သွေးစွန်းခဲ့သည့် လူ့သမိုင်း
သွေးစွန်းခဲ့သည့် လူ့သမိုင်း
လွန်ခဲ့သော နှစ်အနည်းငယ်က အကြမ်းဖက်မှုသည် အိုင်ယာလန်မြောက်ပိုင်းဒေသ၊ စပိန်မြောက်ပိုင်းရှိ ဘာ့စ်ခ်ကမ်းထရီးနှင့် အရှေ့အလယ်ပိုင်းဒေသတချို့ အစရှိသည့် ဝေးလံသီခေါင်သောဒေသ အနည်းငယ်တွင်သာ ဖြစ်ပွားခဲ့ပုံရ၏။ ယခုမူ၊ အထူးသဖြင့် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နယူးယောက်မြို့ရှိ အမြွှာမျှော်စင် ဖျက်ဆီးခံရပြီးကတည်းက အကြမ်းဖက်မှုသည် ကမ္ဘာချီဖြစ်ရပ်တစ်ခုအဖြစ် တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့လေပြီ။ အလွန်သာယာလှပသည့် ဘာလီကျွန်း၊ စပိန်နိုင်ငံ မဒရစ်မြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင်ပင် ဖြစ်ပွားခဲ့ပေပြီ။ သို့သော် အကြမ်းဖက်မှုသည် ယခုမှ ပေါ်ပေါက်လာသည့်အရာ မဟုတ်ချေ။ “အကြမ်းဖက်မှု” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
အကြမ်းဖက်မှုဟူသည် “နိုင်ငံရေးခံယူချက်ကြောင့် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက အဖွဲ့အစည်းများ၊ အာဏာပိုင်များအား အကျပ်ကိုင်ခိုင်းစေလို၍ လူ သို့မဟုတ် ပစ္စည်းဥစ္စာတို့ကို အကြမ်းဖက်ဖျက်ဆီးခြင်း သို့မဟုတ် အင်အားကို မတရားအသုံးပြု၍ ခြိမ်းခြောက်ခြင်း” ဖြစ်သည်ဟု အနက်ဖွင့်ဆိုထား၏။ (အမေရိကန် ဟယ်ရီတေ့ဂ်ျ အင်္ဂလိပ်အဘိဓာန်) သို့ရာတွင် စာရေးဆရာမ ဂျက်စီကာ စတန်းက ဤသို့မှတ်ချက်ချသည်– “အကြမ်းဖက်မှုကို လေ့လာသူတစ်ဦးသည် ရာပေါင်းများစွာသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တွေ့ရသည်။ . . . သို့သော် အကြမ်းဖက်မှုကို အခြားသောကြမ်းတမ်းရမ်းကားမှုများမှ ခွဲခြားသိမြင်နိုင်ရန် ထင်ရှားသော လက္ခဏာနှစ်ရပ်သာရှိသည်။” ယင်းတို့ကား အဘယ်နည်း။ “ပထမလက္ခဏာမှာ အကြမ်းဖက်မှုသည် အရပ်သားများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ . . . ဒုတိယလက္ခဏာမှာ အကြမ်းဖက်သမားများသည် ၎င်းတို့ပစ်မှတ်ထားသူတို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ထက် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ကြမ်းတမ်းရမ်းကားခြင်းဖြစ်သည်။ ဤသို့တမင်တကာဖန်တီး၍ လူတို့ကိုထိတ်လန့်စေခြင်းက အကြမ်းဖက်မှုကို သာမန်လူသတ်မှု သို့မဟုတ် တိုက်ခိုက်မှုနှင့် ကွဲပြားစေသည်။”
အကြမ်းဖက်မှု အတိတ်မှမြစ်ဖျားခံလာ
ပထမရာစုတွင် ယုဒနယ်ရှိ ဇဲလာ့တ်ခေါ် ဂျူးနိုင်ငံရေးအစွန်းရောက် မျိုးချစ်အုပ်စုသည် ရောမလက်အောက်မှ လွတ်မြောက်ရန် အပြင်းအထန်ကြိုးစားခဲ့ကြ၏။ အဆိုပါအုပ်စုမှ အတက်ကြွဆုံး နောက်လိုက်အချို့ကို စီခါရီအိုင် သို့မဟုတ် ဓားမြှောင်သမားများ ဟုလူသိများကြသည်။ အကြောင်းမှာ သူတို့၏ဝတ်ရုံအောက်တွင် ဓားမြှောင်များကို ဝှက်၍ဆောင်ထားတတ်ကြသောကြောင့်ဖြစ်သည်။ စီခါရီအိုင်တို့သည် ယေရုရှလင်ပွဲတော်လာ လူအုပ်အကြားတွင် ရောနှောနေပြီး ၎င်းတို့၏ရန်သူများကို လည်လှီးသွားကြသည် သို့မဟုတ် နောက်ကျောကို ဓားနှင့်ထိုးသွားကြသည်။ *
