တူ၏။ မာနထောင်လွှားသူတို့၏ ဆိုးရွားလှသောနမူနာတစ်ခုမှာ ယေဟောဝါအား အန်တု၍ အသက်ဆုံးရှုံးခဲ့ရသည့် ရှေးအီဂျစ်ပြည်မှ မာနကြီးသော ဖာရောဘုရင်ဖြစ်၏။ (ထွက်မြောက်ရာ ၅:၂; ၉:၁၇; ဆာလံ ၁၃၆:၁၅) ဖာရော၏အသက်ဆုံးရှုံးမှုက ဤပညာရှိစကားမှန်ကန်ကြောင်း ဖော်ပြ၏– “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။”—သု. ၁၆:၁၈။
အထက်ပါဖော်ပြချက်များက ဘုရားသခင်၏လူမျိုးသည် မာနစိတ်ကို မည်သည့်အခါမျှ တိုက်လှန်ဖို့မလိုဟု မဆိုလိုချေ။ ဥပမာ၊ ယေရှု၏တမန်တော်များသည် သူတို့ထဲတွင် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း အကြိမ်ကြိမ်ငြင်းခုံခဲ့ကြသည်။ (လုကာ ၂၂:၂၄-၂၇) သို့သော် သူတို့သည် မာနစိတ်၏ထိန်းချုပ်မှုကိုမခံဘဲ ယေရှု၏စကားကိုနားထောင်ကာ နောက်ဆုံးတွင် သူတို့၏သဘောထားကို ပြောင်းလဲခဲ့ကြသည်။
‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏’ ဟု ရှောလမုန်ရေးသားခဲ့သည်။ (သု. ၂၂:၄) နှိမ့်ချမှုကိုမွေးမြူရန် ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းများ အမှန်ပင်ရှိနေသည်။ နှိမ့်ချခြင်းသည် ခိုင်မာ၍ ချစ်ဖွယ်အရည်အသွေးဖြစ်သည့်အပြင် ကျွန်ုပ်တို့ကို ဘုရားသခင့်မျက်နှာသာတော်နှင့် ထာဝရအသက်ဆုကျေးဇူးရရှိရန်လည်း ကူညီပေး၏။—၂ ဓမ္မရာဇဝင် ၂၂:၂၈; ယာကုပ် ၄:၁၀။
သင်စဉ်းစားဖူးသလော
▪ ဝင့်ကြွားမှုပုံစံအားလုံးသည် မနှစ်မြို့ဖွယ်လော။—၂ သက်သာလောနိတ် ၁:၃၊ ၄။
▪ နှိမ့်ချမှုသည် အသိပညာကို မည်သို့တိုးပွားစေသနည်း။—တမန်တော် ၈:၂၆-၃၈။
▪ ဘုရားသခင့်ကျေးကျွန်များသည် နှိမ့်ချမှုကို မွေးမြူဖို့လိုသလော။—လုကာ ၂၂:၂၄-၂၇။
▪ နှိမ့်ချသူများရှေ့တွင် အဘယ်အနာဂတ်ရှိနေသနည်း။—သု. ၂၂:၄။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ယေရှုသည် နှိမ့်ချသူဖြစ်သောကြောင့် ကိုယ်တော့်ထံ ကလေးများချဉ်းကပ်ခဲ့ကြ