ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် သင့်အားအကျိုးပြု
ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် သင့်အားအကျိုးပြု
ဥယျာဉ်စိုက်ပျိုးပြုစုခြင်းကို သင်နှစ်သက်သလော။ သင့်ဝါသနာမှ စိတ်ကြည်နူးခြင်းထက်မက သင်အကျိုးခံစားနိုင်ပါသည်။ “ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် စိတ်ဖိစီးမှုနှုန်း လျော့ကျစေခြင်း၊ သွေးဖိအားကျစေခြင်းနှင့် အသက်ရှည်ရန်ပင် ကူညီပေးနိုင်ရာ သင့်ကျန်းမာရေးအတွက်အကျိုးပြုသည်” ဟုသုတေသီများ အထောက်အထားရှာတွေ့ကြောင်း လန်ဒန်မြို့ အင်ဒီပဲန်းဒန့်သတင်းစာက သတင်းပေးသည်။
“အလုပ်များသော၊ ဖိစီးမှုများသော တစ်နေ့တာပြီးနောက် အိမ်သို့ပြန်လာပြီး သင့်ဥယျာဉ်ထဲ၌ အချိန်ဖြုန်းခြင်းသည် များစွာစိတ်သက်သာမှုရရှိစေသည်” ဟုစာရေးဆရာမ ဂေးစာ့ခ်ျကပြောသည်။ ဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် အကျိုးနပ်ပြီး စိတ်ဝင်စားစရာကောင်းရုံမက အားကစားရုံသို့သွားခြင်းထက် ပိုကောင်းသောလေ့ကျင့်ခန်းကိုပင် ပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။ စာ့ခ်ျအရ “မြေတူးဆွခြင်း၊ ထွန်ခြစ်ဖြင့် မြေညှိခြင်း စသောလှုပ်ရှားမှုများသည် စက်ဘီးစီးခြင်းထက် ကယ်လိုရီပိုကျစေသည့် ပုံမှန်လေ့ကျင့်ခန်းကောင်းများဖြစ်သည်။”
ဥယျာဉ်တစ်ခုစိုက်ပျိုးပြုစုခြင်းသည် အထူးသဖြင့် သက်ကြီးရွယ်အိုများကို အကျိုးပြုသည်။ အညွန့် သို့မဟုတ် အဖူးအသစ်တစ်ခုထွက်လာရန် စောင့်ဆိုင်းခြင်းက ယုံကြည်စိတ်ချမှုဖြင့် ရှေ့သို့ရှုမြော်တတ်ရန်ကူညီပေးသည်။ ထို့အပြင် “ဥယျာဉ်သည် အသက်အရွယ်ကြီးရင့်ခြင်း၏ နာကျင်မှုနှင့် စိတ်အလိုမကျဖြစ်မှုကို ကုစားပေးသည်” ဟု ဥယျာဉ်စိုက်ပျိုးခြင်းအတတ်ဆိုင်ရာ အဖွဲ့အစည်း၏ ဒေါက်တာ ဘရစ်ဂျစ် ဘော့ဒ်မန်းကပြောသည်။ သူတစ်ပါးကို ပို၍ပို၍မှီခိုအားထားလာရသောကြောင့် သက်ကြီးရွယ်အိုများသည် မကြာခဏ စိတ်ဓာတ်ကျတတ်ကြသည်။ ဒေါက်တာ ဘော့ဒ်မန်း သတိပြုမိသကဲ့သို့ပင် “မည်သည့်အပင်များစိုက်မည်၊ ဥယျာဉ်ကိုမည်သို့ပုံစံပြုလုပ်မည်နှင့် မည်သို့ဂရုစိုက်ထိန်းသိမ်းမည်တို့က ထိန်းချုပ်တတ်လာစေသည်။ ထို့အပြင် ထိုသို့ပြုလုပ်ခြင်းက သက်ကြီးရွယ်အိုများ ဂရုစိုက်ပြုစုပေးခံရသလိုဖြစ်သွားသည်။”
စိတ်ကျန်းမာရေးပြဿနာ ခံစားနေရသူများသည် လှပငြိမ်းချမ်းသောဝန်းကျင်တွင် အလုပ်လုပ်သောအခါ မကြာခဏ သက်သာရာရကြသည်။ ထို့အပြင် အခြားသူများအတွက် ပန်းများ၊ အစားအစာများ စိုက်ပျိုးခြင်းက ထိုသို့သောသူများအား ယုံကြည်စိတ်ချမှုနှင့် ကိုယ့်ကိုယ်ကိုလေးစားမှုတို့ပြန်ရရှိစေနိုင်သည်။
သို့သော် စိမ်းလန်းသောဥယျာဉ်မှ စိုက်ပျိုးပြုစုသူသာ အကျိုးရသည်မဟုတ်ပါ။ တက္ကဆပ်တက္ကသိုလ် ပါမောက္ခ ရော်ဂျာ ဦလ်ရစ်ခ်သည် စိတ်ဖိစီးမှုခံစားနေရသူများနှင့် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ အပင်များဝန်းရံနေသည့် စိမ်းလန်းသောဝန်းကျင်သို့ ခေါ်သွားခံရသူများ၏ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတိုင်းတာချက်အရ သူတို့သည် ထိုသို့သောနေရာမျိုးသို့ မရောက်လိုက်ရသူတို့ထက် အလျင်အမြန်ပြန်ကျန်းမာလာကြကြောင်း ထိုပါမောက္ခတွေ့ ရှိခဲ့သည်။ အလားတူစမ်းသပ်မှုတစ်ခုကလည်း ဆေးရုံ၌ခွဲစိတ်ကုသမှုပြီးနောက် သစ်ပင်များကိုမြင်နိုင်သည့် အခန်းများတွင် လူနာများအားနေစေခြင်းက အကျိုးပြုကြောင်း တွေ့ ရှိခဲ့ကြသည်။ အခြားလူနာများနှင့်နှိုင်းစာလျှင် ဤသူတို့သည် “ပို၍မြန်မြန်ကျန်းမာလာကာ အချိန်တိုအတွင်း အိမ်ပြန်ကြရပြီး ဝေဒနာသက်သာစေသောဆေးဝါးများ မလိုသလောက်ဖြစ်၍ ညည်းညူမှုနည်းကြသည်။”