အေဒီ ၆၆ တွင် ပင်လယ်သေအနီးရှိ မဆားဒါခံတပ်ကို ဇဲလာ့တ်အုပ်စုတစ်စုက သိမ်းယူလိုက်၏။ သူတို့သည် ရောမခံတပ်စောင့်တပ်ကို သုတ်သင်ဖယ်ရှင်းကာ ထိုတောင်ထိပ်တွင် စစ်ဆင်ရေးအခြေစိုက်စခန်းအဖြစ် တပ်စွဲထားလိုက်ကြသည်။ ထိုနေရာမှနေ၍ စီးနင်းတိုက်ခိုက်ကာ ရောမစစ်တပ်များကို နှစ်ပေါင်းများစွာ အနှောင့်အယှက်ပေးခဲ့ကြသည်။ အေဒီ ၇၃ တွင် ဘုရင်ခံ ဖလားဗီးယွပ်စ် စီလ်ဗာ ဦးစီးသည့် ရောမစစ်တပ် အမှတ် (၁၀) သည် မဆားဒါခံတပ်ကို ပြန်လည်သိမ်းယူခဲ့သော်လည်း ဇဲလာ့တ်များကိုမူ အောင်ပွဲမခံနိုင်ခဲ့ချေ။ ဇဲလာ့တ် ၉၆၀ တို့သည် ရောမကို လက်နက်ချအညံ့ခံမည့်အစား အမျိုးသမီးနှစ်ဦးနှင့် ကလေးငါးဦးမှလွဲ၍ ကျန်အားလုံး မိမိတို့ကိုယ်ကို အဆုံးစီရင်လိုက်ကြကြောင်း ခေတ်ပြိုင်သမိုင်းပညာရှင်တစ်ဦးကဆို၏။
အကြမ်းဖက်မှုဟု ယနေ့ ကျွန်ုပ်တို့ခေါ်သည့်အရာသည် ဇဲလာ့တ်မှစတင်သည်ဟု အချို့က ရှုမြင်ကြ၏။ ယင်းသို့ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုအချိန်မှစ၍ အကြမ်းဖက်မှုသည် သမိုင်းကြောင်းတစ်လျှောက် အကြီးအကျယ်လွှမ်းမိုးသည့်အရာ ဖြစ်လာခဲ့သည်။
ခရစ်ယာန်ဘောင်တွင် အမြစ်တွယ်နေသောအကြမ်းဖက်မှု
ခရူးဆိတ်စစ်တပ်များသည် ၁၀၉၅ ခုနှစ်မှစ၍ ရာစုနှစ်နှစ်ခုတိုင် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသကြားတွင် အကြိမ်ကြိမ် စစ်ချီခဲ့ကြသည်။ ၎င်းတို့ကို အာရှနှင့် မြောက်အာဖရိကမှ မွတ်စလင်စစ်တပ်များက ဆန့်ကျင်တိုက်ခိုက်ကြ၏။ စစ်ဖြစ်ရသည့်အကြောင်းရင်းမှာ နှစ်ဖက်စစ်တပ်များက ယေရုရှလင်မြို့ကို ထိန်းချုပ်လိုသောကြောင့်ဖြစ်သည်။ “သန့်ရှင်းသောစစ်သည်များ” ဟုဆိုကြသည့် နှစ်ဖက်စစ်သည်တို့သည် တိုက်ပွဲများစွာတွင် တစ်ယောက်ကိုတစ်ယောက် ခုတ်ထစ်သတ်ဖြတ်ကြသည်။ ထို့ပြင် စစ်ပွဲတွင်မပါဝင်သည့်သူတို့ကိုပါ ဓားများ၊ ပုဆိန်များဖြင့် သတ်ဖြတ်ခဲ့ကြသည်။ အဆိုပါခရူးဆိတ်စစ်သည်တို့သည် ၁၀၉၉ ခုနှစ်တွင် ယေရုရှလင်မြို့တွင်းသို့ ဝင်ရောက်လာကြောင်း ၁၂ ရာစုမှ တိုင်ရ်မြို့သား ဓမ္မဆရာဝီလျံကဆို၏။
“သူတို့သည် ဓားများ၊ လှံများကိုင်ဆောင်၍ လမ်းမများတွင် လျှောက်သွားခဲ့ကြသည်။ တွေ့သမျှ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်မရွေး မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ အကုန်သတ်ပစ်သည်။ . . . လမ်းများတွင် သူတို့သတ်ထားခဲ့ကြသည့် လူသေအလောင်းများ စုပုံနေသဖြင့် ယင်းအလောင်းများကို မကျော်နင်းဘဲ ရှေ့ဆက်မသွားနိုင်ချေ။ . . . မြောင်းကြီးမြောင်းငယ်အသွယ်သွယ်၌ သွေးများပြည့်လျှံသည်အထိ သွေးချောင်းစီးကာ မြို့လမ်းအားလုံးတွင် လူသေအလောင်းများ ပြည့်နေ၏။” *
နောက်ပိုင်း ရာစုနှစ်များတွင် အကြမ်းဖက်သမားများသည် ဖောက်ခွဲရေးပစ္စည်းများနှင့် သေနတ်များကို စတင်အသုံးပြုလာရာ လူတို့ကို ထိတ်လန့်ကြောက်ရွံ့စေ၊ သေကျေပျက်စီးစေခဲ့ကြသည်။
သန်းနှင့်ချီသေဆုံးခဲ့
သမိုင်းပညာရှင်များက ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ကို ဥရောပသမိုင်းတွင် အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ကြ၏။ သူရဲကောင်းတစ်ဦးအဖြစ် အချို့ကယူမှတ်ထားသည့် လူငယ်တစ်ဦးသည် ဩစတြီးယား အိမ်ရှေ့မင်းသား ဖရန်စစ္စ ဖာဒီနန်အား ပစ်သတ်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ လူသန်းနှစ်ဆယ် သေဆုံးပြီးမှ စစ်ကြီးပြီးဆုံးခဲ့သည်။
ပထမကမ္ဘာစစ်ပြီးနောက် ဒုတိယကမ္ဘာစစ် ဆက်လိုက်ပါလာပြီး ချွေးတပ်စခန်းများ၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှုများ၊ အပြစ်မဲ့ပြည်သူတို့ကို သေကျေပျက်စီးစေသော လက်တုံ့ပြန်သည့်လုပ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ စစ်ကြီးပြီးနောက် ဆက်၍လူသတ်ခဲ့ကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ၌ ကမ္ဘောဒီးယားနိုင်ငံတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် လူတစ်သန်းကျော်သေဆုံးခဲ့သည်။ ထို့ပြင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ ရဝမ်ဒါတွင် လူ ၈၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ယင်းပြည်သူတို့မှာ သွေးလန့်နေဆဲဖြစ်သည်။
၁၉၁၄ ခုနှစ်မှစ၍ ကျွန်ုပ်တို့ခေတ်ထိတိုင် နိုင်ငံအတော်များများတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် လူတို့သည် ဆင်းရဲဝေဒနာခံစားနေရ၏။ သို့သော် ယနေ့ လူအချို့ကမူ သမိုင်းမှသင်ခန်းစာမရသည့်အလား ပြုမူနေကြ၏။ အများအားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် လူပေါင်းရာချီသေဆုံးစေ၍ လူထောင်ပေါင်းများစွာကို ကိုယ်အင်္ဂါချို့တဲ့စေကာ လူသန်းပေါင်းများစွာ၏ စိတ်ငြိမ်သက်မှုနှင့် လုံခြုံမှုကို လုယူဖျက်ဆီးသည်။ ဈေးများတွင် ဗုံးပေါက်ကွဲ၏။ ကျေးရွာများ ပြာပုံဆိုက်သွား၏။ အမျိုးသမီးများ မတရားပြုကျင့်ခံကြရ၏။ ကလေးများ ပြန်ပေးဆွဲခံကြရ၏။ လူတို့ သေကျေကြရ၏။ တရားဥပဒေများနှင့် နိုင်ငံတကာဆန့်ကျင် ရှုတ်ချမှုများရှိနေလျက်နှင့် ဤရက်စက်ကြမ်းကြုတ်မှုမှာ မရပ်တန့်သွားဘဲ ဖြစ်မြဲဖြစ်လျက်ရှိနေသည်။ အကြမ်းဖက်မှု အဆုံးတိုင်သွားရန် မျှော်လင့်ချက်ရှိပါသလော။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 တမန်တော် ၂၁:၃၈ [ကဘ] တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ရောမတပ်မှူးတစ်ဦးက တမန်တော်ပေါလုအား “ဓားမြှောင်သမားလေးထောင်” ၏ ခေါင်းဆောင်ဟု မတရားစွပ်စွဲခဲ့သည်။
^ အပိုဒ်၊ 10 ယေရှုသည် မိမိ၏တပည့်များအား “ရန်သူတို့ကို” မုန်း၍ သတ်ဖြတ်ရန်မဟုတ်ဘဲ “ချစ်” ရန် သွန်သင်ပေးခဲ့သည်။—မဿဲ ၅:၄၃-၄၅။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်တွင် ကမ္ဘာစစ်မီးတောက်လောင်ခဲ့
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် အစ္စတန်ဘူလ်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
၂၀၀၄ ခုနှစ် မတ်လ ၁၁ ရက် မဒရစ်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
၂၀၀၅ ခုနှစ် ဇူလိုင်လ ၈ ရက် လန်ဒန်
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နယူးယောက်
[Picture Credit Lines on page 5]
From left to right: AP Photo/Murad Sezer; AP Photo/Paul White; Photo by Peter Macdiarmid/Getty Images
[Picture Credit Line on page 6]
Culver Pictures